← Chapters

ကိစ္စတုံးတော့မှာပဲ

Vol. 17 Ch. 250

ကိစ္စတုံးတော့မှာပဲ

Vol. 17 Ch. 250

အခန်း ၂၅၀ - ကိစ္စတုံးတော့မှာပဲ

ပူခြစ်တောက်နေသော နဂါးမီး‌တောက်က ဝင်‌ရောက်လာချိန်တွင်.. အဖိုးအိုက ဣန္ဒြေမပျက်ဘဲ အေးစက်စက် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ သူ့လက်လက်ဝတ်ကို လှုပ်ခါလိုက်သောအခါ ခေါက်ယပ်တောင်က ပွင့်သွားပြီး.. မနှိုင်းယှဉ်သာအောင် တောက်ပသော ရွှေရောင်အလင်းတန်းများက ထွက်ပေါ်လာ၏။

အဖိုးအို၏ ခေါက်ယပ်တောင်က တောက်ပသောနေလုံးတစ်ခုအသွင် ပြောင်းလဲသွားသည်ဟု ထင်ရပြီး.. တဖျတ်ဖျတ်တလက်လက် တောက်ပသော ရွှေရောင်အလင်းတန်းများက ဆက်တိုက်ထွက်ပေါ်လာ၏။

ချက်ချင်းပင် မြို့ထဲ၊ မြို့ပြင်မှ တိုက်ပွဲကို စောင့်ကြည့်နေကြသော မော်တယ်များ၊ ကျင့်ကြံသူများအားလုံးသည် သူတို့၏ မျက်လုံးထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရ၏။ သူတို့၏ အမြင်အာရုံသည် အဆုံးမရှိ အလင်းရောင်များကြားတွင် နစ်မြှုပ်သွားပြီး.. သူတို့သည် ယာယီအားဖြင့် မျက်စိကွယ်သွားကြ၏။

တိုက်ပွဲနေရာနှင့် နီးကပ်သော မြို့ပြင်မှလူများဆိုလျှင်.. နာကျင်စွာ အော်ဟစ်လိုက်ကြပြီး၊ သူတို့၏ ဦးခေါင်းများကို အလိုလိုခါရမ်းလိုက်ကြ၏။ သူတို့၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်ကြပြီး.. သူတို့၏ မျက်နှာများပေါ်သို့ မျက်ရည်များက စီးကျလာကြ၏။

“ဂါး!”

နတ်နဂါးက အဖိုးအို၏ လက်ထဲမှ ခေါက်ယပ်တောင်ကို မှတ်မိသွားပုံရပြီး.. ထိတ်ထိတ်ပျာပျာနှင့် နက်နက်ရှိုင်းရှိုင်း တစ်ချက်ဟိန်းဟောက်လိုက်၏။

“ရွှစ်”

အဖိုးအိုက သူ့ခေါက်ယပ်တောင်ကို ဝေ့ရမ်း၍ ရှေ့သို့ ရိုက်ချလိုက်၏။

တိုးဝင်လာ‌သော နဂါးမီးတောက်သည် အဖိုးအို၏ ယပ်တောင်ခတ်ချက်နှင့် တွေ့သောအခါ အလယ်ကနေ နှစ်ပိုင်းကွဲ၍ ဘေးနှစ်ဘက်သို့ ပြန့်၍ ပျက်ပြယ်သွား၏။

ချက်ချင်းဆိုသလိုပင် အဖိုအိုက နတ်နဂါးကြီး၏ အရှေ့သို့ ရောက်ချလာ၏။

နတ်နဂါးက သူ့ခေါင်းကိုမော့၊ ကိုယ်ကိုမတ်၍ ဧရာမလက်သည်းတစ်စုံကို ထုတ်ကာ အဖိုးအိုကို ဒေါသတကြီး လှမ်းကုတ်လိုက်၏။

အဖိုးအိုက မျက်နှာသေနှင့်ပင် ရှောင်ခြင်းတိမ်းခြင်း မရှိပေ။ သူက ရိုးရိုးကလေးပင် သူ့လက်ကို ဆန့်ထုတ်၊ လက်သီးကိုဆုပ်၍ ဝင်ရောက်လာသော နဂါးလက်သည်းကို ထိပ်တိုင်ရင်ဆိုင် ပစ်ထိုးလိုက်၏။

ဝုန်း!

အလွန်ကျယ်လောင်သည့် မြည်ဟည်းသံကြီးက ထွက်ပေါ်လာပြီး.. မြို့ပြင်က ကျင့်ကြံသူများစွာမှာ မခံမရပ်နိုင်တော့ဘဲ နေရာမှာပင် သတိလစ်သူလစ်ကုန်ကြ၏။

ထိုပေါက်ကွဲမြည်ဟည်းသံကြီး၏အောက်တွင်.. မြို့တော်တစ်ခုလုံးးက တုန်ခါသွား၏။

ထိုပေါက်ကွဲမှုအနားတွင် လေဟာနယ်က အက်ကွဲကြောင်းများ ပေါ်လာ၏။

အဖိုးအို၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးက လေထဲမှာပင် မလှုပ်မယှက် ရှိနေ၏။ သို့‌သော် နတ်နဂါးကတော့ အနောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏။

ထို့နောက်.. အဖိုးအို၏ ခေါက်ယပ်တောင်က ရှေ့သို့ ပျံဝဲတက်သွား၏။ ထိုယပ်တောင်က နဂါးကြီး၏ ခန္ဓာကိုယ်ကို ထက်ရှသောဓါးတစ်လက်ကဲ့သို့ ထိုးခွဲလိုက်၏။

သွေးများက ပန်းထွက်လာ၏။

ကောင်းကင်ယံ၌ နဂါးကြီး၏ ခန္ဓာကိုယ်မှ သွေးများက ပြန့်ကျဲထွက်လာပြီး ကောင်းကင်တစ်ခွင် ရဲရဲနီစွေးသွား၏။

နဂါးကြီးခန္ဓာကိုယ်၏ ဘေးဘက်တစ်ခြမ်းတွင် ကြီးမားသည့် ထိုးခွဲဒဏ်ရာကြီးက ပေါ်လာပြီး.. ကြေးခွံများက ကွာကျကာ အထဲရှိ အသွေးအသားလွှာများကိုပင် မြင်နေရ၏။

နတ်နဂါးကြီးက နာကျင်စူးရှစွာ တစ်ချက်အော်လိုက်ပြီး လေထဲသို့ ပျံတက်လိုက်၏။

အဖိုအိုသည် လက်တစ်ဖက်က ခေါက်ယပ်တောင်ကိုကိုင်၊ ကျန်လက်တစ်ဖက်က နောက်ပစ်ကာ တိမ်များကြားရှိ နတ်နဂါးကြီးကို တည်ငြိမ်စွာ ရပ်ကြည့်နေ၏။

နဂါးကြီးက နောက်ပြန်လှည့်၍.. သတ်ဖြတ်လိုစိတ်၊ မခံမရပ်နိုင်စိတ်အပြည့်နှင့် အဖိုးအိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။

သို့သော်လည်း ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် ထိုအဖိုးအိုက သူ့ကို ဒီနေရာမှာပင် သတ်ဖြတ်ပစ်လိုက်ပေလိမ့်မည်။

“ဂါး!”

နတ်နဂါးကြီးက မာန်ဖီ၍ တိမ်များအကြား ပျံသန်းသွားပြီး.. နောက်တစ်ခဏအတွင်း အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

နတ်နဂါးကြီး ပျံပြေးသွားပြီးနောက်.. အဖိုးအိုက သူ့ခေါက်ယပ်တောင်ကို သိမ်းလိုက်၏။ သို့သော် သူက ချက်ချင်းထွက်မသွား‌သေးပေ။

သူ့အကြည့်က အနီးနားလေဟာနယ်ထဲတွင် ကြန့်ကြာနေ၏။

ထိုနေရာတွင် ဘာကိုမျှ မမြင်ရ‌သော်လည်း.. အဖိုးအိုက စိုးရိပ်ပူပန်မှုတစွန်းတစနှင့် ထိုနေရာသို့ အတော်ကြာကြာ စိုက်ကြည့်နေ၏။

အတန်ကြာသွားပြီး‌နောက်.. သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ သူ့အင်္ကျီလက်စကို ဝေ့ရမ်း၍ ပျောက်ကွယ်သွားတော့၏။

. . .

အဖိုးအိုထွက်သွား၍ အတန်ကြာပြီးနောက် မြို့တော်ထဲရှိ လူများသည် ဘာတွေဖြစ်ပျက်ခဲ့သည်ဆိုတာကို သိရှိသွားခဲ့ကြပြီး.. အုန်းအုန်းကျက်ကျက်အသံများက ထွက်ပေါ်လာ၏။

“မင်းတို့ကောင်တွေ့ မြင်လိုက်တယ်မလား.. အဲ့ဒါ တစ်ကယ့် နတ်နဂါးကြီးနော်!”

“ဒါဆို အဲ့နဂါးဆိုတဲ့သက်ရှိက ကမ္ဘာပေါ်မှာ တစ်ကယ်ရှိတာပေ့ါ.. ငါအဲ့ဒါကို အဝေးကြီးက မြင်ရတာတောင်.. ငါ့ရင်က တစ်လျှပ်လျှပ်နဲ့ အချိန်မရွေး အသက်ထွက်သွားတော့မယ့် အတိုင်းပဲ!”

များစွာသော ကျင့်ကြံသူများသည် စုဝေး၍ အမျိုးမျိုး ဆွေးနွေးငြင်းခုန်လိုက်ကြ၏။

ထိုကျင့်ကြံသူများအားလုံးမှာ အခြေတည်အဆင့်ဖြစ်စေ၊ ရွှေအမြုတေအဆင့်ဖြစ်စေ.. သူတို့တစ်သက်နှင့်တစ်ကိုယ်တွင် တစ်ကယ့်အစစ်အမှန်နဂါးကို တစ်ခါမျှ မမြင်တွေ့ဖူးကြသူများ ဖြစ်လေသည်။

တစ်ကယ်တော့ သူတို့အများစုမှာ ဆူဇီမိုကဲ့သို့ပင် နဂါးဆိုသည်မှာ ဒဏ္ဍာရီထဲမှာသာ ရှိသော သတ္တဝါတစ်မျိုးဟု ထင်မှတ်ထားကြသူများ ဖြစ်ကြလေသည်။

ယခု သူတို့မျက်စိနှင့် တပ်အပ်မြင်တွေ့လိုက်ရသောအခါ.. မြို့ပြင်ဘက်မှာ ပေါ်လာခဲ့သော နတ်နဂါးသည် သူတို့အရင်က စိတ်ကူးခဲ့ဖူးသည်ထက် ပို၍ သန်မာကြောင်း၊ ဒဏ္ဍာရီထဲမှာ ဖော်ပြထားသည်ထက် ပို၍ ကြောက်စရာကောင်းကြောင်း သူတို့သိရှိလိုက်ရလေသည်။

“ဒါဆို.. အဲ့လောက်ကြောက်စရာကောင်းတဲ့ အကောင်ကြီးကို တားဆီးခဲ့သူကရော ဘယ်သူဖြစ်မလဲ”

နတ်နဂါးကြီးက အဲ့လောက်စွမ်းအားကြီးသည်ဆိုလျှင်.. ထိုနတ်နဂါးကြီးကို တားဆီးခဲ့သူရဲ့ ကျင့်ကြံမှုအဆင့်ကရော..

“ငါလဲ ဘယ်သိပါ့မလဲ”

“ငါသူ့ကို သေချာမမြင်လိုက်ရဘူး”

လူတိုင်း ခေါင်းခါလိုက်ကြ၏။

သူတို့အားလုံးသည် စောစောက ပြင်းထန်သည့်တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြ၏။

နတ်နဂါးကြီးက လေထဲတွင် ရစ်ခွေလှည့်ပတ်သွားနေခဲ့ပြီး.. ၎င်းကို အားလုံးမှတ်မိလိုက်ကြ၏။

သို့သော်လည်း နတ်နဂါးကြီးနှင့် တိုက်ခိုက်ခဲ့သောလူ၏ ပုံစံကို‌တော့ မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။

ရွှေအမြုတေအဆင့်တစ်ယောက်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောလိုက်၏။

“အဲ့လူကို မြူခိုးလွှာတစ်ခုက လွှမ်းခြုံထားတာဆို‌တော့ ငါတို့သူ့ကို သေချာမမြင်လိုက်ကြဘူး.. သူ့ပုံစံက သက်လတ်ပိုင်းရွယ် လူတစ်ယောက်ဖြစ်မယ်ထင်တာပဲ”

“အဲ့နတ်နဂါးကြီးက ဘယ်ကရောက်လာခဲ့တာလဲ.. ဘာလို့ ရောက်လာတာလဲ”

“အဲ့ဒါတော့ ငါလဲ မသိဘူး”

“ထျန်ဟွမ်ကမ္ဘာရဲ့ မြောက်ဘက်ပိုင်းမှာ ဆိုးဆိုးရွားရွားတာတွေ ဖြစ်လာတော့မယ်လို့ ငါခံစားမိနေတယ်”

ဆွေးနွေးပြောကြားသံများကို နားထောင်ရင်း.. ဆူဇီမိုက အပေါ်ယံပုံစံက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း.. သူ့ရင်ထဲမှာတော့ ဗလောင်ဆူနေလေပြီ။

ထိုနတ်နဂါး၏ ဇာစ်မြစ်ကို သူ့လောက်ဘယ်သူမှ ကောင်းကောင်းမသိပေ။

၎င်းရောက်လာရသည့် ရည်ရွယ်ချက်ကလည်း သိသာနေ၏။

၎င်းက သူတို့ကို သတ်ဖို့ ရောက်လာခြင်း ဖြစ်လေသည်။

သူတို့ နဂါးဥကို စားခဲ့သည့်အချိန်ကတည်းက နဂါးမျိုးနွယ်နှင့် သူတို့အကြားတွင် ညှိနှိုင်းလို့မရတော့မည့် ရန်းငြိုးရန်စက ပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်း ဆူဇီမိုသိရှိထားခဲ့၏။

ထို့ကြောင့်ပင် ထိုအချိန်တုန်းက ‘ညဝိညာဉ်ကတော့ ပြဿနာအကြီးကြီး ရှာမိပြီ’ဟု သူပြောခဲ့ခြင်းဖြစ်၏။

သို့သော်လည်း သူတို့သည် တည်နေရာရွှေ့ပြောင်းအဆောင်အသေးကိုသုံး၍ ကမ္ဘာဦးအပျက်အစီးနယ်မြေကနေ ထွက်လာနိုင်ခဲ့ပြီးနောက် သူသည် နဂါးများရန်မှ ကင်းလွတ်သွားပြီဟု ထင်ခဲ့မိ၏။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပညာရှင်ကြောင့်သာ မဟုတ်လျှင်. သူနှင့် ညဝိညာဉ်သည် အခုလောက်ဆို အလောင်းဖြစ်နေလောက်ပေပြီ။

သူ ငါတို့ကို ဘယ်လိုရှာတွေ့သွားပါလိမ့်။

သည်တစ်ကြိမ်မှာတော့ နတ်နဂါးသည် လျှို့ဝှက်ဆန်းကြယ်သော ပညာရှင်ကြောင့် ‌နောက်ကြောင်းပြန်ခေါက်သွားခဲ့၏။

သို့သော်လည်း ထိုပညာရှင်က ဆူဇီမိုအနားတွင် လိုအပ်ချိန်တိုင်း ပေါ်လာနေဖို့ဆိုတာ မဖြစ်နိုင်ပေ။ ထိုပုဂ္ဂိုလ်က ဘယ်ကနေ ရောက်လာတာလဲ.. သူ့နောက်ခံကဘာလဲဆိုတာ.. ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။

နတ်နဂါးကသာ နောက်တစ်ကြိမ် တံခါးလာခေါက်ခဲ့လျှင်.. သူနဲ့ ညဝိညာဉ်ကို ဘယ်သူက လာကယ်မှာလဲ။

ဆူဇီမို၏ ရင်ထဲတွင် စိတ်ညှိုးအားငယ်ခြင်းက ပေါ်လာ၏။

. . .

မြို့တော်၏ အလယ်ဗဟိုတွင်.. ခမ်းနားထည်ဝါလှပသော နန်းတော်ကြီးက ရှိနေ၏။ ထိုအဆောက်အအုံက အလွန်တရာ ကြီးမားလှပြီး.. ၎င်းမှာ အင်ပါယာနန်းတော်ပင် ဖြစ်လေသည်။

ပင်မခန်းမဆောင်၏ အပြင်ဘက်တွင် မဟူရာချပ်ဝတ်စစ်သားများက သိပ်သည်းထူထပ်စွာ ရှိနေကြ၏။ သူတို့အားလုံးက အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အားလုံး‌‌ပေါင်းတစ်သောင်းရှိ၏။ အားလုံးသည် မြေပြင်ပေါ်တွင် သေသပ်ညီညာစွာ ဒူးတစ်ဖက်ထောက်ထားကြ၏။

ပင်မခန်းမ၏ ဝင်ပေါက်ဝ၌ အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းရွယ်လူတစ်ယောက်က မတ်တပ်ရပ်နေ၏။ သူ့မျက်နှာက ဓါးတစ်ချောင်းလို စူးရှပြတ်သားပြီး.. သူ့မျက်လုံးများက မာန်အဟုန်ဖြင့် ရဲနေ၏။ သူပုံစံက မျက်နှာထားတင်းတင်းနှင့် သြဇာတိက္ကမလွှမ်းမိုးနိုင်မှုရှိ၏။

အဝါရောင်ဝတ်ထိုလူ၏ အသားအရေက နီညိုရောင်သန်းနေပြီး.. သူ့မျက်နှာက ကြည့်မိသူတိုင်းကို ဖြုန်သွားလောက်စေ၏။

ဤပုဂ္ဂိုလ်ကား မဟာကျိုးအင်ပါယာတစ်ခုလုံးအား အုပ်ချုပ်နေသော အရှင်သခင်ဧကရာဇ်ပင် ဖြစ်လေသည်။ ကီလိုမီတာထောင်ပေါင်းများစွာ ပတ်လည်မှာရှိသော နယ်မြေများ၊ တိုင်းပြည်များက သူ့အုပ်ချုပ်မှုလက်အောက်မှာသာ ရှိလေသည်။

အဝါရောင်ဝတ်ထိုလူက မေးလိုက်၏။

“မင်း ဘယ်လိုထင်လဲ”

“ဧကရာဇ်.. အဲ့လူရဲ့ ပညာကတော့ တစ်ကယ့်အံ့မခန်းပဲ.. သူက ထျန်ဟွမ်ကမ္ဘာရဲ့ ထိပ်သီးပညာရှင်တွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်ထင်တယ်.. ကျုပ်တို့ မဟာကျိုးအင်ပါယာထဲက မဟုတ်လောက်ဘူး”

အဝါရောင်ဝတ်လူ၏ အ‌နောက်ရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ပကတိအရှင်မင်ကျီ.. အဲ့ဒီပညာရှင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ခင်ဗျားဖမ်းမိခဲ့သလား” အဝါရောင်ဝတ်လူက ဘေးဘက်သို့ လှည့်၍ ခေါင်းညိတ်ပြီး မေးလိုက်၏။

ပကတိအရှင်ဟု ခေါ်ဆိုလိုက်သောကြောင့် အခေါ်ခံရသည့်သူက နိုးထဝိညာဉ်အဆင့် ဖြစ်ရပေမည်။

“ကျုပ် သူ့ပုံစံကို မဖမ်းမိခဲ့နိုင်ဘူး”

ပကတိအရှင်မင်ကျီက ခေါင်းခါလိုက်၏။

“သူက သူ့သရုပ်မှန်ကို မမြင်စေချင်မှတော့.. ကျုပ်တို့ဘက်ကလည်း အဲ့ဒါကို ထပ်ပြီး မစုံစမ်းတော့တာ ပိုကောင်းမယ်ထင်တယ်.. မဟုတ်လို့ သူ့ကို ရန်စသလိုဖြစ်သွားရင်.. ကျုပ်တို့အသက်တွေပါ အန္တရာယ်ရှိလာလိမ့်မယ်”

“အို”

အဝါရောင်ဝတ်လူက နေရာတစ်ခုသို့ ငေးကြည့်ရင်း ခေါင်းညိတ်ကာ တိုးတိုးပြောလိုက်၏။

“နဂါးမျိုးနွယ်တောင် ကိုယ်ထင်ပြလာပြီဆို‌တော့.. ဒီကမ္ဘာမှာ ဝရုန်းသုန်းကားတွေ ဖြစ်လာ‌တော့မှာလား”

All Chapters