← Chapters

ဆုံးဖြတ်ချက်

Vol. 17 Ch. 251

ဆုံးဖြတ်ချက်

Vol. 17 Ch. 251

အခန်း ၂၅၁ - ဆုံးဖြတ်ချက်

မြို့တော်၏ တိတ်ဆိတ်ငြိမ်သက်သော ထောင့်တစ်နေရာတွင် အဖိုးအိုက ပြန်ပေါ်လာခဲ့၏။

လင်းရွှမ်ကျီက ရှေ့သို့တက်၍ လက်မထောင်ပြကာ ချီးကျူးလိုက်၏။

“အဖိုးကြီး.. ခင်ဗျားက ခေသူတော့ မဟုတ်ဘူးပဲ.. နှစ်ကွက်သုံးကွက်လောက် ထုတ်သုံးရုံနဲ့ နဂါးတစ်ကောင်ကို မောင်းထုတ်နိုင်တယ်ဆိုတော့”

အဖိုးအိုက မျက်လုံးလှန်ကြည့်လိုက်၏။

“နဂါးတွေမှာလဲ သန်မာတဲ့နဂါးနဲ့ အားနည်းတဲ့နဂါးဆိုပြီး ရှိတယ်ကွ.. ‌စောစောက ရောက်လာတဲ့နဂါးက အဇူရာနဂါးမျိုးနွယ်ကပဲ.. သူက အရွယ်ရောက်နေပြီဆိုပေမယ့်လဲ.. သူ့ခွန်အားရဲ့ အထွတ်အထိပ်အနေအထားကို မရောက်သေးဘူး.. နောက်ပြီး သိပ်မကြာသေးခင်ကမှ သူက နဂါးဥတစ်လုံးကို မွေးထားလို့.. သူ့အဆီအနှစ်ချီ အတော်များများကို ဆုံးရှုံးထားပြီး.. သူ့ခွန်အားက သိသိသာသာ လျော့နေတာ”

“အဲ့ဒါဆိုလဲ ခင်ဗျား အဲ့အဇူရာနဂါးကို သတ်ပစ်လိုက် ပြီးတာပဲ”

လင်းရွှမ်ကျီက သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။

“သူနဲ့ ကျုပ်တို့က ရန်သူတွေ ဖြစ်နေပြီးမှတော့.. နောက်လာမယ့် ပြဿနာတွေ ချုပ်သွားအောင် တစ်ခါထဲ သတ်ပစ်လိုက် အေးတာပဲ”

“အဲ့ဒါက မင်းပြောသလောက် မလွယ်ဘူးဟ.. ကောင်လေးရ”

အဖိုးအိုက လှောင်ရယ်လိုက်၏။

“အဇူရာနဂါးတစ်ကောင်ကို သတ်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းသိလား.. အနည်းဆုံး မဟာကျိုးအင်ပါယာမြို့တော်က သွေးမြစ်စီးသွားလိမ့်မယ်.. တစ်ကယ်ဆိုးပြီဆို.. မြောက်ပိုင်းနယ်မြေတစ်ခုလုံးတောင် အလောင်းတွေ တောင်ပုံယာပုံ ထပ်သွားနိုင်တယ်”

“အဖိုးကြီး ကျုပ်ကို ဖြဲခြောက်မနေနဲ့” လင်းရွှမ်ကျီတစ်ယောက် အထိတ်တလန့် ဖြစ်သွား၏။

“ငါက မင်းကို ဖြဲခြောက်နေတယ်ဟုတ်လား.. အဲ့အချိန်တုန်းကဆိုရင်.. အဲ့ဒါက...”

အဖိုးအိုက သူ့စကားကို တိုးလို့တန်းလန်း ရပ်တန့်လိုက်ပြီး ခေါင်းခါလိုက်၏။

“ထားလိုက်ပါတော့.. အဲ့ဒါကို ပြန်မပြောပြတော့တာပဲ ကောင်းပါတယ်လေ”

“လခွမ်း!”

လင်းရွှမ်ကျီက စိတ်ဝင်တစား နားစွင့်နေတုန်းမှာပင် အဖိုးအိုက ဆက်မပြောဖို့ ဆုံးဖြတ်လိုက်၏။

အဖိုးအိုက လက်ကာပြလိုက်၏။

“နောက်ပြီး.. အဲ့အဇူရာနဂါးက တစ်ကောင်ထဲလာတယ်လို့ မင်းထင်လို့လား.. အမှောင်ထဲမှာ ကိုယ်ထင်မပြခဲ့တဲ့ နောက်ထပ်နဂါးတစ်ကောင်ရှိသေးတယ်.. အဲ့နဂါးကမှ တစ်ကယ့် ပညာရှင်ပဲ”

လင်းရွှမ်ကျီက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“အဖိုးကြီး.. ကျုပ် တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို သုံးခဲ့တယ်လေ.. အဲ့အဇူရာနဂါးက ဘယ်လိုလုပ်ပြီး ကျုပ်ကိုရှာတွေ့သွားတာလဲ”

“မင်းတို့သုံးယောက်က နဂါးဥတစ်လုံးကို စားခဲ့တယ်မလား.. အဲ့ဒါက နဂါးတစ်ကောင်ကို စားခဲ့တာနဲ့ အတူတူပဲ.. အထဲမှာနဂါးက မဖြစ်တည်သေးဘူးဆိုပေမယ့်.. အဲ့ထဲမှာ ပါဝင်တဲ့ စွမ်းအင်က ဘယ်လောက်တောင် ပေါကြွယ်ဝလိုက်သလဲ မင်းမြင်ခဲ့တယ်မလား”

အဖိုးအိုက ဆက်ပြောလိုက်၏။

“အဇူရာနဂါးရဲ့ ထောက်လှမ်းမှုကနေ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့.. မင်းတို့စားလာခဲ့တဲ့ နဂါးဥထဲက စွမ်းအင်တွေကို ကုန်စင်အောင် စုပ်ယူဖို့ပဲ”

“ကျုပ်က ကိစ္စမရှိဘူး.. ကျုပ်က နဲနဲလေးပဲ စားလာတာဆိုတော့ တစ်လ‌လောက်ဆို အဲ့ဒါကို စုပ်ယူလို့ အကုန်ကုန်တယ်”

လင်းရွှမ်ကျီက ကျေနပ်အားရသွားသလို ပြောလိုက်၏။

“အဲ့ဆူဇီမိုနဲ့ အဲ့ခွေးကတော့သွားပြီ.. မင်းတို့က အများကြီး သွားစားတာကို.. ကိုယ့်လောဘနဲ့ကိုယ်ခံလေ.. ဟဟ!”

ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် အဖိုးအိုက ပြောလိုက်၏။

“မင်း သူ့ကိုသွားပြီး သတိပေးလိုက်.. သူ့ကိုယ်ထဲက နဂါးဥစွမ်းအင်အဆီအနှစ်တွေကို စုပ်ယူသန့်စင်လို့ မပြီးမချင်း.. မြို့တော်ထဲက‌နေ ဘယ်မှာထွက်မသွားနဲ့လို့”

“အာ”

လင်းရွှမ်ကျီက ခဏမျှ ကြောင်အသွား၏။

“အဖိုးကြီး.. အဲ့အချိန်ထိ ခင်ဗျားဒီမှာဆက်နေဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”

“မဟုတ်ပါဘူး”

အဖိုးအိုက ခေါင်းခါလိုက်၏။

“မင်းကိုယ်ထဲက နဂါးဥအဆီအနှစ်တွေကို သန့်စင်လို့ ပြီးတာနဲ့.. ငါတို့ အလယ်ပိုင်းတိုက်ကို ပြန်ကြမယ်.. နောက်နှစ်နှစ်လောက်ဆို ရှေးဟောင်းတိုက်ပွဲမြေက ဖွင့်တော့မှာပဲ.. ငါတို့ ပြင်ဆင်စရာရှိတာတွေ သွားပြီးပြင်ဆင်ရမယ်”

ထျန်ဟွမ်ပြည်မကြီးကို ဒေသကြီးလေးခု၊ သမုဒ္ဒရာသုံးစင်းနှင့် တိုက်ကြီးတစ်တိုက်ဟူ၍ နယ်မြေပိုင်းခြားသတ်မှတ်ထား၏။

ဒေသကြီးလေးခုဆိုသည်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသကြီးလေးခုကို ရည်ညွှန်းလေသည်။

မဟာကျိုးအင်ပါယာက ထျန်ဟွမ်ပြည်မကြီး၏ မြောက်ပိုင်းဒေသကြီးတွင် တည်ရှိလေသည်။

တိုက်ကြီးတစ်တိုက်ကတော့ အလယ်ပိုင်းရှိတိုက်ကြီးကို ဆိုလိုလေသည်။ ၎င်းက ထျန်ဟွမ်ပြည်မကြီး၏ အလယ်ဗဟိုမှာ တည်ရှိ၍ အလွန်တရာ ကြီးမားပြီး.. ၎င်း၏ နယ်နမိတ်ကလည်း ဒေသကြီးလေးခုပေါင်းထက်ပင် ပိုပြီးကျယ်ပြန့်‌သေး၏။

. . .

စားသောက်ဆိုင်ထဲ၌ ဆူဇီမိုသည် စားစရာရှိသည်များကို စားရင်း.. လူများ၏ ဆွေးနွေးစကားသံများကို နားစွင့်နေ၏။

ရုတ်တရတ်.. လူတစ်ယောက်က သူ့ရှေ့တွင် လာထိုင်လိုက်၏။

ဆူဇီမိုမော့ကြည့်လိုက်ပြီးနောက် အနည်းငယ် ကြောင်အသွား၏။

လင်းရွှမ်ကျီ..

ကမ္ဘာဦးအပျက်အဆီးနယ်မြေကနေ လွတ်မြောက်လာခဲ့ပြီးနောက် သူတို့နှစ်ယောက်သည် နှုတ်ဆက်လမ်းခွဲခဲ့ကြ၏။

ဒီပုဂ္ဂိုလ်နှင့် မြို့တော်ထဲမှာ တစ်ဖန်ပြန်တွေ့ရလိမ့်ဦးမည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့မိပေ။

ဆူဇီမိုက လင်းရွှမ်ကျီအတွက် ဝိုင်တစ်ခွက်ကို ငှဲ့၍ ကမ်းပေးရင်း.. ပြုံးပြလိုက်၏။

“ဘယ်လောက်မှ မကြာသေးဘူး နောက်တစ်ခေါက် ပြန်ဆုံရတယ်ဆိုတော့.. ကျုပ်တို့နှစ်ယောက်က တစ်ကယ်ကို ရေစက်ပါတာပဲ”

ရေစက်ဆိုသော စကားကို ကြားချိန်တွင် လင်းရွှမ်ကျီ၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်လာ၏။

ထိုရေစက်ဆိုတာကြောင့်ပင်.. သူသည် ဆူဇီမိုနှင့် ဆုံတွေ့ခဲ့ရပြီး.. ဘဝပျက်လုနီးပါးဖြစ်ခဲ့ရ၏။

သူရမည့် နဂါးဥကလဲ မရှိတော့ပေ။

နဂါးဥသာ မရခဲ့သော်လည်း သူ့တည်နေရာက ပေါက်ကြားသွားပြီး.. နဂါးတစ်ကောင်က သူနောက်သို့ လိုက်လာခဲ့သေး၏။

သူ၏ တည်နေရာရွှေ့ပြောင်းအဆောင်အသေးလည်း အခုဆို မရှိတော့ပေ။

ထိုရေစက်ဆိုတာကြောင့်ပင် အဖိုကြီးက သူ့ကို လက်ဝါးနှစ်ချက်ကျွေးခဲ့ပြီး.. သူ့ပါးပေါ်က လက်ဝါးရာက အခုမှ လျော့သွားကာစသာ ရှိသေးလေသည်။

တွေးကြည့်လေလေ.. လင်းရွှမ်ကျီသည် ဒေါသထွက်လာလေလေ ဖြစ်၏။

သူက အေးစက်စွာ ပြောလိုက်၏။

“ဘာရေစက်မှ မဟုတ်ဘူး.. ငါမင်းကို သက်သက်လာရှာတာပဲ”

“အို့”

ဆူဇီမိုက အံ့အားတသင့် ရေရွတ်လိုက်၏။

“ကျုပ် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ.. တာအိုရောင်းရင်း”

“ဘာမှ လုပ်ပေးစရာမလိုဘူး.. မင်းကိုယ်ထဲက စွမ်းအင်အဆီအနှစ်တွေကို စုပ်ယူလို့ မပြီးသေးမချင်း... မဟာကျိုးမြို့တော်ထဲက‌နေ ထွက်မသွားနဲ့”

လင်းရွှမ်းကျီက ပြောလိုက်၏။

“မင်းလဲ တွေ့ခဲ့မှာပေါ့.. မြို့ပြင်က တိုက်ပွဲကိုလေ.. မင်းခန္ဓာကိုယ်ထဲက စွမ်းအင်ကို အာရုံခံနိုင်လို့ အဲ့နဂါးက ရောက်လာခဲ့တာပဲ”

ဆူဇီမို မျက်မှောင်ကြုတ်လိုက်၏။ သူစိုးရိမ်ပူပန်နေသည်မှာလည်း ထိုအကြောင်းပင် ဖြစ်လေသည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက ဆက်မေးလိုက်၏။

“ကျုပ်မြို့ထဲမှာပဲနေပြီး စွမ်းအင်အဆီအနှစ်တွေကို စုပ်ယူနေရုံနဲ့ ရပါ့မလား.. အဲ့နဂါးက ‌နောက်တစ်ခါ ပြန်ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ.. ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်က တစ်ချိန်လုံး ဒီနေရာမှာနေပြီး.. နဂါးရောက်လာတိုင်း ထွက်တားပေးနေမှာမလို့လား”

“အရမ်းလဲ စိုးရိမ်မနေပါနဲ့.. အဖိုးကြီးက ဒီနေရာကို စောင့်ရှောက်မနေဘူးဆိုရင်တောင်.. မြို့တော်ထဲမှာ နေတာက တခြားမှာထက်စာရင်တော့ မင်းအတွက် ပိုပြီးလုံခြုံမှာပါ”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဒီနေ့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နဂါးမျိုးနွယ်ကလဲ နဲနဲတော့ ဖြုန်သွားလောက်ပါပြီ.. ဘာပဲဖြစ်ဖြစ် မင်းအခုနေ မြို့ထဲကထွက်ရင်တော့ သူတို့က မင်းနောက်ကို အမဲလိုက်ကြမှာပဲ.. အဲ့ကျရင်တော့ သေချာတယ် နောက်ဘဝလူပြန်ဖြစ်ဖို့သာ ‌ဆုတောင်းပေတော့”

ဆူဇီမိုက ဆိတ်ဆိတ်သာနေ၏။

သူ့နဂိုအစီအစဉ်က ဆန်းကြယ်တောင်ထွတ်သို့ မြန်နိုင်သမျှ မြန်မြန်ပြန်ဖို့ပင်။

သူသည် ဖက်တီးလေး၊ မျောက်၊ စိတ်ဝိညာဉ်ကျား၊ ကြိုးကြာလေးနှင့် အခြားသူများကို လွမ်းလှပေပြီ။

လင်းရွှမ်းကျီ၏ သုံးသပ်ချက်ကို ကြားနာပြီးနောက်.. သူသည် ရွေးချယ်စရာမရှိ မြို့တော်ထဲမှာပဲ သောင်တင်ရဦးမည်ဆိုတာ ဆူဇီမို နားလည်လိုက်၏။

တစ်ကယ်တော့ မြို့တော်ထဲမှာ နေရခြင်းကလည်း သိပ်ပြီးဆိုးလှသည်တော့ မဟုတ်ပေ။

ပထမတစ်ချက်.. သူ၏ ဘေးအန္တရာယ်မှ လုံခြုံစိတ်ချရစေ၏။

ဒုတိယတစ်ချက်.. သူသည် ခရီးသွားနေရမည့်အချိန်များ မပုပ်တော့ဘဲ.. နဂါးဥထဲမှ စွမ်းအင်များကို စုပ်ယူရင်း သူ့ကျင့်ကြံမှုအဆင့်ကို ကောင်းကောင်းမြှင့်တင်နိုင်ပေမည်။

အခုချိန်မှာ ဆူဇီမိုအတွက် အလိုအပ်ဆုံးအရာကလည်း ကျင့်ကြံဖို့အချိန်ပင် ဖြစ်လေသည်။

ပြီးခဲ့သည့်နှစ်အတွင်း.. သူသည် နေရာပေါင်းစုံမှ အကျိုးအမြတ်များစွာ ရိပ်သိမ်းထားနိုင်ခဲ့၏။ သို့သော်လည်း ထိုအကျိုးအမြတ်များကို သူ့ကိုယ်ပိုင်ခွန်အားအဖြစ် နေရာချကျင့်ကြံလေ့ကျင့်ပြောင်းလဲဖို့ အချိန် သူ့မှာ မရရှိခဲ့ပေ။

တတိယတစ်ချက်.. နောက်နှစ်နှစ်ကျော်ကြာပြီးလျှင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲက ကျင်းကျတော့မှာ ဖြစ်လေသည်။ ထိုအခါ မဟာကျိုးအင်ပါယာအတွင်းရှိ နေရာပေါင်းစုံမှ ဂိုဏ်းကြီး၊ ဂိုဏ်းသေး အကုန်လုံးက မဟာကျိုးမြို့တော်သို့ ရောက်လာကြပေမည်။ ထိုအထဲမှာ ဆန်းကြယ်တောင်ထွတ်လည်း ပါဝင်လေသည်။

ထိုအချိန်ကျလျှင်လည်း သူသည် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းနှင့် ပြန်လည်ဆုံတွေ့ကြရမည်ဖြစ်သောကြောင့်.. သူ့အတွက် ခေါက်တုံ့ခေါက်ပြန်သွားလာရမည့်အချိန်များ သက်သာသွားပေလိမ့်မည်။

ထိုသို့တွေးပြီး‌နောက် ဆူဇီမိုသည် ဆုံးဖြတ်ချက်ချလိုက်၏။

ဘာကြောင့်ရယ်မသိ.. စောစောက လင်းရွှမ်ကျီပြောခဲ့‌သော စကားထဲတွင်.. တစ်ခုခုလွဲနေသည်ဟု ဆူဇီမို ခံစားရနေ၏။

“ကောင်းပြီလေ.. ငါပြောစရာရှိတာတော့ ပြောပြီးသွားပြီ” လင်းရွှမ်ကျီက ထရပ်လိုက်၏။

ဆူဇီမိုက လင်းရွှမ်ကျီ၏ ပါးနှစ်ဖက်ကို ကြည့်ပြီး ဟန်လုပ်ပြုံး၍ ပြောလိုက်၏။

“တာအို‌ရောင်းရင်း.. ကျုပ်တို့မတွေ့ရတာဖြင့် နေ့ဝက်လောက်ပဲ ရှိပါသေးတယ်.. ခင်ဗျားပုံစံကြည့်ရတာ နဲနဲတောင် ဝလာသလိုပဲ”

လင်းရွှမ်ကျီ မျက်နှာပျက်သွားပြီး အံကြိတ်ပြောလိုက်၏။

“အဲ့ဒါ မင်းကိစ္စမဟုတ်ပါဘူး”

ထိုသို့ပြောပြီးသည်နှင့် လင်းရွှမ်ကျီသည် သူ့အင်္ကျီလက်စကို လှုပ်ခါ၍ တတွတ်တွတ်ရွတ်ရင်း.. လှည့်ထွက်သွား၏။

“အဲ့အဖိုးကြီးကတော့.. လုပ်လိုက်ရင် သောက်ရမ်းကြီးပဲ.. ...”

ထိုစကားသံကို ကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။ ‌စောစောက လင်းရွှမ်ကျီပြောသောစကားတွင် ဘာလွဲနေသည်ဆိုတာကို နောက်ဆုံး သူနားလည်သွား၏။

“အရမ်းလဲ စိုးရိမ်မနေပါနဲ့.. အဖိုးကြီးက ဒီနေရာကို စောင့်ရှောက်မနေဘူးဆိုရင်တောင်.. မြို့တော်ထဲမှာ နေတာက တခြားမှာထက်စာရင်တော့ မင်းအတွက် ပိုပြီးလုံခြုံမှာပါ”

ထိုသည်မှာ လင်းရွှမ်ကျီပြောခဲ့သောစကား ဖြစ်၏။

ထိုလျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်က အဖိုးအိုတစ်ယောက်ဆိုတာ လင်းရွှမ်ကျီက ဘယ်လိုကြောင့် သိနေရတာလဲ။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပညာရှင်၏ ပုံပန်းသဏ္ဌာန်ကို မြို့တော်ထဲရှိ မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။

“ဒါက တိုက်ဆိုင်တာပဲလား.. သူပဲ သက်သက်လျှောက်ပြောသွားတာလား.. ဒါမှမဟုတ်.. ..”

ဆူဇီမိုတစ်ယောက် အတွေးများသွား၏။

All Chapters