← Chapters

တည်နေရာရွှေ့ပြောင်း အဆောင်အသေး

Vol. 17 Ch. 243

တည်နေရာရွှေ့ပြောင်း အဆောင်အသေး

Vol. 17 Ch. 243

အခန်း ၂၄၃ - တည်နေရာရွှေ့ပြောင်း အဆောင်အသေး

“ဖုန်း!”

နဂါးအမြီးနှင့် အရိုးစုခေါင်းက ပြင်းထန်စွာ တိုက်မိသွားပြီး.. လေထဲတွင် ကမ္ဘာပြိုသလို အသံကြီးက ထွက်ပေါ်လာ၏။

ချက်ချက်ဆိုသလိုပင်.. အရိုးခေါင်းက ကြေမွသွားပြီး ဘေးပတ်လည်သို့ ပြန့်ကျဲထွက်သွား၏။

ရွှစ်!

နဂါးအမြီးကြီးက ခဏလေးတောင် ရပ်တန့်မသွားဘဲ.. နန်းတော်သခင်၏ ကိုယ်ပေါ်သို့ ရက်ရက်စက်စက် ကျဆင်းလာ၏။

ဘုန်း! ဘုန်း! ဘုန်း!

အဆောင်အစုလိုက်ကလည်း.. နဂါးအမြီး၏ ဒေါမာန်အဟုန်ကို တားဆီးနိုင်ခြင်း မရှိပေ။

နန်းတော်သခင်၏ နဖူးအလယ်က လင်းလက်သွားပြီး ကြောက်စရာကောင်းသည့် မနောဝိညာဉ်က ရှေ့သို့ထွက်လာကာ.. အစွမ်းကုန် ခုခံတိုက်ခိုက်လိုက်၏။

ဘုန်း..

ကြိုးပြတ်သွားသော စွန်တစ်ကောင်လို.. နန်းတော်သခင်သည် လွင့်ပျံထွက်သွားပြီး.. မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းကာ ဖုန်မှုန့်များက ထောင်းကနဲ ထသွား၏။

သူသည် သွေးများအန်ထုတ်လိုက်ရကာ သူ့မျက်နှာက အရောင်မရှိတော့ပေ။ သူ့မျက်လုံးက မှိန်ဖျော့သွားပြီး.. သူ့အရိုးများက ကျိုးကြေကုန်၏။ သူ့ကိုယ်တွင်းအင်္ဂါများပင် ထိခိုက်ဒဏ်ရာရကုန်၏။

သူ၏ နောက်ဆုံးကြိုးစားရုန်းကန်တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင်.. ထိုအမြီးရိုက်ချက်ဖြင့် သူက သွေးမြူဘဝရောက်သွားလောက်ပေပြီ။

ကွာဟချက်ဟ ကြီးမားလွန်း၏။

သူတို့သည် လုံးဝမတူညီသည့် အဆင့်မှာ ဖြစ်ကြ၏။

“အဲ့ဒါက.. တစ်ကယ်.. ကျုပ်မဟုတ်ပါဘူးဆို.. ကျုပ်က အခုမှ ရောက်လာလို့ အထဲကိုတောင် ဝင်ရသေးတာ မဟုတ်ဘူးဗျ”

ကြီးမားစွာနာကျင်မှုကို တောင့်ခံရင်း.. နန်း‌တော်သခင်က တုန်ယင်နေသော အသံဖြင့် ပင့်သက်ကိုဖမ်း၍ ပြောလိုက်၏။

“မင်းမဟုတ်လို့ ဘယ်သူရှိရဦးမှာတုန်း”

နတ်နဂါးကြီးက လေထဲတွင် လှည့်ပတ်လိုက်ရင်း.. နန်းတော်သခင်ကို ငုံ့ကြည့်၍ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။ သူ့မျက်လုံးများက အေးခဲနေသော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နေ၏။

နန်းတော်သခင်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်၏။

“နဂါးမျိုးနွယ်က မိတ်ဆွေရောင်းရင်းကြီး.. ကျေးဇူးပြုပြီး ကျုပ်ပြောတာလေး နားထောင်ပေးပါဦးဗျာ.. ကျုပ်က ဒီနေရာကို လူတစ်ယောက်ကို သတ်ဖို့အတွက် ရောက်လာတာဗျ.. ခင်ဗျားရဲ့ မျိုးဆက်လေးကို စားပစ်လိုက်တာက အဲ့ကောင်ပဲ ဖြစ်ရမယ်.. သူကမှ တစ်ကယ် ကျူးလွန်သူပဲ!”

“သူ ဒီနားမှာပဲ ရှိနေဦးမယ်ဆိုတာ ကျုပ်ယုံတယ်.. သူက လှည့်စားကွက်တချို့သုံးပြီး ကိုယ်ယောင်ဖျောက်နေတာ ဖြစ်ရမယ်.. သူဘယ်လိုမှ ဝေးဝေးမရောက်နိုင်သေးဘူး”

ထိုစကားကို ကြားရသောအခါ ထောင့်တွင်ကပ်၍ ပုန်းနေကြသော ဆူဇီမိုနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူတို့သည် ရင်ထဲတစ်ဆို့သွားကြ၏။ သူတို့သည် လန့်လွန်းလို့ အသက်တောင်မျှ မရှူရဲကြတော့ပေ။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက စိတ်ထဲကနေ ညည်းတွားလိုက်၏။

သူ၏ ပိတ်စကြမ်းလေးက တစ်ယောက်ယောက်၏ အမြင်အာရုံမှ ဖုံးကွယ်ပေးထားနိုင်‌သော်လည်း အဲ့ဒါက အခြေအနေပေါ်မှာလည်း မူတည်သေး၏။

နဂါးဥက အခိုးရသည်ဖြစ်စေ၊ အစားခံရသည်ဖြစ်စေ.. နတ်နဂါးက ကျိန်းသေပေါက် အထိနာပြီး ရိုက်ချက်ပြင်းပြင်း ခံစားရပေလိမ့်မည်။ ထိုသို့ ပြဿနာပေါ်လာသည့်အချိန်တွင်.. ထိုနဂါးက ရူးသွပ်စိတ်လွတ်သွားပြီး.. ကျူးလွန်သူနောက်သို့ ချက်ချင်း အသည်းအသန်ပြေးလိုက်၍ ရှာဖွေလိမ့်ပေမည်။

ထိုအခိုက်အတန့်၌ သူတို့၏ ခန္ဓာကိုယ်နှင့် အော်ရာကို ပိတ်ကြမ်းစလေးက ဖုံးကွယ်ပေးထားသောကြောင့် နဂါးက သူတို့ကို မမြင်ဘဲ ရှောင်ကွင်းသွားပေလိမ့်မည်။ နဂါးထွက်သွားမှသာ သူတို့ကလည်း လွတ်ရာသို့ ရှောင်ရှားထွက်သွားကြရုံသာ။

နောက်ပြီး.. ကျူးလွန်သူများသည် လိုဏ်ဂူထဲမှ ထွက်ပြေးရမည့်အစား.. အထဲမှာပဲ ပုန်းကွယ်နေလိမ့်မည်ဟု နတ်နဂါးက ထင်မိလိမ့်မည် မဟုတ်ပေ။

အဲ့ဒါက စိတ်ဓါတ်စစ်ဆင်ရေးလှည့်စားချက်တစ်ခု ဖြစ်လေသည်။

သို့သော်လည်း ဝရုန်းသုန်းကား အခြေအနေတွင် ဘယ်ဆီဘယ်ဝယ်ကရယ်မသိ.. ဤနန်းတော်သခင်က ပေါ်လာလိမ့်မည်ဟု မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ထင်မထားမိခဲ့ပေ။

သူသည် ဆူဇီမိုနောက်လိုက်ရင်း ဤနေရာထိ ရောက်ရှိလာခဲ့ပြီး သွေးကျိန်စာ၏ လမ်းပြမှုအရ လိုဏ်ဂူထဲမှာ ဆူဇီမိုရှိသည်ဆိုတာကို ကောက်ချက်ချနိုင်၏။

ထို့ကြောင့်ပင် နန်းတော်သခင်က ထိုစကားကို ပြောရဲခြင်းဖြစ်လေသည်။

နဂါးကသာ လိုဏ်ဂူထဲသို့ သတိကပ်၍ သေချာရှာကြည့်မည်ဆိုလျှင် မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ပိတ်စပိုင်းက အလှပြသက်သက်သာ ဖြစ်နေပေလိမ့်မည်။

ထိုပိတ်စပိုင်းလေးက ရွှေအမြုတေ သို့မဟုတ် နိုးထဝိညာဉ်အဆင့်များ၏ ထောက်လှမ်းမှုကိုပင် ဖုံးကွယ်ပေးထားနိုင်၏။

သို့သော်လည်း အရွယ်ရောက်နဂါးတစ်ကောင်၏ ထောက်လှမ်းမှုမှ ဖုံးကွယ်ဖို့ မျှော်လင့်နေတာဆိုလျှင်တော့.. စိတ်ကူးယဉ်လွန်းနေတာသာ ဖြစ်ရပေမည်။

နန်းတော်သခင် ထိုသို့ပြောပြီးနောက်.. အပြင်ဘက်တွင် တိတ်ဆိတ်ကျသွား၏။

လေထုအငွေ့အသက်က အလွန်တရာ ထူးဆန်းလာ၏။

ကမ္ဘာလောကသည် ရပ်တန့်သွားသလိုပင်။

မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုက ‌ပေါ်လာပြီး.. ပိတ်စပိုင်းကို ရုတ်သိမ်းရင်း သိုလှောင်အိတ်ပေါ် လက်ရောက်သွား၏။

ဒီလိုအခြေအနေမှာ သူတို့ ဆက်လက်ပုန်းကွယ်နေလျှင်.. ကိုယ့်ကိုကိုယ် သတ်သေသလိုသာ ဖြစ်နေပေတော့မည်။

မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ လက်ဖဝါးထဲတွင် အဆောင်တစ်ခုက ပေါ်လာ၏။

တည်နေရာရွှေ့ပြောင်းအဆောင်အသေး!

ဤအရာမှာ ရှေးဟောင်းခေတ်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သော အဆောင်အမျိုးအစားဖြစ်၏။

ရှေးဟောင်းခေတ်မှာတုန်းကပင်လျှင်.. တည်နေရာရွှေ့ပြောင်းအဆောင်အသေးက အလွန်ကျော်ကြားပြီး အလွန်တရာ ရှားပါး၏။

တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို ချိုးချေလိုက်ခြင်းအားဖြင့် အဆောင်ထဲတွင် ရှိသော အစီအရင်က ထိုသူကို လက်ရှိတည်နေရာကနေ ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးသော အခြားနေရာတစ်ခုသို့ ချက်ချင်လက်ငင်း ပြောင်း‌ရွှေ့ပို့ပေးနိုင်၏။

ဘယ်နေရာသို့ ရောက်ရှိသွားမည်ဆိုတာ မသေချာသော်လည်း.. ၎င်းက ကျင့်ကြံသူတိုင်းကို ရွှေ့ပြောင်းပိုဆောင်ပေးနိုင်စွမ်းရှိ၏။

မည်သို့ပင်ဆိုစေ.. တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို ပိုင်ဆိုင်ထားသော မည်သည့်ကျင့်ကြံသူမဆို.. လက်ရှိကြုံတွေ့နေရသော သေရေးရှင်ရေးအခြေအနေမှ ချက်ချင်းလွတ်မြောက်အောင် ထွက်ပြေးနိုင်မည်ဖြစ်ပြီး.. အသက်ဘေးမှ လွတ်မြောက်သွားပေလိမ့်မည်။ အဲ့ဒါက အသက်ပိုတစ်ခုကို ဆောင်ထားသလိုပင်။

တည်နေရာရွှေ့ပြောင်းအဆောင်အသေးက ဘယ်လောက်တန်ဖိုးရှိကြောင်း အထူးတလည် ထပ်ပြောနေစရာ လိုတော့မည်မထင်ပေ။

ကျင့်ကြံရေးလောကတွင် တည်နေရာရွှေ့ပြောင်းအဆောင်အသေးက တန်ဖိုးဖြတ်လို့မရပေ။ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများရှိရှိ အဲ့ဒါကို လိုက်ရှာဝယ်လို့ ရလိမ့်မည်မဟုတ်ပေ။

ပြောရမည်ဆိုလျှင် မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မူလအစီအစဉ်မှာ တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို ထုတ်သုံးဖို့ မဟုတ်ပေ။

သို့သော်လည်း လက်ရှိဖြစ်ပေါ်လာသော အခြေအနေအရ .. အဲ့ဒါကိုမှ သူထုတ်မသုံးလျှင် သူ့အသက်ကို ဆုံးရှုံးရပေ‌တော့မည်။

မီးခို‌ရောင်ကျင့်ကြံသူက ပိတ်စပိုင်းကို ဖယ်ရှားလိုက်သည့်အချိန်တွင်.. လိုဏ်ဂူ၏ အနက်ဆုံးပိုင်းထောင့်တစ်ရာ၌ လူနှစ်ယောက်က ပေါ်လာ၏။

နန်းတော်သခင်က သူ့အစိမ်းရောင်မျက်လုံးနှစ်ဖက်ကို ပုတ်ခတ်လိုက်၏။ ဆူဇီမိုကို သူမြင်ရသည်မှာ ဒါဟာပထမဆုံးအကြိမ် ဖြစ်လေသည်။

ဆူဇီမိုအတွက်လည်း သူ့နောက်သို့ လိုက်လာသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

အချိန်ခဏလေးသာဖြစ်သော်လည်း သူတို့နှစ်ယောက်သည် တစ်ယောက်ရုပ်ကိုတစ်ယောက် သေချာစွဲမြဲစွာ မှတ်သားလိုက်ကြ၏။

နောက်တစ်ခဏ၌ ဆူဇီမိုသည် ကောင်းကင်ထက် ရစ်ခွေနေသော ကမ္ဘာဦးသတ္တဝါကြီးကို မြင်လိုက်ရ၏။

ဟာ!

သူ့နုလုံးက ဒိန်းကနဲ ခုန်သွားပြီး သူငယ်အိမ်က တင်းကျပ်သွားကာ.. လေအေးများကို ရှိုက်သွင်းလိုက်ရ၏။

တစ်ကယ့် တုန်လှုပ်စရာပင်။

သူကိုယ်တိုင် မြင်တွေ့ရခြင်းသာ မဟုတ်လျှင်.. ဒီလောက်အတိုင်းအတာထိ ကြောက်စရာကောင်းသည့် တည်ရှိမှုက ကမ္ဘာပေါ်တွင် ရှိလိမ့်မည်ဟု သူဘယ်လိုမှတွေးမိမှာ မဟုတ်ပေ။

ကမ္ဘာဦးသတ္တဝါကြီး၏ရှေ့မှောက်တွင်.. ဆူဇီမိုက ဘာမှ အရေးမပါ အရာမရောက်သည့်သူတစ်ယောက်ဟု သူ့ကိုယ်သူ ခံစားလာရပြီး အရိုအသေပြု ဦးညွှတ်ချင်စိတ်က တဖွားဖွားပေါ်‌ပေါက်လာ၏။

တစ်ဖက်သူက သူ့ထက် မနှိုင်းယှဉ်သာအောင် မြင့်မြတ်သာလွန်နေပြီး ကိုးကွယ်ဆည်းကပ်ရမည့်သူတစ်ယောက်အလားပင်။

ထိုအတွေးက သူ့ခေါင်းထဲသို့ အတင်းတိုးဝင်လာ၏။

ဆူဇီမို မျက်မှောင်ကြုတ်လိုက်၏။

ဤခံစားချက်က ဆူဇီမိုကို အလွန်အမင်း အော်ဂလီဆန်လာစေ၏။

သူကိုယ်တိုင် စိတ်လိုလက်ရ မဟုတ်ဘဲနှင့် ဆူဇီမိုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒူးထောက်အညံ့ခံဦးညွှတ်မှာ မဟုတ်ပေ။

သူသည် တောက်လောင်လာသော အကြည့်နှင့် သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။ နတ်နဂါးနှင့် ရင်ဆိုင်နေရသော်လည်း.. သူသည် ရင်ကိုကော့၊ ခေါင်းကိုမော့လိုက်ပြီး.. သူ့မျက်လုံးထဲတွင် ပြတ်သားသည့် သတ်ဖြတ်လိုစိတ်ကို တစွန်းတစကိုပင် ထုတ်ပြလာ၏။

ဦးညွှတ်ခယလိုသည့် ခံစားချက်က ပေါ်လာပြီးနောက် ဆူဇီမိုသည် ချက်ချင်းပင် အဲ့ဒါကို ဘာမျှမကျန်အောင် ချေမှုန်းပစ်လိုက်၏။

ဆူဇီမိုထံတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုက အလွန်တရာတိုတောင်းလှသော်လည်း.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက အဲ့ဒါကို သတိထားမိလိုက်၏။

သူသည် ဆူဇီမိုကို လေးနက်စွာ ကြည့်လိုက်၏။

ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက ထင်သလောက်တော့ မရိုးရှင်းဘူးဆိုတာ.. ပထမဆုံးအကြိမ် သူခံစားမိလာ၏။

နဂါးမျိုးနွယ်မှ တစ်ယောက်ယောက်၏ သြဇာတိက္ကမစွမ်းအားနှင့် အော်ရာ၏ လွှမ်းမိုးမှုအောက်မှ ချိုးဖျက်လွတ်မြောက်နိုင်ဖို့ဆိုသည်မှာ ဘယ်လောက်ခက်ခဲကြောင်း သူကောင်းကောင်းသိထားလေသည်။

ထိုသို့လုပ်ဖို့အတွက် မဖျက်ဆီးနိုင်‌သောစိတ်စွမ်းအားကို လိုအပ်ရုံသာမက.. တစ်လောကလုံးကို အထက်စီးကနေ ကြည့်နေနိုင်သော ယုံကြည်မှုမာန်မာနနှင့် ဘာကိုမျှ မကြောက်မလန့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းတို့ လိုအပ်လေသည်။

ထိုလိုအပ်ချက် တချို့နှင့် ကိုက်ညီသော ကျင့်ကြံသူများ ရှိကောင်းရှိကြလေသည်။

သို့သော်လည်း ထိုလိုအပ်ချက်အားလုံးနှင့် ကိုက်ညီသောသူကား အနည်းငယ်မျှသာရှိ၏။

သူ့ရှေ့မှဆူဇီမိုက ထိုလူနည်းစုထဲမှ တစ်ယောက်ဖြစ်၏။

ဆူဇီမိုက မီးခိုးရောင်ဝတ်ကျင့်ကြံသူထံမှ လေးစားအထင်ကြီးမှုကို ရရှိသည်ဆိုလျှင်.. ဆူဇီမို၏ဝတ်ရုံကြားထဲရှိ အမျိုးအမည်မသိခွေးမည်းလေးက ပိုလို့တောင် အံ့မခန်းဖြစ်သေး၏။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်လာ၏။

ဦးခေါင်းထက်တွင် ကြောက်စရာဦးချိုနှစ်ခုနှင့် မြင့်မြတ်အလင်းရောင်များဖြင့် တောက်ပနေသော နတ်နဂါးနှင့် ရင်ဆိုင်နေရသော်လည်း.. ညဝိညာဉ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတစွန်းတစမျှ ရှိမနေပေ။

သူ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးက ဆူဇီမို၏ ရင်ခွင်ထဲဝင်နေပြီး.. ပိန်းပိတ်အောင်နက်မှောင်နေသော မျက်လုံးတစ်စုံကိုသာ ထုတ်ပြထား၏။ တည်ငြိမ်နေသော အမူအယာနှင့် ၎င်းက ကောင်းကင်ထက်က နတ်နဂါးကို အေးစက်စွာ စိုက်ကြည့်နေ၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ဘာ‌ဆိုတာကို အတိအကျ မပြောတတ်သော်လည်း ညဝိညာဉ်၏ အကြည့်က တစ်နည်းတစ်ဖုံ ထူးဆန်းနေကြောင်း သူမြင်နေရ၏။

သို့သော်လည်း ထိုအကြည့်ကို သူသည် အမြဲတမ်းအမှတ်ရနေပေလိမ့်မည်။

နှစ်ပေါင်းများစွာကြာပြီးနောက်.. ညဝိညာဉ်၏ ဇာစ်မြစ်ကို နောက်ဆုံး သူသိရှိလိုက်ရသည့်အခါမှသာ.. မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ထိုအကြည့်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားခဲ့လေသည်။

All Chapters