← Chapters

ပုံပြောသမား

Vol. 17 Ch. 248

ပုံပြောသမား

Vol. 17 Ch. 248

အခန်း ၂၄၈ - ပုံပြောသမား

မဟာကျိုးအင်ပါယာ၏ အ‌နောက်မြောက်ဘက်ထောင့်တစ်နေရာတွင် ယုံရှင်းမြို့ဟုခေါ်သော စီရင်စုမြို့တစ်မြို့ရှိ၏။ ထိုမြို့ထဲတွင် လူများက စည်ကားသိုက်မြိုက်လှပြီး အသက်ဝင်တောက်ပနေ၏။

ယုံရှင်းမြို့၏ ထောင့်တစ်နေရာတွင်.. လူအုပ်တစ်စုက ကြိတ်ကြိတ်တိုးနေကြ၏။

လူအုပ်ကြီး၏ အလယ်တွင်.. နေရာလွတ်တစ်ခုရှိပြီး စားပွဲတစ်လုံးနှင့် အဖိုးအိုတစ်ယောက် ရှိနေ၏။ ထိုအဖိုးအိုက အဖြူရောင်သရဖူတစ်ခုနှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ့မှာ မုတ်ဆိတ်ရှည်နှင့် နီရဲရဲပါးပြင်တို့ရှိပြီး.. ကုလားထိုင်တစ်လုံးကို နောက်ပြန်မှီထိုင်နေ၏။

အဖိုးအို၏ ဘယ်ဘက်လက်က စားပွဲပေါ်ရှိ သစ်သားတုံးတစ်တုံးပေါ်တွင် ရှိနေပြီး.. ညာဘက်လက်ကတော့ စက္ကူယပ်တောင်တစ်ချောင်းကိုကိုင်၍ ဟန်ပါပါခတ်နေ၏။ သူက အာဝရွှန်းကောင်းကောင်းနှင့် ဟောပြောနေပြီး.. ကျန်သူများအားလုံးက ညှို့ဓါတ်မိနေသလို ငြိမ်ပြီးနားထောင်နေကြ၏။

သူ၏ ဝတ်စားဆင်ယင်ပုံ၊ ‌စားပွဲပေါ်က သစ်သားတုံးနှင့် သူ့လက်ထဲက ခေါက်ယပ်တောင်တို့ကို ကြည့်ခြင်းအားဖြင့် ဤသူက ပုံပြောသမားတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလေသည်။ သူက သာမန်လူတန်းစားများအကြား ခရီးလှည့်လည်သွားလာရင်း.. သဘာဝလွန်ပုံပြင်၊ ဒဏ္ဍာရီများကို ဟောပြောတတ်သောလူမျိုးဖြစ်၏။

ပုံပြောသမားများပြောသော ပုံပြင်များမှာ အများအားဖြင့် အံ့ချီးဖွယ်ကောင်း၍ ရှုပ်ထွေးဆန်းကြယ်ပြီး.. မော်တယ်များကို အဆွဲဆောင်နိုင်ဆုံးဖြစ်လေသည်။

“အဲ့တိုက်ပွဲက တစ်ကယ့်ကို ပြင်းထန်ပြီး.. ကောင်းကင်ကလဲ မှောင်မဲ၊ ကမ္ဘာမြေကလည်း တုန်ခါနေတာပေါ့.. အလောင်းတွေကလည်း မြေပေါ်မှာ ပြန့်ကျဲလို့.. လတ်လတ်ဆတ်ဆတ် သွေးတွေက ချောင်းပေါက်အောင် စီး.. အို.. တော်တော်ကို ကြောက်ဖို့ကောင်းလိုက်တာဆိုတာ..!”

သူ့စက္ကူယပ်တောင်ကို ဟန်ပါပါခတ်ရင်း.. အဖိုးအိုက ဆက်ပြောလိုက်၏။

“လူသားမျိုးနွယ်က စွမ်းအားကြီးတဲ့သက်ရှိက ရှေ့ကို တက်လိုက်တာနဲ့.. လေဟာနယ်က တုန်ခါသွားတာပဲ.. သူ့အော်သံတစ်ချက်နဲ့တင် ကြယ်တွေကကြွေကျ၊ လက်ပြန်တစ်ချက်နဲ့တင် တိမ်တွေကိုဆင့်ခေါ်၊ လက်ဖျောက်တစ်ချက်နဲ့တင် မိုးတွေကို ရွာကျစေနိုင်တယ်.. နတ်နဂါးကြီးကလည်း သန်မာလိုက်ဆိုတာ တောင်တွေကိုနင်းခြေပြီးတော့ သမုဒ္ဒရာကို ပြောင်းပြန်လှန်ပစ်နိုင်တယ်.. ဒါပေမယ့် အဲ့လူသားကိုတော့ သူ မနိုင်ခဲ့ဘူး”

လူတိုင်းက အာရုံစူးစိုက်နားထောင်နေကြ၏။

“အဲ့ဒီ ပြင်းထန်တဲ့ တိုက်ပွဲကြီးက နှစ်ရက်နဲ့နှစ်ညတောင် ကြာခဲ့တယ်.. နောက်ဆုံးမှာ‌တော့ နတ်နဂါးကြီးက အဲ့လူသားရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပေါ့.. နတ်နဂါးကြီးရဲ့ ခန္ဓာကိုယ်က ထွက်လိုက်တဲ့ သွေးတွေဆိုတာ အတောမသတ်ပဲ.. အဲ့တိုက်ပွဲနားမှာ ရှိနေတဲ့လူတွေထဲက အချိန်မီမရှောင်လိုက်နိုင်တဲ့ လူတွေဆို.. နဂါးသွေးတစ်စက်ထိမှန်တာနဲ့ သူ့တို့ရဲ့ခန္ဓာကိုယ်တွေက တစ်စစီပေါက်ကွဲထွက်ကုန်ကြတာပဲ.. “

များစွာသောလူများသည် တုန်လှုပ်သွားကြပြီး ပင့်သက်ရှိုက်လိုက်ကြ၏။

လူတိုင်း၏ တုန့်ပြန်မှုကိုကြည့်ပြီး အဖိုးအိုက စိတ်ကျေနပ်သွား၏။ သူက ပြုံး၍ သူ့ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း.. သူ့မုတ်ဆိတ်ကို သပ်နေလိုက်၏။

“ဟီးဟီး..”

ထိုအချိန်မှာပင် လူအုပ်ကြီး၏ အပြင်ဘက်မှ လှောင်ရယ်သံတစ်သံက ထွက်ပေါ်လာ၏။

“ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိတဲ့ ပုံပြင်တွေက မော်တယ်တွေကိုပဲ အရူးလုပ်လို့ရလိမ့်မယ်.. ဟာသပဲကွာ.. ဘယ်လိုလူကများ နှစ်ရက်နဲ့နှစ်ညတိုက်ခိုက်နိုင်လောက်တဲ့ သက်လုံရှိမှာလဲ.. နတ်နဂါးဟုတ်လား.. ခင်ဗျားပြောနေတဲ့ပုံက မသိရင် ခင်ဗျားကိုယ်တိုင်ပဲ မြင်ဖူးခဲ့သလိုလိုနဲ့”

ထိုသို့ ဝင်ပြောလိုက်သောသူက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

ထိုလူက ဒီအတိုင်း ဖြတ်သွားဖြတ်လာတစ်ယောက်ဖြစ်ပြီး.. အဖိုးအိုပြောသည့်စကားများကို ကြားရသည့်အခါ မနေနိုင်ဘဲ ဝင်၍ သရော်လိုက်ခြင်းဖြစ်၏။

သူသည် ဖော်ထုတ်ခံလိုက်ရသလို.. အဖိုးအို၏ မျက်နှာက ရှက်ရွံ့သွားဟန်ဖြင့် နီးမြန်းသွား၏။ သူက လည်ပင်းကိုဆန့်၍ ပြန်မေးလိုက်၏။

“ငါအရင်က နဂါးတစ်ကောင်မှ မမြင်ဖူးခဲ့ဘူးလို့ မင်းက ဘာလို့ပြောနိုင်တာလဲ”

“အို့”

အခြေတည်အဆင့်ကျင့်ကြံသူက အဖိုးအိုကို မျက်စောင်းထိုးပြီး လှောင်ရယ်လိုက်၏။

“ခင်ဗျားခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်ချီတောင် မရှိတာကို.. အဲ့ဒါကြောင့် ခင်ဗျားက ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ဘူး.. အဲ့လိုဆို ကျုပ်မေးပါဦးမယ်.. ခင်ဗျားက အဲ့နတ်နဂါးကို ဘယ်နေရာမှာ သွားမြင်ဖူးခဲ့တာလဲ ဟမ်”

စိတ်ဝိညာဉ်အကဲဖြတ်ပညာဖြင့် စစ်ဆေးခြင်းအားဖြင့် အဖိုးအိုက မော်တယ်တစ်ယောက်သာဖြစ်ကြောင်း အလွယ်တကူ ပြောနိုင်လေသည်။

တစ်ဖက်လူက ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည့်ခဏ၌ အဖိုးအို၏အော်ရာက အားပျော့ကျသွား၏။ သူက အကြည့်လွှဲ၍ ဇက်ပုလိုက်ပြီး ‌လေသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ်.. ငါအရင်က မြင်ဖူးပါတယ်ဆို”

အခြေတည်အဆင့်ကျင့်ကြံသူက နှုတ်ခမ်းကိုမဲ့၍ အေးစက်စက်လှောင်ရယ်လိုက်ပြီး ထွက်သွားလိုက်၏။

မလှမ်းမကမ်းတွင်.. မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရောက်လာ၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် လုံးဝန်း၍ မျက်နှာက အမွှေးအမျှင်များ ကင်းမဲ့နေ၏။ ထိုသူသည် ခေါက်ယပ်တောင်တစ်‌ချောင်းကို ကိုင်ထားပြီး လူအုပ်ကြီးရှိရာသို့ လျှောက်လာ၏။

“ပုံပြောဆရာ.. ဘာလို့ဆက်မပြောတော့တာလဲဗျ”

ဘေးဘက်မှ တစ်ယောက် စိတ်မရှည်တော့ဘဲ လှုံ့ဆော်လိုက်၏။

အဖိုးအိုက လူအုပ်ကြီးထဲ ဝေ့ကြည့်လိုက်၏။ ထို့နောက် သူသည် လက်ထဲက သစ်သားတုံးကို ပစ်ချလိုက်သောအခါ ဒုန်းကနဲမြည်သံက ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

“ဘာဆက်ဖြစ်မလဲ မင်းတို့သိချင်တယ်ဆိုရင်.. ‌နောက်တစ်ကြိမ် ထပ်ပြောပြမယ့်အချိန်ကို စောင့်ကြပေါ့”

သစ်သားတုံးကို သိမ်းပြီး.. အဖိုးအိုက သူ့ခေါက်ယပ်တောင်ကိုလည်း ပိတ်လိုက်၏။

“ကဲကဲ တော်ပြီ.. လူခွဲကြတော့.. ငါတို့နောက်နေ့မှ ဆက်ပြောကြတာပေါ့”

“ဟာ”

လူအုပ်ကြီးက စိတ်ပျက်သွားကြ၏။

အဖိုးအိုက ထွက်ခွာတော့မှာကို မြင်လိုက်ကြပြီး.. လူအုပ်ကြီးက ဆက်လက်ကြန့်ကြာမနေတော့ဘဲ လူစုခွဲလိုက်ကြ၏။

လူအုပ်ကြီးထဲ ရောနှောသွားပြီးနောက် ခြေလှမ်းအနည်းငယ်အတွင်း အဖိုးအိုက ပျောက်ကွယ်သွား၏။

“အဖိုးကြီး.. ကျုပ်ကျရှုံးခဲ့တယ်.. ကျုပ်အဲ့ဒါက ရမလာခဲ့ဘူး”

စိတ်အားညှိုးငယ်နေသော အမူအယာနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူမှာ အခုလေးမှ ကမ္ဘာဦးအပျက်အဆီးနယ်မြေကနေ ပြန်ရောက်လာခဲ့သော လင်းရွှမ်ကျီပင် ဖြစ်လေသည်။

သူ့မုတ်ဆိတ်ကိုသပ်၍ အဖိုးအိုက အံမခန်းပုံစံနှင့် ပြုံး၍ ပြန်ပြောလိုက်၏။

“အဲ့ဒါကို ငါမျှော်လင့်ထားပြီးသားပါ”

“လခွမ်း..”

ထိုစကားကို ကြားသောအခါ လင်းရွှမ်ကျီက ‌ဒေါသထွက်သွား၏။

“ခင်ဗျား တော်တော်မကောင်းတဲ့ အဖိုးကြီး.. ကျုပ်အဲ့ဒါကို မရနိုင်ဘူးဆိုတာ အစကထဲက ဗေဒင်တွက်ထားပြီးတာတောင်.. အဲ့ကိုသွားဖို့ ကျုပ်ကိုလွှတ်သေးတယ်ပေါ့.. ကျုပ်မှာတော့ သေတော့မလို့ဗျ!”

“မင်းဘာသိလို့လဲ”

အဖိုးအိုက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

“ငါ့ဗေဒင်က ပြောတာက.. အဲ့ဒါက အန္တရာယ်များတဲ့ ခရီးစဉ်တစ်ခု ဖြစ်လိမ့််မယ်တဲ့.. အဲ့ခရီးစဉ်မှာ မင်းလိုချင်တဲ့ အရာကို မရနိုင်ပေမယ့်လဲ.. အခြားတစ်ဖက်ကနေ အကျိုးအမြတ်ကြီးကြီးတစ်ခု ရလိမ့်မယ်တဲ့”

“ဟုတ်လို့လားဗျာ” လင်းရွှမ်ကျီက အံကြိတ်ပြီး ပြန်မေးလိုက်၏။

“ဟုတ်တာပေါ့.. ငါ့ဗေဒင်က ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး” အဖိုးအိုက ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်၏။

လင်းရွှမ်ကျီက ဆက်လက်သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်၏။

“ကျုပ် အဲ့ကနေ ဘာသောက်ချေးမှကို ရမလာခဲ့ဘူး.. ငါရခဲ့တာဆိုလို့ ခွေးတစ်ကောင်မကုန်လို့ ကျန်တဲ့ ဥရည်လေးနဲနဲပဲရှိတယ်”

“ဘာဥရည်လဲ.. ဘယ်ကခွေးလဲ” အဖိုးအိုက အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး တံတွေးများက ဖွားကနဲ ထွက်လာ၏။

ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ နဂါးသားရဲတွင်းထဲမှ အဖြစ်အပျက်များကို လင်းရွှမ်းကျီက အသေးစိတ် ပြန်ပြောပြလိုက်၏။

“ဘာ မင်း နဂါးဥကို စားခဲ့တယ်ဟုတ်လား.. မင်းကတော့ သေတော့မှာပဲ!” အဖိုးအိုက ဒေါသထွက်လာပြီး တဆတ်ဆတ် တုန်ယင်လာ၏။ သူက လက်ကိုမြှောက်၍ လင်းရွှမ်းကျီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။

“ဟေး.. ရပ်.. ကျုပ်ကို မရိုက်နဲ့.. အဲ့ဒါက ကျုပ်မဟုတ်ဘူးဗျ.. အဲ့ဒါက ဟိုဆူဇီမိုနဲ့ သူ့ခွေးပဲ.. .”

လင်းရွှမ်ကျီက ရှောင်တိမ်းလိုက်သော်လည်း အချည်းနှီးပင်။ ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာပြီး သူ့ပါးပြင်ပေါ်တွင် နီရဲရဲလက်ဝါးရာတစ်ခုက ပေါ်လာ၏။

“အဖိုးကြီး.. ကျုပ် တည်နေရာရွှေပြောင်းအဆောင်ကိုလဲ ထုတ်သုံးခဲ့ရတယ်”

ဖြောင်း!

အဖိုးအိုထံမှ နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက် ထပ်မံထွက်ပေါ်လာ၏။

လင်းရွှမ်ကျီ၏ နောက်ထပ်ပါးတစ်ဖက်ပေါ်တွင် နောက်ထပ်လက်ဝါးရာတစ်ခုက ထပ်ပေါ်လာ၏။

သူ့မုတ်ဆိတ်ကိုသပ်၍ အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒါက သိပ်တော့ အဓိပ္ပါယ်မရှိဘူး.. ငါ့ဗေဒင်ကလဲ မမှားနိုင်ဘူး.. အဲ့ခရီးစဉ်ကနေ မင်းတစ်ခုခု ရကိုရရမယ်.. ငါ့ဗေဒင်ကပြောတဲ့ အကျိုးအမြတ်ဆိုတာ.. .. အဲ့ဆူဇီမိုများ ဖြစ်နေမလား”

“ဟုတ်တာပေါ့ အဖိုးကြီး.. အဲ့ကောင်က သိပ်တော့မခေဘူးနော်.. ကျုပ် သူ့နောက်ခံနဲ့ ကံကြမ္မာကို ဗေဒင်တွက်ကြည့်တာ ဘယ်လို့မှတွက်လို့ မရဘူး” လင်းရွှမ်ကျီက ပြောလိုက်၏။

“အဲ့လိုမျိုးလဲ ရှိတယ်လား”

အဖိုးအို၏ နဖူးမှ လှိုင်းဂယက်တစ်ခုက ထွက်ပေါ်လာပြီးနောက် ပြန့်ကားသွားကာ မြို့တော်တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွား၏။ သိပ်မကြာမီ စားသောက်ဆိုင်တစ်ဆိုင်အတွင်းရှိ ဆူဇီမိုကို သူတွေ့ရှိသွား၏။

အဖိုးအို၏ မျက်လုံးထဲတွင် နူးညံ့သိမ့်မွေ့သော ချည်မျှင်လေးများပေါ်လာပြီး.. လျှင်မြန်စွာ မြူခိုးလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး.. အဖိုးက စတင်၍ ဂမ္ဘီရမနောဗေဒင်ကို တွက်လိုက်၏။

အချိန်ကြာလာသည်နှင့်အမျှ.. အဖိုးအိုသည် မျက်မှောင်ကြုတ်၍ သူ့အမူအယာက ပို၍ သုန်မှုန်လာကာ ဖြူလျော့လာ၏။

အဖိုးအို၏ ကျင့်ကြံမှုအဆင့်အရ.. သူသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်းတန်းပြီး ဗေဒင်တွက်ချက်ပြောနိုင်လေသည်။

သို့သော် ယခုအခါမှာတော့ နှစ်နာရီကြာသွားပြီဖြစ်၏။

လင်းရွှမ်ကျီက သူ့ဘေးမှနေ၍ အဖိုးအိုကို နှောင့်ယှက်မိမည်စိုးသောကြောင့် အသက်ကိုပင် မျှင်းမျှင်းရှူ၍ စောင့်ဆိုင်းနေ၏။

နောက်ထပ်တစ်နာရီကြာပြီးနောက်.. အဖိုးအို၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာ၏။ သူသည် ခပ်သဲ့သဲ့ ညည်းညူလိုက်၏။ နူးညံ့သိမ့်မွေ့သော ချည်မျှင်လေးများက ပျက်ပြယ်လာပြီး.. သူ့သွေးကြောများက ကြောက်စရာကောင်းလောက်အောင် ဖောင်းကြွလာ၏။

“အဖိုးကြီး ဘယ်လိုလဲ အဆင်ပြေရဲ့လား”

ဤပုံစံက အတင်းအကျပ် ဗေဒင်တွက်ချက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်ကြောင်း လင်းရွှမ်ကျီသိလိုက်၏။

အချို့လူများက တစ်မူထူးခြားသော ကံကြမ္မာကြိုးမျှင်များ ရှိကြ၏။ ထိုသူများကို အတင်းအကျပ်ဗေဒင်တွက်၍ အချိန်မီမရပ်တန့်နိုင်လျှင်.. မျက်စိကွယ်တာမျိုးတွေပင် ဖြစ်တတ်၏။ ပို၍ ပြင်းထန်သော ဖြစ်ရပ်တွေမှာဆိုလျှင်.. အပြင်းအထန်အတွင်းဒဏ်ရာရတာတို့၊ ကံကြမ္မာဆိုးများ ကျရောက်လာတာတို့ ဖြစ်တတ်လေသည်။

“ငါအဆင်ပြေပါတယ်”

အဖိုးအိုက လက်ကာပြ၍ သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး ချင့်ချိန်စဉ်းစားနေ၏။

“အဲ့ကောင်လေးရဲ့ ကံလမ်းကြောင်းက အစကတော့ သာမန်ပါပဲ.. ဒါပေမယ့် နောက်ပိုင်းမှာ ပညာရှင်တစ်ယောက်က သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးပြီးတော့ ကံကြမ္မာကြိုးမျှင်တွေကို အသစ်တစ်ဖန် ပြန်ယက်လုပ်ပေးခဲ့တယ်.. ငါသူ့ကို ဗေဒင်တွက်လို့ မရတော့ဘူး”

“ဟမ်..” လင်းရွှမ်ကျီ၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။

“သူ့ကံကြမ္မာကို ပြောင်းပစ်လိုက်တာလား”

ထိုစကားလုံးက ဘယ်လောက်ထိ တာသွားကြောင်း သူသိလေသည်။ အဲ့ဒါက အဖိုးအိုတောင် ထိုသို့ လုပ်နိုင်စွမ်းမရှိပေ။

“အို့”

ထို့အချိန်မှာပင်.. အဖိုးအို၏ အမူအယာက ပြောင်းလဲသွားပြီး.. သူ့မျက်လုံးများမှ ထူးဆန်းသည့်အလင်းရောင်က တောက်ပလာ၏။

All Chapters