တားမြစ်နယ်မြေထဲက အလွမ်းသံစဉ်
Vol. 5 Ch. 64
အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် စခန်းခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ ကလေး၊ ဒီကိစ္စကို မေ့ထားလိုက်ကြတာပေါ့။ မင်းလည်း ခေါင်းဆောင်လဲ့ကို ကယ်ပြီးပြီပဲ။ ဒီလူလည်း သေသွားပြီ။ ငါတို့ အသက်သေတဲ့အထိ ဆက်တိုက်စရာ မလိုပါဘူး ”
“ ပြီးတော့ ငါက ကျင်းကန်းဂိုဏ်းက အကြီးအကဲတစ်ယောက်နော်။ မင်း ငါနဲ့ အသက်သေတဲ့အထိ တိုက်ခိုက်လိုက်ရင် ကျင်းကန်းဂိုဏ်းကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ။ ကျင်းကန်းဂိုဏ်းရဲ့ ဂိုဏ်းစောင့်အကြီးအကဲက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ”
ရွှီချင်းသည် ငြိမ်သက်နေပြီး ရုတ်တရက် သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး သွေးများကို သုတ်ရန် ညာလက်ကို မြှောက်လိုက်သည်။
ထိုစဉ် ကြေအေးရန် တောင်းဆိုနေခဲ့သော စခန်းခေါင်းဆောင်၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။
သူက ရွှီချင်းထံ ဝုန်းခနဲ ဝင်ရောက်သွားသည်။ သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်နေပြီး သူ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ပြိုးပြိုးပြက်ပြက်ဝင်းလက်လာကာ စိန်ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားဟန်တူသည်။
“ အဆင့်သုံးကျင်းကန်းသိုင်း ”
အဝေးမှကြည့်လျှင် စခန်းခေါင်းဆောင်၏တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားသည်။ သူ၏အရှိန်အဝါက ကြောက်စရာကောင်းလှပြီး လူသတ်ချင်စိတ်သည်လည်း မကြုံဖူးလောက်အောင် ပြင်းထန်နေသည်။
တခြားတစ်ဖက်တွင် ရွှီချင်းသည် မျက်နှာတစ်ချက် ပျက်မသွားပေ။ အရာအားလုံးသည် ဟန်ဆောင်လိုက်သည့်အလား သူသည် ယိမ်းယိုင်မနေတော့ဘဲ မူလက သွေးများ သုတ်တော့မည့် သူ၏ညာဖက်လက်သည် သူ၏ခေါင်းအထက် မြောက်တက်သွားသည်။ ထို့နောက် သူ၏ သွေးရောင်နီမြန်းနေသော မျက်လုံးများ မှေးသွားသည်။
ဘုရားကျောင်းထဲရှိ ကျောက်ရုပ်ထုက နတ်ဘုရားတစ်ပါး လျှောက်လှမ်းနေသည့်အလား ပုံရိပ်သည် သူ့စိတ်ထဲ ဝင်ရောက်လာသည်။ သူ၏လက်ကို မြှောက်လိုက်ဟန်သည် မဟာတာအိုဓားသဘောတရားများ ကိန်းအောင်းနေသည့်အလား တုနှိုင်းမဲ့လောက်အောင် အံ့အားသင့်စရာကောင်းနေသည်။
ထိုဓားကွက်ကို သူ ကြိမ်ဖန်များစွာ တုပထားခဲ့ပါသော်လည်း တစ်ခါမှ အသုံးမပြုခဲ့ဖူးချေ။
ယခု ထိုဓားကွက်ကို သူ အသုံးပြုနိုင်ပြီဟု ခံစားနေရသည်။
သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ ညာလက်ကို မြှောက်လိုက်သည်။
ယင်းသည် ရုပ်ထုမှ ရွှေရောင်နှင့် ကွဲပြားနေပြီး ရွှီချင်းက တုပလိုက်သည့်အခါ ခရမ်းရောင်ဖြာထွက်လာပေသည်။
ထိုခရမ်းရောင်အလင်းတန်းများအောက်တွင် စခန်းခေါင်းဆောင်က ဟိန်းဟောက်ကာ နီးကပ်လာစဉ် ရွှီချင်း၏ညာလက်က သာမန်အတိုင်း ဖြည်းညင်းစွာ အောက်ကျလာသည်။
ယင်းတွင် မည်သည့်ထူးဆန်းသောအခြင်းအရာတစ်ခုမှ ရှိမနေဘဲ အလွန်ရိုးရှင်းနေသည်။ သို့သော်လည်း ထိုရိုးရှင်းသော လက်ဝါးစောင်းခုတ်ချက်တွင် ထူးခြားဆန်းကြယ်သည့်အငွေ့အသက်အနည်းငယ် ကိန်းအောင်းနေဟန်တူသည်။
ထိုထူးခြားဆန်းကြယ်သော အငွေ့အသက်များသည် ခရမ်းရောင်အလင်းတန်းအားလုံးကို ရွှီချင်း၏ ညာလက်တွင် ချက်ချင်း စုစည်းသွားစေပြီး ရွှီချင်း၏ခေါင်းအထက်တွင် ဓားမော့ကြီးတစ်လက်၏ပုံရိပ် ပေါ်လာသည်။
ထိုပုံရိပ်သည် ကြီးမြတ်သောဓားမော့ကြီးတစ်လက်အလား ထုထည်ကြီးမားသည်။
ခရမ်းရောင်အလင်းတန်းများသည် တဖျပ်ဖျပ် လူးလွန့်နေပြီး နေရောင်ခြည်တန်းများ၊ ရွှေရောင်အလင်းတန်းများနှင့် အရာအားလုံးနေရာတွင် အစားထိုးနေရာယူလိုက်ပြီး ရွှီချင်း၏ညာလက်လှုပ်ရှားရာအတိုင်း ၎င်းသည်လည်း ချက်ချင်း ခုတ်ချလိုက်သည်။
ကောင်းကင်ယံတွင် မိုးခြိမ်းသံများ တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး စခန်းရှိမြေပြင်တစ်ခုလုံး တုန်ဟီးသွားသည်။ စူးရှတောက်ပသောအလင်းတန်းများနှင့်အတူ တွဲဖက်ပါဝင်လာသည့်လေပြင်းများသည် တရွှီရွှီမြည်ဟည်းလျက် ဒီရေလှိုင်းများအလား အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
ရတနာမုဆိုးများအားလုံး အလိုလို နောက်ဆုတ်သွားကြသည်။ ထို့နောက် စခန်းခေါင်းဆောင်သည် အရှိန်လျော့သွားပြီး ရွှီချင်းနှင့် ဆယ်ပေအကွာတွင် ရပ်သွားသည်။
သူသည် ရွှီချင်းကို ငေးကြောင်၍ ကြည့်နေပြီး တဖြည်းဖြည်း ခေါင်းငုံ့သွားကာ သူ၏ခြေထောက်အောက်ရှိ မြေပြင်ကို ကြည့်လိုက်သည်။
သူ၏ခြေထောက်အောက်၌ မြေပြင်တွင် အက်ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာပြီး ထိုအက်ကြောင်းကြီးသည် ပေခုနစ်ဆယ်မှ ပေရှစ်ဆယ်အထိ ရှည်လျားကာ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှနေ၍ သူ၏နောက်ကျောအထိ ရှိနေသည်။
“ အဲဒီဓားချက် …”
စခန်းခေါင်းဆောင်သည် တီးတိုးရေရွတ်လိုက်သည်။ သူ၏နဖူးတွင် သွေးစီးကြောင်းတစ်ကြောင်း ရုတ်ခြည်း ပေါ်ထွက်လာ၏။ ထိုသွေးစီးကြောင်းသည် သူ၏မေးရိုးမှနေ၍ သူ၏ဝမ်းဗိုက်တိုင်အောင် ကွဲထွက်သွားသည်။ ထို့နောက် သူ၏ဒန်တျန်မှ သွေးစိမ်းများ ပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ်နှစ်ခြမ်းကွဲကာ မြေပြင်ပေါ် လဲကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပကတိ ငြိမ်သက်တိတ်ဆိတ်သွား၏။ အသက်ရှူသံပြင်းပြင်းသာ ကြားနေရပြီး လူတိုင်း၏နှလုံးသားများထဲတွင် မယုံကြည်နိုင်ခြင်းနှင့် ထိတ်လန့်ကြောက်ရွံ့စိတ်များ အထင်အရှား ဖြစ်တည်နေသည်။
ဆည်းဆာရောင်ခြည်တန်းများသည် မြေပြင်ပေါ်ရှိ သွေးအိုင်ကြီးပေါ် ကျရောက်သွားကာ အထီးကျန်လူငယ်လေး၏မျက်နှာပေါ် ရောင်ပြန်ဟပ်သွားသည်။ သူ၏လက်ချောင်းများကြားမှ သွေးစက်များက မြေပြင်ရှိ သွေးအိုင်ကြီးပေါ် ကျဆင်းနေသဖြင့် သွေးအိုင်၏မျက်နှာပြင်တွင် လှိုင်းတွန့်ကလေးများ ဖြစ်နေသည်။
ထိုလှိုင်းတွန့်ကလေးများထဲရှိ လူရိပ်သည် အနည်းငယ် မပီမပြင် ဝိုးတဝါးဖြစ်နေပါသော်လည်း ထိုလူရိပ်၏မျက်ဝန်းများထဲရှိ သွေးအေးသောအရိပ်အငွေ့များကို သိသိသာသာ မြင်နိုင်ပေသည်။
ရွှီချင်းသည် သွေးများစွန်းထင်းနေသော ဓားမြှောင်လေးနှင့် သံတုတ်ကလေးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ဝိုးတဝါးစာသားများနှင့် အဆောင်ရတနာကိုလည်း သူ ယူလိုက်၏။ ထို့နောက် သူသည် လှည့်၍ လူအုပ်ထဲတွင် ရှိနေသော ကြက်ခြေခတ်နှင့် လွမ်ယာထံ လျှောက်သွားသည်။
ကြက်ခြေခတ်နှင့် လွမ်ယာတို့သည် လာနေသော ရွှီချင်းကို စိတ်အားတက်ကြွနေသည့်မျက်နှာများဖြင့် ကြည့်နေကြစဉ် ရွှီချင်းသည် သေလုမျောပါးဖြစ်နေသော ခေါင်းဆောင်လဲ့ကို တိတ်ဆိတ်စွာ ယူ၍ အဝေးသို့ ခေါ်သွားသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် သူ့နောက်မှ လိုက်သွားကြသည်။
ဆည်းဆာနေရောင်ခြည်အောက်၌ ရွှီချင်း၏အရိပ်သည် အလွန် ရှည်လျားလှပြီး မြေပြင်တွင် ဖုံးလွှမ်းနေသော လတ်လတ်ဆတ်ဆတ် သွေးများက အနိဋ္ဌာရုံမြင်ကွင်းကို ဖော်ဆောင်နေသည်။
ဘေးပတ်ဝန်းကျင်ရှိ ရတနာမုဆိုးများသည် ရွှီချင်းကိုတစ်လှည့်၊ ရှည်လျားသောလမ်းမကြီးထက်တွင် နေရာမလပ်ရှိနေသော အလောင်းများကိုတစ်လှည့် ကြည့်လိုက်ကြသည်။
ရွှီချင်း၏နောက်တွင် သွေးကွက်များသည် ကြောက်ခမန်းလိလိ သွေးချောင်းစီးနေသည့်အသွင် ဖြစ်နေသည်။
စခန်းဝင်ခွင့်အတွက် ရွှီချင်း တိုက်ခိုက်စဉ်အခါက သားရဲစိန်ခေါ်ပွဲကွင်းပြင်တွင် ချိုကြီးစပါးအုံးမြွေကြီးကို ဓားမြှောင်ဖြင့် ထိုးလိုက်၍ သွေးများ စီးကျသွားသည့်မြင်ကွင်းကို လူအနည်းငယ် အမှတ်ရသွားကြသည်။
မြင်ကွင်းနှစ်ခုနှင့် သွေးစွတ်ကြောင်းနှစ်ခုက ထိုအချိန်၌ ထပ်တူကျနေဟန်တူသည်။
“ ကလေးကွ ”
မည်သူက အော်ဟစ်လိုက်မှန်းမသိပါသော်လည်း ထိုနေရာတွင် စုရုံးရောက်ရှိနေကြသော ရတနာမုဆိုးများအားလုံး ချက်ချင်း အော်ဟစ်လိုက်ကြသည်။
“ ကလေးကွ ”
“ ကလေးကွ ”
အော်ဟစ်သံများသည် တစတစ ကျယ်လောင်လာ၏။ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ လူလတ်ပိုင်းအရွယ်များနှင့် ခေါင်းတွင် ငှက်မွေးများ စိုက်ထားသော အမျိုးသမီးများလည်း ပါဝင်သည်။
သူတို့၏မျက်လုံးများထဲတွင် စိတ်တက်ကြွသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး သူတို့၏အော်ဟစ်သံများက ဝေဟင်တွင် ပဲ့တင်ထပ်နေတော့သည်။
ယင်းသည် ရတနာမုဆိုးများ၏ ထူးခြားသော အလေးပြုနည်းတစ်မျိုး ဖြစ်ပေသည်။
***
နေဝင်ရီတရောအချိန် စခန်းဝင်ပေါက်၌ ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို ကျောတွင် လွယ်ပိုးထား၏။ သူက စခန်းအဝင်ပေါက်မှနေ၍ ကြက်ခြေခတ်နှင့် လွမ်ယာတို့ကို လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည်လည်း ရွှီချင်းကို ကြည့်လိုက်ကြသည်။ သူတို့က လေးစားစွာ ကြည့်နေကြပါသော်လည်း စိတ်ရှုပ်ထွေးသည့်အရိပ်အယောင် အနည်းအကျဉ်းလည်း ရှိနေပြီး တစ်ခုခုကို သူတို့ ခန့်မှန်းမိသွားသည်။
“ ငါတို့ ထွက်သွားကြတော့မလား ”
ကြက်ခြေခတ်က ခပ်တိုးတိုး မေးမြန်းလိုက်သည်။
“ ခေါင်းဆောင်လဲ့ကို နောက်ဆုံးခရီး လိုက်ပို့ပြီးသွားရင် ကျနော် ထွက်သွားတော့မယ် ”
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။
ကြက်ခြေခတ်နှင့် လွမ်ယာတို့ ငြိမ်သက်သွားသည်။
ရွှီချင်းသည် ခွဲခွာတော့မည်ဟု ယတိပြတ်ဆုံးဖြတ်ထားပြီဖြစ်၍ သူတို့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ ပြီးသည်နှင့် တစ်နှစ်ခွဲနီးပါး သူ နေထိုင်ခဲ့သော စခန်းကို ပြန်ကြည့်လိုက်သည်။
“ ဂရုစိုက်နော် ”
လွမ်ယာသည် ရွှီချင်းကို စိုက်ကြည့်၍ ရှေ့တိုးလာပြီး သူ၏ရှုပ်ပွနေသော ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်သည်။ ထို့နောက် သူ၏ကိုယ်ပေါ်ရှိ သွေးညှီနံ့များကို ရွံ့ရှာခြင်းမရှိဘဲ သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်လိုက်သည်။
“ အစ်မတို့နှစ်ယောက်လဲ ဘယ်လိုလုပ်မလဲ ”
ရွှီချင်းသည် လွမ်ယာ ပွေ့ဖက်လာသည်ကို ငြင်းဆန်ခြင်းမပြုဘဲ ညင်သာစွာ မေးမြန်းလိုက်သည်။
“ အစ်မတို့နှစ်ယောက်လည်း ဒီနေရာကနေ ထွက်သွားတော့မယ်။ စိတ်ပူမနေပါနဲ့၊ ကြက်ခြေခတ်နဲ့ ငါ့မှာ ခြေထောက်ကော လက်ကော ရှိပါသေးတယ်။ အစွမ်းနိမ့်ကျနေတာလည်း မဟုတ်ဘူး။ ဘယ်စခန်းနေနေ ငါတို့ ဝင်လို့ရပါတယ် ”
လွမ်ယာက ပြုံး၍ ပြောသည်။
ကြက်ခြေခတ်သည် စကားတစ်ခွန်းမဆိုဘဲ ရှေ့တိုးလာကာ ရွှီချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
ရွှီချင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး သူတို့နှစ်ဦးကို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် စခန်းအဝင်တံခါးမှ ထွက်ကာ တားမြစ်နယ်မြေထဲသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ပုစွန်ဆီရောင်လဲ့နေသော ဆည်းဆာနေရောင်ခြည်တန်းများအောက်တွင် ကြက်ခြေခတ်နှင့် လွမ်ယာတို့သည် သူ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ရွှီချင်းက မိုးကုတ်စက်ဝိုင်းအောက်တွင် ပျောက်ကွယ်သွားသောအခါ လွမ်ယာက တီးတိုးရေရွတ်လိုက်သည်။
“ ကြက်ခြေခတ်၊ ငါတို့ သူ့ကို နောင်တချိန်မှာ ပြန်တွေ့နိုင်ပါဦးမလား။ ငါတို့ သူ့နာမည်ကိုတောင် မသိသေးဘူးလေ ”
“ ငါတို့ ပြန်တွေ့နိုင်မှာပါ။ နာမည်တွေက အရေးမကြီးပါဘူး ”
ကြက်ခြေခတ်သည် ခပ်တိုးတိုးပြောလိုက်ပြီး လွမ်ယာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ရွှီချင်းသည် စခန်းထဲမှ ထွက်လာသည်နှင့် တားမြစ်နယ်မြေကို ဦးတည်လာခဲ့သည်။
သူသည် ခေါင်းဆောင်လဲ့ကို ကျောတွင်ပိုး၍ တိတ်ဆိတ်စွာ ခရီးဆက်နေ၏။ ယခင်တစ်ခေါက် ခေါင်းဆောင်လဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့စဉ်အခါကအတိုင်း ခေါင်းဆောင်လဲ့ကို သူ ထမ်းပိုးထားသည်။ တူညီသော လမ်းကလေးနှင့် တူညီသော လူတစ်ယောက်ပင်။
သို့သော်လည်း ခေါင်းဆောင်လဲ့၏အသက်ရှူသံက တဖြည်းဖြည်း တိုးညင်းလာသည်။ သူ၏ခန္ဓာကိုယ်မှ သက်စောင့်အားများသည်လည်း တစတစ လျော့ပါးလာကာ သေမင်းအငွေ့အသက်များ ထိန်းမနိုင်သိမ်းမရ ပျံ့နှံ့သွားသည်။
ရွှီချင်း၏ရင်ထဲတွင် ဝမ်းနည်းပူဆွေးစိတ်များ တရိပ်ရိပ် ကြီးမားနေသည်။
သူက တားမြစ်နယ်မြေတောအုပ်ထဲ တိတ်ဆိတ်စွာ ခြေချလိုက်ပြီး တစ်စုံတစ်ခုသောတည်နေရာကို ဦးတည်သွားကာ ဆက်လျှောက်သွားသည်။ အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ နေမင်းကြီး ဝင်သွားခဲ့ပြီး ညအချိန် ကျရောက်လာသည်။
သို့သော်လည်း ရွှီချင်း၏ခန္ဓာကိုယ်မှ သွေးညှီနံ့များနှင့် သွေးဆာနေသော လူသတ်ငွေ့များကြောင့်ပေလား၊ မည်သည့်သန္ဓေပြောင်းသားရဲမှ ပေါ်ထွက်မလာဘဲ ရွှီချင်းသည် ဝမ်းနည်းပူဆွေးစွာ ရှေ့ဆက်သွားနေသည်။
နှစ်နာရီကြာပြီးနောက် သူ၏နောက်မှ အားနည်းသောအသံတစ်သံ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။
“ ကလေး၊ ငါ အခုလေးတင် အိပ်မက်တစ်ခု မက်တယ် ”
ခေါင်းဆောင်လဲ့က တွေဝေငေးမောနေသည့်အမူအရာဖြင့် နိုးထလာပြီး ခပ်တိုးတိုးပြောလိုက်သည်။
ခေါင်းဆောင်လဲ့သည် မည်သည့်အတွက် ဤနေရာသို့ သူရောက်နေကြောင်း မမေးသလို ရွှီချင်း ထွက်ပေါ်လာရသည့်အကြောင်းကိုလည်း မမေးဘဲ သူ၏အတွေ့အကြုံများကိုလည်း မပြောပြချေ။
“ မက်မွန်နီနဲ့ မင်းအကြောင်းကို ငါ အိပ်မက်မက်ခဲ့တာ ”
ရွှီချင်း၏မျက်လုံးများ အနည်းငယ် နီမြန်းလာပြီး သူ့ရင်ထဲတွင် ပူဆွေးသောကရောက်သည့်စိတ်များ လှိုင်းထန်လာသည်။ သူသည် အရှိန်တင်လိုက်ပါသော်လည်း ပုံမှန်အနေအထားအတိုင်း ဖြစ်နေစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး သူ သွားမည့်နေရာကို တဖြည်းဖြည်း နီးကပ်လာသည်။
“ အိမ်မက်ထဲမှာတော့ မင်းက သိပ်လိမ္မာတာ။ အတန်းထဲမှာလည်း အမြဲတမ်း ပထမရတယ် ”
ခေါင်းဆောင်လဲ့ ရယ်မောချင်ပါသော်ငြား ထိုစကားတစ်ခွန်း ပြောလိုက်ရခြင်းသည် သူ၏အင်အားလက်ကျန် တစ်ဝက်ကျော်ကို ကုန်ခမ်းသွားစေဟန်တူသည်။ သူ၏အသံသည် တစတစ အားနည်းလာပြီး တဖြည်းဖြည်း တိုးညင်းကာ သတိလစ်သွားတော့သည်။
“ ဘယ်လောက်တောင် ကောင်းတဲ့အိမ်မက်လဲ ”
“ ကလေးရေ၊ ငါ တောင့်မခံနိုင်တော့ဘူး ”
ရွှီချင်းသည် ခေါင်းငုံ့၍ အရှိန်တင်ကာ ပြေးထွက်သွားသည်။ လမ်းတစ်လျှောက်၌ ခရမ်းရောင်သလင်းကျောက်ကိုအသုံးပြု၍ ခေါင်းဆောင်လဲ့ကို ကူညီရန် ကြိုးစားခဲ့ပါသော်လည်း အသုံးမဝင်ချေ။ သလင်းကျောက်က ခေါင်းဆောင်လဲ့၏အသက်ကို ထိန်းမထားနိုင်ပေ။
နောက်ဆုံး၌ တစ်နာရီကျော်ကြာပြီး ထိုနေ့က သီချင်းညည်းသံ ကြားခဲ့ရသည့်နေရာကို သူ ရောက်လာသည်။ ယခင်အတိုင်း နေရာဟောင်းလေးဖြစ်ပြီး သစ်ပင်ကြီးလည်း ရှိနေဆဲပင်။
ထိုနေရာအရောက်၌ ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို ညင်သာစွာချ၍ သစ်ပင်ကြီးကို မှီထားလိုက်သည်။ သူသည် သေခါနီးဆဲဆဲဖြစ်နေသော အရေးအကြောင်းများ ပြည့်နှက်နေသည့် အဘိုးအိုကိုကြည့်၍ မျက်လုံးများ နီမြန်းနေပြီး နှာခေါင်းက တရှံ့ရှုံ့ ဖြစ်နေသည်။
“ ခေါင်းဆောင်လဲ့ ”
ရွှီချင်းက ခပ်တိုးတိုးခေါ်လိုက်သည်။
အဘိုးအိုသည် သစ်ပင်ကို မှီထားရင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
သူ၏မျက်လုံးများသည် ရီဝေဝေဖြစ်နေပြီး သူ၏ရှေ့ရှိ လောကကြီးကို တွေဝေငေးမော၍ ကြည့်နေသည်။ အချိန်အတော်အတန်ကြာပြီးနောက်မှသာ သူ လက်ရှိရောက်နေသောနေရာကို မှတ်မိသွားဟန်တူသည်။ သူ တဖြည်းဖြည်း ပြုံးလာပြီး သူ၏မျက်လုံးများထဲတွင် အလင်းဖျော့ဖျော့ လက်သွားသည်။
“ ကလေး၊ အရက်ပါလား ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏သားရေအိတ်ရှုံ့လေးထဲမှ အရက်တစ်ပုလင်းကို ထုတ်၍ အဘိုးအို၏ပါးစပ်ထဲ ထည့်ကာ တစ်ကျိုက်စာ တိုက်လိုက်သည်။
အရက်တစ်ကျိုက်ကြောင့် အဘိုးအို၏မျက်လုံးများသည် ငြိမ်းသက်ခါနီး ဖယောင်းတိုင်တစ်တိုင်အလား ဝင်းလက်တောက်ပလာသည်။
ထိုအခါ သူသည် ရွှီချင်း၏နီမြန်းနေသော မျက်လုံးများကို ရှင်းရှင်းလင်းလင်း မြင်သွားပြီး တဟားဟား ရယ်မောလိုက်သည်။
“ မင်းက ဘာလို့ ငိုနေတာတုံးကွ ”
ခေါင်းဆောင်လဲ့သည် အားအင်အနည်းငယ် ရရှိသွားဟန်တူသည်။ သူက ရွှီချင်း၏အကူအညီကိုယူ၍ အနည်းငယ် ထူထူထောင်ထောင် ဖြစ်လာသည်။
သစ်ပင်ကြီးကို သူ မှီထားရင်း ရွှီချင်း၏ခေါင်းကို ထိရန် သူ လက်မြှောက်လိုက်ပါသော်လည်း မလုပ်နိုင်ချေ။ သူ လက်လျော့လိုက်သည့်အခိုက် ရွှီချင်းက သူ၏လက်ကို ယူကာ သူ၏ခေါင်းပေါ် တင်ပေးလိုက်သည်။
အဘိုးအိုက ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။
“ ငါက အတော်လေး ကံကောင်းသေးတာပဲ။ အနည်းဆုံးတော့ ငါ့ကို အဖော်ပြုပေးမဲ့ လူတစ်ယောက်လည်း ရှိတယ်။ အရက်ပုလင်းလဲရှိတယ်။ ငါ သေသွားရင် မြေမြှုပ်ပေးမဲ့လူလည်း ရှိတယ် ”
“ ပြီးတော့ ဒီရက်စက်လောကကြီးထဲမှာ လူ ဘယ်လောက်များ အထီးကျန်ပြီး သေသွားကြရလဲ ”
“ သေတာက ကြောက်စရာမကောင်းပါဘူး။ ကိုယ်သေတဲ့အခါ ကိုယ့်အနားမှာ ရင်းနှီးတဲ့လူတစ်ယောက်လောက်တောင် ရှိမနေတာက ကြောက်စရာကောင်းတာ …”
ထိုနေရာအရောက်တွင် ခေါင်းဆောင်လဲ့၏မျက်လုံးများထဲရှိ အလင်းရောင်က တဖြည်းဖြည်း ဖျော့တော့လာကာ သူ ပြောလိုက်သည်။
“ ကလေး၊ ငါ နောက်တစ်ကျိုက်လောက် သောက်ချင်တယ် ”
ရွှီချင်း၏ရင်ထဲတွင် ဝမ်းနည်းပူဆွေးစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် အရက်ပုလင်းကို ခေါင်းဆောင်လဲ့၏ ပါးစပ်တွင် တေ့ပေးလိုက်သည်။ အရက်များ စီးဆင်းသွားသောအခါ ခေါင်းဆောင်လဲ့သည် ရွှီချင်းကို ကျော်၍ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ မက်မွန်နီရေ၊ မင်း ကိုယ့်ကို လာခေါ်တာလား ”
အရက်များသည် အဘိုးအို၏ အဝတ်အစားများပေါ်မှတစ်ဆင့် မြေပြင်ပေါ် စီးကျနေသည်။ သူက အရက် မသောက်တော့သော်လည်း ငြိမ်သက်ခါနီး သက်စောင့်မီးတောက်အလား သူ၏မျက်လုံးများ ဝင်းလက်နေသည်။
ရွှီချင်းသည် တုန်ရီသွားပြီး ခေါင်းငုံ့လိုက်သည်။ သူ၏ရင်ထဲမှ ဝမ်းနည်းပူဆွေးစိတ်ကို သူ ချုပ်တည်းမထားနိုင်တော့ဘဲ သူ၏နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနေရာမှစတင်၍ သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။
သူ အရက်ပုလင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ အရက်ပုလင်းက သူ၏လက်ထဲတွင် ပုံစံပျက်သွားပါသော်လည်း သူ သတိမထားမိချေ။
အချိန်အတော်ကြာပြီးနောက် သူသည် နှုတ်ခမ်းများကို ကိုက်လိုက်ပြီး အရက်ပုလင်းကို ဘေးတွင် အသာချထားလိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့၍ ဘယ်တော့မှ နိုးထလာတော့မည် မဟုတ်သော အဘိုးအိုကို ကြည့်လိုက်သည်။
မြို့ပျက်ကြီးထဲတွင် အဘိုးအိုက သူ့အား ထပ်ခေါ်ခဲ့သည့်အချိန်ကို သူ ပြန်တွေးမိသွားသည်။
“ ကလေး၊ မင်း ငါနဲ့အတူ လိုက်ခဲ့ချင်လား ”
ရွှီချင်း၏မျက်လုံးထောင့်စွန်းမှ မျက်ရည်စများ စီးကျလာပြီး သူ၏မျက်နှာပေါ်ရှိ သွေးစက်များကို ရှင်းလင်းဖယ်ရှား၍ စီးဆင်းသွားရာ အဝတ်အစားများပေါ်တွင် မျက်ရည်စီးကြောင်းနှစ်ကြောင်း ဖြစ်တည်လာသည်။
ဆင်းရဲသားရပ်ကွက်၌ သူ အနေကြာလာတော့ မငိုခဲ့သည်မှာ ကြာခဲ့လေပြီ။
ယနေ့တွင်မူ သူ ချုပ်တည်းမထားနိုင်တော့။ ကောင်းကင်ကြီး လင်းထိန်လာသည့်တိုင်အောင် အဘိုးအို၏အလောင်းကို သူ တွေတွေကြီး ငေးကြည့်နေသည်။ ထို့နောက် သစ်ပင်တစ်ပင်အောက်တွင် အဘိုးအိုနှင့် အရက်ပုလင်းကို တိတ်ဆိတ်စွာ မြှုပ်နှံပေးလိုက်သည်။
ရတနာမုဆိုးများသည် ဘယ်သူမှ လေးစားရိုသေနေမည်မဟုတ်၍ အထိမ်းအမှတ်ကျောက်တိုင် မလိုအပ်ပေ။
သို့သော် အဘိုးအို၌ အထိမ်းအမှတ်ကျောက်တိုင် ရှိနေပေသည်။
ရွှီချင်းသည် ကျောက်တိုင်ကို တွေတွေကြီး ငေးကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် သူ၏သားရေအိတ်ရှုံ့ထဲမှ လုံးထားသော အဝတ်စကို ထုတ်ယူ၍ အထဲရှိ ချိုချဉ်တစ်စေ့ကို ယူလိုက်သည်။
ထို့နောက် ချိုချဉ်ကို ပါးစပ်ထဲထည့်၍ သစ်ပင်ကို မှီလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
သကြားလုံး … လွန်စွာ ချိုမြိန်လှသည်။
ဝမ်းနည်းနေသည့်အခါ ချိုချဉ်စားပါက နေရထိုင်ရ အဆင်ပြေလာမည်ဖြစ်ကြောင်း လူတစ်ယောက်က ရွှီချင်းကို ပြောပြခဲ့ဖူးပေသည်။