← Chapters

ပုံမှန်ဟုတ်မနေဘူး

Vol. 17 Ch. 255

ပုံမှန်ဟုတ်မနေဘူး

Vol. 17 Ch. 255

အခန်း ၂၅၅ - ပုံမှန်ဟုတ်မနေဘူး

ဆူဇီမိုက ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့ပါးပါးပုံစံ ထုတ်ယူပြလိုက်သော်လည်း၊ တစ်ကယ်တော့ ထိုကိုယ်ကျပ်အင်္ကျီက ၅တန်အပြည့် အလေးချိန်ရှိလေသည်။

အဲ့အချိန်တုန်းကဆိုလျှင် ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းအပိုင်း၌ စဦးကျွင်းကျင်မှုကို ရရှိခဲ့ပြီးမှသာလျှင် ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို မယူနိုင်ခဲ့၏။

သို့သော် အခုအခါမှာတော့ ၁၅နှစ်အရွယ် ကောင်မလေးတစ်ယောက်က ထိုအရာကို လုပ်နိုင်စွမ်း ရှိသည်တဲ့လား။

နန်းကြည်အပေါ် ဆူဇီမို၏ အမြင်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။

ဒါက သာမန်ခွန်အားသက်သက် မဟုတ်တော့ပေ။

နန်းကြယ် ထုတ်ဖော်ပြသခဲ့သော ခွန်အားအရဆိုလျှင်၊ သူမသည် တိုက်ခိုက်ရေးနည်းစနစ်အချို့ကို သင်ယူလေ့ကျင့်လိုက်ပါက အစောပိုင်းအခြေတည်အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်ပစ်နိုင်လောက်၏။

ဆူဇီမို အရင်ဆုံး တွေးမိသည်မှာ နန်းကြည်က အားကောင်းသော ခန္ဓာမီးဆေးနည်းစနစ်တစ်မျိုးကို လေ့ကျင့်ထားသည်ဟူ၍ပင်။

သို့သော်လည်း ချက်ချင်းပင် ထိုအတွေးကို ပယ်ချပစ်လိုက်၏။

လူသားမျိုးနွယ်များ၏ ခန္ဓာမီးဆေးခြင်း နည်းစနစ်များအားလုံးသည် စိတ်ဝိညာဉ်ရင်းမြစ်နှင့် စိတ်ဝိညာဉ်ချီအပေါ်တွင်သာ အခြေခံ၍ ကျင့်ကြံလေ့ကျင့်ရ၏။

နန်းကြည်၏ ခန္ဓာကိုယ်တွင်ကား စိတ်ဝိညာဉ်ချီ တစွန်းတစကိုပင် ဆူဇီမို မမြင်ရပေ။

"ထူးဆန်းတယ်.. ဒီလိုမျိုး နတ်ဘုရားခွန်အားနဲ့ မွေးလာတဲ့သူတွေလဲ ရှိတတ်တာပဲလား"

ဆူဇီမိုသည် ဒွိဟဖြစ်နေ၏။

အနည်းငယ် တွေးတောပြီးနောက် ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ စာအုပ်ပါးလေးတစ်အုပ် ဆွဲထုတ်လိုက်ပြီး နန်းကြည်ကို ကမ်းပေးလိုက်၏။

"ရော့ ဒါက ချီစုဖွဲ့ခြင်းကျမ်းပဲ၊ ကြိုးစားပြီးတော့ လေ့ကျင့်ကြည့်၊ မင်းစိတ်ထဲ မရှင်းတာရှိရင် ငါ့ကိုလာရှာလှည့် ဟုတ်ပြီလား"

နန်းကြည်တွင် စိတ်ဝိညာဉ်ရင်းမြစ် မရှိ‌သော်လည်း ဆူဇိမိုသည် သူမကို စမ်း‌သပ်ခွင့် ပေးကြည့်ချင်သေး၏။

နန်းကြည်က ခေါင်းညိတ်လိုက်၏။

ထို့နောက် ဆူဇီမိုသည် ထရပ်လိုက်ပြီး 'မိုစိတ်ဝိညာဉ် ပန်းပဲရုံ'ဟု ရေးထွင်းထား‌သော ဆိုင်းဘုတ်ပြားတစ်ခုကို ခြံ၀င်ပေါက်အထက် မီးဆိုင်းအပေါ်တွင် ချိတ်ဆွဲလိုက်၏။

"သခင်လေး.. တစ်ခုခုလိုအပ်တာရှိရင် ကျမကို ခိုင်းလို့ရပါတယ်"

နန်းကြည်က အလွန်ပါးရည်နပ်ရည်ရှိပြီး၊ သူမသည် ဒီအတိုင်း အလကားသက်သက် မနေလိုပေ။ သူမသည်လည်း တာ၀န်များကို ခွဲဝေယူချင်၏။

နန်းကြည်၏ စိတ်လိုလက်ရရှိမှုကို သတိထားမိလိုက်သည့်အတွက် ဆူဇီမိုက ခဏမျှ ချင့်ချိန်စဉ်းစားလိုက်၏။

"ရောက်လာသမျှ အလုပ်အပ်မယ့်သူတွေကို ကြိုဆိုနှုတ်ဆက်ပေး၊ ပြီးရင် သူတို့ဘာကိုလိုချင်တာလဲမေးပြီး ငါ့ကိုအကြောင်းကြားပေး ဟုတ်ပြီလား"

"ဈေးနှုန်းကရော သခင်လေး" နန်းကြည်က မေးလိုက်၏။

အခုလောလောဆယ်တော့ ငါတို့ လက်နက်အမှာတွေကို လက်ပဲလက်ခံထားဦးမယ်.. အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀၊ လိုအပ်တဲ့ပစ္စည်းကတော့ တစ်စုံစာဆိုရပြီ"

"အာ"

နန်းကြည်က မျက်လုံးပြူးသွား၏။

သူမသည် ဒီမြို့တော်မှာ နေလာခဲ့တာ အတော်ကြာပြီ ဖြစ်သည့်အတွက် ယုံရှင်းမြို့အကြောင်း နောကြေ‌နေအောင်သိ၏။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များအတွက် ဆူဇီမိုတောင်းထားသော ဈေးနှုန်းက အနိမ့်ဆုံးဈေးနှုန်းဖြစ်၏။

ဒါကသိပ်တော့ အကြောင်းမဟုတ်သေး၊ သွန်းလုပ်ရမည့်ပစ္စည်းက တစ်စုံစာပဲ လိုသည်ဆိုတာကတော့. . .

ပုံမှန်အားဖြင့်ဆိုလျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များအတွက် သွန်းလုပ်ရမည့်ပစ္စည်းကို ပန်းပဲရုံများက သုံးစုံစာ တောင်းကြ၏။ အချို့ပန်းပဲရုံများဆိုလျှင် လေးစုံစာတောင် တောင်းကြ၏။

သို့သော်လည်း ဆူဇီမိုအတွက်ကတော့ ပစ္စည်းတစ်စုံစာဆိုလျှင် လုံလောက်လေသည်။

လက်နက်သွန်းလုပ်ခြင်းတွင် အခက်ခဲဆုံးအပိုင်းဆိုသည့် စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့်က သူ့အတွက် ဘာမှမဟုတ်သောကြောင့်ပင်။

သူ၏ အာရုံခံသတိစိတ်ကြောင့် ဆူဇီမို၏ စိတ်ဝိညာဉ်စုဆောင်းခြင်း အောင်မြင်နိုင်ခြေက ၁၀၀%ရှိလေသည်။

အခုအချိန်မှာ ဆူဇီမိုအတွက် အဟန့်အတားဖြစ်နေတာက မီးဆေးခြင်းအဆင့်ပင် ဖြစ်လေသည်။

မီးဆေးခြင်းနည်းစနစ်က အဆင်မြင့်မှသာလျှင် အညစ်အကြေးများကို ပို၍ ဖယ်ထုတ်နိုင်မည်ဖြစ်ပြီး စိတ်ဝိညာဉ်လက်နက်က ပို၍ မာကြောကြံ့ခိုင်လာကာ စိတ်ဝိညာဉ်အင်းကွက်များ ဖြစ်ပေါ်လာမည့်ဒဏ်ကို ခံနိုင်ရည်ရှိလာလိမ့်မည် ဖြစ်လေသည်။ ၎င်းက ဆူဇီမို လေ့ကျင့်ဖို့အတွက် လိုအပ်နေသောအရာလည်း ဖြစ်လေသည်။

“သခင်လေး.. ပန်းပဲပညာအကြောင်း ကျမ မသိပါဘူး.. ဒါပေမယ့်လဲ ကျမကြားဖူးသလောက် ပြောရရင်တော့.. အဲ့ဒါက တစ်ခါထဲနဲ့ တန်းပြီး အောင်မြင်နိုင်ချေ ၁၀၀%မရှိဘူးမလား.. သခင်လေးက ပစ္စည်းတစ်စုံစာပဲတောင်းထားပြီး တစ်ခါထဲနဲ့ တန်းပြီး မအောင်မြင်ဘူးဆိုရင် ကျမတို့က နောက်ထပ်ပစ္စည်းတွေကို ကိုယ်ဘာသာကိုယ် အိတ်စိုက်ဝယ်ရတော့မှာမလား.. အဲ့လိုဆို ကျမတို့ရဲ့ အချိန်တွေ၊ အားထုတ်ထားမှုတွေက နစ်နာဆုံးရှုံးကုန်မှာပေါ့”

နန်းကြည်က စိုးရိမ်စိတ်ဖြင့် ဆူဇီမိုကို ဖျောင်းဖျကြည့်လိုက်၏။

“အဆင်ပြေပါတယ်.. ငါပြောတဲ့အတိုင်းသာ လုပ်ပါ” ဆူဇီမိုက ပြုံးပြီးပြောလိုက်၏။

. . .

ပြီးခဲ့သည့်တစ်လအတွင်း..

မနက်ခင်းမှ နေ့လည်ခင်းအထိ ဆူဇီမိုသည် သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် ဆန်းကြယ်အခြေတည်ဆောက်ခြင်းကို လေ့ကျင့်၏။

တန်လင်းတောင်ကြားမှ တိုက်ပွဲပြီး၍ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က စတင်တက်လှမ်းစပြုလာ၏။ နှစ်ဝက်အတွင်း.. သူသည် နောက်ပိုင်းအခြေတည်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

နေ့လည်ခင်းပြီးနောက် သူသည် လက်နက်သွန်းလုပ်ခြင်း၌သာ အာရုံစိုက်လိုက်၏။

တာအိုအရှင်အဆုံးစွန်မီး ပြသခဲ့‌သောပုံရိပ်များကို ပြန်လည်ပုံဖော်စဉ်းစားရင်း.. ရှေးဟောင်းမီးဆေးကျမ်းစာကိုလည်း ဖတ်ရှုကာ သူသည် လက်နက်များကို စမ်းသပ်သွန်းလုပ်ကြည့်နေခဲ့၏။

ဆူဇီမိုသည် အစကတည်းက အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များကို ပြုလုပ်နိုင်နေခဲ့ပြီးသားဖြစ်၏။ တစ်လကြာပြီးနောက်.. မီးဆေးခြင်းအဆင့်၌ ချိုးဖျက်တိုးတက်လာကာ.. အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များကို စတင်သွန်းလုပ်နိုင်လာ၏။

သို့သော်လည်း သူသည် စိတ်ဝိညာဉ်အင်းကွက်သုံးခုပါရှိသော သာလွန်အဆင့်လက်နက်များကို သွန်လုပ်နိုင်ဖို့အတွက်တော့ ဓါးပျံထဲရှိ အညစ်အကြေးများကို ယခုထက်ပို၍ ဖယ်ထုတ်ပစ်နိုင်ဖို့ လိုအပ်နေသေးလေသည်။

ထိုသို့လုပ်နိုင်ဖို့ဆိုလျှင် သူသည် ထပ်တလဲလဲ ကြိုးစားလေ့ကျင့်ရပေမည်။ ဖြတ်လမ်းနည်း မရှိပေ။

ညဘက်ရောက်လျှင်တော့ ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင်၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံလေ့ကျင့်ကာ သူ့ကိုယ်ထဲရှိ နဂါးဥစွမ်းအင်အဆီအနှစ်များကို စုပ်ယူဖို့ ကြိုးစားရလေသည်။

ညဝိညာဉ်အတွက်လည်း ထို့အတူပင်။

သူက ဆူဇီမို၏ ဘေးတွင်မလှုပ်မယှက်ထိုင်နေသည်ဟု ထင်ရသော်လည်း.. တစ်ကယ်‌တော့ သူသည်လည်း နဂါးဥစွမ်းအင်အဆီအနှစ်များကို စုပ်ယူသန့်စင်ဖို့ အကောင်းဆုံးကြိုးစားနေခြင်းဖြစ်၏။

ညဝိညာဉ်က ခန္ဓာကိုယ်က သိသာမြင်သာစွာနှင့်ကို အရင်ကထက် အလွန်တရာ ထွားကြိုင်းလာ၏။

တစ်လကြာပြီးနောက် ဆူဇီမိုသည် ၎င်းကို ရင်ခွင်ထဲ ထည့်မထားနိုင်တော့ပေ။

ညဝိညာဉ်၏ ခန္ဓာကိုယ်မျက်နှာပြင်က ကြမ်းတမ်းလာ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံလိုမျိုး နက်မှောင်မာကြောသည့် အကာအကွယ်အလွှာတစ်မျိုးက ပေါ်လာ၏။

ညဝိညာဉ်၏ အမြီးဖျားတွင် အလွန်တရာ ထက်ရှသည့်ဆူးချွန်တစ်ခုလည်း ထွက်လာ၏။ ၎င်းက သူ၏ လက်သည်းများထက်ပို၍ အားမနည်းပေ။

ညဝိညာဉ်သည် သာမန်နှင့်မတူ အလွန်ထူးခြားလာသည်ဟု ထင်ရပြီး.. ရံဖန်ရံခါ သူ့မျက်လုံးထဲ၌ ဒေါမာန်အဟုန်ပြင်းထန်သည့်အလင်းများက ဖြစ်ပေါ်လာတတ်ပြီး ဆူဇီမိုပင်လျှင် ကျောချမ်းသွားရတတ်၏။

ဤအချိန်အတောအတွင်း.. နန်းကြည်သည်လည်း အကြီးအကျယ် ပြောင်းလဲလာခဲ့၏။

ချီစုဖွဲ့ပညာရပ်ကို ကျင့်ကြံလေ့ကျင့်ပြီးနောက်.. သူမသည် အမှန်တစ်ကယ်ပင် စိတ်ဝိညာဉ်ချီကို အာရုံခံနိုင်ခဲ့၏။

နှစ်နာရီတောင် မကြာလိုက်ဘဲ သူမသည် ချီစုဖွဲ့မှုအဆင့်၁သို့ ရောက်ရှိနိုင်ခဲ့၏။

ထိုအမြန်နှုန်းက အရင်တုန်းက ဆူဇီမိုနှင့် နှိုင်းယှဉ်နိုင်၏။

မွေးရာပါနတ်ဘုရားခွန်အား.. စိတ်ဝိညာဉ်ရင်းမြစ်မရှိဘဲ စိတ်ဝိညာဉ်ချီကို အာရုံခံနိုင်မှု.. နန်းကြည်နှင့် ပတ်သတ်သည့် အရာရာတိုင်းကလည်း လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ရှင်းပြဖို့ ခက်ခဲ့လှ၏။

နတ်ပန်းပဲရုံ ဖွင့်လှစ်ခဲ့ပြီးသည့်တစ်လအတွင်း.. သူတို့ဆီသို့ မည်သည့်ကျင့်ကြံသူမျှ ရောက်မလာခဲ့သောကြောင့်.. နန်းကြည်သည် အလွန်စိုးရိမ်ပူပန်နေ၏။

သို့သော်လည်း ဆူဇီမိုကတော့ အရေးမလုပ်ပေ။ သူသည် လက်နက်များ သွန်းလုပ်လိုက်၊ အင်မော်တယ်နှင့် သားရဲကျင့်စဉ်များကို ကျင့်ကြံလေ့ကျင့်လိုက်နှင့် နေ့စဉ်ဘဝကို အပူအပင်မရှိ ဖြတ်သန်းနေ၏။

ယနေ့မှာတော့ သူတို့အိမ်ဝင်ပေါက်၌ ပထမဆုံးအကြိမ် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

ဆူဇီမိုသည် မျက်လုံးဖွင့်ကြည့်လိုက်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ပြီးခဲ့သည်လအတွင်း သူသည် အပေါ်ယံမှာ တည်ငြိမ်ဟန်ပြနေသော်လည်း သူ့စိတ်ထဲမှာတော့ အနည်းငယ်ပူပန်နေပြီဖြစ်၏။

နန်းကြည်က စိတ်လှုပ်ရှားစွာ ပြေးထွက်လိုက်၏။ သူမသည် တံခါးကိုဖွင့်ပေး၍ ပြုံးပြလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံကနေ ကြိုဆိုပါတယ်.. တာအိုရောင်းရင်း ကျေးဇူးပြုပြီး အထဲကို ကြွပါရှင့်”

အစကတည်းက နန်းကြည်သည် အလွန်တရာ လှပချောမောနေပြီးသားဖြစ်၏။ ယခုသူမက ချိုသာစွာ ပြုံးလိုက်သောအခါ ပို၍ပင် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသွား၏။

တံခါးဝမှလူက ခဏမျှ မှင်တက်နေမိ၏။

သူမသည် မျက်တောင်ခတ်လိုက်ပြီး.. ထပ်မံအတည်ပြုမေးမြန်းလိုက်၏။

“တာအိုရောင်းရင်း.. ရှင်ဒီမှာ စိတ်ဝိညာဉ်လက်နက်တစ်ခု မှာယူချင်တာလားရှင်”

“အာ”

တံခါးပေါက်ဝမှလူက တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာ၏။ သူသည် ခေါင်းကိုငုံ့၍ မျက်မှောင်ကြုတ်လိုက်ပြီး လက်တစ်ဖက်က ဗေဒင်တွက်ရင်း တိုးတိုးရေရွတ်လိုက်၏။

“ငါနေရာအတွက်မှားပြီး ရောက်လာတာလား.. ဘာလို့ မိန်းကလေးတစ်ယောက် ဖြစ်နေရတာလဲ”

ထိုအချိန်မှာပင် ဆူဇီမိုသည် သူ့အခန်းထဲကနေ ထွက်လာခဲ့၏။ အပေါက်ဝမှလူကို မြင်သောအခါ သူစိတ်ပျက်လက်ပျက် ဖြစ်သွား၏။

အလည်ရောက်လာသူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနည်းငယ် လုံးဝန်း၏။ အသားအဖြူဖြူ၊ မျက်မှာမှာ အမွေးအမှင်မရှိ.. ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားသောသူကား စိတ်ဝိညာဉ်လက်နက်တစ်ခု မှာယူဖို့ ရောက်လာသူမဟုတ်.. သူကား လင်းရွှမ်းကျီပင် ဖြစ်လေသည်။

“နန်းကြည်.. ပြန်လာခဲ့”

ဆူဇီမိုကပြောလိုက်၏။

ဆူဇီမို၏ အသံကိုကြားသောအခါ.. လင်းရွှမ်းကျီ၏ မျက်လုံးက အရောင်လက်သွားပြီး အိမ်ထဲသို့ လှမ်းဝင်ကာ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်၏။

“ညီလေးဇီမို.. ငါတို့ မတွေ့ရတာ တော်တော်ကြာသွားပြီပဲ ဟမ်”

ဆူဇီမိုသည် ကျောချမ်းသွား၏။

သည့်အရင်ကဆိုလျှင် လင်းရွှမ်းကျီက သူ့ကို ဆုတ်ဖြဲပစ်ချင်နေခဲ့၏။ ဘာလို့ သူက ချက်ချင်းကြီး ရင်းနှီးဖော်ရွေသွားတာလဲ။

ဤပြောင်းလဲမှုရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခု သေချာပေါက် ရှိနေရပေမည်။

All Chapters