← Chapters

ထွက်ပြေးလို့ လွတ်မည်လား

Vol. 17 Ch. 244

ထွက်ပြေးလို့ လွတ်မည်လား

Vol. 17 Ch. 244

အခန်း ၂၄၄ - ထွက်ပြေးလို့ လွတ်မည်လား

မီးခိုးရောင်၀တ်ကျင့်ကြံသူသည် ဆူဇီမိုအပေါ် တစ်ချိန်လုံး မကျေမချမ်း ဖြစ်နေ၏။

ထိုလူကြောင့်သာ မဟုတ်လျှင် သူသည် နဂါးဥကို ခိုးယူပြီးတာနှင့် ခလုတ်မထိ ဆူးမငြိ ထွက်ပြေးလွတ်မြောက်လာခဲ့သည်မှာ ကြာနေလောက်ပေပြီ။ ပြီးလျှင် သူသည် နတ်နဂါးတစ်ကောင်ကို ပြုစုပျိုးထောင်မွေးမြူနိုင်ပေလိမ့်မည်။ အဲ့လိုဆို ဘယ်လောက်တောင် မိုက်လိုက်မလဲ။

ဒါပေမယ့်လည်း ယခုအခါမှာတော့ သူသည် နဂါးဥကို လက်လွှတ်ခဲ့ရရုံသာမက၊ သူ့ပိုင်ဆိုင်မှုများထဲမှ တန်ဖိုးအရှိဆုံးနှင့် အရှားပါးဆုံးဖြစ်သော တည်နေရာရွှေ့ပြောင်းအဆောင်အသေးကိုပါ ထုတ်သုံးနေရပေပြီ။

"ဒီတစ်ခါတော့ ငါအကြီးကြီး ရှုံးတာပဲ!"

မီးခိုးရောင်၀တ်ကျင့်ကြံသူသည် စိတ်ထဲကနေ ကြိတ်ပြီး ကျိန်ဆဲလိုက်၏။ တည်နေရာရွှေ့ပြောင်း အဆောင်အသေးကို ချိုးချေလိုက်ပြီးနောက် သူအရင်ဆုံး လုပ်ချင်မိသည်မှာ ဆူဇီမိုကို ကန်ထုတ်ပစ်လိုက်ဖို့ပင်!။

သူ လက်စားချေရပေမည်။

ထိုအစိမ်းရောင်၀တ်ကျင့်ကြံသူကြောင့်သာ မဟုတ်လျှင် သူသည် ဤကဲ့သို့ ကိုယ်ကျိုးနည်းရသည့် အခြေအနသို့ ရောက်ရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူသည် ဆူဇီမိုနှင့် ညဝိညာဉ်တို့၏ အကြည့်မှ ထူးခြားပြောင်မြောက်မှုကို မြင်တွေ့လိုက်ရသောအခါ နောက်ဆုံးအခိုက်အတန့်လေး၌ သူ့စိတ်ကို ပြောင်းလိုက်၏။

အစိမ်းရောင်၀တ်ကျင့်ကြံသူရော၊ သူ့ခွေးမည်းလေးကိုရောပါ သူနှင့်အတူ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်၏။

"အဲ့ဒါက.... တည်နေရာရွှေ့ပြောင်း‌အဆောင်အသေးလား"

သွေးကျီးကန်းနန်းတော်သခင်က မျက်လုံးမှေးကြည့်လိုက်ပြီးနောက် ထိုအဆောင်ကို တန်းပြီးမှတ်မိသွား၏။

တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို ချိုးချေလိုက်လေပြီ။

မီးခိုးရောင်၀တ်ကျင့်ကြံသူ၏ လက်ဖဝါးမှ အလွန်တရာ ထူးဆန်းသည့် စွမ်းအင်လှိုင်းများက ပေါက်ကွဲဖြာထွက်လာ၏။

လေဟာနယ်ထဲတွင် ရုတ်တရတ် ပြင်းထန်သည့် တုန်ခါမှုက ဖြစ်ပေါ်လာ၏။

ထို့နောက် မီးခိုးရောင်၀တ်ကျင့်ကြံသူ၏ အနောက်ဘက်တွင် အလွန်ကြီးမားသည် လေဝဲကတော့ကြီးက ပေါ်လာ၏။ ၎င်း၏ အူတိုင်က မည်းနက်နေပြီး အာကာသတွင်းနက်(black hole)ကြီးတစ်ခုအလား အဆုံးမရှိပေ။

အလွန်တရာ အားကောင်းသည့် စုပ်အားက မီးခိုရောင်၀တ်ကျင့်ကြံသူအပေါ် ကျရောက်လာ၏။

သူသည် တွင်းနက်ကြီးထဲသို့ တရွတ်ဆွဲပါမသွားခင်ကလေးမှာပင် ဆူဇီမိုကို ဆတ်ကနဲ လှမ်းဆွဲ၍ သူနှင့်အတူ ခေါ်သွားလိုက်၏။

အဖြစ်အပျက်များက မြန်ဆန်လွန်းလှ၏။

ရွှစ်!

လူနှစ်ယောက်သည် တွင်းနက်ကြီး၏ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ကြရပြီး ပျောက်ကွယ်သွားကြ၏။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်တွင် ရှိနေသော နတ်နဂါးက ကြီးမားသည့် အစိမ်းရောင်အလင်းတန်းအသွင် ပြောင်းသွားပြီး တောင်ကုန်းအလယ်သို့ ထိုးဆင်းလာ၏။နတ်တောင်ကုန်းက အက်ကွဲ၍ ပြိုကျသွား၏။

နတ်နဂါး၏ လှုပ်ရှားမှုက အလွန်တရာ မြန်ဆန်လှသော်လည်း သူသည် ‌ခြေတစ်လှမ်း နောက်ကျသွားဆဲဖြစ်၏။

"ဂါး!"

ဒေါသူပုန်ထသွားပြီး.. သူ့ပါးစပ်ကြီးကိုဟ၍ မာန်ဖီဟိန်း‌ဟောက်လိုက်၏။ ကမ္ဘာပြိုလောက်သည့် နဂါးဟိန်းသံက ၀န်းကျင်တခွင်လုံး၌ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

နဂါး၏ ဦးခေါင်းနားတစ်ဝိုက်၌ အသံလှိုင်းများက မျက်စိနှင့် မြင်ရလောက်အောင် အတိုင်းသား ဖြစ်ပေါ်လာပြီး.. လှိုင်းဂယက်များက အဘက်ဘက်သို့ ပျံနှံ့ထွက်သွား၏။ ထိုအသံလှိုင်းဂယက်များက ကမ္ဘာဦးအပျက်အဆီး နယ်မြေတစ်ခုလုံးသို့ ဖြတ်သန်းသွားပြီး အရိုးပင်လယ်ထဲရှိ မရေမတွက်နိုင်သော အရိုးစုများက ခုန်ထလာ၏။

မရေမတွက်နိုင်သော အရိုးဖြူသားရဲများက ဆင့်ခေါ်ခံလိုက်ရသလို နိုးထလာကြ၏။

အရိုးပင်လယ်တစ်ခုလုံးကိုဖြတ်၍ နေရာယူထားသော နဂါးအရိုးစုကြီးပင်လျှင် ကောင်းကင်ထက်သို့ ပျံတက်တော့မည့်အလား တုန်ခါလာ၏။

နဂါးဟိန်းသံ အဆုံးသတ်သွားပြီးနောက်၊ နတ်တောင်ကုန်း အနောက်ဘက်ရှိ တောင်တန်းများကြားထဲတွင် ဖြစ်ပေါ်နေသော တောင်ချိုင့်ကြားထဲမှ ခပ်ယဲ့ယဲ့ နဂါးဟိန်းသံ တစ်သံက ထပ်မံထွက်ပေါ်လာ၏။

တောင်ကြားထဲမှလာသော နဂါးဟိန်းသံက ကျယ်လောင်ပြတ်သားမှု မရှိသော်လည်း ၎င်းအသံက ခမ်းနားတင့်တယ်ထည်ဝါနေ၏။

"အက်!"

နန်းတော်သခင်က မျက်စိပျက်မျက်နှာပျက်နင့် နာကျင်စွာ ညည်းညူလိုက်၏။

တောင်ကြားထဲမှ နဂါးဟိန်းသံက သိပ်ပြီး ကျယ်လောင်လှခြင်း မရှိသော်လည်း သူ့စိတ်ဝိညာဉ်အဆီအနှစ်ကို ကွဲကြေလုနီးပါး ဖြစ်သွားစေ၏။

ထိုနဂါးဟိန်းသံ ထွက်‌ပေါ်လာသောအခါ အရိုးပင်လယ်ထဲမှ ထကြွလာကြသော အရိုးဖြူသားရဲများသည် မြေပြင်ပေါ်သို့ အရိုးချောင်းများအဖြစ်သို့ ပြန်လည်ပြိုလဲကျသွားကြ၏။

နဂါးဟိန်းသံနှစ်ခုက လေထဲတွင် ယှက်ဖြာနေပြီး သူတို့က တစ်ခုခုကို ဆက်သွယ်ပြောကြားနေကြပုံရ၏။

လေထဲရှိနတ်နဂါးက အလွန်တရာ ဒေါသူပုန်ထနေပြီး သွေးရူးသွေးတန်းနှင့် တရှူးရှူးတရှဲရှဲဖြစ်နေ၏။

သို့သော်လည်း တောင်ကြားထဲမှ နဂါး၏ အသံက သူ့ကို ဖျောင်းဖျတားဆီးနေပုံရ၏။

နဂါးနှစ်ကောင်အကြား အငြားပွားမှုက တဖြည်းဖြည်း ပို၍ ပြင်းထန်လာပြီး မည်သို့မျှ ညှိနှိုင်းလို့ရတော့ဟန် မပေါ်ပေ။ နောက်ဆုံးမှာတော့ လေထဲရှိ နတ်နဂါးက နောက်ဆုံးတစ်ချက် မာန်ဖီဟိန်းလိုက်ပြီး.. နတ်တောင်ကုန်းအထက်ကောင်းကင်မှ အရိုးပင်လယ်၏အပြင်ဘက်သို့ အစိမ်းရောင်အလင်းတန်းတစ်ခုအသွင် ပျံသန်းပျောက်ကွယ်သွား၏။

...

ကမ္ဘာဦးတောအုပ်အပြင်ဘက် အစပ်နား၌ ကျင့်ကြံသူများစွာက ရှိနေကြဆဲဖြစ်၏။

သူတို့က စိုးရိမ်စိတ်ကြီးသောသူများ ဖြစ်ကြပြီး ကမ္ဘာဦးတောအုပ်ထဲသို့ လိုက်ပါ၀က်ရဲခြင်း မရှိကြပေ။

သို့သော်လည်း သူတို့သည် ဒီအတိုင်းထွက်သွားရမှာကိုလဲ စိတ်ထဲ မချင့်မရဲဖြစ်နေကြ၏။ သူတို့သည် တောအုပ်ထဲသို့ ၀င်သွားသူများ ပြန်ထွက်အလာကို စောင့်နေကြခြင်းလည်း ဖြစ်၏။

သိပ်မကြာမီ ကမ္ဘာဦးအပျက်အဆီးနယ်မြေဘက်မှ ကျယ်လောင်သည့် ဟိန်းဟောက်သံများကို သူတို့ကြားလိုက်ရ၏။

အချို့ကျင့်ကြံသူများ မျက်မှောင်ကြုတ်လိုက်ကြ၏။ တစ်ခုခုတော့ လွဲမှားနေပြီဆိုတာ သူတို့ရိုးတိုးရိပ်တိတ် ခံစားမိလိုက်၏။ သူတို့မျက်လုံးများထဲတွင် စိုးရွံ့ကြောက်လန့်မှုများက ပေါ်လာပြီး ထိုနေရာမှာ ဆက်လက်မနေရဲတော့ဘဲ လှည့်ပြန်ပြေးကုန်ကြ၏။

သို့သော် ကျင့်ကြံသူအများစုကတော့ စိတ်လှုပ်ရှားလာကြပြီး အသည်းအသန် ဆွေးနွေးငြင်းခုန်လိုက်ကြ၏။ ကောင်းကင်ထက် ပျံတက်၍ သူတို့သည် အပျက်အဆီးနယ်မြေဘက်သို့ လှမ်းမျှော်ကြည့်နေလိုက်ကြ၏။

"အဲ့အသံက ထူး‌‌တော့ထူးဆန်းတယ်နော်.. အဲ့ဒါ ဘယ်လိုတောကောင် ဖြစ်မလဲ ငါသိချင်လိုက်တာ"

"အသံကို နားထောင်ကြည့်ရသလောက်တော့ အဲ့တောကောင်က သိပ်ပြီး မခေလောက်ဘူးနော်၊ အဲ့ဒါက ထျန်ဟွမ်ကမ္ဘာမှာ မျိုးသုန်းသွားပြီးသား ကမ္ဘာဦးခေတ်က သက်ရှိတောင် ဖြစ်ရင်ဖြစ်နေမှာ"

"ဟမ့်.. အဲ့ကောင်သာ ငါ့ရှေ့မှာ ပေါ်လာကြည့်ပါလား၊ ငါကိုယ်တိုင် သူ့ကို လှဲချပြီးတော့ သွေးသစ္စာ ကျိန်ဆိုခိုင်းလိုက်မယ်!"

သိပ်မကြာမီ ခေါင်းမှာ ဦးချိုနှစ်ချောင်းနှင့် နတ်နဂါးကြီးသည် အရိုးပင်လယ်၊ ကမ္ဘာဦးတောအုပ်တို့ကို ဖြတ်ကျော်၍ ကြောက်မက်ဖွယ်ရာနှင့်အတူ ရောက်ချလာ၏။ တောအုပ်အပြင်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ၊ ၎င်း၏ မျက်လုံးထဲမှ သတ်ဖြတ်ရန်လိုစိတ်နှင့်အတူ ကြောက်စရာကောင်းသည့် ဖိအားက ထွက်ပေါ်လာ၏။

လူတိုင်း မှင်တက်သွားကြ၏။

လေထဲတွင် ရှိနေကြသော ကျင့်ကြံသူများသည် ခြေလက်များ အေးစက်တောင့်တင်း၍ မြေပြင်ပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျကုန်၏။

ထပ်! ထပ်! ထပ်!

ကျင့်ကြံသူများအားလုံး ဒူးထောက်ချလိုက်ကြ၏။

နဂါးကြီး၏ အဆုံးမဲ့ ဖိအားအောက်တွင် ထောင်ချီနေသော ကျင့်ကြံသူများသည် ခြေလက်များ တုန်ယင်၍ မျက်နှာများက သွေးဆုတ်ကုန်ကြ၏။

စော‌စောက အဲ့တောကောင် ငါ့ရှေ့မှာ ပေါ်လာရင် ငါကိုယ်တိုင် လှဲချမည်ဟုပြောခဲ့သော ကျင့်ကြံသူမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်တုန်လှုပ်၍ သေးများ ချေးများပင် ထွက်ကျကုန်၏။ မြေပြင်ပေါ်မှာ ဝပ်တွားစွာ ဒူး‌ထောက်ရင်း.. အရူးအမူး ဦးချနေ၏။

“ဂါး!”

နတ်နဂါးကြီးက ဟိန်းဟောက်လိုက်၏။

ဖောက်! ဖောက်! ဖောက်!

ကမ္ဘာဦးတောအုပ်အပြင်ဘက်ရှိ ကျင့်ကြံသူထောင်ချီသည် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်ကုန်ကာ နေရာမှာပင် ပွဲချင်းပြီး သေကုန်းကြ၏။

ခပ်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သော စောစောက ထွက်ခွာလာခဲ့သည့် ကျင့်ကြံသူများသည် နောက်ပြန်လှည့်ကြည့်၍ ကြက်သီးမွေးညင်းများ ထသွားကြ၏။

ကြောက်ရွံ့စရာ ကောင်းလွန်းလှ၏။

ရွှေအမြုတေများအပါအဝင်.. ကျင့်ကြံသူထောင်ပေါင်းများစွာသည် နတ်နဂါးကြီး၏ ဟိန်း‌ဟောက်သံတစ်ချက်ကိုပင် မည်သူမျှ ခံနိုင်ရည် မရှိခဲ့ကြပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင်.. ကမ္ဘာဦးတောအုပ် အပြင်ဘက်နေရာသည် အဆူရာငရဲတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲ၍ သွေးများက ချောင်းများ မြစ်များလို စီးဆင်းနေ၏။

ထိုကျင့်ကြံသူများကို နတ်နဂါးကြီးက အရိုးထဲထိတိုင် မုန်းတီး၏။

သူ့အတွက်တော့ ထိုလူများက စောစောက ထွက်ပြေးသွားခဲ့သော နှစ်ယောက်နှင့် ထူးမခြားနားပေ။

နတ်နဂါးကြီးက အလောင်းများကို အနီးကပ်တစ်ချက်ကြည့်ပြီးနောက်.. ကောင်းကင်အထက် ပျံတက်၍ ဦးတည်ဘက်တစ်နေရာသို့ ပျံသန်းသွား၏။ သိပ်မကြာမီ ၎င်းက ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အထက်ကောင်းကင်မှ ပျောက်ကွယ်သွားတော့၏။

. . .

ထိုသည်ကို မြင်မှသာ နန်းတော်သခင်သည် စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီးချလိုက်၏။

သူ အသက်ရှင်နိုင်ပြီလား။

မြေပြင်ပေါ်တွင် လဲနေရင်း.. နန်းတော်သခင်သည် ငေးတိငေးကြောင်နှင့် အိပ်မက်တစ်ခုလို ခံစားနေရ၏။

ကံကောင်းထောက်မစွာနှင့် နတ်နဂါးကြီးက နောက်ဆုံးမှာ သူ့ကို အရေးမလုပ်တော့ဘဲ ထွက်သွားခဲ့၏။ မဟုတ်လျှင်လည်း သူသေဖို့သာ ရှိတော့လေသည်။

နန်းတော်သခင်သည် ခက်ခက်ခဲခဲနှင့် မတ်တပ်ထရပ်လိုက်၏။ သူ၏ သွေးရောင်အရိုးတောင်ဝှေးကို ဆုပ်ကိုင်၍ ဒဏ်ရာပြင်းစွာ ရနေသော သူ့ခန္ဓာကိုယ်ကြီးကို ပင်ပင်ပန်းပန်း သယ်ဆောင်ကာ.. အရိုးပင်လယ်ကို ဖြတ်ပြီး ကမ္ဘာဦးတောအုပ်အရှေ့သို့ နောက်တစ်ဖန် ပြန်ရောက်လာ၏။

“သခင်!”

သွေးကျီးကန်းဘုရင်က စောင့်နေသည်မှာ အတော်ကြာနေပေပြီ။ နန်းတော်သခင်၏ ဆိုးရွား‌သောအခြေအနေကို မြင်လိုက်ရသောအခါ သူ့အမူအယာက ပြောင်းလဲသွားပြီး.. ကပျာကယာ အပြေးသွား၍ သူ့သခင်ကို တွဲထူပေးလိုက်၏။

“ဘာတွေဖြစ်ခဲ့တာလဲဗျ” သွေးကျီးကန်းဘုရင် မျက်စိမျက်နှာ ပျက်သွား၏။

နန်းတော်သခင်သည် လက်သီးကိုဆုပ်၊ အံကိုကြိတ်လိုက်၏။ သူ့မျက်လုံးထဲတွင် အဆုံးမဲ့ အမုန်းတရားများက ပေါ်လာပြီး.. ဒေါသဖြင့် သူ့ကိုယ်က တဆတ်ဆတ် တုန်ယင်လာ၏။

နန်းတော်သခင်သည် ထိုကောင်လေးကို မသတ်နိုင်ခဲ့ရုံသာမက.. သူ့ထောင်ချောက်ထဲသို့ ကျ‌ရောက်ကာ အသတ်ခံရတော့မလို့ပင် ဖြစ်ခဲ့ရ၏။

သူ့ခန္ဓာကိုယ်တွင် ရရှိလာခဲ့သော ဒဏ်ရာများက အလွန်ပြင်းထန်လှပြီး.. ပြန်လည်ကောင်းမွန်လာဖို့အတွက် သူသည် ဆယ်စုနှစ် အနည်းငယ်လောက် အချိန်ယူရပေတော့မည်။

“ဆူဇီမို.. ဟီးဟီး.. မင်းကောင်းကောင်း ရှင်သန်နေလိုက်ဦးသိလား.. ဒီအတောအတွင်း ခလုတ်မထိ ဆူးမငြိစေနဲ့ဦး.. ငါမင်းရှေ့မှာ ပြန်ပေါ်လာတဲ့တစ်နေ့.. မင်းသေနေ့စေ့တဲ့နေ့ပဲ!”

နန်းတော်သခင်၏ အမူအယာက သုန်မှုန်ခက်ထန်နေပြီး.. သူ့အကြည့်က ရက်စက်ကောက်ကျစ်ဟန်ဖြင့် ဆက်တိုက်ရယ်မောလိုက်၏။

သွေးကျီးကန်းဘုရင်က ဘေးမှာရပ်နေပြီး တစ်ခွန်းမျှ ဝင်ပြောရဲခြင်း မရှိပေ။

အတန်ကြာပြိးနောက် သွေးကျီးကန်းနန်းတော်သခင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ပြောလိုက်၏။

“သွားကြရအောင်.. မဟူရာကျီးတောင်ကုန်းကိုပဲ ပြန်ကြတာ‌ပေါ့”

“သခင်.. သခင့်ကိုယ်ပေါ်က ဒဏ်ရာတွေနဲ့ဆို.. ကျုပ်တို့ကမ္ဘာဦးတောအုပ်ကို ဖြတ်သွားဖို့က မလွယ်လှဘူးနော်”

“မင်းရဲ့ အမျိုးအနွယ်တွေကို ခေါ်လိုက်! အဲ့သွေးကျီးကန်းတွေအကုန် ဒီနေရာမှာ သေကြရမယ်ဆိုရင်တောင်.. ငါ့အတွက် ထွက်လမ်းတစ်ခုရအောင် ဖောက်ပေးခိုင်းလိုက်!”

ခဏကြာ တိတ်ဆိတ်နေပြီးနောက်.. သွေးကျီးကန်းဘုရင်က ခေါင်းညိတ်လိုက်၏။

“နားလည်ပါပြီ”

All Chapters