← Chapters

ကျုပ်နှလုံးသားက ပြောင်းလဲမှာမဟုတ်ဘူး

Vol. 32 Ch. 481

ကျုပ်နှလုံးသားက ပြောင်းလဲမှာမဟုတ်ဘူး

Vol. 32 Ch. 481

နတ်ဘုရားဆိုတာဘာလဲ။

အခြားသူများကို မေးသည့်မေးခွန်းကို ရွှီချင်း မသိသလို သူတို့၏ အဖြေကိုလည်း သူ မသိပေ။

ထိုအချိန်တွင် သူသည် ကြယ်တာရာကောင်းကင်တွင် ရပ်နေပြီး ခေါင်းငုံ့ကာ အောက်က ကြောက်မက်ဖွယ်ရာ နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်သည်။

သူက ကုန်းမြေဒေသကြီးကို အစာကဲ့သို့ ရစ်ပတ်ထားသည့် ၎င်း၏ ရွှေကျောရိုးကြီးအား ကြည့်နေသည်။

ထိုအဖြစ်က ရွှီချင်းအား စိတ်ရှုပ်ထွေးစေ၏။

သူသည် သက်ရှိများအားလုံးကို ထိန်းချုပ်သော၊ ကောင်းကင်တခွင် ဖြန့်ကျက်ထားသော နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရသော အချိန်အား ပြန်အမှတ်ရလာသည်။

ထိုသို့ တွေ့မြင်ပြီးသည့်နောက်တွင် သူ့မိသားစုဝင်များ ပျောက်ကွယ်သွားသည်။ လှပခြင်းများအားလုံး ပျောက်ဆုံးသွားပြီး မြို့သည်လည်း ကမ္ဘာလောကထဲသို့ ကြွေမွလွင့်ပြွယ်သွား၏။

သွေးမိုးစက်များထဲတွင် ကြောက်လန့်ခြင်း၊ ငိုကြွေးခြင်းနှင့် လက်မှိုင်ချခြင်းတို့သာ ကျန်ရစ်သည်။

ရွှီချင်း ငြိမ်ကျသွားသည်။

သူက လမ်းဘေးအပေအတေကလေး ဖြစ်ခဲ့ချိန် နှစ်အနည်းငယ်ကိုလည်း ပြန်သတိရလာ၏။ ထိုအချိန်တွင် စား၍ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ သူသည် အသက်ရှင်ရေးအတွက် အရာအားလုံးကို စားသုံးရသည်။

သူ့အတွက် တစ်ခုတည်းသော စည်းကတော့ လူသားများကို မစားခြင်းသာဖြစ်သည်။

သူသည် လူသွေးနံ့ကို ခံဖူးပြီး သက်ရှိများ အရှင်လတ်လတ် အရိုးကျသည်ထိ စားသောက်ခံရခြင်းနှင့် စွပ်ပြုတ်ထဲ ထည့်ပြုတ်သောက်ခံရသည်တို့အား မြင်ဖူး၏။

သူဆာလောင်မွတ်သိပ်ခဲ့ရလွန်းချိန်တို့လည်း ရှိသည်။ သို့ရာတွင် သူက လူသားစားနေသည့် ရတနာမုဆိုးများကို မြင့်တွေ့လျှက် ကောင်းကင်က နတ်ဘုရားမျက်နှာကြီးကို ကြည့်လိုက်ပြီးနောက်တွင်တော့ ထိုသို့ နေထိုင်မည့်အစား သေဆုံးခြင်းကပင် ပိုကောင်းမည်ဟု ခံစားရ၏။

ထို့နောက် သူ ဆာလောင်မွတ်သိပ်ခြင်းမှလွဲ၍ အခြား အကြောက်ရွံ့ဆုံးအရာကတော့ ဆောင်းရာသီပင်ဖြစ်သည်။

ဆောင်းဥတုတိုင်းသည် သေမင်းနှင့် စစ်ခင်းရသည့်အချိန်များ ဖြစ်ကြသည်။

သူသည် အေးခဲကာ သေဆုံးနေသည့် လူများစွာကို မြင်တွေ့ဖူးပြီး လူသေများစွာတို့၏ အဝတ်များကိုလည်း ချွတ်ယူဖူးသည်။ ထိုအချိန်က သူ့တွင် ရှိသမျှအဝတ်အားလုံးမှာ လူသေများထံမှ ရရှိခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် အဝတ်အစားသစ်တို့အား အမြဲဂရုတစိုက်ရှိတတ်သည်။

ထို့အပြင် ဓာတ်နှောများလည်း ရှိသေးသည်။

နာကျင်စွာ နှိပ်စက်ခံရခြင်းသည် နှေးကွေးသော်လည်း နှိုင်းဆမရအောင် နာကျင်လှသည်။

သူ့ဘဝတွင် ဤလောက၏ အဆင့်အတန်းနိမ့်သော လူပေါင်းမြောက်မြားစွာတို့၏ ပင်ပန်းဆင်းရဲရသည့် ဘဝများစွာကို မြင်တွေ့ဖူးပြီး သူတို့၏ အနက်မှောင်ဆုံးသော လူ့သဘောသဘာဝများကိုလည်း တွေ့ကြုံဖူးသည်။

သူ့လိုပင် နာကျင်မှုများကြားတွင်နေထိုင်ရင်း အနာဂတ်ကင်းမဲ့ခြင်း၏ စိတ်ပျက်ဖွယ်ရာတို့အား တောင့်ခံနေသူများနှင့်လည်း တွေ့ကြုံဖူးသည်။

သူသည် သေအံ့ဆဲဆဲအချိန်သို့ ရောက်လာချိန်တိုင်းတွင် ခေါင်းမော့ကာ တည်ကြည်အေးစက်သော ကောင်းကင်က နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်မိလေ့ရှိသည်။ ၎င်း၏ သန့်ရှင်းနေသည့်မျက်နှာကို ကြည့်နေချိန်တွင် သူက အေးစက်သော မျက်လုံးတို့အား ပြန်လည် မြင်ယောင်သည့်အထိပင်…။

ရွှီချင်း တိတ်ဆိတ်နေသည်။

သူ့မှတ်ဉာဏ်တို့သည် သူ့စိတ်ထဲသို့ တဖြည်းဖြည်း စီးဝင်လာကြ၏။ သူ နောက်ဆုံးအခြေချနေထိုင်မည် ရွေးချယ်ခဲ့သော မြို့ငယ်လေးကိုလည်း သူ ပြန်သတိရ၏။ နတ်ဘုရားက သူ့မျက်လုံးများကို ဒုတိယအကြိမ်အဖြစ် ဖွင့်လိုက်သောအချိန်အားလည်း ပြန်မြင်လာသည်။ ပထမတစ်ကြိမ်နှင့် ကွာခြားသည်ကတော့ ထိုမြို့ငယ်လေးမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။

ထို့ကြောင့် သူသည် အစိမ်းရောင်သမ်းနေသည့် အနက်ရောင်အလောင်းများ၊ သန္ဓေပြောင်းလူတို့၏ ကြမ်းကြုတ်သော ဗီဇ၊ ပျက်စီးပုပ်ဆွေးနေသည့် အသွေးအသား အစအနများနှင့် ပြယ်သည်ဟုမရှိသော အပုပ်နံ့တို့ကို တွေ့မြင်ရ၏။

ထို့နောက် သူသည် အနီရောင်လ၏ အသက်ရှူရှိုက်သံ၊ မြင့်မြတ်သည့် ကိုယ်ဟန်ဖြင့် ၎င်းထုတ်လွှတ်သည့် မသန့်စင်သော အငွေ့အသက်တို့အား ပြန်အမှတ်ရ၏။

ထို့နောက်တွင် တစေဂူထဲက ရွှေမျက်လုံးကြီးနှင့် ၎င်းအား နှစ်သိမ့်နေသည့် သစ်သားတဲအိမ်ထဲက အနီရောင်မိန်းမပျို၏ ပြန့်လွင့်နေသည့် သီချင်းသံတို့ကို အမှတ်ရ၏။

ထိုအရာအားလုံးတို့ သူ့စိတ်ထဲတွင် ပေါ်ထွက်လာနေကြသည်။

နောက်ဆုံးတွင် ထိုမြင်ကွင်းအားလုံးသည် ဝမ်ကုဒေသကြီး ပြင်ပရှိ နတ်ဘုရား၏ မျက်နှာပျက်ကြီးနှင့် ထပ်ရက်ကျသွားသည်။

တဖြည်းဖြည်း သူ့စိတ်ထဲတွင် ငယ်စဉ်က ကြိမ်ဖန်များစွာ ပြောခဲ့သည့် စကားတစ်ခွန်း ပေါ်ထွက်လာ၏။

နတ်ဘုရားဆိုတာ ဘာလဲ။

“ခွေးမသား။”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကြယ်တာရာကောင်းကင်အပေါ်က အလင်းများထွက်နေသည့် နေရာကြီးကို ကြည့်သည်။ ထို့နောက် သူက ထိုအထဲတွင် ရိုးတိုးရိပ်တိပ် မြင်နေရသည့် ပုံရိပ်သဏ္ဌာန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

သူ တို့သို့ပြောလိုက်သည်နှင့် အလင်းလုံးသည် ပြင်းထန်စွာလှုပ်ရှားသွားပြီး သိမ်မွေ့ညင်သာသော အသံတစ်ခုချက်ချင်းထွက်လာသည်။

“ဘာပြောလိုက်တယ်…”

“ကျွန်တော်ပြောတာ နတ်ဘုရားတွေက ခွေးမသားတွေပဲလို့။”

ရွှီချင်း၏ မျက်နှာထားက လေးနက်နေသည်။ သူ ဆက်ပြောလိုက်ပြီးနောက် ထပ်လောင်းပြောသည်။

“ငယ်ငယ်ကတော့ လူယုတ်မာလို့ ပြောခဲ့တာပဲ။”

ရွှီချင်းက အောက်တွင်မြင်နေရသည့် နတ်ဘုရားမျက်နှာပျက်ကြီးကို ညွှန်ပြသည်။

“ဝက်ယုတ်မာကောင်လို့လည်း ခေါ်ခဲ့သေးတယ်။”

ရွှီချင်းက အသေအချာ ထပ်စဉ်းစားလိုက်ပြီး ဆက်ပြောသည်။

“အများအားဖြင့်တော့ ငါ ဠိုးမသားလို့ ဆဲတာပဲ။”

ထိုသို့ ပြောပြီးနောက် ရွှီချင်းက အောက်တွင် ရှိနေသည့် နတ်ဘုရားမျက်နှာပျက်ကြီးကို တံတွေးဖြင့် ပျစ်ခနဲ ထွေးသည်။

သူ ငယ်စဉ်အချိန်က နတ်ဘုရားကို ကျိန်ဆဲတိုင်း တံတွေးထွေးလေ့ရှိ၏။

ယခင်ကတော့ တံတွေးတို့သည် မြေပြင်သို့ အမြဲကျသွားတတ်သည်။ ဤတစ်ကြိမ်တွင်တော့ ရွှီချင်း အားရကျေနပ်မိသည်။ သူ့တံတွေးသည် နတ်ဘုရားမျက်နှာပေါ်သို့ ကျရောက်နိုင်လောက်သည်ဟု သူခံစားရ၏။

တံတွေးဖတ် ကျရောက်သွားသည့် တခဏတွင် အလင်းရင်းမြစ်ကြီးသည် မကြုံစဖူး ပြင်းထန်စွာ လင်းလက်လာသည်။ ၎င်းအတွင်းက သိမ်မွေ့သော အသံကလည်း ရယ်သံများအဖြစ် ပြောင်းလဲ ထွက်ပေါ်လာသည်။

“ခွေးမသားတွေ… ငါဠိုးမသားတွေ…”

ရယ်သံသည် ပွင့်လင်းလွတ်လပ်နေပြီး တဖြည်းဖြည်းကျယ်သည်ထက် ကျယ်လာကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးပင် လှုပ်ခါလာ၏။ ရွှီချင်း၏ အမြင်အာရုံတို့ မှုန်ဝါးလာချိန်တွင် ရယ်သံကြီးထံမှ ချီးကျူးသံကို ကြားလိုက်ရလေသည်။

“နတ်ဘုရားကို ကျိန်ဆဲတဲ့လူတွေ အများကြီးရှိပေမဲ့ ငါ့ရှေ့မှာ ဒီလိုရဲရဲတင်းတင်း ဆဲရဲတဲ့လူ ရှားတယ်။ ငါလည်း အရင်က နတ်ဘုရားတွေကို ဒီလိုကျိန်ဆဲဖူးတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ ငါက မင်းလောက်တော့ မတော်ဘူး။ ငါ မင်းလို တံတွေး ထွေးဖို့ မသိခဲ့ဘူးလေ”

“မိတ်ဆွေလေး မင်းခန္ဓာကိုယ်မှာ ပြစ်ချက်တချို့ ရှိပေမဲ့ မင်းရဲ့ ဖြောင့်မတ်မှုကိုတော့ ဖုံးကွယ်နိုင်ခြင်းတော့ မရှိဘူး။ မင်းကို ပေတစ်သိန်းအလင်းနဲ့ ချီးမြှင့်ပေးလိုက်မယ်။ မင်းရဲ့ စိတ်နှလုံးကို ဘယ်အကြောင်းနဲ့မှ ပြောင်းမသွားဖို့ ငါမျှော်လင့်တယ်။”

နောက်တစ်ခဏတွင် ရယ်သံကြီးကြောင့် တဟုန်းဟုန်းမြည်ဟိန်းနေသည့် အသံများကြားတွင် ရွှီချင်း၏ မြင်ကွင်းတို့ မှုန်ဝါးလာသည်။ သူသည် အင်ပါယာရုပ်တုရှေ့တွင် ရပ်လျက်ပင် ရှိနေသေးသည်။ သူက ခေါင်းကိုမော့လိုက်သည်နှင့် အင်ပါယာရုပ်တုကြီးသည် ပြင်းထန်စွာတုန်ခါလာပြီး ကြီးမားပြင်းထန်သော အလင်းများ ပေါက်ကွဲထွက်လာသည်။

ထိုအလင်းသည် မျက်စိတမှိတ်အတွင်း ပေနှစ်သောင်းအမြင့်သို့ ရောက်သွားပြီး ဆက်လက်ပြန့်ထွက်နေဆဲပင်။

၎င်းသည် ပေလေးသောင်းသို့ ရောက်ချိန်အထိ ရပ်တန့်ခြင်း မရှိသေးပေ။ ထို့နောက် ပေခြောက်သောင်း၊ ပေရှစ်သောင်း တို့အထိ ကျော်လာ၏။ …နောက်ဆုံးတွင် ပေတစ်သိန်းအမြင့်အထိ ရောက်ရှိလာသည်။

ကောင်းကင်၏ အရောင်အဆင်းတို့ ပြောင်းလဲလာပြီး လေနှင့်တိမ်စိုင်တို့မှာလည်း လှိုင်းထလှုပ်ရှားလာသည်။ ကောင်းကင်တစ်ခုလုံးအား ထိုအလင်းက ထိုးဖောက်သွားသည့်မြင်ကွင်းအား အဝေးကပင် ကြည့်မြင်နိုင်သည်။

၎င်းသည် မကြုံစဖူးဖြစ်ရပ်တစ်ခုပင်။

လီယုံမြို့ထဲရှိ လူသားအားလုံး၏ ဟန်မူရာတို့ ပြောင်းလဲလာကြသည်။ ဤသို့ လေးနက်သည့် အချိန်အခါဖြစ်သည့်တိုင် သူတို့၏ အလိုလို ဟစ်အော်မိသည့် အသံတို့ ပွတ်လောရိုက်လာသည်။

“သိန်း…ပေတစ်သိန်းတဲ့လား။”

သူတို့စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်လာကြ၏။

ဟိန်းအော်သံများနှင့် တအံ့တသြလန့်အော်သံများ မိုးချိန်းသံအလား ပဲ့တင်ထပ်လာသည်။ ကောင်းကင်ရှိ ဓားကိုင်များအားလုံးမှာလည်း တုန်လှုပ်သွားကြ၏။ သူတို့အားလုံးက အင်ပါယာရုပ်တုနှင့် ရွှီချင်းတို့အား အံ့အားသင့်စွာ ကြည့်နေကြသည်။။

အခြားသော ဒေသများတွင် ပေတစ်သိန်းအမြင့် ပေါ်ထွန်းခဲ့ခြင်း ရှိမရှိကို သူတို့မသိသော်လည်း ဖုန်းဟိုင်ဒေသတွင်တော့ တစ်ခါမှ ပေါ်ထွက်မလာဖူးပါ။

ထိုသို့သော အရာမျိုးသည် စိတ်ကူးဖြင့် မှန်းဆနိုင်သည်ထက်ပင် ကျော်လွန်နေ၏။

မြေပြင်ပေါ်က ရွှယ်လျန့်ကျစ်သည်ပင် မှင်တက်နေမိလေသည်။

“အဘိုးကြီးခုနစ်ရဲ့ တပည့်က…တကယ်အစွမ်းထက်တာပဲ။”

သူတို့ချည်းပင် မကပေ။ ထိုအချိန်တွင် ကောင်းကင်ရှိ ဓားကိုင်အကြီးအကဲများအားလုံးကလည်း ယခင်ကနှင့် မတူသည့် ဟန်မူရာတို့ဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့အားလုံးက ရွှီချင်းအား အထွတ်အထိပ် ရတနာတစ်ပါးကဲ့သို့ အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဓားကိုင်မဟာအကြီးအကဲကား အသိသာဆုံး ဖြစ်သည်။ သူက ရွှီချင်းအား သတိပြုမိခဲ့သည်မှာ ကြာလှပြီ ဖြစ်ပြီး သူ့မျက်လုံးတို့တွင် စိတ်အားထက်သန်မှုများဖြင့် စူးရှနေ၏။

ဤနှလုံးသစ္စာစစ်ဆေးမှု၊ ဤအစဉ်အလာပွဲတွင် ပါဝင်ခဲ့များအားလုံးထဲတွင် အင်ပါယာ၏ ကောင်းချီးပေးမှုကို အထူးတလေ ရရှိသူတစ်ယောက် ပေါ်ထွက်လာပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် ဤနှလုံးသစ္စာစစ်ဆေးမှုသည် ရာထူးတိုးခြင်းနှင့် တခြားအကျိုးကျေးဇူးများ မရှိသည့် သာမန်အကဲဖြတ်ခြင်း ထုံးတမ်းစဉ်လာတစ်ခုသာ ဖြစ်သည်။

အတော်လေး ထူးခြားနေသူဖြစ်မှသာလျှင် အင်ပါယာ၏ကောင်းချီးပေးမှုကို အမှန်တကယ်ရရှိပေမည်။ ဥပမာအားဖြင့် ဓားကိုင်ရုံးတော်သည် ချင်းချိုးအား တန်ဖိုးထားမည် ဖြစ်သည်။

သို့ရာတွင် ပေတစ်သိန်းကဲ့သို့ မကြုံစဖူး အမြင့်သို့ ရောက်ရှိနိုင်ခြင်းအတွက်တော့ ကောင်းချီးပေးမှုတစ်ခုအဖြစ် သတ်မှတ်၍ မရတော့ပါ။

၎င်းသည် မဟာအင်ပါယာကိုယ်တိုင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထိုသဘောတရားနှစ်ခုသည် မိုးနှင့်မြေပမာ ကွာခြား၏။

ထိုသို့သော ဓားကိုင်တစ်ဦး ယင်ဟွမ်ဒေသကြီးတွင် ပေါ်ထွက်လာနိုင်ခြင်းသည် ဓားကိုင်ရုံးတော်အတွက် အကျိုးပြုမှုကြီးတစ်ခုပင် ဖြစ်နေတော့သည်။

ထိုအချိန်တွင် ကောင်းကင်‌‌နှင့် မြေပြင်ရှိ လူများအားလုံး ထိတ်လန့်အံ့ကြနေကြသည်။။

ချင်းချိုးသည်လည်း အံ့သြမှင်တက်နေသည်။ သူမက ထိုဖြစ်စဉ်အားလုံးကို ကြောင်အကြည့်နေရင်း စိတ်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တို့ ဖြစ်ပေါ်လာသည်။ သူမက ခေါင်းကို လှည့်လိုက်ပြီး ရွှီချင်းအား စူးရှသည့် မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။

“မလုပ်နဲ့တော့။ နောက်ကျရင် ငါတို့ သူနဲ့ အတူတူ အသေချလို့မဖြစ်တော့ဘူး။…ငါ သူ့ကို ကြောက်လာပြီ။”

သူမ၏ စိတ်ထဲတွင် မိစ္ဆာတစေက ချင်းချိုးအား အထိတ်တလန့်လေသံဖြင့် သွေးဆောင်လိုက်သည်။

ဘေးတွင်တော့ နင်ယန်၏ တကိုယ်လုံး တုန်ယင်နေသည်။ သူ့မျက်လုံးတို့တွင် သွေးပျက်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေသည်။ သူက ရွီချင်းအား မည်သို့ တိုက်ခိုက်ဖူးသည်ကို ပြန်စဉ်းစားလိုက်မိပြီး စိတ်ပူပင်လှုပ်ရှားလွန်းသဖြင့် တကိုယ်လုံးချွေးစေးများ စိုရွှဲလာ၏။

ခေါင်းဆောင်လည်း မှင်တက်အံ့သြနေသည်။ သူက အင်ပါယာရုပ်တု၏ အလင်းကို ကြောင်တောင်တောင် ကြည့်လိုက်မိပြီး အကြီးအကျယ် စိတ်ရှုပ်ထွေးသွား၏။

“ဘာကြောင့်လဲ။ ငါ့ကျတော့ ဘာကြောင့် ဆယ်ပေပဲရတာလဲ။ ငါ့အဖြေကလည်း အရမ်းကောင်းတာကို။”

“ချင်းလေးက ဘယ်လိုများဖြေခဲ့တာလဲ။”

ခေါင်းဆောင်က ရေရွတ်ကာ ရွှီချင်းထံ ဖျပ်ခနဲကြည့်သည်။ သူ့စိတ်ထဲတွင် သိချင်စိတ်တို့ ပြင်းပြလာသည်။ သူတစ်ယောက်တည်းသာမဟုတ် တခြားလူများအားလုံးကလည်း ရွှီချင်း၏အဖြေကို သိလိုကြသည်။

အစွန်တွင် ရပ်နေသည့် ကျန်းစစ်ယွင်ကတော့ ခေါင်းငုံ့ကာ လက်သီးတို့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

အာရုံစိုက်ခံနေရသည့် ရွှီချင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူက မဟာအင်ပါယာရုပ်တုကြီး၏ ပေတစ်သိန်းအမြင့် အလင်းရောင်နှင့် ကောင်းကင်ရှိ ပြင်းထန်သော လှိုင်းများကို ကြည့်နေ၏။ အမှန်တကယ်အားဖြင့် သူငယ်စဉ်ကတည်းက နတ်ဘုရားအား ထိုသို့ ကျိန်ဆဲနေသူများစွာကို တွေ့မြင်ဖူးရာ သူ့အဖြေက ကောင်းလှသည်ဟုတော့ မထင်ထားပေ။

အသက်ရှင်သန်ရန် ခက်ခဲလွန်းသောအချိန်များ၌ နတ်ဘုရားများအား ကြောက်ရွံ့သည့်တိုင် ဆဲရဲကြိမ်းမောင်းရန် သတ္တိတို့ ရှိလာနိုင်သည် မဟုတ်ပါလား။

ဤကား ပမွှားတစ်ကောင်၏ သတ္တိဖြစ်ကာ ပမွှားတစ်ကောင်၏ ဝမ်းနည်းကြွေကွဲမှုတို့အား ဖွင့်ထုတ်ခြင်းလည်း ဖြစ်သည်။

ခုနက အင်ပါယာရုပ်တု ပြောခဲ့သည့် စကားတို့သည် ရွှီချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

သူသည် ဆင်းရဲသားရပ်ကွက်တွင် နေစဉ်အခါက အချိန်ကာလများအား ပြန်အမှတ်ရ၏။ သေအံ့ဆဲဆဲဖြစ်သူတို့သာ ကြောက်စိတ်တို့ကင်းမဲ့လာပြီး မြို့စားအား လှောင်ပြောင်စော်ကားရဲလာကြသည်။

သို့ရာတွင် သူတို့က စားစရာများ ရှိလာသောအခါတွင်ကား သူဌေးကြီးများနှင့် မြို့စားတို့အား လေးစားမှုတို့ ပြသကာ လွန်ဆန်ရဲသော သတ္တိတို့ ပျောက်ဆုံးသွားကြရသည်။

ရွှီချင်းသည် ထိုသဘောတရားအား ဝေဝါးစွာ နားလည်လိုက်သော်လည်း ၎င်းတို့သည် မှန်ကန်သလားတော့ မပြောတတ်ပေ။ အင်ပါယာရုပ်တု၏ နောက်ဆုံးစကားသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

‘မင်းနှလုံးသားက ဘယ်လိုတွေပဲဖြစ်ဖြစ် မပြောင်းလဲသွားဘူးလို့ ငါမျှော်လင့်တယ်။’

ရွှီချင်း ခေါင်းညိတ်သည်။

အင်ပါယာရုပ်တုက ပေတစ်သိန်းအလင်းတန်းကြီးသည် ယင်ဟွမ်းဒေသကြီးတစ်ခုတည်းကိုသာ ထိတ်လန့်သွားစေသည်တော့ မဟုတ်ပေ။ ယင်ဟွမ်းဒေသကြီးမှ ဝေးလံလှသော ဖုန်းဟိုင်ဒေသမြို့တော် ဓားကိုင်နန်းတော်ထဲ၌ ခေါင်းလောင်းသံတစ်ခု မြည်ဟိန်းသွားသည်။

ဓားကိုင်နန်းတော်၏ တာအိုခေါင်းလောင်းသည် နန်းမြို့တော်မှ ပေးအပ်ထားခြင်းဖြစ်သည်။ နှစ်ကာလပေါင်းမြောက်မြားစွာ ကြာသည့်တိုင် ကြီးမားသော ကိစ္စရပ်များတွင်သာ တစ်ခါတစ်လေ မြည်ဟီးတတ်သည်။

သို့ရာတွင် ယနေ့တွင်တော့ ခေါင်းလောင်းသည် ရုတ်တရက်မြည်ဟိန်းလာသည်။

တစ်ကြိမ်သာ မြည်ခြင်း ဖြစ်သော်လည်း ဓားကိုင်နန်းတော်ထဲရှိ ကျင့်ကြံသူများအားလုံး အမူအရာတို့ ပြောင်းလဲသွားရပြီး သူတို့၏ စိတ်ထဲတွင် ခံစားချက်များ လှိုင်းထသွားရသည်။ မကြာခင်အချိန်အတွင်းမှာပင် တာအိုခေါင်းလောင်း မြည်ရသည့် အကြောင်းရင်းကို စုံစမ်းရရှိ၏။

“ယင်ဟွမ်ဒေသကြီးက ဓားကိုင်သူအသစ် ရွှီချင်းဟာ နှလုံးသစ္စာစစ်ဆေးမှုခံယူခဲ့ပါတယ်။ အင်ပါယာက သူ့ကို ပေတစ်သောင်းအမြင့် အလင်းရောင်နဲ့ ကောင်းချီးပေးခဲ့တယ်။ ဒါကြောင့် ဖုန်းဟိုင်ဒေသရဲ့ တာအိုခေါင်းလောင်းက တစ်ကြိမ်မြည်ခဲ့ရခြင်း ဖြစ်ပါတယ်။”

ထိုအဖြေသည် ဓားကိုင်နန်းတော်ထဲရှိ ဓားကိုင်များအားလုံးကို ထိတ်လန့်အံ့သြသွားစေပြီး သူတို့က ထိုနာမည်ကို ချက်ချင်းမှတ်ထားလိုက်ကြသည်။

ရွှီချင်း။

မရေမရာ စိတ်အာရုံတို့များစွာ သယ်ဆောင်ထားသည့် အရှိန်အဝါများစွာလည်း ဓားကိုင်နန်းတော်မှ ထွက်ပေါ်လာနေကြသည်။ ထိုအရှိန်အဝါထုတ်လွှတ်သူများမှာ ဤမျိုးဆက်၏ ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့က ဖုန်းဟိုင်ကုန်းမြေကြီး၏ ဒေသမျိုးစုံမှ ဖြစ်ကြသည်။ သူတို့အားလုံးသည် ဓားကိုင်နေရာကို ရရှိပြီးနောက် ကိုယ်တိုင်လာရောက် သတင်းပို့ကြသူများ ဖြစ်ကြသည်။

ယင်ဟွမ်ဒေသကတော့ အစွန်အဖျားနေရာဖြစ်သဖြင့် ဓားကိုင်အကဲဖြတ်ပွဲနောက်ဆုံးမှ ကျင်းပသည့် နေရာဖြစ်သည်။

ယင်ဟွမ်ဒေသကြီးမှ ရွေးချယ်ခြင်းလုပ်ငန်းစဉ်မှာကား ပြီးဆုံးခါစဖြစ်ရာ ဓားကိုင်နန်းတော်ကို လာရောက်သတင်းပို့နိုင်ရန်တော့ အချိန်အချို့လိုနေသေးသည်။ ထိုအချိန်တွင် ရွှီချင်းသည် လူမရောက်လာသေးခင်ကပင် သူ့နာမည်မှာ ဓားကိုင်နန်းတော်တစ်ခုလုံး ကျော်ကြားသွားပြီး ဖြစ်သည်။

ထိုအချိန်တွင် ဓားကိုင်နန်းတော်၏ အနောက်ဘက်တောင်ထဲရှိ ဓားတောအုပ်တစ်ခုဝယ် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ဦး ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာသည်။

ထိုအမျိုးသမီး၏ အသွင်အပြင်သည် ကျော့ရှင်းလှပလွန်း၏။ သူမ၏ နှုတ်ခမ်းတို့သည် အနီရောင်တိမ်တို့အလား ဖြစ်နေပြီး ကိုယ်ခန္ဓာသည်လည်း အမို့အမောက်များဖြင့် ဆွဲဆောင်မှု ရှိလှသည်။ မြင်ခါစတွင် သူမသည် ညုတုတုအသွင်ဖြစ်နေပြီး ညာဘက်မျက်လုံးအောက်တွင် မှည့်တစ်လုံး ထူးခြားစွာရှိနေ၏။ သို့ရာတွင် သူမ၏ မျက်နှာထားကတော့ ဆောင်းနှင်းပမာ အေးစက်မှုကို ပေးသည်။

သူမသည် မြို့ကြီးတစ်ခုပင် ကျဆုံးစေလောက်သည့် ပြိုင်စံရှားမိန်မလှတစ်ဦး ဖြစ်သည်။

သူမက ဓားတောအုပ်အစွန်သို့ လျှောက်လာပြီးနောက် ယင်ဟွမ်ဒေသကြီးဘက်သို့ ကြည့်သည်။ သူမ၏ နီရဲသော နှုတ်ခမ်းတို့ အသာပွင့်ဟလာပြီး စမ်းရေကြည်အလား အသံတစ်သံ ထွက်လာသည်။

“ယင်ဟွမ်ဒေသကြီး….ယွင်အာ မကြာခင်ရောက်လာတော့မယ် ထင်တယ်။ အမေ မင်းကို ဒီမှာ စောင့်နေမယ်။”

All Chapters