← Chapters

အခြေအနေက စိတ်ဝင်စားစရာ ကောင်းလာပြီ

Vol. 32 Ch. 471

အခြေအနေက စိတ်ဝင်စားစရာ ကောင်းလာပြီ

Vol. 32 Ch. 471

ရဲ့လင်းချန်က အိုးရန်ချင်း၏ အကြံပြုချက်ကို ခေါင်းညိတ်လိုက်ပြီး သူ အလေးအနက်ထား၍ စဉ်းစားမည်ဟု ပြောလိုက်သည်။

တကယ်တမ်းတွင် အိုးရန်ချင်း၏ စကား၌ ဖုံးကွယ်ထားသော ဆိုလိုရင်းတစ်ခု ရှိသည်။ ယင်းမှာ အမာတဲရာစု မျိုးရိုးဗီဇပညာကို သတိထားရန် ဖြစ်သည်။ သူမတို့က သူတို့ကို ရန်စခဲ့ပြီး ဖြစ်သဖြင့် သူမတို့ သတိထားနေမှ ဖြစ်ပေမည်။

အမာတဲရာစု ဖိုင်များပေး၌ အနီရောင် ဖိတ်စာ တစ်စောင် ရှိနေသည်။ သူ အေးအေးလူလူ လှမ်းယူလိုက်သည်။

“ဒီညလား၊ မင်း ငါ့ကို လှမ်းခေါ်တာ ဒီအကြောင်းကြောင့်လား”

“ဒီဖိတ်စာကို ကျွန်မဦးလေးက ပို့လိုက်တာ၊ သူက အစတုန်းက ဝမ်ရုံ နည်းပညာရဲ့ ရှယ်ယာရှင်တွေထဲက တစ်ယောက်လေ”

အိုးရန်ချင်းက ရဲ့လင်းချန်ကို စိုက်ကြည့်၍ ပြောသည်။

“အခု သူက ကျွန်မတို့ရဲ့ ရှယ်ယာရှင်ဟောင်းတွေနဲ့ ပေါင်းပြီး ကျွန်မတို့ဆီ ဒီဖိတ်စာ ပို့လိုက်တာ”

“မဟုတ်မှလွဲရော သူတို့က သူတို့ရှယ်ယာကို ပြန်ယူဖို့ စဉ်းစားနေတာလား”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“အဲ့လိုမဟုတ်လောက်ပါဘူး၊ သူတို့က ကုမ္ပဏီကို ပြန်တင်ဖို့ ကြိုးစားနေရုံလောက်ပဲလို့ ကျွန်မ ထင်တယ်”

အိုးရန်ချင်းက ခန့်မှန်းပြီး တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။

“သူတို့က ဝမ်ရုံ နည်းပညာရဲ့ ဝါရင့် ကျွမ်းကျင်သူတွေလေ၊ သူတို့နေရာကနေ ထွက်သွားပင်မယ့် ကျွန်မတို့ ကုမ္ပဏီအတွက် သူတို့နဲ့ ဆက်သွယ်မှုအားလုံး ဖြတ်တောက်ဖို့က ခက်တယ်၊ အဲ့ဒါကြောင့် ကျွန်မတို့ ဒါကို မသိချင်ယောင်ဆောင်လို့ မရဘူး၊ ဒါကို သေသေချာချာ ကိုင်တွယ်မှရမယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

အကယ်၍ ဤလူများသာ ဝမ်ရုံနည်းပညာနှင့် ပတ်သက်၍ မကောင်းသတင်းအချို့ ဖြန့်ပါက သူတို့အတွက် အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။

“ကောင်းပြီလေ၊ ငါ ညစာစားပွဲကို တက်မယ်”

ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်သည်။ ညစာစားပွဲက ဘယ်လို ရည်ရွယ်ချက်မျိုး ရှိနေပါစေ သူ မဖြုံပါ။

ထို့နောက် ရဲ့လင်းချန်သည် ဝမ်ရုံနည်းပညာမှ မပြန်ဘဲ အချို့သော ကုမ္ပဏီကိစ္စများကို ဆက်၍ စီမံနေသည်။

သူက ပါရမီရှင်တစ်ဦး မဟုတ်ပါလော။ အခြေအနေကိစ္စရပ်များကို စီမံခြင်းကို အသာလေး စီမံနိုင်ပါသည်။

အစည်းအဝေးအတွင်း၌ ဆွေးနွေးခဲ့သော အစီအစည်များကို သူ့ထံသို့ အသုတ်လိုက် တင်ပြလာသည်။ ရဲ့လင်းချန်၏ စာဖတ်နှုန်းက အလွန် မြန်ဆန်သည်။ သူသည် ဖိုင်တစ်ခုချင်းစီကို တစ်ချက်မျှ ကြည့်ရုံနှင့် ဖြစ်နိုင်ချေနှင့် အားနည်းချက်များကို မြင်နိုင်ပေသည်။

သူသည် အရေးကြီးသော စာရွက်စာတမ်းများစွာကို အမှတ်အသား ပြုလုပ်ပြီးနောက် ဆိုင်ခွဲများဖွင့်ရန် နေရာအတွက် ပြင်ဆင်စီစဉ်မှုများကို ချက်ချင်း ပြုလုပ်လေသည်။ ရဲ့လင်းချန်၏ ဇာတိမြို့ ဖြစ်သော ကျင်းဟိုင်မြို့လည်း ပါဝင်သည်။

နောင်အနာဂတ်၌ သူ အတွင်းရေးမှူးတစ်ယောက် လိုအပ်မည့်ပုံပင်။ သူ့အတွက် စာရွက်စာတမ်းများကို စီစစ်ပေးမည့် အတွင်းရေးမှူးဌာနတစ်ခု ဖွဲ့စည်းလိုက်သည်က သူ့အတွက် အကောင်းဆုံး ဖြစ်မည့်ပုံပင်။ အရေးမကြီးသော စာရွက်စာတမ်းများကို သူတို့ စီစဉ်ရန်အတွက် ချန်ထားသင့်လောက်သည်။

အိုးရန်ချင်း၌ ထူးချွန်သော ပါရမီရှင် ဖြစ်သော်လည်း သူမ လုပ်နိုင်သည့် အတိုင်းအတာက အကန့်အသတ် ရှိပါသည်။ ထို့အပြင် သူမသည် နည်းပညာတွင်သာ အားသန်သည်။ စီမံခန့်ခွဲမှု၊ သုတေသန၊ ထုတ်လုပ်ရေးနှင့် အခြားသော ဌာနများကို ခွဲထားရန် လိုအပ်ပေသည်။ သို့မှသာ ပြန်စစ်ဆေးနိုင်ပေမည်။

သူ မသိလိုက်မသိခင်မှာပင် အချိန်က ကုန်ဆုံးသွားလေသည်။

“ဆရာ၊ ကျွန်မ ရှင့်ကို သိပ်သတိရနေတာ”

ရှုနန်သည် အလုပ်ဆင်းလာပြီး အပြေးလာလေသည်။ သူမက ရဲ့လင်းချန်ကို မြင်လိုက်သည့် အခိုက်မှာပင် ကျယ်လောင်စွာ အော်ပြော၍ သူ့ထံ ခုန်ဝင်လာ၏။ သူမ မျက်နှာလေးက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။

“ဆရာ၊ ရှင်က သိပ်ချောတာပဲ၊ ရှင့်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်တုန်းက ကျွန်မ စိတ်လှုပ်ရှားလို့ သွေးတောင် ဆူတယ်၊ ရှင် ကျွန်မကို ဘယ်တော့ ဆက်သင်ပေးမှာလဲ၊ အဲ့ဒါမှ ဧရာမ စပါးအုံးမြွေကြီးကို ကျွန်မဘာသာ အနိုင်ပိုင်းလို့ ရမှာလေ”

ရဲ့လင်းချန်က ပြုံး၍ ခေါင်းခါလိုက်သည်။

“ငါ မင်းကို သင်ပေးထားတဲ့ အကွက်တွေကို မင်း ကျွမ်းကျင်သွားတဲ့အထိ စောင့်ပါဦး”

ရှုနန်၏ အမူအရာက ချက်ချင်း သုန်မှုန်သွားသည်။

“ခက်လွန်းတယ်၊ ကျွန်မ အခုထိ လေးကွက်အထိပဲ ရောက်နိုင်သေးတယ်၊ ဒါပေမဲ့ အကျိုးကျေးဇူးကတော့ သိပ်ထူးခြားတယ်၊ ကျွန်မရဲ့ ခန္ဓာကိုယ် အခြေအနေက တော်တော်လေး တိုးတက်လာတယ်၊ အဲ့ဒါအပြင် ကျွန်မအဖွဲ့ထဲက လေ့ကျင့်ရေးစံချိန်ကို အမြန်ဆုံးအဖြစ်နဲ့ စံချိန်ချိုးလိုက်နိုင်တယ်လေ”

“လေးကွက်မြောက်ထိ ရောက်နေတဲ့ မင်းအရည်အချင်းက မင်း အတော်လေး ထူးချွန်တယ်လို့ ဆိုလိုနေတာပဲ”

“ဆရာ၊ အခု ကျွန်မကို သိုင်းပညာရှင်လို့ သတ်မှတ်လို့ ရပြီလား”

ရှုနန်က ဂုဏ်ယူစွာ ပြုံးနေသည်။

ရဲ့လင်းချန် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ တကယ်တမ်းတွင် ရှုနန်၏ ယေဘုယျ လက္ခဏာများက သာမန် သိုင်းပညာရှင်ထက် ပိုမြင့်ပေသည်။

“မင်း လေးကွက်မြောက်ကို ကျွမ်းကျင်သွားတဲ့အခါကျရင် ငါ မင်းကို ကွန်ဖူးအသစ် နည်းနည်း သင်ပေးမယ်”

“တကယ်လား၊ ဆရာ ရှင်က အကောင်းဆုံးပဲ”

ရှုနန်က ပျော်ရွှင်စွာ ပြောသည်။

ရှုနန် ရောက်လာပြီးနောက် ရှုဝမ်ချင်လည်း ရောက်လာသည်။ သူမက ရဲ့လင်းချန်ကို ခေါင်းညိတ်ပြပြီး ယခင်အတိုင်း တိတ်ဆိတ်နေသည်။ ရှုနန်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

ထို့နောက်တွင်မူ ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တို့လည်း ရောက်လာသည်။ ရှယ်ယာရှင်ဟောင်းများနှင့် တွေ့ဆုံပွဲအား သူတို့ အတော်လေး အလေးအနက် ထားသင့်ပုံပင်။

သူတို့ကြားမှ ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးနေသည်။ ရဲ့လင်းချန်သည် ကျောင်းသားဖြစ်ပြီး ရှုဝမ်ချင်က ဆရာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှုနန်နှင့် ရဲ့လင်းချန်တို့က ဆရာတပည့် ဖြစ်နေ၏။ တစ်ဖက်တွင်မူ ရဲ့လင်းချန်က ဥက္ကဋ္ဌရှု၏ သူဌေး ဖြစ်နေပြန်သည်။

အချိန်တန်သောအခါ သူတို့အဖွဲ့သည် Alphard MPV ပေါ်တက်၍ အတူတူ ထွက်လာကြသည်။

Alphard က ကြီးသည်။ ၎င်းတွင် ထိုင်ခုံ ခုနစ်လုံးပါပြီး ရောင်းဈေးက ခုနစ်သိန်းမှ ကိုးသိန်းကြား ရှိသည်။ လုပ်ငန်းစုကြီး အများစုက ၎င်းအား အဆင့်မြင့် မော်တော်ယာဉ်အဖြစ် ဦးစားပေး ရွေးချယ်ကြသည်။

ထျန်းဖူဥယျာဉ်၌ …

မဟာမြို့တော် စားသောက်ဆိုင်က မြို့တော်၏ ရိုးရာ စားသောက်ဆိုင်အဖြစ် ကိုယ်စားပြုလျင် ထျန်းဖူ ဥယျာဉ်က မြို့တော်၏ ခေတ်သစ် စားသောက်ဆိုင်များကို ကိုယ်စားပြုလေသည်။ အဆောက်အဦး၏ အသွင်အပြင်သည် အလွန် ခေတ်မီလှသည်။ အဆောက်အဦး တစ်ခုလုံးကို အရှေ့တိုင်းနှင့် အနောက်တိုင်းပုံစံ ရောစပ်၍ တည်ဆောက်ထားသည်။ အပြင်နံရံများတွင် မီးချောင်းများနှင့် ပြည့်နေပြီး စားသောက်ဆိုင်၏ ပင်မတံခါးတွင် မြင်းပျံတစ်ကောင်၏ ဧရာမ ရုပ်တုတစ်ခု ရှိသည်။ ယင်းအနောက်၌ ကြီးမားသော ရေတံခွန်တစ်ခု ရှိလေသည်။

“ဟားဟား … ဥက္ကဋ္ဌရှု၊ ဥက္ကဋ္ဌ အိုးရန် မင်းတို့ ရောက်လာပြီပဲ”

သူတို့ စားသောက်ဆိုင်ထဲ မဝင်ခင်မှာပင် တုတ်ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ထွက်လာပြီး သူတို့အား ပြုံး၍ နှုတ်ဆက်လေသည်။ သူ့အနောက်၌ အခြားသူ လေးယောက် လိုက်လာသည်။ သူတို့အားလုံးက အသက် ငါးဆယ်ကျော်များ ဖြစ်ကြပြီး တစ်ယောက်ဆိုလျင် သူ့ဆံပင် တစ်ဝက်ကျော်က အဖြူသို့ ပြောင်းနေ၏။

“ဦးလေး”

ရှုနန်တို့ မိန်းကလေးတစ်စုက လူလတ်ပိုင်းအရွယ် အမျိုးသားကို နှုတ်ဆက်ကြသည်။

“ဟားဟား ဒါရိုက်တာရှား၊ အားလုံးပဲ … ကျုပ်တို့ မတွေ့တာ ကြာသွားပြီပဲ”

ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တို့က ပြုံးလိုက်ပြီး အခြားသူများနှင့် စကား စပြောကြသည်။ သူတို့က အမျိုးစုံသော အခက်အခဲများကို အတူတူ ကျော်ဖြတ်၍ တစ်ယောက်နှင့် တစ်ယောက် အလွန် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ကြသည် မဟုတ်ပါတကား။

“ဒီညီငယ်လေးက အထင်ကြီးစရာကောင်းတဲ့ပုံ ပေါက်နေတယ်၊ မင်းမျက်ခုံးကြားကနေ ထွက်နေတဲ့ အရှိန်အဝါကို ငါ ခံစားမိတယ်၊ မင်းက သာမန်လူ မဟုတ်တာ သေချာတယ်၊ မင်းက ဥက္ကဋ္ဌရဲ့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ ဥက္ကဋ္ဌရဲ့က ငယ်တယ်လို့ ငါ ကြားဖူးနေတာ ကြာပင်မယ့် ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အောင်မြင် နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”

ဥက္ကဋ္ဌရှားက ရဲ့လင်းချန်ကို မျက်နှာချိုသွေးလေတော့သည်။

ဤလူများထဲတွင် သူသည် ရဲ့လင်းချန်မှလွဲ၍ ကျန်လူအားလုံးကို သူ သိသည်။ ထို့ကြောင့် အခြားဘယ်သူက ဥက္ကဋ္ဌရဲ့ ဖြစ်နိုင်ပါဦးမည်နည်း။

“ဥက္ကဋ္ဌရဲ့က တကယ်ကို ထူးချွန်တာပဲ၊ ဝမ်ရုံ နည်းပညာကို ဒီလို သေရေးရှင်ရေး အခြေအနေကနေ ကယ်ပေး နိုင်ခဲ့တာပဲ”

“ဥက္ကဋ္ဌရဲ့နဲ့ တွေ့နိုင်တာက ကျုပ် တကယ် ကံကောင်းတာပဲ”

ကျန်လူများအားလုံးက လိုက်၍ ချီးမွမ်းကြသည်။

“ကျေးဇူးတင်ပါတယ်”

ရဲ့လင်းချန် ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။ ဤသို့သော အခြေအနေများကို သူ မကြိုက်ပါ။ အထူးသဖြင့် သူ့ကို ချီးမွမ်းနေသူများ၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနေသည်ကို သူ သိနေသည့် အချိန်မျိုးတွင်ပင်။

သူတို့က ရဲ့လင်းချန်၏ အပြုအမူကို မကျေနပ်ကြောင်း မပြပါ။ သူတို့က ဆက်၍သာ ပြုံးနေ၏။

“ဥက္ကဋ္ဌရဲ့ လာတက်ပေးတာက ကျုပ်တို့အတွက် အံ့ဩစရာပဲ၊ လာပါ၊ ကြွပါ”

ထိုသို့ပြောပြီး သူတို့က ရဲ့လင်းချန်ကို ချက်ချင်း လမ်းပြသည်။

လမ်းတစ်လျှောက်တွင် ရဲ့လင်းချန် ဆက်တိုက် မျက်ခုံးလှုပ်နေပြီး သူ့မျက်လုံးတွင်း၌ ပဟေဠိဖြစ်သော အရိပ်အယောင် ပြနေသည်။

ဤပွဲသည် ထျန်းဖူ ဥယျာဉ်အတွက် အလွန် အရေးကြီးသည်။ ထို့ကြောင့် သူတို့က လမ်းတစ်လျှောက်ရှိ ဘေးနှစ်ဖက်လုံးတွင် ကြိုဆိုသူများ ထားရှိပြီး ဖြတ်သွားတိုင်း သူတို့အဖွဲ့ကို ဦးညွှတ်ကြသည်။ စားသောက်ဆိုင်ထဲ ဝင်လိုက်သောအခါ အတွင်းပိုင်း အပြင်အဆင်က ခမ်းနားသည်ကို တွေ့လိုက်ရသည်။ ဝန်ဆောင်မှုတိုင်းကလည်း အဆင့်အမြင့်ဆုံးပင်။

ယင်းကြောင့် ဤစားသောက်ဆိုင် တစ်ခုလုံးကို သူတို့ကိုသာ ဧည့်ခံဖို့ ငှားထားကြောင်း ရဲ့လင်းချန် သတိပြု လိုက်မိသည်။

*ကုန်ကျစရိတ်က တော်တော်များမှာပဲ၊ ရှယ်ယာရှင်အချို့အတွက် ဒီလောက် အကုန်ခံဖို့ မဖြစ်နိုင်ဘူး”

သီးသန့်ခန်းထဲသို့ သူတို့ ဝင်လာကြသည်။ ၎င်းသည် လူတစ်ရာနီးပါး ဆန့်လောက်သည်အထိ ကြီးမားလေသည်။ လက်ရှိတွင် စားပွဲ၌ အရက်နှင့် သွားရည်စာများနှင့် ပြည့်နှက်နေ၏။ အရက်သည် တရုတ်နှင့် ပြည်ပ၌ နာမည်ကြီးသည့် ထျန်းဖူ သက်တမ်းရင့်ဝိုင် ဖြစ်သည်။ တစ်ပုလင်းစီက အနည်းဆုံး ယွမ်ငါးထောင်ကျသည်။ သက်တမ်း ရင့်လေ၊ ဈေးက ပိုမြင့်လေပင်။

သီးသန့်ခန်းထဲသို့ သူတို့ ဝင်လိုက်သည့်အခိုက်မှာပင် ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်က မသိမသာ ကော့တက် လာသည်။ သူ၏ စူးရှသော အာရုံများက သီးသန့်ခန်းဘေးမှ အခန်းနှစ်ခန်းတွင်း၌ အခြားသူများ ပုန်းအောင်း နေသည်ကို သတိထားမိသွားသည်။

*အခြေအနေက စိတ်ဝင်စားစရာ ကောင်းလာပြီပဲ …*

All Chapters