← Chapters

အလွန်တရာကို သန်မာလှပါသည်

Vol. 17 Ch. 254

အလွန်တရာကို သန်မာလှပါသည်

Vol. 17 Ch. 254

အခန်း ၂၅၄ - အလွန်တရာကို သန်မာလှပါသည်

အဖိုးအိုက သူ့ခေါက်ယပ်တောင်ကိုပိတ်၍ သစ်သားတုံးကို သူ့အင်္ကျီလက်စထဲသို့ ထိုးထည့်လိုက်ပြီဖြစ်သောကြောင့် လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲလိုက်ကြ၏။

လူများက ကူးလူးယှက်ဖြာနေကြချိန် ဆူဇီမို မျက်ခြေတစ်ချက်ပြတ်သွားပြီး လှည့်ကြည့်လိုက်သောအခါ အဖိုးအိုက မရှိတော့ပေ။

သူသည် မျက်မှောင်ကြုတ်၍ ခဏကြာ စဉ်းစားတွေးတောနေခဲ့ပြီးနောက် နောက်ဆုံး သူ့အိမ်ရှိရာသို့သာ ပြန်လာခဲ့လိုက်၏။

ယုံရှင်းမြို့မှ ဆူဇီမိုထွက်သွားပြီးနောက်.. လူသူကင်းမဲ့သော ထောင့်တစ်နေရာ၌ ပုံပြောအဖိုးအိုက ဒယီးဒယိုင်နှင့် ထွက်ပေါ်လာ၏။

လင်းရွှမ်းကျီက ထိုနေရာ၌ ပျင်းရိငြီးငွေ့စွာ ရပ်နေ၏။

အဖိုးအို ချဉ်းကပ်လာသည်ကို မြင်သောအခါ.. လင်းရွှမ်ကျီက ကပျာကယာနှင့် ရှေ့တက်သွားလိုက်ပြီး မျှော်လင့်စောင့်စားစွာနှင့် တိုးတိုးကပ်မေးလိုက်၏။

“အဖိုးကြီး ဘယ်လိုလဲ.. ခင်ဗျား ဘာတွေရှာတွေခဲ့လဲ”

“ဟမ့်အမ်း.. အဲ့ကောင်လေးရဲ့ ကံကြမ္မာကို တစ်ယောက်ယောက်က ပြောင်းလဲပေးသွားတယ်.. သူ့ရဲ့ ကံကြမ္မာကြိုးမျှင်တွေကလည်း အရမ်းရှုပ်ထွေးနေတယ်” အဖိုးအိုက ခေါင်းခါပြလိုက်၏။

လင်းရွှမ်းကျီက ထပ်မေးလိုက်၏။

“ဟိုခွေးမည်းလေးကရော.. သူက ဘယ်မျိုးနွယ်ကလဲ ခင်ဗျားပြောနိုင်လား”

“အဲ့ဒါက ခွေးမဟုတ်လောက်ဘူး” အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။

“ချေးပဲ.. လခွမ်း.. အဲ့ကောင်က ခွေးမဟုတ်တာတော့ ကျုပ်လဲသိတာပေါ့ဗျ”

လင်းရွှမ်းကျီက မျက်လုံးလှန်ကြည့်လိုက်၏။

“အဖိုးကြီး.. ခင်ဗျား ဒီလောက် အတွေ့အကြုံတွေများတာတောင်.. အဲ့ကောင်ရဲ့ဇာတ်မြစ်ကို မပြောနိုင်ဘူးလား”

အဖိုးအိုက မျက်စိကိုမှေးကျဉ်း၍ လေးလေးနက်နက်စဉ်းစားလိုက်ပြီးနောက် ခေါင်းသာခါပြလိုက်၏။

“အဲ့ဒါ ဘာကောင်လဲ ငါဘယ်လိုမှကို စဉ်းစားပုံဖော်လို့မရဘူး.. ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲ့ခွေးမည်းလေးက သာမန်တော့ မဟုတ်ဘူး.. သူ့ဆီကနေ တစ်မူထူးခြားပြီးတော့ သန့်စင်တဲ့အော်ရာက ဖြာထွက်နေတာ ငါအာရုံခံကြည့်လို့ရတယ်”

“ဘယ်လို‌အော်ရာမျိုးလဲ”

“သတ်ဖြတ်သူအော်ရာ”

အဖိုးအိုက ပြောလိုက်၏။

“ဒီတစ်ခေါက်မှာ မင်းက နတ်နဂါးတစ်ကောင်မွေးမြူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပေမယ့်.. မင်းသာ အဲ့ခွေးမည်းလေးကို အရယူနိုင်မယ်ဆိုရင်.. မင်းအနာဂတ်ပြီး သိပ်ပြီး အောက်ကျနောက်ကျနေမှာ မဟုတ်တော့ဘူး”

လင်းရွှမ်းကျီက သူ့မေးစေ့ကို ပွတ်သပ်လိုက်၏။ သူ့မျက်လုံးက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်နေရင်း.. ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။

အဖိုးအိုက တစ်ခုခုကို တွေးမိသွားပုံရ၏။ သူသည် မျက်မှောင်ကြုတ်၊ အတွေးနက်၍ တီးတိုးရေရွတ်လိုက်၏။

“အဲ့မိန်းကလေးက. . .”

. . .

လမ်းတစ်လျှောက်တွင် မိန်းကလေးက သူ့နောက်လိုက်လာတာကို ဆူဇီမိုသတိထားမိ၏။

အတန်ကြာပြီးနောက်.. သူငှားရမ်းထားသော အိမ်ရှေ့သို့ ရောက်သောအခါ ဆူဇီမိုသည် ရုတ်တရတ် ရပ်တန့်၍ အ‌နောက်သို့ လှည့်ကြည့်လိုက်၏။

မိန်းက‌လေးသည် အငိုက်မိသွားပြီး.. သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများက ပေါ်လာ၏။

ဆူဇီမိုက မိန်းကလေးဆီသို့ လှမ်းလျှောက်သွားလိုက်၏။

သူမသည် ထိတ်ထိတ်ပျာပျာ ဖြစ်လာပြီး နောက်ဆုတ်ဖို့ စဉ်းစားလိုက်မိသော်လည်း.. မဆုတ်ဘဲ ပေရပ်နေလိုက်၏။

“မင်းဘာလို့ ငါ့နောက်က လိုက်လာတာလဲ” ဆူဇီမိုက အနားတိုး၍ ညင်သာစွာ မေးလိုက်၏။

“ကျမကို လူတစ်ယောက်က စားစရာနဲ့ ဝတ်စရာပေးတယ်ဆိုတာ ဒါပထမဆုံးအကြိမ်ပါပဲ” မိန်းက‌လေးက သူမ၏ ကြီးမားဝိုင်းစက်သော မျက်လုံးများကို ပုတ်ခတ်လိုက်ပြီး စိုးရွံ့စွာနှင့် ပြောလိုက်၏။

ဆူဇီမို၏ နုလုံးသားက ပျော့ပျောင်းသွား၏။

“မင်းမှာ သွားစရာနေရာ မရှိဘူးလား”

မိန်းကလေးက ‌ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ.. ဒီနေ့ကစပြီး မင်း.. ဒီမှာ နေလို့ရတယ်”

သူ့နောက်ဘက်ရှိ အိမ်တော်ကို ညွှန်ပြပြီး ဆူဇီမိုသည် ပြုံး၍ ပြောလိုက်၏။

“ဒါပေမယ့်လို့.. ငါက ဒီနေရာကို တစ်နှစ်စာပဲ ငှားထားတာ.. အဲ့တော့ မင်းကိုလဲ ဒီမှာ တစ်နှစ်နေဖို့ အတွက်ပဲ အာမခံနိုင်မယ်”

“ကျေးဇူးတင်ပါတယ်” မိန်းကလေး၏ မျက်နှာပေါ်တွင် နောက်ဆုံး အပြုံးတစ်ခုက ပေါ်လာ၏။

ဆူဇီမိုသည် မိန်းကလေးကို အထဲသို့ ဦးဆောင်ခေါ်သွားရင်း ဒီအတိုင်းပဲ မေးလိုက်၏။

“ငါက ဆူဇီမို.. မင်းနာမည်ကရော”

“နန်းကြည်” ဆူဇီမိုကို သိပ်ပြီး ရှိန်မနေတော့သည့်အတွက် မိန်းကလေး၏ အသံက ပို၍ အသက်ဝင်လာ၏။

အိမ်က တောင်ဘက်ပိုင်းမှာရှိပြီး အိမ်၏ အနောက်ဘက်တွင် ကျိရွှေမြစ်ရှိ၏။ အိမ်က အတော်လေး ကြီးမားပြီး အခန်းများစွာ ပါရှိကာ နန်းကြည်က ကြုံရာကြိုက်ရာ အခန်းတစ်ခန်းမှာ ဝင်နေနိုင်၏။

ဆူဇီမိုက နန်းကြည်အတွက် အဝတ်အစားတချို့ ဝယ်ဖို့ထွက်သွားပြီး သိပ်မကြာမီ စားစရာတချို့ပါ ယူလာကာ သူမ၏ အခန်းရှေ့မှာ သွားထားလိုက်၏။

ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် သူသည် ခြံဝန်းထဲသို့ ထွက်လာကာ သူ့သိုလှောင်အိတ်ထဲကနေ သစ်သားတုံးတစ်တုံးကို ဆွဲထုတ်လိုက်၏။

နတ်ပန်းပဲရုံတစ်ခု သူဖွင့်လှစ်ချင်သည်ဆိုမှတော့.. အဲ့ဒါအတွက် သူနာမည်ပေးရပေမည်။

ခြံဝန်းထဲတွင် ကင်းလှည့်နေသော ညဝိညာဉ်ကိုကြည့်ပြီး.. ဆူဇီမိုက ပြုံးလိုက်ကာ သူ့ဘာသာသူ တီးတိုးပြောလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံဆိုရင်ရော”

သူ့လက်ညိုးကို ဓါးတစ်လက်လို အသုံးပြုလိုက်ပြီး.. သစ်သားတုံးပေါ်တွင် စာလုံးများ ရေးထွင်းလိုက်၏။

ထိုအချိန်မှာပင် ကျီကနဲ မြည်သံနှင့်အတူ သူ့အနောက်ရှိ အခန်းတံခါးက ပွင့်သွား၏။

ဆူဇီမိုလှည့်ကြည့်လိုက်သောအခါ.. ဝင်ပေါက်ဝ၌ အသားဖြူဖြူနှင့် မိန်းမပျိုလေးတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ သေးသွယ်ကျော့ရှင်း၍ မျက်လုံးများက ရေလိုကြည်လင်နေကာ သူမ၏ သွင်ပြင်လေးက အလွန်သိမ်မွေ့လှပနေ၏။

ဆူဇီမိုသည် ခဏမျှ မှင်တက်သွား၏။

သူမ၏ မျက်နှာပေါ်မှ ကြေးညှော်များကို ဆေးကြောသန့်စင်ပြီးနောက် နန်းကြည်က အခြားလူတစ်ယောက်လို ပြောင်းလဲသွား၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သူမ၏ ဆံပင်များကတော့ အဝါရောင်အတိုင်း ရှိနေဆဲဖြစ်ပြီး မြက်ခြောက်လေးများကဲ့သို့ ကောက်ကွေးနေ၏။

ဆူဇီမိုသည် ထိုသည်နှင့် ပတ်သတ်၍ သိပ်ပြီးစဉ်းစားမနေတော့ပေ။ နန်းကြည်သည် အပြင်ဘက်တွင် ရာသီဥတုဒဏ်ကို အံတု၍ ထိခိုက်ခံစားခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်က အားနည်းနေသောကြောင့်သာ ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့မိ၏။

သူမသည် တစ်နှစ်လောက် ပြန်လည်အနားယူအားဖြည့်လိုက်လျှင် ပုံမှန်အတိုင်းပြန်ဖြစ်လာလိမ့်မည်ဟု သူတွေးလိုက်၏။

“သခင်လေး.. ဘာတွေလုပ်နေတာလဲ”

နန်းကြည်က လမ်းလျှောက်လာပြီး ဆူဇီမို၏ လက်ထဲက သစ်သားတုံးကို ကြည့်ကာ ခပ်တိုးတိုး မေးလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံ.. .. သခင်လေး. ရှင်က ပန်းပဲရုံတစ်ခုဖွင့်ဖို့ လုပ်နေတာလား”

“အမ်း ဟုတ်တယ်”

နန်းကြည်က သူမ၏ နှုတ်ခမ်းကို လှုပ်၍ တစ်ခုခု ပြောချင်နေပုံရ၏။

“ပြောချင်တာရှိရင်ပြောပါ” ဆူဇီမိုက ရယ်မောပြောလိုက်၏။

“လက်နက်တွေ ဘယ်လိုသွန်းလုပ်ရလဲဆိုတာ ကျမမသိပါဘူး.. ဒါပေမယ့် ကျမ ဒီမြို့ထဲမှာ လျှောက်သွားလာနေတာ တော်တော်ကြာပြီလေ.. သခင်လေးအခုနေတဲ့နေရာက လူနေဖို့အတွက်တော့ ကောင်းပါတယ်.. ဒါပေမယ့် ပန်းပဲရုံတစ်ခုဖွင့်ဖို့အတွက်တော့ အဆင်မပြေဘူးထင်တယ်.. ဒီနေရာကို ဘယ်သူမှ လာကြလိမ့်မယ် မထင်ဘူး”

မြို့တော်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသားသူများက စိတ်ဝိညာဉ်လက်နက်တစ်ခု စိတ်တိုင်းကျမှာယူဖို့ဆိုလျှင် ယုံရှင်းမြို့သို့သာ တန်းသွားပေလိမ့်မည်။ ဘာပဲပြောပြော.. မြို့တော်ရှိ ပန်းပဲရုံများအားလုံးက ထိုမြို့တွင်သာ အကုန်လုံးစုစည်း ဖွင့်ထားကြလေသည်။

(ယုံရှင်းမြို့ဆိုသည်မှာ မဟာကျိုးမြို့တော်အတွင်းရှိ မြို့နယ်များစွာထဲမှ တစ်မြို့ဖြစ်လေသည်။ ဥပမာ ရန်ကုန်မြို့ထဲရှိ - ဒဂုံ၊ ရန်ကင်း၊ သာကေတ စသည်ဖြင့်..။)

မြို့တော်နှင့် မရင်းနှီးသည့်သူများကလည်း မေးမြန်းစုံစမ်းပြီးနောက် ယုံရှင်းမြို့သို့သာ ဦးတည်သွားရောက်ကြလိမ့်မည် ဖြစ်လေသည်။

နန်းကြည်၏ အမြင်အရ.. ဆူဇီမိုသည် ဒီနေရာမှာ ပန်းပဲရုံတစ်ခုဖွင့်မည်ဆိုလျှင် မည်သည့်ဖောက်သည်ကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက စိုးရိမ်ပူပန်မှုမရှိ ပြောလိုက်၏။

“မပူပါနဲ့ ငါ့ရဲ့ ပန်းပဲရုံက တခြားကျန်တဲ့ရုံတွေနဲ့ မတူဘူး.. ထူးခြားတယ်”

နန်းကြည်က သေချာနားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက အနီးနားရှိ ကုလားထိုင်တစ်လုံးကို ညွှန်ပြလိုက်၏။

“အဲ့မှာထိုင်ပြီး ဒီကျောက်တုံးကို ကိုင်ထား.. တစ်ချက်လောက်ကြည့်ကြည့်ရအောင်”

စားပွဲပေါ်တွင် ကလေးလက်သီးဆုပ်အရွယ်လောက် ကျောက်တုံးတစ်တုံး တင်ထား၏။ ထိုအရာက စောစောကမှ ဆူဇီမိုဝယ်လာခဲ့သော စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးဖြစ်လေသည်။

နန်းကြည်က လက်ထုတ်၍ စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးကို ဆုပ်ကိုင်လိုက်၏။

ခဏကြာသွားပြီး.. စိတ်ဝိညာဉ်ကျောက်တုံးက မပြောင်းမလဲ ဒီအတိုင်းရှိနေ၏။

ဆူဇီမိုက သက်ပြင်းချလိုက်၏။

နန်းကြည်မှာ စိတ်ဝိညာဉ်ရင်းမြစ်ရှိပြီး ကျင့်ကြံရေးလောကသို့ ဝင်ရောက်နိုင်မလားဟု အစက ဆူဇီမို မျှော်လင့်လိုက်မိ၏။

သို့သော်လည်း ဖြစ်နိုင်ချေက နည်းပါးသည်ဆိုတာကိုတော့ သူသိထား၏။

ယခု စိတ်ဝိညာဉ်စမ်းသပ်ကျောက်တုံးက မည်သည့်ပြောင်းလဲမှုကိုမျှ မပြသသောကြောင့်.. နန်းကြည်က သူ့လိုပင် စိတ်ဝိညာဉ်ရင်းမြစ်မရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်လေသည်။

တစ်ခုခုကို နားလည်သဘောပေါက်သွားသလိုနှင့်.. နန်းကြည်က အလောတကြီး ပြောလိုက်၏။

“သခင်‌လေး.. ကျမမှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိပေမယ့်လို့.. ကျမက အရမ်းကို သန်မာပါတယ်.. ကျမ သခင်လေးကို အများကြီး ကူညီပေးလို့ရပါတယ်.. ကျေးဇူးပြုပြီး ကျမကို ‌မောင်းတော့ မထုတ်ပါနဲ့နော်”

“ဒါဆိုလဲ ဟုတ်ပြီလေ”

နန်းကြည် အတွေးလွန်နေမည် စိုးသောကြောင့် ဆူဇီမိုသည် ခေါင်းခါ၍ စကားလမ်းကြောင်း ပြောင်းလိုက်၏။

“မင်းက အရမ်းကို သန်မာတယ်ဆိုတော့.. ဘယ်လောက်တောင် သန်မာတာလဲ”

“အရမ်း.. အရမ်းအရမ်းကို.. သန်မာတာပါ”

နန်းကြည်က မျက်စိကို တဖျတ်ဖျတ်မှိတ်၍ ပြောလိုက်၏။

“ကျမ အဲ့ဒါကို အခြားသူတွေရှေ့မှာတော့ မပြရဲ့ခဲ့ဘူး.. သူတို့က မွန်းစတားတွေကို လုပ်သလိုမျိုး ကျမကို ဖမ်းချုပ်လိုက်မှာစိုးလို့လေ”

ဆူဇီမို ရယ်ချလိုက်မိ၏။

နန်းကြည်ကို သူမကို မောင်းထုတ်မည်စိုးသောကြောင့် ကြွားဝါနေသည်ဟု သူထင်လိုက်မိ၏။

ဒီလိုမျိုး သေးသေးသွယ်သွယ်နဲ့ မိန်းကလေးက ဘယ်လောက်တောင် သန်မာနိုင်မှာ မလို့လဲ။

ဆူဇီမိုသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး နန်းကြည်ကို စနောက်ချင်မိသွား၏။ သူသည် သိုလှောင်အိတ်ထဲကနေ ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်ကာ ညင်သာစွာ ပြောလိုက်၏။

“အဲ့ဒါက ပိုးချပ်ဝတ်တစ်ခုပဲ.. မင်း အဲ့ဒါကို မ,နိုင်ပါ့မလား”

“ရတာပေ့ါ”

နန်းကြည်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ ထောင့်စွန်းတစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ကာ မ,ဆွဲယူလိုက်၏။

တစ်လက်မတောင် ရွေ့မလာပေ။

“အမ်”

နန်းကြည် မှင်တက်သွား၏။

ဆူဇီမိုသည် စိတ်ထဲကနေ ကြိတ်ရယ်နေပြီး.. အပြင်ပန်းမှာတော့ အမူအယာမဲ့စွာ တည်ငြိမ်ပြနေလိုက်၏။

နန်းကြည့်က မျက်မှောင်ကြုတ်၍ မတ်တပ်ထရပ်လိုက်ပြီး.. ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို မယုံကြည်နိုင်စွာ ကြည့်ကာ သူမ၏ လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်၏။

နန်းကြည်က လက်မလျှော့ဘဲ ဆက်လက်ကြိုးစားဦးမည်ကို တွေ့ရသောအခါ ဆူဇီမိုသည် သူစနောက်တာ အရမ်းလွန်သွားမည်ဆိုးသောကြောင့် လက်ကာပြလိုက်၏။

“ကဲကဲ ထားလိုက်တော့.. တစ်ကယ်တော့ အဲ့ဆန်းကြယ်ရွှေပိုးချပ်ဝတ်က ငါး...”

ဆူဇီမို၏ စကားသံက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားပြီး သူသည် ထိုင်ခုံမှ ဝုန်းကနဲထရပ်ကာ မယုံကြည်နိုင်စွာ မျက်လုံးအပြူးသားနှင့် ငေးကြည့်နေမိ၏။

နန်းကြည်၏ လက်နှစ်ဖက်က တဆတ်ဆတ်တုန်ယင်နေပြီး သူမ၏ ပါးပြင်က အနည်းငယ်နီမြန်းနေ၏။ သူမသည် ခွန်အားကုန် ဖျစ်ညှစ်ထုတ်နေရသည်မှာ ထင်ရှားလေသည်။ သို့သော်လည်း ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကတော့ စားပွဲပေါ်ကနေ အမှန်တစ်ကယ်ပင် ကြွတက်လာနေလေ၏။

All Chapters