← Chapters

ယင်ဟွမ်ဒေသကြီးတွင် ပထမဆုံးအကြိမ်

Vol. 32 Ch. 477

ယင်ဟွမ်ဒေသကြီးတွင် ပထမဆုံးအကြိမ်

Vol. 32 Ch. 477

မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ၎င်းသည် လှိုင်းထလှုပ်ရှားနေသည့် ခံစားချက်များကြောင့် ဖြစ်လာသည့် အသက်ရှူသံတို့ကိုပင် ကြားနိုင်သည်။

ထိုစကားသံတို့ကို ကြားသောအခါ လူများစု၏ စိတ်ထဲတွင် လှိုင်းများထန်သွားကြသည်။

သူတို့အားလုံးတွင် ကိုယ်ပိုင်ဇာတ်ကြောင်းများနှင့် ဘဝအတွေ့အကြုံများ ရှိကြသည်။

သူတို့သည် အဆင့်အတန်းမြင့်မြင့် မွေးဖွားကာ ကြီးမြတ်သည်ဖြစ်စေ၊ ရွှံ့နွံတို့ထဲမှ ဖြစ်စေ၊ အမှန်တကယ်အားဖြင့် လူသားက လူသားကို စားသုံးသော ရက်စက်ကြမ်းကြုတ်သည့် ဤလောက၌ များစွာ ခြားနားခြင်း မရှိပါ။

သူတို့အားလုံးသည် ဒုက္ခနှင့် ခါးသီးမှုမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့ကြရသည်။

ဓားကိုင်ဆောင်ပုဒ်ကတော့ ကောင်းကင်ဘုံ ကဒ်ဘေးမိုးကြိုးအလား ထင်မှတ်ရသည်။ ၎င်းသည် တစ်ဝုန်းဝုန်းဖြင့် ပေါက်ကွဲကာ ရွှီချင်းအား ဓားကိုင်တို့နှင့်ပတ်သက်၍ အစစ်အမှန် နားလည်စေသည်။

လက်ရှိဓားကိုင်တို့က ဆောင်ပုဒ်အတိုင်း လုပ်ဆောင်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ၎င်းဆောင်ပုဒ်ကတော့ တည်ရှိနေသည်။

ဤကား ဓားကိုင်ဓလေ့ထုံးတမ်း၏ အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။

လေးနက်သော လေထု၊ လေးနက်သော စကားလုံးများ၊ သန့်စင်မြင့်မြတ်သော အလင်းတော်နှင့် နားကွဲမတတ် မြည်ဟိန်းသော ဆောင်ပုဒ်။ ထိုအရာတို့အားလုံးမှာ ဓားကိုင်တာဝန်ကို ဆင့်ကမ်းပေးအပ်ရန် ဖြစ်သည်။

ထိုအခိုက်တွင် လူသားအားလုံး၏ စိတ်နှလုံးတို့ လှုပ်ခတ်နေစဉ် ကောင်းကင်ပေါ်က ရောင်စုံအလင်းများသည် တဖန် လှုပ်ခတ်လာပြီး မြေပြင်သို့ စီးဆင်းလာကြသည်။ ၎င်းအလင်းတို့ ဆက်လက် ဖြာထွက်လာကြပြီး ရွှီချင်းနှင့် တခြားလူတို့၏ ခြေထောက်အောက်သို့ တိုက်ရိုက် ရောက်ရှိလာသည်။

သူတို့ရှေ့တွင် ဓားကိုင်သူတာဝန်ကို ကိုယ်စားပြုသော တောက်ပသည့်အလင်းရောင်သည် ပေသောင်းချီကျယ်သော လှေကားထစ်ရှည်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲလာ၏။

ထိုလှေကားကြီးသည် မြို့ထဲက လူများအားလုံးရှေ့တွင် ပေါ်ထွက်လာသည်။ လူမြောက်မြားစွာတို့မှာ ထိုလှေကားထစ်ကို မြင်နိုင်သော်လည်း လူဆယ်ဦးကသာ ထိုလှေကားထစ်ကျယ်ကြီးအနီးသို့ ကပ်နိုင်ပေမည်။

ဤကား သူတို့ဆယ်ဦးအတွက် ကောင်းကင်ဘုံသို့ တက်သည့်လမ်း ဖြစ်သည်။

၎င်းသည် ကောင်းကင်နှင့်မြေပြင် အကြားတွင် ပေါ်လာပြီး အင်ပါယာကြီး၏ ရုပ်တုရှေ့တွင် သွားရောက်အဆုံးသတ်၏။

အဝေးမှကြည့်လျှင် သူတို့ရှေ့မှ လှေကားထစ်အတိုင်း လျှောက်သွားပြီးနောက် မဟာအင်ပါယာကြီး၏ရုပ်တုထံသို့ ရောက်ရှိနိုင်သည့်အလား ထင်မှတ်ရသည်။

သန့်စင်မွန်မြတ်ခြင်း၏ စိတ်ဓာတ်အားမာန်တို့သည် ထိုအချိန်တွင် ပို၍ ပြင်းထန်လာ၏။

အထူးသဖြင့် လှေကားပေါ်ရှိ သက်တန့်အလင်းသည် ပို၍လင်းလက်လာသည်။ အနီးကပ်ကြည့်လျှင် လှေကားထစ်ပေါင်း ၉၉၉၉ထစ် ရှိသည်ကို တွေ့မြင်နိုင်သည်။

ရွှီချင်းက ထိုအရာများ အားလုံးကို စိုက်ကြည့်နေသည်။ သူ့မျက်နှာအမူအရာ ပို၍ လေးနက်လာသောအချိန်၌ ဓားကိုင်မဟာအကြီးအကဲ၏ လေးနက်တည်ကြည်သောအသံ ထွက်ပေါ်လာသည်။

“ဓားကိုင်မျိုးဆက်ဟာ လူသားမျိုးနွယ်ရဲ့ ထွန်းပြောင်တဲ့ ဂုဏ်ရောင်ကို ထူထောင်နိုင်ခဲ့ပြီး အေးချမ်းသာယာတဲ့ ခေတ်ကာလတွေကို ဖန်တီးခဲ့တယ်။ ဒါကြောင့် ဒီလှေကားဟာ ပေတစ်သိန်းအကျယ် ရှိနေတာဖြစ်တယ်။”

“တစ်သောင်းကို ကိုယ်စားပြုတဲ့ ဧကရာဇ်တွေက ဘုရင်တွေထက်ပိုပြီး အဆင့်မြင့်တာကြောင့် လှေကားထစ်ပေါင်း ၉၉၉၉ထစ်ရှိနေတာဖြစ်တယ်။ ဒါကြောင့် ၉၉၉၉ထစ်မြောက်လှေကားဟာ ကျုပ်တို့ ဓားကိုင်ရုံးတော်ကြီးတစ်ခုလုံးကို ကိုယ်စားပြုတယ်။ ကျုပ်တို့က ဧကရာဇ်အောက်က ဘယ်သူ့ကိုမဆို သတ်ဖြတ်နိုင်တယ်။”

သူ့အသံက လောကတခွင်သို့ မြည်ဟိန်းထွက်သွားပြီး ရွှီချင်း၏ မျက်လုံးတို့တွင်လည်း ပြင်းထန်သော အလင်းရိပ်တစ်ခု ပေါ်လာသည်။ ပထမအပိုင်းတွင် ဆိုခဲ့သည်တို့သည် ဓားကိုင်မျိုးဆက်တို့၏ စိတ်ဝိညာဉ်ဖြစ်ပါက ယခုစကားနှစ်ခွန်းကတော့ ဓားကိုင်တို့၏ အရိုးများ ဖြစ်ပေမည်။

ဝိညာဉ်သည် ဆောင်ပုဒ်ဖြစ်ပြီး အရိုးများမှာတော့ အခြေခံကျောရိုး ဖြစ်သည်။

ဓားကိုင်တို့သည် ဧကရာဇ်အောက်နိမ့်သူ မည်သူ့ကိုမဆို ရှင်းလင်းနိုင်သည်။

ခေါင်းဆောင်၏ မျက်လုံးတို့တွင် ဆန္ဒဇောများဖြင့် တောက်ပလာသည်။

ချင်းချိုးလည်း ထိုနည်းတူပင် ဖြစ်သည်။ မျက်နှာဖုံးအောက်က သူမ၏ မျက်လုံးတို့သည် တောက်ပလင်းလက်နေ၏။

ဓားကိုင်မဟာအကြီးအကဲက ခေါင်းမော့လိုက်ပြီး အင်ပါယာရုပ်တုကို ကြည့်လိုက်သည်။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လေးနက်သောဟန်ပန်ဖြင့် ဝပ်တွားဦးညွှတ်လိုက်ကာ ပို၍လေးနက်စွာ ပြောသည်။

“အင်ပါယာအရှင် အကျွန်ုပ်ကို ဓားချီးမြှင့်ပေးတော်မူပါ။”

သူ ထိုသို့ပြောလိုက်သည်နှင့် ကောင်းကင်တွင် စီတန်းလျှက် ရှိနေကြသည့် ဓားကိုင်များအားလုံးက တပြိုင်နက် လက်သီးများအုပ်လိုက်ကြပြီး ကောင်းကင်သို့ ပြုင်တူ ဦးညွတ်ကြသည်။

ထိုသို့ဦးညွှတ်လိုက်သည်နှင့် အင်ပါယာရုပ်တု၏ အလင်းတို့သည် ပင်လယ်မှ အနီရောင်နေမင်း ထွက်ပေါ်လာသည့်ပမာ ဖြာထွက်လာပြီး ကမ္ဘာ့အမှောင်ထုအားလုံးကို ဖြိုခွင်းလိုက်သည်။ ထိုအလင်းမှာ လောကတခွင်လုံး ပြန့်နှံ့သွားပြီး အင်ပါယာရုပ်တုကြီး၏  ဓားကြီးထံမှ သက်တန့်သုံးခု ပျံသန်းထွက်ပေါ်လာ၏။

၎င်းသက်တန့်တို့သည် ပေတစ်သိန်းကျယ်သည့် လှေကားကြီး၏ထိပ်ဆုံး ၉၉၉၉ထစ်မြောက် အပေါ်သို့ ကျရောက်သွားသည်။

ထိုနေရာတွင် တဝီဝီမြည်လျက် ဓားကြီးသုံးစင်း ထိုးစိုက်သွားသည်။ ၎င်းတို့ အကြားတွင် ပေတစ်သောင်းစီခြားလျက် ဓားကိုယ်ထည်တို့မှာ ရေအလျင်တို့ စီးဆင်းနေသည့်အလား အစိမ်းရောင်အလင်းတို့ ထုတ်လွှတ်ကာ နက်ရှိုင်းလေးလံသည့် အသံတစ်ခုကိုလည်း ပေးသည်။

အပေါ်ယံအကြည့်တစ်ချက်မျှဖြင့် ထိုဓားတို့သည် သာမန်ဓားမျိုး မဟုတ်ကြောင်း ထင်ရှား၏။

ထိုဓားသုံးစင်းသည် ဓားလည်းဖြစ်သလို အမိန့်အာဏာလည်း ဖြစ်သည်။ ၎င်းတို့သည် ဓားကိုင်တို့၏ အမှတ်အသားများဖြစ်သလို ဓားကိုင်အမိန့်တော်လည်း ဖြစ်သည်။

“ဓားကိုင်သူဟာ အမိန့်တော်ကို ကိုင်ဆွဲသယ်ဆောင်သူလည်း ဖြစ်တယ်။ ဓားကို အမိန့်တော်အဖြစ်နဲ့ သူဟာ သတ္တဝါအပေါင်းတို့ကို ကာကွယ်ပေးတယ်”

ထိုအချိန်တွင် ကောင်းကင်ယံရှိ ဓားကိုင်များအားလုံးက တပြိုင်နက် ပြောလိုက်ကြသည်။ အသံသည် ခေါင်းလောင်းသံကြီးအလား လောကကိုလှုပ်ခါစေပြီး မိုးကြိုးကဒ်ဘေးတို့အား လွန်လျှက် ခေတ်ကာလများအား ဖိနှိပ်သည်။

“ဆယ်ယောက်ထဲကနေ ဓားကို ပိုင်ဆိုင်နိုင်သူတွေဟာ အနိုင်ရသူတွေပဲ။ အားလုံးနားထောင်ကြ။”

ဓားကိုင်အားလုံး၏ အသံများ ပဲ့တင်ထပ်နေဆဲအချိန်တွင်ပင် ဓားကိုင်မဟာအကြီးအကဲကြီးက ရှေးကျသောအသံဖြင့် ပြောလိုက်သည်။

ထိုအသံထွက်လာသည်နှင့် အားလုံး၏ နှလုံးခုန်နှုန်းတို့ လျင်မြန်လာသည်။

ရွှီချင်း၏ မျက်လုံးတို့တွင် စူးရှသောအလင်းတစ်ခု လက်သွားသည်။ သူက ထိုဓားကိုင်နေရာကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။

အခြားသူများလည်း ထိုနည်းတူပင်ဖြစ်သည်။ ခေါင်းဆောင်၊ ချင်းချိုး၊ ကျန်းစစ်ယွင်၊ ရွှီချင်းအား ရန်စခဲ့သူ လူသားလူငယ်နှင့် တခြားလူများအားလုံး၏ မျက်လုံးများ တဖျပ်ဖျပ် လက်နေကြသည်။

သူတို့ဆယ်ယောက်လုံးက အသေအချာ အာရုံစူးစိုက်နေကြချိန်တွင် ကောင်းကင်မှ လေးနက်သော အသံတစ်ခု မြည်ဟိန်းထွက်လာသည်။

“ချင်းချိုး… မင်းကိုယ်ထဲမှာ တိုက်ခိုက်ရေးအမှတ်အသားလေးဆယ် ရှိတယ်။ လှေကားထစ်လေးရာသို့ တက်ပါ။”

ချင်းချိုး၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူမက လှေကားထစ်များပေါ်သို့  လျင်မြန်စွာ တက်လိုက်သည်။

မြောက်မြားစွာသော အကြည့်များအောက်တွင် သူမသည် လှေကားထစ်လေးရာအမြင့်သို့ ရောက်ရှိလာပြီး ကောင်းကင်တွင် ရပ်နေလျက်ရှိသည်။

“ချန်အားညို၊ မင်းကိုယ်ထဲမှာ တိုက်ခိုက်ရေးအမှတ်အသား ၁၂၇ခု ရှိတယ်။ ၁၂၇၀ ထစ်သော လှေကားအထိ တက်ပါ။”

ခေါင်းဆောင်က ချက်ချင်းပြေးသွားတက်ပြီး ၁၂၇၀ထစ်သို့ ရောက်မှ ရပ်လိုက်သည်။

“ကျန်းစစ်ယွင် တိုက်ခိုက်ရေးအမှတ်အသား ၆၃ခု။ လှေကားထစ် ၆၃၀ထစ်။”

“နင်ယန်…”

ထိုအသံသည် ပဲ့တင်ထပ်နေပြီး အားလုံးက ခန္ဓာကိုယ်ထဲရှိ တိုက်ခိုက်ရေးအမှတ်အသားအလိုက် လှေကားထစ်နေရာများစွာ တက်ကြရသည်။

ထို့နောက် ရွှီချင်း အလှည့်သို့ ရောက်လာသည်။

“ရွှီချင်း… မင်းကိုယ်ထဲမှာ တိုက်ခိုက်ရေးအမှတ်အသား ၂၇၉ ခုရှိတယ်။ ၂၇၉၀ထစ် တက်ပါ။”

ထိုမျှ လေးနက်လှသည့် အချိန်အခါတွင်ပင် လူအုပ်ကြီးက ဆူညံသံများ ပြုမိကြသည်။ သည်မတိုင်ခင် ခေါင်းဆောင်၏ တိုက်ခိုက်ရေးအမှတ်အသားတို့ကပင် သူတို့၏ စိတ်ကို လှုပ်ရှားစေပြီး ဖြစ်သည်။ သို့တိုင်အောင် သူတို့က စိတ်ထိန်းထားနိုင်ကြ၏။ သို့ရာတွင် ရွှီချင်း၏ တိုက်ခိုက်ရေးအမှတ်အသားတို့မှာ အားလုံး ခန့်မှန်းထားသည်ထက် မကြုံစဖူး ကျော်လွန်နေ၏။

ချက်ချင်းပင် ရွှီချင်းထံသို့ မယုံကြည်နိုင်မှုများ ပြည့်နေသည့် အကြည့်ပေါင်းများစွာတို့ ကျရောက်လာ၏။

မြို့ထဲရှိ ကျင့်ကြံသူများနှင့် အမြင့်မျိုးစုံတွင် ရပ်နေကြသည့် ချင်းချိုးနှင့် တခြားလူများအားလုံးမှာ ထိတ်လန့်အံ့သြနေကြသည်။

ရွှီချင်းက တည်ငြိမ်သော ဟန်အမူအရာဖြင့် ခေါင်းမော့ကာ ဆက်လျှောက်သွားလိုက်သည်။

အားလုံး၏ အကြည့်များအောက်တွင်ပင် သူသည် ဘုရင်ငယ်တစ်ဦးပမာ အင်ပါယာရှိရာ ကောင်းကင်သို့ လျှောက်လှမ်းသွားလိုက်သည်။

သူက အခြားသောလူများ၊ လူသားလူငယ်၊ နင်ယန်၊ ရှုပ်ထွေးသော အကြည့်တို့ဖြင့် ချင်းချိုး၊ အေးစက်စက်ကြည့်နေသည့် ကျန်းစစ်ယွင်နှင့် အံ့သြလွန်းဟန်ရှိနေသည့် ခေါင်းဆောင်တို့အားလုံးကို ဖြတ်ကျော်လာခဲ့သည်။

အားလုံးကို ကျော်တက်ခဲ့ပြီးနောက် သူသည် ၂၇၉၀ထစ်မြောက် လှေကားထစ်သို့ အချိန်ကြာမြင့်စွာ တက်လာခဲ့ပြီး အားလုံး၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။

သူသည် ရှေ့သို့များစွာ ကြိုရောက်သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူသည် အင်ပါယာထံမှ လှေကားထစ်ပေါင်း ၇၂၀၉ထစ် အလိုသို့ ရောက်နေပြီ ဖြစ်သည်။

သူ့နောက်တွင်တော့ တခြားလူကိုးဦးနှင့် ၎င်းတို့နောက်တွင်တော့ မြောက်မြားစွာသော လူသားကျင့်ကြံသူများ ရှိနေကြသည်။

ထိုနေရာတွင် ရပ်နေရင်း လီယုံကျောက်တိုင်ကြီးသို့ ရောက်လာကတည်းက အပိုမှတ်များ ရရှိသည့် နေရာတိုင်းသည် အဓိပ္ပာယ်များဖြင့် ပြည့်နေကြောင်း ရွှီချင်း ကောင်းကောင်း နားလည်ထားသည်။

၎င်းတို့၏ အဓိပ္ပာယ်က အချိန်တိုင်းတူညီနေမည်တော့ မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ ထိုသို့ ယူဆနိုင်သည်။

အကဲဖြတ်ခြင်းသည် သူတို့အားလုံး လီယုံမြို့သို့ စတင်ရောက်ရှိလာကတည်းက စတင်ခြင်း ဖြစ်သည်။

သူက ထိုအမြင့်တွင် ရပ်လိုက်ပြီးသည့်နောက်တွင် ဓားကိုင်မဟာအကြီးအကဲကြီး၏ ရှေးကျသည့် အသံသည် တဖန် လေးနက်ပြင်းထန်စွာ ထွက်ပေါ်လာ၏။

“ရွှီချင်း၊ ချန်အားညို၊ ကျန်းစစ်ယွင် မင်းတို့သုံးဦးဟာ ကျောက်တိုင်ပေါ်မှာ ထိပ်ဆုံးအဆင့် ရနိုင်ခဲ့ကြတယ်။ မင်းတို့က ပေသုံးသောင်းအထိ ရောက်နိုင်ခဲ့ကြတော့ လှေကားထစ်သုံးထောင် ထပ်တက်နိုင်တယ်။”

ထိုသို့ နာမည်များတပ်ခေါ်ခံရပြီး ရွှီချင်းနှင့် တခြားလူကိုးယောက်တို့ ဆက်လက် ရှေ့တက်လာကြ၏။ ရွှီချင်းကတော့ ယှဉ်ပြိုင်သူမရှိဘဲ ပထမနေရာကို ထိန်းထားနိုင်ဆဲပင်။

သူက လှေကားထိပ်ဆုံးရှိ အင်ပါယာရုပ်တုကြီးနှင့် ၎င်းအောက်က တဖျပ်ဖျပ် လက်နေသည့် ဓားသုံးလက်ကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် ထိုနေရာမှ….၄၂၀၉ထစ်အကွာတွင် ရှိနေသေးသည်။

မဟာအကြီးအကဲ၏ အသံမှာ ထပ်မံမြည်ဟိန်း လာပြန်သည်။

“ကျန်းစစ်ယွင်… မင်း တစေဂူကနေ လက်နက်အဆီအနှစ် ၄၈ခု ရလာတယ်။ လှေကားထစ် ၄၈၀ ထပ်တက်နိုင်တယ်။”

“ချင်းချိုး… မင်းဟာ လက်နက်အဆီအနှစ် ၂၁၃ခု ရလာတယ်။ ၂၁၃၀ထစ် ထပ်တက်နိုင်တယ်။”

“ချန်အားညို… မင်းကတော့ လက်နက်အဆီအနှစ် ၃၀၁ခု ရလာတယ်။ ၃၀၁၀ထစ် ထပ်တက်နိုင်တယ်။”

“ရွှီချင်း… မင်းဟာ လက်နက်အဆီအနှစ် ၄၂၁ခု ရယူလာတယ်။ ၄၂၁၀ထစ် တက်နိုင်တယ်။”

ထိုသို့ ကမ္ဘာမြေသိမ့်သိမ့်တုန်စေသည့် အသံအောက်တွင် လှေကားပေါ်က လူဆယ်ယောက်တို့သည် ရှေ့သို့ အသီးသီး တက်လှမ်းလိုက်ကြသည်။ သို့ရာတွင် ခေါင်းဆောင်မှအပ ကျန်သောသူများအားလုံးကတော့ ရွှီချင်း၏ နောက်ကျောမြင်ကွင်းကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြ၏။

အထူးသဖြင့် ကျန်းစစ်ယွမ် ဖြစ်သည်။ သူ့မျက်နှာမှာ သုန်မှုန်နေပြီး ရွှီချင်းထံသို့ သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်စွာဖြင့် ကြည့်နေ၏။ ရွှီချင်းသာ ဝင်မနှောင့်ယှက်ပါက သူ့အဆင့်သည် အဆင့်ကိုးနေရာ၌သာ ရှိနေမည် မဟုတ်ပေ။

ထိုစဉ်က သူသည် အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် လျို့ဝှက်အတတ်တစ်မျိုးအား သုံးကာ ကိုယ်ခန္ဓာတစ်ခုကို စတေးလိုက်ရသည်။ သို့ရာတွင် သူ၏ သိုလှောင်အိတ်နှင့် ၎င်းအထဲက လက်နက်အပိုင်းအစတို့ကိုကား ဆုံးရှုံးလိုက်ရသည်။

ထို့အပြင် သူ့အပေါ်တွင် ရွှီချင်းနှင့် ချန်အားညိုတို့သာမက ချင်းချိုးသည်ပင် ရောက်နေလေသည်။ ထို့အပြင် အကွာအဝေးကလည်း အတော်လေး လှမ်း၏။

ရွှီချင်းကတော့ ကျန်းစစ်ယွင်၏ အမုန်းတရားတို့ကို အာရုံစိုက်ခြင်းမရှိပေ။ ထိုအချိန်တွင် သူသည် ရှေ့က လှေကားထစ်များအတိုင်း လျှောက်နေပြီး ထိပ်ဆုံးသို့ တစ်လှမ်းချင်း လှမ်းတက်လာပြီ ဖြစ်သည်။

သူ့ဘေးတွင် အခြား မည်သူမျှ ရှိမနေပေ။

သူ တက်နေချိန်တွင် မြေပြင်ရှိ လူသားကျင့်ကြံသူများ အားလုံးက ပွတ်လောရိုက်နေသည်။ သူတို့မျက်လုံးထဲတွင် ရွှီချင်းမှ လွဲ၍ အခြားမရှိကြတော့ပေ။

အကြောင်းကား ရွှီချင်းသည် လှေကားထစ်ပေါင်း ၄၂၀၉ထစ်သာ ကျန်ရှိတော့ကာ ၎င်းလှေကားထစ်တို့မှာ သူတက်ခွင့်ရထားသည့် အရေအတွက်ထက်ပင် လျော့နည်းနေ၏။

ထိုအချိန်တွင် ရွှီချင်းသည် ရှေ့သို့တက်ရင်း လှေကားထစ် ၈၀၀၀ထစ်၊ ၉၀၀၀ထစ်၊ ၉၉၀၀ထစ်နဲ့ နောက်ဆုံး ၉၉၉၉ထစ်မြောက်သို့ ရောက်ရှိလာခဲ့သည်။

သူက ထိုလှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်ပြီး အလယ်တွင် ရှိနေသော အမိန့်တော်ဓားထံသို့ လျှောက်လာသည်။

သူ့နောက်တွင် အနီးဆုံးလိုက်လာသူကတော့ လှေကားထစ် ၇၀၀၀ကျော်တွင်ရှိနေသော ခေါင်းဆောင် ဖြစ်သည်။ ချင်းချိုးသည်ကား လှေကားထစ်၅၀၀၀ ကျော်တွင် ဖြစ်ပြီး ကျန်းစစ်ယွင်သည် လှေကားထစ် ၃၀၀၀ကျော်တွင် ဖြစ်သည်။

ထိုအချိန်တွင် သူသည် ထပ်ဆုံးသို့ရောက်ရှိလာပြီ ဖြစ်သော်လည်း လှေကားတစ်ထစ်စာ တက်ရန် ကျန်ရှိနေ၏။။

ထိုအချိန်တွင် သူ့ထံသို့ မြေပြင်ပေါ်က မြောက်မြားစွာသောအကြည့်များ ကျရောက်နေရုံသာမက ကောင်းကင်ပေါ်က ဓားကိုင်များအားလုံးကလည်း ခေါင်းများငုံ့ကာ ရွှီချင်းထံသို့ ကြည့်နေကြသည်။

ထိုသို့ဖြစ်စဉ်မျိုးသည် ယခင်ကလည်းဖြစ်ခဲ့ဖူးသေးသည်။ သို့ရာတွင် ထိုသို့ဖြစ်ခဲ့သော အနီးစပ်ဆုံးအချိန်သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဖြစ်ကာ ယင်ဟွမ်ဒေသကြီးထဲတွင် ဖြစ်ခဲ့ခြင်းလည်း မဟုတ်ပေ။

ဤတစ်ကြိမ်ကား ယင်ဟွမ်ဒေသကြီးတွင် ပထမဆုံးဖြစ်သည်။

ထို့ကြောင့် ဓားကိုင်အကြီးအကဲကိုးဦး၏ အကြည့်တို့ပင် ရွှီချင်းထံသို့ ကျရောက်နေကြသည်။

ရွှီချင်း၏ ဟန်မူရာတို့က တည်ငြိမ်နေ၏။ သူသည် ထိပ်ဆုံးတွင် ရပ်ကာ ရှေ့တွင်လည်း လှေကားထစ် လှမ်းစရာမရှိတော့ပါ။ သူ့ရှေ့တွင် အင်ပါယာရုပ်တုကြီးသာ ကျန်ရှိတော့သည်။

ထို့ကြောင့် သူက နောက်ဆုံးခြေလှမ်းကို ဦးညွှတ်ခြင်းအဖြစ် ပြောင်းလဲလိုက်သည်။

ကျင့်ကြံသူအားလုံးနှင့် ဓားကိုင်သူအားလုံး၏ အကြည့်များအောက်တွင် သူက လက်သီးအုပ်ကာ အင်ပါယာထံသို့ တလေးတစား ဦးညွှတ်လိုက်သည်။

“ဖြောင့်မတ်တယ်။”

ကောင်းကင်တွင် အလယ်ဗဟိုနေရာ၌ ရပ်နေသော မဟာအကြီးအကဲကြီးက မှတ်ချက်ချကာ အမိန့်ထုတ်လိုက်လေသည်။

“အားလုံး ဓားတွေကိုင်မြှောက်ကြ။”

ထိုစကားတို့ ထွက်ပေါ်လာသည်နှင့် လှေကားထစ်များပေါ်ရှိ လူများအားလုံးက အမြန်နှုန်းတို့ ပေါက်ကွဲစေလျှက် ရှေ့သို့ ပြေးတက်လိုက်ကြသည်။

သူတို့က လျို့ဝှက်အတတ်မျိုးစုံတို့ ထုတ်သုံးကာ ၉၉၉၉ထစ်မြောက်လှေကားသို့ အလုအယက် တက်ကြ၏။

ရွှီချင်းသည် ထိပ်ဆုံးနေရာတွင် ရပ်လျက် သူ့ရှေ့က အမိန့်ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက အောက်ဘက်က လူများအားလုံးကို ငုံ့ကြည့်လိုက်သည်။

သူသည် ထိုနေရာတွင် ရပ်နေလျက်ပင် သူ့လက်ထဲက အမိန့်ဓားသည် တဖျပ်ဖျပ်အလင်းတို့ လက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့နောက်က အင်ပါယာရုပ်တုကြီးကလည်း ရောင်စုံအလင်းများ ဖြာထွက်လာ၏။

ထိုခဏတွင် အောက်ဘက်ရှိ လူအားလုံး၏ အမြင်တွင် ရွှီချင်းသည် အင်ပါယာရုပ်တုကြီးနှင့် တသားတည်းဖြစ်နေသည့်အလား ထင်မြင်ရ၏။

သူ၏ ထူးခြားသော အရှိန်အဝါနှင့် ကျောက်စိမ်းကဲ့သို့ မျက်နှာတို့သည် အင်ပါယာတစ်ပါး ပြန်လည်သက်ဝင်လာသည့်အလား ထင်မှတ်ရသည်။

All Chapters