နတ်ဘုရား၏ ကိုယ်ခန္ဓာ
Vol. 32 Ch. 480
ထိုနှလုံးသစ္စာစစ်ဆေးမှုသည် ခေါင်းဆောင်ပြောသည့်အတိုင်းလည်း ဟုတ်မှန်ပေသည်။ ၎င်းသည် ဓားကိုင်သူသစ္စာဆိုရန် အခြားသော နည်းတစ်မျိုး ဖြစ်သည်။
အင်ပါယာရှေ့တွင် သူတို့က အင်ပါယာရုပ်တု၏ မေးခွန်းကို ဖြေရပေမည်။ ထိုလုပ်ငန်းစဉ်မှာ သူတို့၏ မျိုးနွယ်ကို အတည်ပြုရန်ဖြစ်သလို စိတ်နှလုံးကို စစ်ဆေးခြင်းလည်း ဖြစ်သည်။
ထိုစစ်ဆေးမှုသည် အရေးမကြီးသလို စစ်ဆေးမှုကို မအောင်မြင်ပါကလည်း ဓားကိုင်ဖြစ်ခြင်းအပေါ် ထိခိုက်နိုင်မည် မဟုတ်ပါ။
သို့ရာတွင် နှလုံးသစ္စာစစ်ဆေးမှုမှ ထုတ်လွှတ်သည့် အလင်းသည် နောင်တွင် ရာထူးတိုးခြင်းနှင့် အလေးပေးခံရခြင်းတို့အတွက် တစ်နည်းတစ်ဖုံ ပတ်သက်နေရာ အရေးကြီးသည်ဟုလည်း သတ်မှတ်နိုင်သည်။
ထိုစစ်ဆေးမှုအား ဟန်ဆောင်ဖုံးကွယ်၍ မရနိုင်ခြင်း မဟုတ်သော်လည်း ဦးစွာ အင်ပါယာရုပ်တုကို လှည့်ဖျားနိုင်သည့်အစွမ်းတော့ ရှိရပေမည်။
အင်ပါယာရုပ်တုသည် ကွယ်လွန်ပြီးသော အစစ်အမှန်အင်ပါယာကိုယ်တိုင် မဟုတ်သည့်တိုင် နန်းမြို့တော်တွင် တည်ထားသော ပင်မရုပ်တု၏ အဓိကကိုယ်ထည်သည် အင်ပါယာ၏ နတ်ဝိညာဉ်တစ်စမှ ဖြစ်တည်လာခြင်းဖြစ်သည်။ တခြားသော အင်ပါယာရုပ်တုများနှင့်အတူ နှစ်ကာလပေါင်းများစွာကြာမြင့်အောင် လူသားတို့၏ ကိုးကွယ်ပူဇော်မှုကို ခံယူလာပြီးနောက်တွင် ၎င်းတို့သည် အံ့မခန်းသော အစွမ်းများအား ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။
ထို့ကြောင့် အင်ပါယာရုပ်တုသည် လူသားမျိုးနွယ်များထဲတွင် နတ်ဘုရားတစ်ပါးအလား ဓားကိုင်တို့၏ သက်သေတိုင်တည်စရာတစ်ခု ဖြစ်လာ၏။
ထိုအချိန်တွင် ရွှီချင်းနှင့် အခြားသောသူတို့သည် ပေတစ်ထောင် အမြင့်သို့ တက်လှမ်းလာကြပြီးဖြစ်ကာ အင်ပါယာရုပ်တု၏ ဖိအားများအောက်တွင် နှလုံးသစ္စာစစ်ဆေးမှုကို စတင်ကြသည်။
ပထမဆုံးမေးခွန်းထုတ်ခံရသူမှာ ရွှီချင်းမဟုတ်ဘဲ ချင်းချိုးဖြစ်သည်။
ထိုရုပ်တု၏ နဖူးအလယ်မှ သက်တံ့အလင်းတစ်ခုထွက်လာပြီး ချင်းချိုးအား ဖုံးလွှမ်းလိုက်သည်ကို အားလုံး မြင်ကြရသည်။
ထိုဖြစ်စဉ်သည် အောက်ဘက်ရှိ လူပေါင်းထောင်ချီတို့၏ အာရုံကို ဖမ်းစားသွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်ရှိ ဓားကိုင်များအားလုံးကလည်း လှမ်းကြည့်ကြ၏။ ချင်းချိုး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။ တံစဉ်းပေါ်က မိစ္ဆာတစေလည်း တုန်ယင်လာသည်။ ၎င်းသည် မျက်လုံးများအား တင်းတင်းပိတ်ထားပြီး အလောတကြီး ဖွင့်ကြည့်ရဲခြင်း မရှိပေ။
သူ့ခန္ဓာကိုယ်ပေါ်သို့ နတ်အာရုံကြီးတစ်ခု ကျရောက်လာသည်ကို တစေက ခံစားလိုက်ရသည်။ ထို့နောက် မိစ္ဆာတလေကို လျစ်လျူရှုကာ ချင်းချိုး အပေါ်သို့သာ အာရုံစိုက်သွားသည်။
ထိုနတ်အာရုံမှာ ထည်ဝါကြီးမြတ်လွန်းပြီး အပြင်လူများ အာရုံခံနိုင်ခြင်း မရှိသော်လည်း ထိုတစေကတော့ ကောင်းစွာ ခံစားမိသည်။
ထိုအချိန်တွင် ချင်းချိုး၏ ရှေ့၌ ကျယ်ပြန့်သော ကြယ်တာရာကောင်းကင်ပြင် တစ်ခုပေါ်လာသည်။ သူမ ပထမဆုံး မြင်တွေ့လိုက်သည်ကား အပေါ်တွင်ရှိနေသည့် တောက်ပလင်းလက်နေသည့် အလင်းပင်လယ်ကြီးတစ်ခု ဖြစ်သည်။
ထိုအလင်းပင်လယ်ကြီးသည် သူမ၏ အာရုံအားလုံးကို ဖမ်းစားလိုက်သဖြင့် ကြယ်တာရာကောင်းကင်အောက်ဘက်သို့ ချက်ချင်းမကြည့်နိုင် ဖြစ်သွားသည်။
ထိုအစား သူမသည် အပေါ်က အလင်းတို့ကို ကြည့်လိုက်သည်။ ထိုအလင်းများထဲတွင် မြင့်မြတ်သန့်စင်သော ပုံရိပ်တော်တစ်ခုကို မှုန်ဝါးဝါး မြင်တွေ့နိုင်၏။
ထိုပုံရိပ်တော်ရှေ့တွင် သူမသည် တုယှဉ်မရနိုင်လောက်သော သေးနုတ်မှုကို ခံစားရ၏။ ထိုမြင်ကွင်းတွင် သူမမှာ တွေဝေမိန်းမောနေမိနေသည်။ သို့ရာတွင် မကြာခင် သူမ၏ စိတ်ဓာတ်ခိုင်မာမှုတို့ဖြင့် မျက်လုံးတို့မှာ ပြန်လည်ကြည်လင်ရှင်းလင်းလာ၏။
ထိုအချိန်တွင် သူမနားထဲ၌ သိမ်မွေ့သော အသံတစ်ခု တိုးညင်းစွာ ထွက်ပေါ်လာသည်။
“ကလေးမလေး စိတ်မလှုပ်ရှားနဲ့။ နတ်ဘုရားတစ်ပါးဆိုတာ ဘာလို့ထင်လဲ ငါ့ကို ပြောကြည့်ပါ။”
ချင်းချိုး မှင်တက်မိသွားသည်။ ထိုအသံ၏ သိမ်မွေ့မှုသည် သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။
အင်ပါယာရုပ်တု၏ တည်ကြည်မှုနှင့်ဆိုလျှင် သူ့အသံသည် တည်ကြည်ထည်ဝါမှုတို့ဖြင့် ပြည့်နေမည်ဟု သူမ တွေးထင်ထားသည်။ ထိုအသံက အလွန်တရာ ရင်းနှီးဖော်ရွေနေမည်ဟု မထင်ထားပေ။
ချင်းချိုးက ခဏတာမျှ တွေဝေသွားသည်။ ထိုအချိန်တွင် သူမ၏ စိတ်တို့ တဖြည်းဖြည်းပေါ့ပါးလှုပ်ရှားလာပြီး ပုံရိပ်မြင်ကွင်းအချို့ ခပ်ရိပ်ရိပ်ပေါ်လာသည်။
ထိုမြင်ကွင်းတို့တွင် သူမမျက်လုံးတို့ ရှုပ်ထွေးလာကြသည်။ သူမက စိတ်နှလုံးထဲတွင် အဖြေတစ်ခု ပေါ်လာသည်ကို ခပ်ရိပ်ရိပ်ခံစားလိုက်မိပြီး ထုတ်ဖော်ပြောချင်စိတ်တို့ ပြင်းပြလာမိသည်။
သူမက ချုပ်တည်းမထားနိုင်ခြင်းတော့ မဟုတ်ပေ။ သို့သော် ထိုသိမ်မွေ့သည့် အသံက သူမအား ထုတ်ပြောလျှင်လည်း ပြဿနာ မရှိကြောင်း ခံစားချက်တို့ ပေးနေသည်။ ထို့ကြောင့် သူမက ခပ်ဖွဖွပြောလိုက်သည်။
“နတ်ဘုရားဆိုတာ ဘာလဲ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ပြဿနာလည်း မရှိပါဘူး။ အခွင့်အရေးရရင်တော့ သူ့ကို အသေခံပြီး တိုက်ခိုက်သွားမှာပါ။”
ထိုစကားတို့ ပြောထွက်လိုက်သည်နှင့် ကြင်နာမှုတို့ ပြည့်နေသည့် ရယ်သံတစ်ခုကို သူမ ကြားလိုက်ရဟန်ရှိသည်။
“မင်းသတ္တိကတော့ တကယ့်ကို ချီးကျူးစရာပဲ။”
ရယ်သံသည် ပဲ့တင်ထပ်သွားပြီး သူမရှေ့က ကြယ်တာရာကောင်းကင်သည်လည်း ပြယ်လွင့်သွားသည်။ သူမမှာ ပြင်ပလောကသို့ ပြန်လည်ရောက်ရှိလာကြောင်း ခံစားလိုက်ရချိန်တွင်တော့ အင်ပါယာရုပ်ထုရှေ့၌ ရပ်နေသည့် သူမသည် ရှေ့က ရုပ်တုတွင် တဖျပ်ဖျပ်လက်နေသည့် အလင်းတစ်ခု ထုတ်လွှတ်သည်ကို တွေ့မြင်လိုက်ရ၏။
ထိုအလင်းသည် ချက်ချင်းပင် ပေငါးထောင်ကျော်အထိ မြင့်တက်လာပြီး ဆက်၍ မြင့်တက်လာနေသည်။ ထို့နောက် အလင်းသည် ပေတစ်သောင်းအထိ မြင့်လာပြီး နောက်ဆုံး ပေသောင်းတစ်ထောင်နေရာသို့ ရောက်မှ ရပ်တန့်သွားသည်။
ပေတစ်သောင်းတစ်ထောင်မြင့်သော အလင်းတန်းကြီးသည် ကောင်းကင်အား အလင်းများ ဖြန့်ကျက်ထား၏။
ကောင်းကင်ရှိ ဓားကိုင်များအားလုံး လှမ်းကြည့်လိုက်ကြသည်။ အစီအစဉ် ကြေညာသည့် သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများထဲတွင် ချီးကျူးသည့် အငွေ့အသက်များ ထင်ဟပ်လာသည်။ အတိအကျဆိုရလျှင် ဓားကိုင်အကြီးအကဲကိုးဦးလုံးကလည်း ချင်းချိုးအား စိုက်ကြည့်နေကြ၏။
ပထမဆုံးမေးခွန်းထုတ်ခံရသူ ချင်းချိုးသည် ပေတစ်သောင်းတစ်ထောင်အလင်းအား ရရှိ၏။ သူမသည် ယင်ဟွမ်ဒေသကြီး၏ စံချိန်ကို ချိုးနိုင်ခြင်း မရှိသော်လည်း ပေတစ်သောင်းတစ်ထောင် အလင်းတန်းကို တွေ့မြင်ရခြင်းမှာ ရှားပါးဖြစ်ရပ် ဖြစ်သည်။ သူမက အဖြေကို စိတ်ထဲတွင်ရှိသည့်အတိုင်း လေးနက်ခိုင်မာစွာဖြေဆိုခြင်းဖြစ်ကြောင်း သိသာစေသည်။
“ဒီကလေးမက မဆိုးဘူးပဲ။”
“သူက မျိုးစေ့ကောင်းပဲ။ ငါတို့ ယင်ဟွမ်ဒေသကြီးက အရင်းအမြစ်တွေသုံးပြီး သူ့ကို ပျိုးထောင်ပေးဖို့ သင့်တော်တယ်။ ဒီလိုအလင်းတန်းအမြင့်နဲ့ဆို သူဟာ နောက်ပိုင်း ဒီနယ်မြေရဲ့ တန်ဖိုးထားခံရသူ ဖြစ်လာနိုင်တယ်။”
ရွှီချင်းကလည်း ချင်းချိုးအား ထပ်မံကြည့်လိုက်သည်။ ဘေးက ခေါင်းဆောင်ကတော့ အံ့အားသင့်သွားဟန်ရသည်။ ထို့နောက်တွင် သူသည် သူ ပြင်ဆင်ထားပြီးသော မေးခွန်းနှင့် အဖြေတို့ကို စဉ်းစားလိုက်ပြီးနောက် ပြန်လည်တည်ငြိမ်လာပြန်သည်။
ထို့နောက်တွင် ဒုတိယ မေးခွန်းထုတ်ခြင်း စတင်လာပြန်သည်။ အင်ပါယာရုပ်တု၏ နဖူးက သက်တံ့အလင်းသည် ချင်းချိုးထံမှ ဖယ်ခွာလာပြီး လူငယ်နင်ယန်ထံသို့ ခြုံလွှမ်းလာ၏။
မေးခွန်းထုတ်ခံရခြင်းသည် အစီအစဉ်မရှိကြောင်း ထင်ရှားသည်။ အရာအားလုံးမှာ မဟာအင်ပါယာရုပ်တု၏ စိတ်အလိုအပေါ်တွင်သာ မူတည်သည်။
မကြာမီ ကြယ်တာရာကောင်းကင်ကြီးသည် နင်ယန်၏ ရှေ့၌ ပေါ်လာပြန်၏။ သူသည် စိတ်လှုပ်ရှားနေသော်လည်း အတော်လေး တက်ကြွနေသည်။ ထိုအချိန်တွင် သူက အလိုအလျောက် ခေါင်းမော့လိုက်သည်။
“ကောင်လေး၊ နတ်ဘုရားဆိုတာ ဘာလဲ။ ငါ့ကိုပြောပါ။”
သိမ်မွေ့သော အသံသည် နင်ယန်၏ နားထဲသို့ ပဲ့တင်လာသည်။
နင်ယန်ကတော့ ချင်းချိုးကဲ့သို့ စဉ်းစားတွေဝေခြင်း မရှိပေ။ သူ့မျက်လုံးတို့သည် စူးရှနေပြီး ကိုးကွယ်ယုံကြည်မှုအပြည့်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“နတ်ဘုရားဆိုတာ ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ မဟာရန်သူတော်ကြီးပါပဲ။ သူ့ကို မျိုးနွယ်အားလုံးက မုန်းတီးနေကြပြီး သူကလည်း သက်ရှိတွေရဲ့ဘဝကို ပင်ပန်းဆင်းရဲအောင်လုပ်ပါတယ်။ သူဟာ သက်ရှိအားလုံးရဲ့ အငြိုးအတေးအားလုံးအတွက် မြစ်ဖျားခံရာဇစ်မြစ် ဖြစ်ပါတယ်။”
သူက များများစားစား ပြောသည်တော့ မဟုတ်ပေ။ သို့သော် သူပြောလိုက်သော စကားများမှာ သူငယ်ရွယ်စဉ်ကတည်းက ဂိုဏ်းထဲတွင် သင်ကြားလာရခြင်းများဖြစ်သည်။ ညံဖျင်းသည့် အဖြေဟု မဆိုနိုင်သော်လည်း အဖြေကောင်းဟုလည်း မဆိုနိုင်ပေ။ ၎င်းသည် သာမန်မျှသာ ဖြစ်ပြီး သူ့ကိုယ်ပိုင်အတွေးများလည်း မဟုတ်ကြောင်း ထင်ရှားနေ၏။
ထို့ကြောင့် သူ့စကားဆုံးသည်နှင့် သူသည် ပြင်ပလောကသို့ ပြန်ရောက်လာပြီး အင်ပါယာရုပ်တုထံမှ ပေခြောက်ရာအလင်း ထုတ်လွှတ်သည်ကို တွေ့မြင်လိုက်ရ၏။
ထိုအလင်းက ချင်းချိုးအား ယှဉ်နိုင်ခြင်း အလျင်းမရှိပေ။ နင်ယန်မှာ မှင်တက်အံ့သြသွားသည်။ သူ့အဖြေသည် မည်သည့်နေရာတွင် မှားနေကြောင်း သူ နားမလည်ပေ။
သူက အဖြေမှန်ဟု ခံစားမိနေသော်လည်း အလင်းနှစ်ခုကြားတွင် ကွာခြားမှုက ကြီးမားလွန်းနေသည်။ ထိုအချက်တွင် သူပဟေဠိဖြစ်နေပြီး ချင်းချိုးအား စိုက်ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏အဖြေကို သိချင်စိတ်များ ပြင်းပြနေသည်။
ကောင်းကင်ရှိ ဓားကိုင်များ၏ မျက်နှာအမူအရာတို့ကတော့ သာမန်သာ ဖြစ်သည်။ အမှန်တကယ်အားဖြင့် ပေခြောက်ရာအလင်းသည် အများစု ရတတ်သော ပမာဏဖြစ်သည်။ အဖြေသည် အောင်မှတ်ရသည်ဟု သတ်မှတ်နိုင်၏။
သို့ရာတွင် ခေါင်းဆောင်ကတော့ ကျိတ်လှောင်နေသည်။ ထိုအလင်းမှာ ပေခြောက်ရာမျှသာ ရှိနေသည်။ သူသည် ပေသောင်းချီသို့ ရောက်ရှိနိုင်မည်ဟု စိတ်ထဲတွင် ကျိတ်တွေးနေ၏။ ထိုအတွေးဖြင့် သူက အင်ပါယာရုပ်တုအား ဆန္ဒဇောကြီးစွာ ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သက်တံ့အလင်းသည် ခေါင်းဆောင်ပေါ်သို့ ကျရောက်လာသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူမျက်လုံးတို့တွင် လှုပ်ရှားတက်ကြွမှုတို့ ထင်ဟပ်လာသည်။ သူ့မျက်နှာအမူအရာကလည်း ကျေနပ်အားရဟန်ဖြစ်နေသည်။ သို့ရာတွင် သူ့လုပ်ငန်းစဉ်ကတော့ တိုတောင်းလွန်းနေသည်။ နှစ်စက္ကန့်မျှသာ ကြာသေးချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်က သက်တံ့အလင်းတို့ ပျက်ပြယ်သွားသည်။
သူ့ရှေ့တွင် ရပ်နေသည့် အင်ပါယာရုပ်တုကတော့ လှုပ်ရှားခြင်း အလျင်းမရှိသလို အလင်းတို့လည်း ထုတ်လွှတ်ခြင်းမပြုပေ။
ခေါင်းဆောင် မှင်တက်မိနေသည်။
ရွှီချင်းက မျက်တောင်ပေကလပ်ဖြင့် ခေါင်းဆောင်အား တအံ့တသြ ကြည့်လိုက်သည်။
ချင်းချိုးကလည်း သံသယဖြစ်ဟန်ဖြင့် ကြည့်သည်။ နင်ယန်သည်လည်း အံ့သြမှင်တက်နေ၏။
ကောင်းကင်ရှိ ဓားကိုင်များအားလုံးကလည်း ထူးဆန်းသည့် အမူအရာများ ဖြစ်နေကြသည်။ ဓားကိုင်အကြီးအကဲကိုးဦးလုံး၏ အကြည့်တို့ကလည်း ချက်ချင်းစူးရှလာသည်။
“အလင်းမရှိဘူးဆိုရင် သူက လူမဟုတ်ဘူးလို့ အဓိပ္ပာယ်ရတယ်။”
အလယ်ရှိ ဓားကိုင်မဟာအကြီးအကဲက အောက်သို့ ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင် နေရာတစ်ခုလုံးတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့တို့ ပေါက်ကွဲထွက်လာကြသည်။ သို့သော် ၎င်းတို့က အောက်သို့ ကျရောက်လာခြင်းတော့ မရှိပေ။
အကြောင်းကား ထိုသို့ ဖြစ်ရပ်မျိုး ယခင်ကလည်း ဖြစ်ဖူးသောကြောင့်ပင်။ အလင်းလုံးဝ ထွက်ပေါ်ခြင်းမရှိခြင်းသည် လူသားမဟုတ်ဟု အဓိပ္ပာယ်ရသည်။ သို့ရာတွင် သူတို့ ပဟေဠိဖြစ်နေရသည်မှာ ယခင်က အလားတူဖြစ်ရပ်တို့တွင် နှလုံးသစ္စာစစ်ဆေးမှုခံယူသူသည် တစ်ခါတည်း ရှင်းလင်းသုတ်သင်ခံရလေ့ရှိ၏။
သို့သော် ယခုတွင်တော့ ချန်အားညိုသည် ထိုနေရာတွင် လုံခြုံစွာ ရပ်နေနိုင်ဆဲ ဖြစ်သည်။
ထိုအချက်ကြောင့်ပင် သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာသည့်တိုင် ကျရောက်မလာရခြင်း ဖြစ်သည်။
“မဟုတ်ပါဘူး။ ကျွန်တော်က လူသားပါ။ ကျွန်တော့်အဖြေကလည်း အရမ်းကောင်းပါတယ်။ ပြီးတော့ အင်ပါယာကလည်း ကျွန်တော့်ကို အရမ်းသဘောကျပါတယ်။ အစပိုင်းမှာ သူက ချစ်စနိုးနဲ့ ကောင်စုတ်လေးလို့တောင် ခေါ်လိုက်ပါသေးတယ်။”
ခေါင်းဆောင်က အင်ပါယာရုပ်တုကို ကြည့်ရင် အနည်းငယ် စိတ်ပူပင်လှုပ်ရှားလာသည်။
ရွှီချင်းလည်း စိတ်ပူပင်လာသည်။
နောက်တွင် လေထုတစ်ခုလုံးအံ့မှိုင်းလာချိန်၌ မဟာအင်ပါယာရုပ်တုက ဆယ်ပေမြင့်သော အလင်းတစ်ခု ထုတ်လွှတ်လာသည်။
ဆယ်ပေ…
ခေါင်းဆောင် မှင်တက်မိသွားသည်။
ရွှီချင်းလည်း မယုံနိုင် ဖြစ်သွားမိသည်။ ထိုဆယ်ပေအလင်းသည်ပင် စိတ်မပါဘဲ ထုတ်လွှတ်လာခြင်းဖြစ်ကြောင်း သူ ခံစားမိသည်။ ထိုအလင်းက ခေါင်းဆောင်သည် လူသားဖြစ်ကြောင်း သက်သေပြရန် အချက်ပြဟန်သာ ပြုခြင်းဖြစ်သည်။
ကောင်းကင်က သတ်ဖြတ်လိုစိတ်တို့ ပျက်ပြယ်သွားသည်။ သို့သော် ဓားကိုင်အားလုံးတို့သည် ထူးဆန်းသော ဟန်မူရာတို့ ဖြစ်နေကြသည်။ ဓားကိုင်အကြီးအကဲကိုးဦးလုံးလည်း ထိုနည်းတူပင်ဖြစ်သည်။ သူတို့က ဆယ်ပေသာရှိသည့် အလင်းကို မြင်တွေ့ခဲ့ဖူးခြင်းမရှိသေးပေ။
“ဒီကလေးက ဘာအဖြေများပေးလိုက်လို့ပါလိမ့်။”
“ဒီကိစ္စသာ ပြန့်သွားရင် အရမ်းအရှက်ရစရာ ဖြစ်တော့မှာပဲ။ ငါတို့ ယင်ဟွမ်ဒေသကြီးက နလုံးသစ္စာစစ်ဆေးမှုမှာ ဆယ်ပေအလင်းရသူတစ်ယောက် ပေါ်ထွက်လာတာပဲ။”
“သူ့ကို အကြောင်းတစ်ခုခုရှာပြီး ထုတ်ပယ်လိုက်ရင် ကောင်းမလား။”
ခေါင်းဆောင်သည် ဆယ်ပေအလင်းကို ကြည့်ပြီး မကျေမနပ် ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် စိတ်လက်ပေါ့ပါးသွားကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ ထိုခဏအတွင်း ထွက်လာသည့် ကောင်းကင်က သတ်ဖြတ်လိုစိတ်တို့မှာလည်း သူ့အား တကယ်သတ်ခံရတော့မည်ဟု ခံစားချက်မျိုး ဖြစ်စေသည်။
သို့ရာတွင် သိပ်မကြာခင် သူက မမျှတဟုလည်း တွေးတောလိုက်သည်။ သူက မကျေနပ်ခြင်းနှင့် ဒေါသတို့ဖြင့် ပြည့်နေချိန်မှာပင် သက်တံ့အလင်းသည် ကျန်းစစ်ယွင်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် စက္ကန့်နှစ်ဆယ်မျှကြာချိန်တွင် အင်ပါယာရုပ်တုက ပေငါးထောင်အလင်းတို့ ထုတ်လွှတ်လာသည်။
ထိုအလင်းပမာဏမှာ ကောင်းမွန်သည်။ သို့သော် ချင်းချိုးနှင့်ယှဉ်လျှင်တော့ လွန်စွာနှိမ့်ကျနေသေးသည်။
သို့ရာတွင် ကျန်းစစ်ယွင် နှလုံးသစ္စာစစ်ဆေးမှုထဲသို့ ကျရောက်နေချိန်တွင် ကောင်းကင်ရှိ ဓားကိုင်မဟာအကြီးအကဲသည် အင်ပါယာထံမှ နတ်အာရုံတစ်စ လက်ခံရရှိလိုက်သည်ကိုတော့ မည်သူမှ သတိမပြုမိလိုက်ကြပါ။ သူ၏ မျက်လုံးတို့ ရုတ်တရက် မှုန်ကုတ် တင်းမာသွားသည်။ သူက ကျန်းစစ်ယွင်အား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာသို့ ပြန်ပြောင်းလိုက်၏။
လှေကားထစ်များပေါ်တွင် ကျန်းစစ်ယွင်ကတော့ ထိုအချက်ကို သတိမပြုမိလိုက်ပေ။ သူက ရွှီချင်းကိုသာ အေးစက်စက်ကြည့်နေ၏။
ထိုအချိန်တွင် သူတို့ငါးဦးအနက် ရွှီချင်းတစ်ယောက်တည်းသာ မေးခွန်းမေးရန် ကျန်ရှိသည်။
ရွှီချင်းက တည်ငြိမ်သော ဟန်မူရာဖြင့် ပင့်သက်ရှည်တစ်ချက် ရှိုက်လိုက်ပြီးခေါင်းဆောင်ထံမှ အကြည့်ကို ရုတ်သိမ်းလိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အင်ပါယာရုပ်တုအား ကြည့်လိုက်ချိန်တွင်တော့ သူ့ခန္ဓာကိုယ်အား သက်တံ့အလင်းတစ်ခု ဖုံးအုပ်သွားသည်။
ရွှီချင်း ရှေ့တွင် ကြယ်တာရာကောင်းကင်တစ်ခု ပေါ်လာသည်။
သူက ကြယ်တာရာကောင်းကင်ထဲတွင် ရပ်နေပြီး သူ့အပေါ်က တဖျပ်ဖျပ်လက်နေသည့် အလင်းပင်လယ်ကို အာရုံခံလိုက်မိသည်။ သို့ရာတွင် သူက ခေါင်းကို ချက်ချင်းမော့မကြည့်ပေ။ ထိုအစား သူက ခေါင်းငုံ့လိုက်ပြီး ခြေထောက်ကို ကြည့်လိုက်သည်။
ဤကား သူ၏ အကျင့်ဖြစ်သည်။ သူသည် ရောက်ရှိနေသည့် နေရာကို ဦးဆုံး ကြည့်တတ်သည်။
အကြည့်တစ်ချက်ဖြင့်ပင် သူ့မျက်လုံးတို့ မှေးကြုတ်သွားရသည်။
သူက ကျယ်ပြောလှသော ကုန်းမြေတိုက်ဒေသကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။
ထိုကုန်းမြေဒေသကြီးမှာ ကျယ်ပြောလှသဖြင့် ကြယ်တာရာကောင်းကင်တဝက်ခန့်ကို နေရာယူထားသည့်အလားပင်။ ထိုကုန်းမြေဒေသကြီးပေါ်တွင် နတ်ဘုရား၏ မျက်နှာပျက်ကြီးကို သူ တွေ့မြင်လိုက်ရသည်။
၎င်းသည် ဆံပင်များ တဖျပ်ဖျပ်လူးလွန့်နေပြီး အောက်သို့ တွဲလောင်းကျလျက် ကုန်းမြေဒေသကြီးတဝက်အား စိမ့်ဝင်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ၎င်းမျက်နှာပျက်ကြီးနောက်တွင် ရွှေရောင်ကျောရိုးတစ်ခုလည်း ရှိနေသည်။
ထိုကျောရိုးသည် လွန်စွာရှည်လျား၏။ ၎င်းက ကုန်းမြေဒေသကြီးပြင်ပအား ရစ်ပတ်ကာ အထပ်ထပ်ပတ်ချည်ထားသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် တဖြည်းဖြည်းချင်း ကျုံ့ဝင်နေဟန်လည်းရသည်။.
ထိုမျက်နှာပျက်ကြီးတွင် ခြေလက်များ ကိုယ်ခန္ဓာဟူ၍ သတ်သတ်မှတ်မှတ် မရှိပေ။ အရိုးပေါင်းမြောက်မြားစွာဖြင့် ဖြစ်ပေါ်လာသည့် ထိုရွှေကျောရိုးကြီးသာ ရှိသည်။
ထိုအရိုးတစ်ခုချင်းစီတိုင်းအတွင်း၌ ဒေသတစ်ခုကဲ့သို့ ကျယ်ဝန်းနေပြီး ပြင်းထန်လှသော နတ်ဘုရားစွမ်းအားများ ထုတ်လွှတ်လျက် ရှိနေသည်။
သူ၏ ခေါင်းတဝက်သည် အသက်အလွှာအရ ထိပ်ဆုံးဖြစ်နေသည့် နတ်ဘုရား၏ မျက်နှာပျက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်းက တစ်ချက်ကြည့်လိုက်မိရုံမျှဖြင့် သူ၏ ခန္ဓာကိုယ်က ပြိုလဲကျလုမတတ် ဖြစ်လာသည်။ သူ့စိတ်တို့က ပြင်းထန်စွာ လှုပ်ရှားလှိုင်းထန်နေ၏။
သို့ရာတွင် သူသည် ကာကွယ်ထားသည့် အခြေအနေတစ်ခုတွင် ရှိနေပြီး သူ မြင်တွေ့နေမှော ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်ဟု ခံစားရသည်။ မဟုတ်လျှင် သူသည် ထိုအကြည့်ဒဏ်ကို ခံနိုင်မည်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူနားထဲတွင် သိမ်မွေ့ညင်သာသော အသံတစ်ခု ပဲ့တင်လာသည်။
“မင်းဟာ ဒီနေရာကို ရောက်လာပြီးနောက် ခေါင်းမော့ပြီး ငါ့ကိုမကြည့်ဘဲ ရပ်နေခဲ့တဲ့နေရာကို ငုံကြည့်တဲ့ လူအနည်းငယ်ထဲက တစ်ဦးပဲ။”
“မင်းက ဒီကမ္ဘာကို မြင်ချင်တယ်ထင်လို့ ဒီမြင်ကွင်းကို ပြခဲ့တာပဲ။ သူတို့ကတော့ မမြင်ချင်ကြဘူး။”
“အခု မင်းကို မေးခွန်းတစ်ခုမေးမယ်။”
“နတ်ဘုရားဆိုတာ ဘာလဲ။”