← Chapters

သနားဖို့ကောင်းလိုက်တာ

Vol. 17 Ch. 253

သနားဖို့ကောင်းလိုက်တာ

Vol. 17 Ch. 253

အခန်း ၂၅၃ - သနားဖို့ကောင်းလိုက်တာ

သာမန်ဓါးပျံများကို ရတနာ့ကောင်းကင်အရောင်းပြခန်းတွင် ဝယ်ယူနိုင်၏။

သို့သော်လည်း သူတို့စိတ်ကြိုက်အတိုင်းအတာ၊ အလေးချိန်၊ လိုချင်သည့်အချိုးအစားနှင့် ပစ္စည်းများကို သုံးပြီး.. သူတို့အတွက် ကိုင်ဆောင်ဖို့ အဆင်အပြေဆုံး ဓါးပျံတစ်လက်ကို လိုချင်သည်ဆိုလျှင်တော့ သူတို့သည် မိမိလိုချင်သည့်ပုံစံအတိုင်း နတ်ပန်းပဲရုံတစ်ခုတွင် သွားရောက်အပ်နှံရပေမည်။

ကိုယ်ကျပ်အင်္ကျီနှင့် ချပ်ဝတ်များကဲ့သို့သော ခုခံကာကွယ်‌ရေးလက်နက်များဆိုလျှင် ပိုလိုတောင် လိုအပ်သေးလေသည်။

လူတိုင်းသည် မတူညီသော ကိုယ်ခန္ဓာအချိုးအစားများ ရှိသောကြောင့် မိမိစိတ်တိုင်းကျ အပ်နှံဖို့ လိုလေသည်။

ဆူဇီမိုသည် လူများနှင့် တန်းစီစောင့်ရင်း လေ့လာအကဲခတ်ကြည့်နေ၏။

ပုံမှန်အားဖြင့်ဆိုလျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု စိတ်တိုင်းကျအပ်နှံဖို့ဆိုလျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်ကနေ ငါးထောင်ကြား အသုံးပြုဖို့ လိုလေသည်။ ထို့အပြင် အပ်နှံသူက ပါဝင်ပစ္စည်းသုံးစုံစာကိုလည်း ပန်းပဲရုံသို့ ပေးဖို့လိုသေးလေသည်။

သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်များဝယ်ယူဖို့ စိတ်တိုင်းကျအပ်နှံမည်ဆိုလျှင်တော့.. သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင်ကနေ ငါးထောင်ထိ ပေးရဖို့ရှိပြီး.. ပါဝင်ပစ္စည်းဆယ်စုံစာကိုလည်း ပေးရပေဦးမည်။

အတန်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးဆူဇီမို၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။

သူသည် ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် ‌မေးလိုက်၏။

“တာအိုရောင်းရင်း.. စိတ်ဝိညာဉ်လက်နက်တစ်ခု အပ်နှံမှာယူဖို့အတွက် ကိုယ်ပစ္စည်းနဲ့ကိုယ် ပေးဖို့လိုတယ်ဆိုတာတော့ ကျုပ်နားလည်ပါတယ်.. ဒါပေမယ့် ဘာလို့ ကျုပ်က သုံးစုံစာတောင် ပေးဖို့လိုတာလဲဗျ”

ထိုစကားကိုကြားသောအခါ.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ တပည့်တစ်ယောက်က လှောင်ရယ်လိုက်၏။

“မင်း ငါ့ကို ရူးကြောင်ကြောင် လာလုပ်မနေနဲ့.. ဘယ်နတ်ပန်းပဲဆရာကများ စိတ်ဝိညာဉ်လက်နက်တစ်ခုကို တစ်ခါတည်း တန်းပြီး သွန်းလုပ်နိုင်မယ်လို့ အာမခံနိုင်မှာလဲ.. စိတ်ဝိညာဉ်စုဆောင်းခြင်းက အမြဲတမ်း တစ်ရာရာခိုင်နှုန်း အလုပ်ဖြစ်မယ်လို့ မင်းထင်နေတာလား”

“လက်နက်အဆင့်က မြင့်လေလေ.. စိတ်ဝိညာဉ်စုဆောင်းခြင်းကလည်း ကျရှုံးနိုင်ခြေများလေလေပဲ.. အဲ့ဒါကြောင့် ငါတို့ကလဲ ပစ္စည်းအစုံရေကို ပိုပြီး ‌တောင်းရတာပေါ့.. ဒါတောင်မှ ငါတို့မှာ အလျော်အစား ရှိနေတုန်းပဲ”

ပန်းပဲရုံထဲရှိ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူတိုင်းက ဆူဇီမိုကို ထေ့ထေ့ငေါ့ငေ့ါဖြင့် ကြည့်လိုက်ကြ၏။

“ဒီကောင်က ဘာမှမသိဘဲနဲ့များ စိတ်ဝိညာဉ်လက်နက်တစ်ခုကို လာမှာချင်နေတာလား”

“ဘယ်ဇနပုဒ်ကများ တက်လာတဲ့ကောင်လဲ မသိပါဘူးကွာ.. တော်တော်နုံနဲ့တဲ့ကောင်”

ထိုစကားသံများကို ကြားရသောအခါ.. ဆူဇီမိုက မည်သို့မျှ ခွန်းတုန့်ပြန်မနေဘဲ ဆက်လက်၍သာ မေးမြန်းလိုက်၏။

“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို စိတ်တိုင်းကျအပ်နှံမှာယူချင်တယ်ဆိုရင် စျေးနှုန်းက ဘယ်လောက်ကျသင့်မလဲဗျ”

“ဟဟ”

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံအပြင်ဘက်၌ ရယ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

“ငါပြောပါတယ်.. သူက ဒီအတိုင်း လူအုပ်ကြားထဲ သက်သက်ဝင်ရောနေတာပါလို့.. ဒါတောင် သူ့ကိုယ်သူ တတ်သလိုလို နပ်သလိုလိုနဲ့ ဟန်ဆောင်နေသေးတယ်”

“ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို စိတ်တိုင်းကျမှာယူချင်လို့ ဟုတ်လား.. သူက ဒါမျိုးတောင် ပြောလိုက်သေး.. ဟဟ.. ငါတော့ ရယ်ရတာ အူတက်လို့ သေတော့မှာပဲ”

“တစ်ကယ့်ကို ဘာမှ မသိတဲ့တောသားပဲ”

ဆူဇီမိုက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ တပည့်များကို ပြုံးစစဖြင့် ကြည့်နေလိုက်၏။

ဆူဇီမိုဘေးတွင် ရပ်နေသော ကျင့်ကြံသူတစ်ယောက်က မနေနိုင်တော့ဘဲ ဆူဇီမိုကို တိုးတိုးတိတ်တိတ် ဝင်ရှင်းပြလိုက်၏။

“တာအိုရောင်းရင်း.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေကို စိတ်တိုင်းကျမှာလို့ မရဘူးဗျ.. တစ်ယောက်ယောက်က ပါဝင်ပစ္စည်းအစုံတစ်ရာစာ ပြင်ဆင်ထားရင်တောင်.. ဘယ်နတ်ပန်းပဲဆရာကမှ အဲ့အလုပ်ကို လက်ခံရဲမှာမဟုတ်ဘူး.. ထိပ်တန်းအဆင့်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ဖို့ဆိုတာ ကျွမ်းကျင်မှုရော၊ အထုံရော၊ ကံကောင်းဖို့ရော လိုသေးတယ်.. တစ်ချက်ကလေး မှားသွားတာနဲ့ ကျဆုံးသွားမှာပဲ”

“ကျုပ်သိပါပြီ” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထိုလူက ဆက်ပြောလိုက်၏။

“နတ်ပန်းပဲဆရာတစ်ယောက်က သူ့ဘဝမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက် တစ်ခုလောက် သွန်းလုပ်နိုင်ခဲ့ရင်တောင်.. သူ့နာမည်က သမိုင်းတွင်သွားပြီပဲ.. နောက်ပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တွေကို စျေးနှုန်းသတ်မှတ်ထားတာမျိုး မရှိဘူး.. လေလံပွဲတစ်ခုမှာ စျေးအချိုဆုံး တစ်ခုဆိုရင်တောင် အနည်းဆုံး သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀လောက်ကနေ စရောင်းတတ်ကြတယ်.. အပြိုင်အဆိုင် လုဝယ်မယ့်သူတွေ ပေါ်လာရင် စျေးနှုန်းက တစ်သန်းလောက်ထိတောင် ဖြစ်သွားနိုင်တယ်”

စိတ်ဝိညာဉ်အင်းကွက်သုံးခုပါရှိသော သာလွန်စိတ်ဝိညာဉ်လက်နက်တစ်ခု၏ စျေးနှုန်းမှာ အလွန်ဆုံး သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀သာ ဖြစ်လေသည်။

သို့သော်လည်း ထိုထက် စိတ်ဝိညာဉ်အင်းကွက်တစ်ခုသာလျှင် အပိုပါသော ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု၏ စျေးနှုန်းက အဆတစ်ရာလောက် ပိုတက်သွားလေသည်။

ထိုနှစ်ခုအကြား ကွာဟချက်က ကြီးမာလွန်း၏။

“ဒီမှာလာပြီး ငါတို့ကို အချိန်လာဖြုန်းမနေနဲ့.. မင်းလစ်လိုက်တော့”

အစစ်အမှန်မီးစွမ်းအင်လက်နက်ရုံပိုင်ရှင်က ရှေ့ထွက်လာပြီး ဆူဇီမိုကို လက်ကာပြ၍ မောင်းထုတ်လိုက်၏။

ဆူဇီမိုက စိတ်ဆိုးမသွားဘဲ ပြန်ပြုံးပြလိုက်၏။

“ဆိုင်ရှင်.. ခင်ဗျားတစ်နေ့ကျရင် ဒီနေ့ကို ပြန်ပြီး အမှတ်ရလာလိမ့်မယ်”

ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုက လှည့်ထွက်သွား၏။

စျေးကွက်စျေးနှုန်းများကို စုံးစမ်းတီးခေါက်ပြီးနောက်.. ဆူဇီမိုသည် အစီအစဉ်များကို စချလေပြီ။

သူဖွင့်လှစ်မည့် ပန်းပဲရုံက ဤမြို့တော်ထဲတွင် အကြီးဆုံးတစ်ခု ဖြစ်လာလိမ့်မည်ဟု ဆူဇီမိုသည် သူ့ကိုယ်သူ ယုံကြည်လေသည်။ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကတောင် သူ့ခြေထောက်အောက်သို့ ရောက်ရပေမည်။

ဆူဇီမိုသည် လမ်းလျှောက်လာပြီး သိပ်မကြာမီ သူ့ရင်က လှုပ်ခတ်သွားပြီး.. မလှမ်းမကမ်းထောင့်တစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ထိုနေရာရှိ မြေပြင်ပေါ်တွင် ခွေခွေကလေး ထိုင်နေသော ဆယ့်ငါးနှစ်အရွယ်လောက် မိန်းက‌လေးတစ်ယောက် ရှိနေလေသည်။ သူမ၏ အဝတ်အစားများက စုတ်ပြဲညစ်ပေနေ၏။ သူမ၏ အဝါရောင်ဆံပင်များက ဖိုသီဖတ်သီနှင့် သူမ၏ မျက်နှာက ညစ်ပေနေသော်လည်း.. သူမ၏ မျက်လုံးများကတော့ ကြည်လင်တောက်ပနေ၏။

လေအေးများက တိုက်ခတ်လိုက်သောအခါ မိန်းကလေးသည် ဇက်ကိုပု၍ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး တဆတ်ဆတ် တုန်ယင်နေ၏။

ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် သူ့ညီမလေး ရှောင်းနင်ကို မျက်လုံးထဲ ပြန်မြင်လာ၏။

ရှောင်းနင်ထွက်သွားတုန်းကလည်း သူမက ထိုမိန်းကလေးအရွယ်လောက်ပင်။

ဆူဇီမိုသည် သက်ပြင်းချလိုက်ပြီး.. အနီးနားရှိ ဘန်းမုန့်အနည်းငယ်ကို ဝယ်ယူလိုက်၏။ သူသည် ဆီစိမ်စက္ကူနှင့် ထုပ်ထားသော မုန့်များကို မိန်းကလေးဆီသို့ ကမ်းပေးရင်း ညင်သာစွာ ပြောလိုက်၏။

“မိန်းကလေး ရော့ နဲနဲလောက်စားလိုက်”

မိန်းကလေး၏ မျက်လုံးထဲတွင် စိုးရွံ့မှုများက ပေါ်လာပြီး.. တုံ့ဆိုင်းနေကာ.. ဆီစိမ်စက္ကူထုပ်ကို မယူခဲ့ပေ။

ဆူဇီမိုကလည်း ထပ်ပြီးပြောမနေတော့ဘဲ.. စက္ကူထုပ်ကို မိန်းကလေး၏ ဘေးသို့ ချပေးထားလိုက်၏။ ထို့နောက် သူသည် သိုလှောင်အိတ်ထဲကနေ အစိမ်းရောင်ဝတ်ရုံတစ်စုံကို ထုတ်ယူ၍ မိန်းကလေးအပေါ် လွှမ်းခြုံပေးပြီးမှ ထထွက်လာခဲ့လိုက်၏။

ထိုအပြုအမူကြောင့် မိန်းကလေးသည် ဆူဇီမိုအ‌ပေါ် စိုးရိမ်စိတ် အနည်းငယ်လျော့ကျသွား၏။

သူမ၏ ညစ်ပေနေသော လက်များကို ထုတ်၍ ဘန်းမုန့်တစ်ခုကို ကြိုးစားထုတ်ယူလိုက်၏။

ဆူဇီမိုက ထွက်သွားတော့မလို့ လုပ်နေစဉ်မှာပင်.. ညဝိညာဉ်က ရုတ်တရတ် လှုပ်ရှားလိုက်၏။ သူ၏ ခေါင်းမည်းမည်းလေးကို ဆူဇီမို၏ ဝတ်ရုံစကြားကနေ ထုတ်ပြူ၍ မိန်းကလေးကို ကြည့်လိုက်၏။

ဆူဇီမိုက ဘာမျှ မပြောနိုင်သေးခင်မှာပင်.. ညဝိညာဉ်က ခုန်ချလိုက်ပြီး.. မိန်းကလေးအနားသို့ ပြေးသွားကာ သူမ၏ ခန္ဓာကိုယ်ကို နမ်းရှုံ့နေလိုက်၏။

“အ!”

မိန်းကလေးက ထိတ်လန့်သွားပြီး ကောက်ယူကာစ ဘန်းမုန့််ကို လွှတ်ချလိုက်၏။

ဆူဇီမိုက မျက်မှောင်ကြုတ်၍ ညဝိညာဉ်ကို ကပျာကယာ ပြန်ဆွဲယူလိုက်ပြီး သူ့ဝတ်ရုံကြားထဲသို့ ပြန်ထိုးထည့်လိုက်၏။

ခါတိုင်းနှင့်မတူ.. ညဝိညာဉ်က အထဲမှာပုန်းလျှိုးမနေဘဲ.. ‌ခေါင်းပြူ၍ မိန်းကလေးကို တောက်လျှောက်ကြည့်နေ၏။

ဆူဇီမိုသည် တောင်းပန်သလို တိုးတိုးပြောလိုက်၏။

“မကြောက်ပါနဲ့ မိန်းကလေး.. သူမင်းကို ဘာမှမလုပ်ပါဘူး”

မိန်းကလေးက ဘာစကားမျှ ပြန်မပြောဘဲ ဆူဇီမိုကို မျက်လုံးအပြူးသားနှင့်သာ ကြည့်နေ၏။

ခါးသက်သက်ရယ်မောလိုက်ပြီး.. ဆူဇီမိုက ခေါင်းခါ၍ လှည့်ထွက်လာခဲ့၏။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သိရှိကြခြင်းမရှိဘဲ အမှတ်မထင် ဆုံတွေ့ရခြင်းသာ ဖြစ်၏။ ဆူဇီမိုသည် သူ့ညီမ‌လေးကို သတိရသွားသည့်အတွက်.. သူမကို စားစရာနှင့် အဝတ်အချို့ပေးခဲ့တာကပင် သူ၏ သနားကြင်နာမှုကို လုံလောက်စွာ ပြသခဲ့ပြီး ဖြစ်လေသည်။

သူသည် သူ့အိမ်ရှိရာသို့ ဆက်လက်လျှောက်လာခဲ့၏။

သူလမ်းလျှောက်လာပြီး မကြာမီ.. ဆူဇီမိုသည် မျက်လုံးထောင့်ကပ်၍ ဘေးဘက်သို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်၏။

သူပေးထားသော အစိမ်းရောင်ဝတ်ရုံကို ခြုံထားပြီး ဘန်မုန့်များကို အငမ်းမရမျိုချနေသော မိန်းကလေးကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်ရ၏။ သူမသည် တိကျသော အကွာအဝေးတစ်ခုကနေ သူ့နောက်သို့ လိုက်လာနေ၏။

ဆူဇီမိုက ပြုံးလိုက်ပြီး သိပ်အရေးလုပ်မနေပေ။

သိပ်မကြာမီ သူသည် ယုံရှင်းမြို့၏ ဝင်ပေါက်ဂိတ်တံခါးနားသို့ ရောက်လာခဲ့၏။

ယုံရှင်းမြို့အဝင်ဂိတ်တံခါး၏ ဘေးတစ်ဖက်ခြမ်းတွင် များပြားလှသည့် လူတစ်အုပ်သည် စုဝေးနေကြ၏။ လူအရေအတွက်က များလှသော်လည်း သူတို့သည် အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး.. လူအုပ်ကြီးအလယ်မှ အသံတစ်သံတည်းသာလျှင် ထွက်‌‌ပေါ်လာနေ၏။

“ပြောကြာတာတော့ ကြီးမားတဲ့ တိုက်ပွဲကြီးက နှစ်ရက်နဲ့နှစ်ညတိုင်တိုင်.. ဆက်ဖြစ်နေခဲ့တာတဲ့.. နောက်ဆုံးမှာတော့ နတ်နဂါးကြီး အဲ့လူသားရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ.. တိုက်ပွဲက ပြင်းထန်လွန်းလို့ ကောင်းကင်မဲမှောင်၊ ကမ္ဘာမြေက တုန်ခါနေတာပေါ့.. အလောင်းတွေဆိုတာလဲ မြေပေါ်မှာပြန့်ကျဲလို့.. ချောင်းပေါက်အောင် စီးနေတဲ့ သွေးတွေဆိုတာကလည်း တစ်ကယ့်ကို ကြောက်စရာပါကွာ”

လူအုပ်ကြီး၏ အလယ်တွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ပညာရှိဆန်ဆန်အဖိုးအိုတစ်ယောက်က ဒဏ္ဍာရီပုံပြင်တစ်ခုကို ပြောပြနေ၏။

ထိုသူမှာ နယ်စဉ်လှည့်လည်၍ သဘာဝလွန်ပုံပြင်ဒဏ္ဍာရီများအား လိုက်လံပြောကြားတတ်သော ပုံပြောဆရာဖြစ်လေသည်။ ထိုပုံပြင်များကို ဆူဇီမိုလည်း ကြားဖူးခဲ့၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. အဖိုးအိုပြောနေသော ထိုစကားလုံးများကို ကြားရသည့်အခါ.. ကမ္ဘာဦးအပျက်အဆီးနယ်မြေနားမှ ကြောက်စရာကောင်းသည့် အရိုးပင်လယ်၏ ပုံရိပ်များက ဆူဇီမို၏ မျက်လုံးထဲတွင် စီကာရီကာပြန်ပေါ်လာ၏။

ဆူဇီမိုက သူ့ခေါင်းကို လှုပ်ခါလိုက်ပြီး ထိုအကြောင်းကို ခေါင်းထဲက ချက်ချင်းထုတ်ပစ်လိုက်၏။

“နဂါးတစ်ကောင်ပေါ်လာတာဖြင့် မကြာသေးဘူး.. ပုံပြောဆရာတွေက ပြောစရာဇာတ်လမ်းရသွားပြီပဲ”

ထိုအချိန်မှာပင် တစ်ယောက်က အသံမြှင့်၍ ပြောလိုက်၏။

“ပုံပြောဆရာ.. ခင်ဗျားအဲ့အကြောင်းကို နေ့လည်ခင်းကထဲက ပြောပြပြီးသွားပြီလေ”

“ငါပြောပြီသွားတာ ဟုတ်တယ်.. ဒါပေမယ့် တချို့လူတွေ အဲ့ဒါကို မကြားရသေးလို့လေ” အဖိုးအိုက ရယ်မောပြောဆိုလိုက်၏။

ဆူဇီမိုက ရပ်တန့်လိုက်ပြီး လူအုပ်အလယ်ရှိ အဖိုးအိုကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

ထိုအဖိုးအိုက ဒီအတိုင်းပဲ ပြောလိုက်တာလား.. ဒါမှမဟုတ် သူက တစ်ခုခုကို သွယ်ဝိုက်ပြောချင်နေတာများလား။

All Chapters