← Chapters

ရွှီချင်းအား ထိမိခြင်း၏အကျိုးဆက်များ(၂)

Vol. 32 Ch. 479

ရွှီချင်းအား ထိမိခြင်း၏အကျိုးဆက်များ(၂)

Vol. 32 Ch. 479

နေရာဖလှယ်ခြင်း။

ကျန်းစစ်ယွင်သည် မန္တာန်အတတ်ကို အောင်မြင်စွာသုံးလိုက်နိုင်၏။ သို့ရာတွင် သူသည် လှေကားထစ်ခုနစ်ထောင်မှ သုံးထောင်သို့အထိ ကျဆင်းသွားရသည်။ ချင်းချိုးမှာတော့ လှေကားအထစ်ခုနစ်ထောင်သို့ ရောက်ရှိသွားသည်။

သူတို့နေရာမပြောင်းခင်က လှေကားထစ်နှစ်ထောင် ကွာဝေးသည်။ နေရာပြောင်းပြီးနောက်တွင်တော့ အကွာအဝေးမှာ လှေကားထစ်လေးထောင်ဖြစ်သွားသည်။

နေရာဖလှယ်ခြင်း အောင်မြင်သွားသည့် တခဏတွင်ပင် ချင်းချိုးကိုယ်ပေါ်၌ မိစ္ဆာတစေဆိုးကြီးတစ်ကောင် ပေါ်လာသည်။  ၎င်းက အင်အားတို့စုစည်းနေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ၎င်းက ပါးစပ်ကိုဖြဲကာ ကျန်းစစ်ယွင်ထံသို့ စုပ်ယူဝါးမျိုခြင်း အသွင်ပြုလိုက်သည်။

ကျန်းစစ်ယွင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး အားပြန်ဒဏ်ကြောင့် လမ်းတွင် အလိုလိုရပ်သွား၏။ သူသည် စိတ်ပူပင်လှုပ်ရှားနေပြီး ဒေါသတို့လည်း ထွက်နေ၏။ ချင်းချိုး၏ နည်းလမ်းမှာ ရိုးစင်းလှသည်။ သို့သော် ရိုးစင်းသော်လည်း အကျိုးသက်ရောက်မှုက ကြီးမား၏။

ချင်းချိုးက ထိုရပ်တန့်သွားသည့် တခဏကို အခွင့်ကောင်းယူလိုက်သည်။ သူမသည် လျို့ဝှက်အတတ်ကို အစွမ်းကုန်သုံးလိုက်ရာ သူမတကိုယ်လုံးတွင် အနီရောင်အလင်းတို့ တဖျပ်ဖျပ်တောက်ပလာသည်။ သူမ၏ ခန္ဓာကိုယ်တွင် ပုံရိပ်ယောင်များစွာ ပေါ်လာ၏။ သူမက အမြန်နှုန်းအား သွေးခုနစ်ပွက်ထွေးအန်ကာ အလဲအလှယ်လုပ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူမသည် ထိပ်ဆုံးသို့ ပြေးတက်ကာ တတိယအမိန့်တော်ဓားကို ကောက်ကိုင်လိုက်နိုင်၏။

သူမက ဓားကို လက်ထဲသို့ ဆုပ်ကိုင်လိုက်နိုင်ချိန်တွင် နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရသည်။ ၎င်းတို့တွင် ကိုယ်တွင်းအင်္ဂါအပိုင်းစအချို့ပင် ပါနေသေးသည်။ ထိုလျှို့ဝှက်အတတ်၏ ပြန်ကန်ဒဏ်သည် သူမအတွက် လွန်စွာပြင်းထန်ပုံရသည်။

ထိုအချိန်တွင် သူမတကိုယ်လုံး ဖြူဖျော့အားပျော့နေပြီး ကိုယ်ဟန်ပင် မနည်းထိန်းနေရသည်။ သူမသည် မိစ္ဆာတစေတံစဉ်းကိုသာ မြေပြင်တွင်ထောက်မှီကာ ထိန်းရပ်နေရ၏။ သူမက အားအင်ယုတ်လျော့နေသော်လည်း မျက်လုံးတို့ကတော့ စူးရှတောက်ပနေ၏။

ထိုအကြည့်အား ရွှီချင်းက တစ်နေရာရာတွင် မြင်တွေ့ဖူးခဲ့သည့်အလား ခံစားမိနေသည်။

ရွှီချင်းက ထိုရင်းနှီးမှုအား မှတ်ဉာဏ်များထဲ ရှာဖွေကြည့်နေစဉ် ကျန်းစစ်ယွင်သည် သူ ကျရှုံးသွားကြောင်း သိလိုက်ကာ ဒေါသများ ပေါက်ကွဲလာ၏။ သူက ရွှီချင်းကို စူးရဲစွာ ကြည့်သည်။ ထို့နောက် ကောင်းကင်က ဓားကိုင်တို့အား ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ရွှီချင်းက ကျွန်တော့်ကို မဟုတ်တမ်းတရားစွပ်စွဲပြီး စမ်းသပ်ပွဲထဲ ဝင်စွက်ဖက်ခဲ့ပါတယ်။ ဒီကိစ္စက…”

“ကျုပ်ညီငယ် ကိုယ်စား ကျုပ်က ဖြေရှင်းချက်ပေးပါမယ်။ ကျန်းစစ်ယွင် အားနာပါတယ်။ ဒါက နားလည်မှု လွဲသွားတာပါ။ မင်းက တကယ် လူကောင်းပါ။”

ခေါင်းဆောင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကျန်းစစ်ယွင်အား အလေးအနက် ပြန်ပြောသည်။ သူ့စကားဆုံးသည်နှင့် မောဟိုက်နေသည့် ချင်းချိုးကိုပင် လှည့်ပြောလိုက်သေးသည်။

“ရောင်းရင်း ချင်းချိုးရော ဘယ်လိုမြင်ပါသလဲ။”

ချင်းချိုးသည် ခွေးရူးနှင့် တစေလက်တို့ကို မုန်းတီးသော်လည်း ဤကိစ္စက သူမ၏ အဆင့်နေရာနှင့် သက်ဆိုင်နေသဖြင့် အေးစက်စက်ပြောလိုက်သည်။

“ကျွန်မလည်း ဒါက နားလည်မှုလွဲသွားတာလို့ ထင်ပါတယ်။ ကျန်းစစ်ယွင် တကယ်အားနာပါတယ်။ ရှင်က လူကောင်းတစ်ယောက်ဆိုတာ မှန်ပါတယ်။”

သူတို့က အားနာဝမ်းနည်းကြောင်း တောင်းပန်ပြောဆိုနေသော်လည်း ကျန်းစစ်ယွင်၏ ရင်ထဲက ဒေါသမီးတို့ကတော့ လွင့်ပြယ်ခြင်း အလျင်းမရှိပေ။ ထိုအစား ၎င်းဒေါသတို့သည် မကျေနပ်မှုကြီးအဖြစ် ပြောင်းလဲကာ သူက ဆက်ပြောရန် အားယူလိုက်သည်။

သို့ရာတွင် ကောင်းကင်ပေါ်ရှိ တောင်ပံပုံစံတန်းစီခင်း၏ ဘယ်ဘက်တောင်ပံမှ နာမည်များခေါ်ခဲ့သည့် သက်လတ်ပိုင်းလူကြီးသည် ရှေ့သို့ ထွက်လာ၏။

သူက ဓားကိုင်မဟာအကြီးအကဲကြီးအား ဦးညွှတ်လိုက်သည်။ မဟာအကြီးအကဲကြီးက အောက်တွင် ဖြစ်နေသည့် ကိစ္စတို့ကို တစ်စုံတစ်ရာမှတ်ချက်ပြုခြင်း မရှိသဖြင့် သူက မည်သို့ ဆက်သွားရမည်ကို အလိုအလျောက် နားလည်လိုက်ပြီး ဖြစ်သည်။ ထိုစဉ်က သူသည် မဟာအကြီးအကဲ၏ တာအိုပလ္လင်ရှေ့တွင် ရွှီချင်း၏ နောက်ကြောင်းတို့ကို စုံစမ်းခဲ့ရသူလည်း ဖြစ်သည်။ ထိုအချိန်က ရွှီချင်းအား ကြည့်နေသည့် မဟာအကြီးအကဲ ၏မျက်လုံးများကိုလည်း ပြန်တွေးမိသည်။

ထို့ကြောင့် သူက နောက်လှည့်ပြီး လှေကားထစ်များထံ ပြန်ကြည့်လိုက်သည်။ သူ့ပါးစပ်မှ လေးနက်သော အသံတစ်ခု ထွက်လာပြီး လောကအနှံ့ပဲ့တင်သွားသည်။

“ဓားကိုင်အကဲဖြတ်ပွဲပြီးဆုံးပါပြီ။”

သူ့အသံမြည်ဟိန်းထွက်သွားသည်နှင့် တပြိုင်နက် ရွှီချင်းတို့ သုံးယောက်မှအပ လှေကားထစ်ပေါ်ရှိ အခြားလူရိပ်များ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သူတို့အား ကြီးမားလှသော အားကြီးတစ်ခုက တည်နေရာပြောင်းရွှေ့ပေးလိုက်ကာ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားစေသည်။

ကျန်းစစ်ယွင်လည်း ထိုနည်းတူပင်ဖြစ်သည်။

သူက လက်သီးကိုသာ ပြင်းထန်စွာဆုပ်ထားလိုက်သည်။ သူ့မျက်လုံးတို့မှာ သွေးရောင်လွှမ်းနေပြီး နှလုံးအိမ်ထဲတွင်လည်း ပြင်းထန်သော အငြိုးအတေးတို့ဖြင့် ပြည့်နေသည်။ သူ့ဘေးတွင်တော့ လီယုံကျောက်တိုင်ပေါ်တွင် ရွှီချင်းအား တိုက်ခိုက်ခဲ့သော ဂိုဏ်းငယ်က လူငယ် နင်ယန်ရှိနေသည်။ သူ့မျက်နှာမှာလည်း ဖြူရော်နေပြီး ခါးသီးမှုတို့ သူ့မျက်နှာတွင် ထင်ဟပ်နေသည်။ သို့ရာတွင် သူ့မျက်လုံးတို့တွင်တော့ အားမလျှော့သော အငွေ့အသက်များ ရှိနေပါသေးသည်။

တခြားလူများလည်း ထိုနည်းတူ ဖြစ်သည်။ သူတို့၏ ခါးသီးမှုများထဲတွင် ဆန္ဒဇောအချို့ ရှိနေကြသည်။ သူတို့တွင် အခွင့်အရေးတစ်ခု ကျန်ရှိနေပါသေးသည်။

သို့ရာတွင် ထိုသူတို့က မည်မျှပင် လက်ခံရခက်ခဲကာ ခံစားချက်များ ပြင်းထန်နေသည့်တိုင် သူတို့အား မည်သူကမှ အာရုံမစိုက်ကြပေ။ လူများ၏အကြည့်အားလုံးသည် လှေကားထစ်များပေါ်သို့သာ ရောက်နေကြသည်။

ထိုနေရာတွင် ရွှီချင်း၊ ခေါင်းဆောင်နှင့် ချင်းချိုးတို့ ရှိနေသည်။

“ဒီဓားကိုင်အကဲဖြတ်ပွဲကနေ လူသုံးဦးကို ရွေးချယ်လိုက်ပြီ။ သူတို့ကတော့ ရွှီချင်း၊ ချန်အားညိုနဲ့ ချင်းချိုးတို့ပဲ ဖြစ်တယ်။ ဂုဏ်ပြုပါတယ်။”

သက်လတ်ပိုင်းလူကြီးက ထိုသို့ပြောပြီးနောက် သူက ရွှီချင်းနှင့် ကျန်နှစ်ဦးတို့အား ကြည့်လိုက်သည်။ သူ့အကြည့်သည် ရွှီချင်းထံတွင် အကြာဆုံး ဖြစ်သည်။ ထို့နောက်တွင် သူက လက်သီးများအုပ်ကာ သူတို့သုံးဦးအား ဦးညွတ်လိုက်သည်။

ထို့နောက်တွင် ပတ်ပတ်လည်ရှိဓားကိုင်များ အားလုံးလည်း တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။

ဤကား တာအိုသဘော ဦးညွှတ်ခြင်းဖြစ်သည်။ ထိုနေရာတွင် အဆင့်အတန်းခွဲခြားခြင်းဟူ၍ မရှိပေ။ ၎င်းသည် ဓားကိုင်တစ်ဦး ပိုင်ဆိုင်သင့်သည့် လေးစားမှုကို ဖော်ညွန်းခြင်း ဖြစ်သည်။

ရွှီချင်းနှင့် ကျန်နှစ်ဦးတို့ကလည်း ကောင်းကင်က ဓားကိုင်များအား လေးနက်စွာ ပြန်လည်ဦးညွှတ်လိုက်ကြသည်။

“ဒီနေ့ကစပြီး မင်းတို့သုံးဦးဟာ တရားဝင်ဓားကိုင်တွေ ဖြစ်လာကြပြီ။”

သက်လတ်ပိုင်းလူကြီးက တည်ငြိမ်စွာပြောလိုက်သည်။

“ဓားကိုင်ရုံးတော်အဆုံးအဖြတ်အရ လူသားတပည့်နင်ယန်အတွက် ချွင်းချက်တစ်ခု ခွင့်ပြုပေးပြီး တဝက်ဓားကိုင်တစ်ဦးအဖြစ် ခန့်အပ်သွားမယ်။ သူဟာ အထက်ဒေသက ဓားကိုင်နန်းတော်မှာ လေ့ကျင့်မှု သွားလုပ်ခွင့်ရမယ်။ တကယ်လို့ အောင်မြင်ရင် အမိန့်တော်ဓားကို ကိုင်ဆောင်ခွင့်ရပြီး တရားဝင်ဓားကိုင်တစ်ဦး ဖြစ်လာမှာဖြစ်တယ်။”

“ဓားကိုင်နန်းတော်ရဲ့ အမိန့်အရ လူသားတပည့် ကျန်းစစ်ယွင်က ဓားကိုင်ဖြစ်လာရန် စမ်းသပ်ပွဲကနေ ကင်းလွတ်ခွင့်ရတယ်။ ဒါပေမဲ့ ယင်ဟွမ်‌ဒေသကြီးမှာ ဓားသုံးလက်ပဲ ရှိနေတယ်။ မင်းဟာ ဖုန်းဟိုင်ဒေသက ဓားကိုင်နန်းတော်ကို သွားပြီး အမိန့်တော်ဓားတစ်လက် ကိုယ်တိုင် သွားရောက်တောင်းခံရမှာဖြစ်တယ်။”

“ဒီတော့ မင်းတို့နှစ်ဦး ရှေ့တက်နိုင်ပြီ။”

သူ့စကားဆုံးသည်နှင့် နင်ယန်က ချက်ချင်းရှေ့က လှေကားထစ်ပေါ်သို့ ခုန်တက်လိုက်သည်။ သူက ပြေးနေရင် မျက်လုံးများတွင် ပြင်းထန်သော အလင်းတို့ လက်နေသည်။ သူ့အသက်ရှူသံတို့က လျင်မြန်နေပြီး သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်နေသည်။

အားလုံး၏ စိတ်တို့ လှုပ်ရှားသွားသည်။ အခြားသော ပြိုင်ပွဲဝင်တို့ကတော့ လက်မှိုင်ချကာ သက်ပြင်းများချနေကြသည်။

သူတို့စောင့်နေကြသည်က ဤချွင်းချက်အခွင့်အရေးပင်ဖြစ်သည်။ ဓားကိုင်အကဲဖြတ်ပွဲ ကျင်းပချိန်တိုင်းတွင် ဤသို့သော ချွင်းချက်မျိုး ရှိတတ်ပေသည်။

တဝက်ဓားကိုင်များအားလုံး တရားဝင်ဓားကိုင်ဖြစ်လာသည် မဟုတ်သော်လည်း အခွင့်အရေးတစ်ခုတော့ ဖြစ်နေသေးသည် မဟုတ်ပါလား။

ကျန်းစစ်ယွင်တစ်ယောက်သာ အငြိုးအတေးတို့ နှလုံးအိမ်ထဲ ပြည့်နေလျက်ရှိနေသည်။ ထိုအချိန်တွင် သူသည် ရှေ့သို့ လှမ်းလိုက်ပြီး လှေကားထစ်များပေါ်သို့ ခုန်တက်လိုက်သည်။ သူနှင့် နင်ယန်တို့သည် ရှေ့ဆင့်နောင်ဆင့် ထိပ်ဆုံးသို့ရောက်လာကြသည်။ သို့ရာတွင် သူ့နေရာကတော့ အစွန်အဖျားသို့ ရောက်နေပြီ ဖြစ်သည်။

ရွှီချင်းက တည်ငြိမ်စွာဖြင့် ဘေးသို့ လှည့်လိုက်ပြီး နင်ယန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူ့အကြည့်အောက်တွင် နင်ယန်မှာ ခေါင်းငုံ့သွားပြီး စိတ်တို့လည်း လှုပ်ရှားသွားရသည်။ သူ့ပျော်ရွှင်မှုများအားလုံးသည် ရေအေးဖြင့် ငြိမ်းသက်လိုက်သည့်အလား ထိုခဏ၌ သူသည် ရွှီချင်းနှင့် အကြည့်ချင်းပင် မဆုံဝင့်နိုင်အောင် ကြောက်လန့်နေ၏။

ရွှီချင်းက သူ့အကြည့်တို့ ပြန်လွှဲလိုက်ပြီး ကျန်းစစ်ယွင်ကို ကြည့်လိုက်သည်။ သူမြင်နိုင်သည်ကတော့ ကျန်းစစ်ယွင်၏ မျက်လုံးများထဲက အေးစက်မှုတို့ဖြစ်သည်။

ရွှီချင်းကတော့ ဟန်မပျက် ကောင်းကင်သို့ အကြည့်တို့ ပြန်လွှဲလိုက်ပြီး ထိုအစဉ်အလာပွဲတော် ပြီးဆုံးရန်ကိုသာ စောင့်နေလိုက်သည်။

“အခုမင်းတို့ ငါးဦးက ဓားကိုင်အားလုံးရဲ့ မျက်မှောက်မှာ အင်ပါယာရုပ်တုရှေ့ကို လျှောက်သွားပြီး ဓားကိုင်နှလုံးသစ္စာစစ်ဆေးမှုကို ခံယူပြီး အင်ပါယာရဲ့ ကောင်းချီးပေးမှုကို ခံယူကြပါ။”

သက်လတ်ပိုင်းလူကြီးအသံသည် ဖြည်းညင်းစွာ မြည်ဟိန်းထွက်လာပြီး ထိုအချိန်တွင် လေးနက်မှုတို့က ပို၍ပြင်းထန်လာ၏။

ထိုအပိုင်းသည် ဓားကိုင်များအတွက် အလွန်ပင် အရေးကြီးနေသည့်ပုံစံ ဖြစ်သည်။

“ဒါက ဓားကိုင်တစ်ဦးဖြစ်လာဖို့ နောက်ဆုံးနဲ့ အဓိကလိုအပ်တဲ့ အပိုင်းတစ်ခုဖြစ်တယ်။ မင်းတို့ စိတ်အာရုံအပြည့်အဝ စူးစိုက်ထားဖို့ လိုတယ်။ အင်ပါယာရဲ့ မေးခွန်းကို စိတ်ရင်းနဲ့ ဖြေဆိုပါ။”

“မင်းတို့ရဲ့အဖြေကို ငါတို့ ကြားသိနိုင်မှာ မဟုတ်ပါဘူး။ မင်းတို့ကိုယ်တိုင်နဲ့ အင်ပါယာပဲ သိနိုင်မှာ ဖြစ်တယ်။ မဟာအင်ပါယာရုပ်တုက မင်းတို့အဖြေကို လိုက်ပြီး အလင်းထုတ်လွှတ်မှာဖြစ်တယ်။”

“ဒီအလင်းရဲ့ အမြင့်က မင်းတို့ရဲ့အဖြေကို အင်ပါယာက ဘယ်လောက်အထိ အသိအမှတ်ပြုတယ်ဆိုတာကို ကိုယ်စားပြုတယ်။ ရှေးခေတ်ကတည်းက ငါတို့ ယင်ဟွမ်ဒေသကြီးမှာ အနည်းဆုံးအလင်းရတဲ့ ဓားကိုင်ဟာ ပေခြောက်ရာအလင်းဖြစ်တယ်။ အမြင့်ဆုံးကတော့ ပေတစ်သောင်းဖြစ်တယ်။”

သက်လတ်ပိုင်းကျင့်ကြံသူ၏ အသံက မြည်ဟိန်းထွက်သွားပြီးနောက် ခေါင်းဆောင်က ရွှီချင်းအား မျက်လုံးမှိတ်ပြလိုက်သည်။ ဤလေးနက်လှသည့် အချိန်တွင်ပင် သူက အတင့်ရဲစွာ ရွှီချင်းထံ အသံပို့လွှတ်လိုက်သေးသည်။

“ချင်းလေး ငါ ဒီအဆင့်အကြောင်းကို သိတယ်။ ဒါက ကောင်းချီးပေးတာလို့ပြောပေမဲ့ တကယ်က အာရုံလွှဲနည်းတစ်ခုပဲ။”

“မင်းကို ပြောပြမယ်။ ဒီအဆင့်အတွက် ရည်ရွယ်ချက်က နှစ်ခုရှိတယ်။ တစ်ခုက မင်းဟာ တကယ် လူသားဖြစ်ရဲ့လားဆိုတာ စစ်ဆေးဖို့ဖြစ်တယ်။ ဒုတိယက ကျမ်းသစ္စာဆိုဖို့ပဲ။ အင်ပါယာရုပ်တုက မေးခွန်းထုတ်တဲ့ အချိန်မှာတော့ ငါတို့က စိတ်ကြိုက်ကြွားပြောရုံပဲ။”

“ဒီရလဒ်က ငါတို့ရဲ့ ဓားကိုင်နေရာအပေါ် သက်ရောက်မှုမရှိဘူး။ ဆုလဒ်လည်း မရှိဘူး။ အလွန်ဆုံး ဂုဏ်နာမည်ရယုံပဲရှိမယ်။”

“ဒါပေမဲ့ မင်းက ဘယ်လိုကြွားပြောရမလဲဆိုတာတော့ သေချာစဉ်းစားထားရဦးမယ်။ ငါတို့ကို သက်ရောက်မှုမရှိဘူးဆိုပေမဲ့ ငါတို့ အကြောင်းမှတ်တမ်းတွေထဲမှာ ရေးထည့်ထားမယ်လို့တော့ ကြားဖူးတယ်။ နောက်ပိုင်းအဆင့်တိုးလာချိန်မှာ အသုံးဝင်လာနိုင်ချေရှိတယ်တဲ့။”

“ဒီတော့ မင်းသေချာစဉ်းစားရမယ်။ ငါကတော့ မတူဘူး။”

“ငါက ဒီကိစ္စအတွက် ဟိုးအကြာကြီးကတည်းက ကြိုပြင်ဆင်ထားခဲ့ပြီးသား။ ငါယင်ဟွမ်ဒေသကြီးကို စရောက်လာခဲ့ချိန်ကတည်းက ငွေအတော်သုံးပြီး အင်ပါယာ နှစ်ထောင်ချီကြာ မေးခဲ့သမျှမေးခွန်းတွေအားလုံးကို ဝယ်ခဲ့ပြီးသွားပြီ။ အခြားဒေသကြီးက မေးခွန်းတွေတောင် ဝယ်ခဲ့သေးတယ်။ အမေးများဆုံးမေးခွန်း ၁၇၈၉ခု ရှိတယ်။”

“အဲဒီအချိန်ကတည်းက မင်းရဲ့ အစ်ကိုကြီးဆုံးဖြစ်တဲ့ ငါက အဖြေတွေ စဉ်းစားလာခဲ့တာပဲ။ ငါက အဖြေတွေအားလုံး အလွတ်မှတ်ထားခဲ့ပြီး အဖြေတစ်ခုချင်းစီက လုံးဝပြီးပြည့်စုံပြီးသားပဲ။”

“ဟင်း… မင်းက အစောပိုင်းမှာ အနိုင်ရခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါက အမြင့်ဆုံးအလင်းတန်းရဖို့ ကြိုတင်သတ်မှတ်ထားပြီးသားပဲ”

ခေါင်းဆောင်က ကျေနပ်နေဟန်ဖြင့် ရွှီချင်းထံသို့ လွန်စွာဉာဏ်ကောင်း အမြော်အမြင်ကြီးဟန် မျက်ခုံးပင့်ပြနေသည်။

ရွှီချင်းကတော့ လစ်လျူရှုနေလိုက်သည်။

သူက အလင်းတန်း၏ အမြင့်ကို ဂရုမစိုက်ပေ။ သူ့ဓားကိုင်အဖြစ် နေရာကို သက်ရောက်မှုမရှိသလို ဆုလဒ်လည်း မရှိပေ။ သာမန်ဂုဏ်နာမည်အခွံသက်သက်သာ ဖြစ်နေလျှင် သူက စိတ်ထဲရှိသမျှကိုသာ ဖြေလိုက်တော့မည်။

ရွှီချင်းက ထိုသို့စဉ်းစားနေစဉ် ကောင်းကင်မှ လေးနက်သော အသံကြီးမြည်ဟိန်းလာသည်။

“အားလုံး ရှေ့ပေတစ်ထောင်နေရာသို့ တက်လိုက်ကြ။”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ရှေ့တက်လိုက်သည်။ ကျန်သူများလည်း ထိုနည်းတူပင် ပေတစ်ထောင်တက်လိုက်ကြပြီး အင်ပါယာရုပ်တုနှင့် ပို၍နီးကပ်သောနေရာသို့ ရောက်လာကြ၏။

All Chapters