← Chapters

ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်

Vol. 17 Ch. 252

ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်

Vol. 17 Ch. 252

အခန်း ၂၅၂ - ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်

မြို့တော်ထဲရှိ လမ်းများက ပျားပန်းခတ်မျှ လှုပ်ရှားမှုများဖြင့် သက်ဝင်စည်ကားနေ၏။

ဆူဇီမိုသည် စားသောက်ဆိုင်ထဲကနေ ထွက်လာခဲ့ပြီးနောက် ပျားပန်းခတ်လှုပ်ရှားနေကြသော လူအုပ်ကြီးနှင့် ရောနှောကာ.. ဦးတည်ချက်မရှိ လျှောက်သွားရင်း သူ့အနာဂတ်အစီအများနှင့် ပတ်သတ်၍ စဉ်းစားတွေးတောနေ၏။

သူသည် မြို့တော်ထဲမှာ နေဖို့ဆုံးဖြတ်လိုက်သည့်အတွက်.. ပထမဆုံး သူလုပ်ရမည့်အရာမှာ နေစရာတစ်ခု ရှာဖို့ပင် ဖြစ်လေသည်။

သူသည် ဤမြို့ထဲမှာ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်လောက် နေရမည်ဖြစ်ပြီး.. သူနေရမည့်နေရာကို ဖြစ်ကတတ်ဆန်း ရွေးလိုက်လို့ မရပေ။ ထိုနေရာက သူ့ကျင့်ကြံမှုကို အဆင်ပြေစေဖို့အတွက် သက်တောင့်သက်သာရှိပြီး တိတ်ဆိတ်ငြိမ်သက်ရပေမည်။

ဘေးနားပတ်လည် အနည်းငယ် မေးမြန်းတီးခေါက်ပြီးနောက်.. ဆူဇီမိုသည် ရတနာ့ကောင်းကင်အရောင်းပြခန်းကို တန်းသွားလိုက်၏။

မဟာကျိုးအင်ပါယာ၏ မြို့တော်ထဲရှိ ရတနာ့ကောင်းကင်အရောင်းပြခန်းတွင် အခြေတည်အဆင့်ကျင့်ကြံသူများကို နေရာအနှံ့တွေ့နိုင်၏။ တချို့နေရာများတွင် ရွှေအမြုတေအဆင့်များကိုပင် တွေ့ရတတ်၏။ ဆူဇီမိုသည် အလယ်အလတ်အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း လူအုပ်ကြီးထဲတွင် သူက မထင်မရှားသာ ဖြစ်လေသည်။

ပင်မခန်းမထဲသို့ ဝင်လာပြီး‌နောက်.. လှပသော အစေခံမိန်းကလေးတစ်ယောက်ရှိရာ ကောင်တာသို့ ဆူဇီမိုသည် လမ်းလျှောက်သွားလိုက်၏။ ထိုမိန်းကလေးက မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။

လှပသော အစေခံမိန်းကလေးက ချိုသာစွာပြုံး၍ မေးလိုက်၏။

“တာအိုရောင်းရင်း.. ကျမ ရှင့်အတွက် ဘာများ ကူညီပေးရမလဲရှင့်”

ဆူဇီမိုက မေးလိုက်၏။

“ကျုပ် မြို့ထဲမှာ အိမ်တစ်လုံး ဝယ်ချင်တယ်.. ခင်ဗျားမှာ အကြံပြုချင်တာမျိုး ရှိလား”

“တာအိုရောင်းရင်း.. မြို့ထဲက အကောင်းဆုံး အိမ်တော်တွေ အများစုကတော့ ကျိရွှေမြစ်ကမ်းဘေးနားတစ်လျှောက်မှာ ရှိကြတာပဲ.. ရှင်ကျင့်ကြံလို့ ပင်ပန်းလာပြီဆို.. ပြတင်းပေါက်ကိုဖွင့်ပြီး.. မြစ်ရှုခင်းတွေကို ကြည့်လိုက်ပေါ့.. ရှင်စိတ်က လုံးဝလန်းဆန်းသွားလိမ့်မယ်”

လှပသော အစေခံမ‌လေးက မြေပုံတစ်ချပ်ကို ထုတ်ယူလိုက်ပြီး.. မြစ်၏ တစ်ဖက်တစ်ချက်မှာ ရှိသော အိမ်တော်များကို ထောက်ပြလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်၍ ကမ်းခြေဘေးရှိ အိမ်တော်တစ်လုံးကို ရွေးလိုက်၏။

“ဒီအိမ်ဆိုရင်ရော”

“ရှင့်မှာ ရတနာ့ကောင်းကင်တံဆိပ်ပြားတစ်ခုခုများ ရှိလား” လှပသောအစေခံမလေးက မေးလိုက်၏။

အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ဆူဇီမိုက ခေါင်းခါလိုက်၏။

သူ့သိုလှောင်အိတ်ထဲမှာ ရတနာ့ကောင်းကင်တံဆိပ်ပြားတစ်ခုရှိ၏။ ထိုတစ်ခုက ထူးခြား၏။ သူအဲ့ဒါကို ထုတ်လိုက်တာနှင့် မလိုအပ်သော ပြဿနာများက သူ့ဆီရောက်လာနိုင်၏။

လှပသောအစေ့ခံမလေးက ပြုံးပြီး ပြောလိုက်၏။

“ရတနာ့ကောင်းကင်တံဆိပ်ပြား မရှိဘူးဆိုရင်တော့.. ဒီအိမ်တော်ရဲ့ တန်ဖိုးက သာလွန်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ကျပါမယ်ရှင့်”

“အင်း ၁၀၀၀၀၀. . .”

ဆူဇီမိုသည် သဘောတူညီသည့်အနေနှင့် ခေါင်းညိတ်လိုက်ပြီးမှ သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။ သူသည် လှပသောအစေခံမလေးကို မယုံကြည်နိုင်စွာကြည့်ပြီး.. အတည့်အတံ့ဖြင့် မေးလိုက်၏။

“စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းက သာလွန်အဆင့်လား”

“ဟုတ်ပါတယ်ရှင့်” လှပသော အစေခံမလေးက အပြုံးမပျက် ပြန်ဖြေလိုက်၏။

“စျေးကြီးလှချေလား”

ဆူဇီမို တုန်လှုပ်သွား၏။

အဲ့ဒါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်‌ကျောက်တုံး ၁၀၀၀၀၀သာဆိုလျှင် သူတတ်နိုင်သေး၏။

သို့သော်လည်း သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀,၀၀၀နှင့် ညီမျှ၏။ သူ့သိုလှောင်အိတ်ထဲမှာက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ကျော်ကျော်သာလျှင်ရှိ၏။

လှပသောအစေခံမလေးက ရှင်းပြလိုက်၏။

“မြို့ထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီက မြို့ပြင်မှာထက် အများကြီးပိုပြီး သိပ်သည်းများပြားပါတယ်.. အဲ့ဒါက ရှင်ကျင့်ကြံဖို့အတွက် အားတစ်ဝက်ပဲ စိုက်ရပါလိ့မ်မယ်”

ခဏမျှ ရပ်နားပြီးနောက် လှပသောအစေခံမလေးက ဆက်ပြောလိုက်၏။

“နောက်ပြီး မြို့တော်ထဲမှာဆိုရင်.. တချို့အထူးနေရာတွေကလွဲရင်.. တိုက်ခိုက်တာကို တားမြစ်ထားပါတယ်.. တစ်ယောက်ယောက်က လှုပ်ရှားလိုက်တာနဲ့.. အင်ပါယာစစ်တပ်က ရောက်လာပြီး အဲ့လူကို သတ်ပစ်လိုက်လိမ့်မယ်.. ရွှေအမြုတေအဆင့်ဆိုရင်တောင် ခြွင်းချက်မရှိဘူး.. အဲ့ဒါမို့ ရှင်မြို့ထဲမှာ နေထိုင်ကျင့်ကြံမယ်ဆိုရင် ရှင့်ရဲ့လုံခြုံစိတ်ချမှုအတွက်လဲ စိတ်ပူစရာ မလို‌တော့ဘူးပေါ့ရှင်”

ဆူဇီမိုက ဆက်လက်အသံတိတ်နေ၏။

“နေရာ နဲနဲ ပြောင်းကြည့်လိုက်မယ်ဆိုရင်ရော ဘယ်နှယ့်လဲ.. နဲနဲပိုဝေးတဲ့နေရာတွေဆိုရင် စျေးပိုသက်သာတယ်လေ” ခဏနေပြီးနောက် ဆူဇီမို၏ အကျပ်တွေ့နေမှုကို သတိထားမိလိုက်ပြီး အစေခံမိန်းကလေးက အကြံပြုလိုက်၏။

“ထားလိုက်ပါတော့”

ဆူဇီမိုက လက်ကာပြ၍ အလေးအနက်ထား ပြောလိုက်၏။

“ကျုပ် အဲ့အိမ်ကိုပဲ ယူချင်တယ်.. တစ်ခါတည်း မဝယ်သေးဘဲ သုံးနှစ်တာ ငှားမယ်ဆိုရင်ရော ဘယ်လောက်ကျသွားမလဲ”

အစေခံမိန်းက‌လေးက ပြုံးလိုက်၏။

“တစ်နှစ်တာငှားရမ်းခကတော့ သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ပါ.. အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ဆိုရင်တော့ ၃၀၀,၀၀၀ပေါ့”

ဆူဇီမို မျက်မှောင်တွန့်လိုက်၏။

ငှားရမ်းခကပင် ဤမျှလောက်ထိ စျေးကြီးနေလိမ့်ဦးမည်ဟု သူမထင်ထားမိပေ။

“ကျုပ် အဲ့အိမ်ကို တစ်နှစ်ပဲ အရင်ငှားပါမယ်”

ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲမှ အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို အကုန်သွန်ချလိုက်၏။ ထို့နောက် သွေးနီရောင်ဝတ်လူငယ်၏ သိုလှောင်အိတ်ထဲမှ ရခဲ့သော စိတ်ဝိညာဉ်လက်နက်များ၊ ဆေးလုံးများကို ရောင်းချပြီးမှသာ သူလိုအပ်သော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ကို ခဲရာခဲဆစ် စုဆောင်းလိုက်နိုင်၏။

ငွေပေးချေပြီးနောက်.. ရတနာ့ကောင်းကင်အရောင်းပြခန်းက ဆောင်ရွက်စရာရှိသည်များကို အလျှင်အမြန်ပင် လုပ်ဆောင်လိုက်ပြီးနောက်.. လူတစ်ယောက်ကို စေလွှတ်ပေးကာ ဆူဇီမိုကို ထိုအိမ်တော်သို့ ခေါ်ဆောင်သွားစေ၏။

ဆူဇီမိုသည် အိမ်တော်ကို တစ်ပတ်လှည့်ပတ်ကြည့်ပြီးနောက် စိတ်ကျေနပ်သွား၏။

သူ့မှာ စိတ်ဝိညာဉ်ကျောက်တုံးများ မကျန်ရှိတော့ဘဲ.. အနာဂတ်တွင် ကျင့်ကြံဖို့ အခက်အခဲ ရှိလာတော့မည် ဖြစ်သော်လည်း.. သူသည် သိပ်ပြီး စိုးရိမ်မနေပေ။

ဆူဇီမိုသည် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ဖို့အတွက် ဤနေရာ၌ ပန်းပဲရုံတစ်ခုဖွင့်လှစ်ဖို့ စိတ်ကူးထား၏။

တစ်ဖက်မှာတော့ သူသည် လက်နက်များသွန်းလုပ်ရောင်းချ၍ ရရှိလာသော စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် သူ့ကျင့်ကြံမှုကို အထောက်အကူပြုနိုင်ပြီး လိုအပ်သော အသုံးစရိတ်များကို ရရှိမည် ဖြစ်လေသည်။

အခြားတစ်ဖက်မှာတော့.. ဆူဇီမိုသည် မီးဆေးခြင်းနည်းစနစ်တစ်ခုကို ရရှိထားသလို.. တာအိုအရှင်အဆုံးစွန်မီး၏ လက်နက်သွန်းလုပ်ပုံကို မြင်ဖူးထားခဲ့၏။ ထို့ကြောင့် သူသည် ပန်းပဲရုံထောင်၍ အသက်မွေးဝမ်းကြောင်းခြင်းအားဖြင့်.. သူပန်းပဲပညာကို အဆက်မပြတ် လေ့ကျင့်၍ တိုးတက်လာစေနိုင်မည် ဖြစ်လေသည်။

သူသည် နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်ရုံသာမက.. ဓါးဝင်္ကပါသခင်တစ်ယောက်လည်း ဖြစ်လေသည်။

ဆိုလိုသည်မှာ သူ့ပန်းပဲပညာရပ်က ကျွမ်းကျင်အဆင့်မြင့်လာလေလေ.. သူ့တိုက်ခိုက်ရည်ကလည်း ထက်လာလေလေ ဖြစ်ပေလိမ့်မည်။

ဘာပဲပြောပြော.. ဆူဇီမိုသည် ပို၍ အဆင့်မြင့်သော ဓါးပျံများကို သွန်းလုပ်နိုင်လာသည်နှင့်အမျှ သူ့ဓါးဝင်္ကပါ၏ စွမ်းအားကလည်း မြင့်မားတိုးတက်လာမည် ဖြစ်လေသည်။

နောက်ပြီး.. ဆူဇီမိုသည် တာအိုအရှင်အဆုံးစွန်မီးထံမှ ဖယောင်းမီးဓါးဝင်္ကပါဟုခေါ်သော လျှို့ဝှက်အစီအရင်ဝင်္ကပါတစ်ခုကို ရရှိထားခဲ့ပြီး သူအခုထိ အဲ့ဒါကို စမ်းမကြည့်ရသေးပေ။

ကျန်ရှိနေသေးသော နှစ်နှစ်ခွဲအချိန်ကာလအတွင်း.. ဆူဇီမိုသည် သူ့လက်နက်သွန်းလုပ်မှုအဆင့်ကို မြှင့်တင်ပြီး အဆင့်မြင့်ဓါးပျံတစ်စုံကို ဖန်တီးပြုလုပ်ဖို့ ရည်ရွယ်ထား၏။

နှစ်နှစ်ခွဲဆိုသော အချိန်ကာလက နဂါးဥထဲရှိ စွမ်းအင်အဆီအနှစ်များကို ကုန်စင်အောင် စုပ်ယူဖို့ ကောင်းကောင်းလုံလောက်လေသည်။

ထိုအချိန်တွင် ဆူဇီမိုသည် လုံးဝအသွင်ပြောင်းလဲ၍.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲမတိုင်မီ သူ့ခွန်အားက အဆများစွာ တိုးတက်လာပေလိမ့်မည်။

ဆူဇီမိုသည် ညဝိညာဉ်ကိုခေါ်၍ မဟာကျိုးမြို့တော်၏ အနောက်မြောက်ထောင့်တစ်နေရာသို့ ဦးတည်သွားလိုက်၏။

ထိုနေရာမှာ လူအများစုဝေးရာ၊ ယုံရှင်းမြို့ပင် ဖြစ်လေသည်။ ဆေးလုံးများနှင့် နတ်ပန်းပဲရုံများ အများစုသည် ထိုမြို့တွင် တည်ရှိကြလေသည်။ ဆူဇီမိုသည် စျေးကွက်အကြောင်း စုံစမ်းတီးခေါက်ဖို့အတွက် ထိုမြို့သို့ ဦးတည်သွားနေခဲ့ခြင်းဖြစ်၏။

သိပ်မကြာမီ ဆူဇီမိုသည် ယုံရှင်းမြို့သို့ ရောက်လာခဲ့၏။

ယုံရှင်းမြို့တွင် လမ်းများစွာကို ပိုင်းခြားထား၏။ အချို့လမ်းများတွင် ဆေးလုံးများကို အထူးတလည် ရောင်းဝယ်ကြပြီး.. အချို့လမ်းများတွင်တော့ လက်နက်များကို အထူးတလည် ရောင်းဝယ်ကြလေသည်။

ဆူဇီမိုသည် လမ်းလျှောက်ရင်း အကဲခတ်ကြည့်လာခဲ့၏။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင် နတ်ပန်းပဲရုံများကို အတန်းလိုက် ဖွင့်လှစ်ထားကြ၏။

တချို့မှာ လျှိုကလန်ပန်းပဲရုံ၊ ချန်ချီပန်းပဲရုံ စသည်ဖြင့် တစ်နိုင်တစ်ပိုင်ဖြစ်ကြလေသည်။

ပန်းပဲရုံအများစုကတော့ ပျံလွှားပန်းပဲရုံ၊ သွေးသက်တန့်ပန်းပဲရုံ၊ ရွှေဒီရေပန်းပဲရုံ၊ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ စသည်ဖြင့် ဂိုဏ်းအမည်များ တပ်ထားကြလေသည်။

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံမှာ ဂိုဏ်းကြီးတစ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကနေ လာရောက်ဖွင့်လှစ်ထားသော ပန်းပဲရုံဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ၎င်းက ယုံရှင်းမြို့၌ အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်ရုံ ဖြစ်လေသည်။

ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းအနေနှင့်.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက မဟာကျိုးအင်ပါယာတစ်ခုလုံးမှာပင်.. ဆေးပညာနှင့် လက်နက်သွန်းလုပ်ခြင်းတို့၌ အလွန်ကျော်ကြားသော ဂုဏ်သတင်းရှိ၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲတိုင်း၌ ဆေးလုံးနှင့် ပန်းပဲပညာ အဆင့်သတ်မှတ်စာရင်း ထိပ်ဆုံးဆယ်နေရာတွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက နေရာတစ်ဝက်လောက်ထိ ရယူထားနိုင်ခဲ့လေသည်။

ဆူဇီမိုသည် လျှောက်လာခဲ့ပြီး အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရှေ့၌ တန်းစီနေသော အခြားသူများနှင့် ဝင်ရောလိုက်၏။

All Chapters