အင်ပါယာဓား
Vol. 32 Ch. 482
တာအိုခေါင်းလောင်းသံမှာ အချိန်ကြာမြင့်သည်အထိ ပဲ့တင်ထပ်သွားသည်။ ယင်ဟွမ်ဒေသကြီး၏ လီယုံမြို့အပေါ်ဝယ် လေထဲတွင်ရှိနေသည့် ကျန်းစစ်ယွင်မှာ သုန်မှုန်လျက် ရှိသည်။ သူ့နှလုံးအိမ်ထဲတွင် ဖော်မပြုနိုင်သည့် မီးတို့ ကျွမ်းလောင်နေ၏။
ယင်ဟွမ်ဒေသကြီးမှ နံပါတ် ၁ ပါရမီရှင်အဖြစ် အားလုံး အသိအမှတ်ထားခြင်း ခံရသည့် လူငယ် ဖြစ်သည့်အတိုင်း သူသည် အားလုံး၏ အာရုံစိုက်ခံရခြင်းများဖြင့် အသားကျနေပြီ ဖြစ်သည်။ ယနေ့မှာတော့ သူ မဟုတ်သည့် အခြားတစ်ယောက် ထင်ပေါ်ခြင်းအား တွေ့ကြုံနေရသည်။
ထိုအဖြစ်က သူ့အား ခံစားချက်များ ရှုပ်ထွေးစေ၏။ အထူးသဖြင့် ဖုန်းဟိုင်နယ်မြေကြီးတွင် သူ့အမေနှင့် ဆရာဘိုးဘိုးတို့မှာ သတင်းကောင်း စောင့်နေကြသည်ကို တွေးမိတိုင်း ရင်နာရ၏။ သူ့ရလဒ်ကောင်းကို ဖျက်စီးလိုက်သည့် ရွှီချင်းကို ပို၍ မုန်းတီးလာ၏။
ရွှီချင်းသာ ဝင်မစွက်ခဲ့လျှင် သူ အလိုရှိသော ရလဒ်များကို ရနိုင်မည်ဟု ယုံကြည်၏။ သူ့ပစ်မှတ်သည် သစ်သားတဲအိမ်ထဲက သက်စောင့်မီးအိမ်မဟုတ်ဘဲ တဲအိမ်ထဲက အခြားပစ္စည်းတစ်ခု ဖြစ်သည်။
သို့ရာတွင် ယခုတော့ အားလုံး အချည်းနှီးဖြစ်ရပြီ။ ဓားကိုင်ရုံးတော်သည် နောက်နှစ်များစွာ ကြာပြီးမှ လီယုံကျောက်တိုင်ကို မြှောက်မပေတော့မည်။
“အမေတော့ စိတ်ပျက်သွားတော့မှာပဲ။”
ကျန်းစစ်ယွင် ကျိတ်ရေရွတ်၏။ သူသည် ဆရာဘိုးဘိုးကို ဂရုစိုက်ခြင်းမရှိသော်လည်း သူ့အမေ၏ စိတ်ခံစားချက်ကိုတော့ ဂရုစိုက်သည်။
သူအဖေသည် စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး သူ့အမေက သူ့အား တင်းတင်းကြပ်ကြပ် အုပ်ချုပ်ရာ သူသည် ငယ်စဉ်ကတည်းက သူ့အမေ အထင်ကြီးအောင် ကြိုးစားအားထုတ်ရသည်။
သူသည် အမြဲအားဖြင့် ကြိုးစားကျင့်ကြံပြီး သူ့အမေကို စိတ်ပျက်အောင် မလုပ်ဝံ့ခဲ့ပေ။ သူ့ရင်ထဲတွင် သူ့အမေဂုဏ်ယူစရာ ဖြစ်လာစေရန် တောင့်တနေ၏။ ထိုအတွေးတို့က သူ့ရင်ထဲတွင် မီးလျှံများအဖြစ် တဟုန်းဟုန်းတောက်လာပြီး သူ့ကိုယ်တွင်းအင်္ဂါတို့ကို လောက်မြိုက်ကာ ရွှီချင်းအား စူးရဲစွာ ကြည့်သည်။
ရွှီချင်းကတော့ ကျန်းစစ်ယွင်၏ အကြည့်ကို အာရုံမစိုက်ပေ။ သူက အင်ပါယာရုပ်တုကြီးအား အချိန်တစ်ခုကြာသည်အထိကြည့်လိုက်ပြီးနောက် အနူးအညွတ်ဦးညွှတ်လိုက်တော့သည်။
ကောင်းကင်ရှိ ဓားကိုင်အားလုံးက သူ့အား စိုက်ကြည့်နေကြသည်။ မြေပြင်ရှိ ကျင့်ကြံသူအားလုံးကလည်း အာရုံစိုက်နေကြသည်။
အားလုံးက အထိတ်တလန့်ဖြစ်ရုံသာမက သိချင်စိတ်တို့လည်း ပြင်းပြနေကြသည်။
ရွှီချင်းက မည်သည့်အဖြေကို ပေးသနည်း။
အထူးသဖြင့် ခေါင်းဆောင်မှာ လွန်စွာသိချင်နေလေသည်။ သူ့နှလုံးအိမ်ထဲတွင် ကြောင်ပေါင်းများစွာ ကုတ်ခြစ်နေသည့်အလား ခံစားနေရ၏။ သူသည် မကျေမနပ်ဖြစ်နေပြီး ရွှီချင်းထံမှ အဖြေကို ညှစ်ထုတ်ရန် နည်းလမ်းများစွာကို အစွမ်းကုန်စဉ်းစားနေသည်။
ထိုသို့ရှုပ်ထွေးနေသည့် ခံစားချက်များကြားတွင် ဓားကိုင်အကဲဖြတ်ပွဲသည် အဆုံးသတ်ခြင်းသို့ ရောက်၏။
အင်ပါယာရုပ်တုကြီးလည်း ပြယ်လွင့်သွားပြီး လှေကားထစ်များ မှုန်ဝါးလာကာ ကောင်းကင်ရှိ ရောင်စုံအလင်းတို့လည်း ပျက်ပြယ်သွားသည်။ အရာအားလုံး ပုံမှန်သို့ ပြန်ပြောင်းလဲလာကြသည်။
ရွှီချင်းနှင့် တခြားသူတို့ကိုကား ဖုန်းဟိုင်နယ်မြေကြီးရှိ ဓားကိုင်နန်းတော်သို့ တစ်နှစ်အတွင်း အရောက်လာရန် မှာကြားထားသည်။
ထိုနေရာတွင် သူတို့သည် ဓားကိုင်အမွေအနှစ်များနှင့် တာဝန်နေရာခွဲဝေခြင်းတို့ ရရှိကြမည် ဖြစ်သည်။ ထို့အတူ အခွင့်အလမ်းပေါင်းများစွာလည်း ရှိသေးသည်။
ထိုလုပ်ငန်းစဉ်သည် ဓားကိုင်လက်သစ်တိုင်းအတွက် လွန်စွာအရေးကြီး၏။ ပထမတစ်ခုသည် တိုက်ခိုက်ရေးစွမ်းအားတို့ များစွာတိုးမြှင့်နိုင်မည်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ လူသားမျိုးနွယ်၏ အထက်လမ်းစဉ်ကို ကိုယ်စားပြုနေသည်။
ထို့အပြင် နယ်မြေကြီးတစ်ခု၏ မြို့တော်ဖြစ်သောကြောင့် ထိုနေရာ၌ ဒေသကြီးမျိုးစုံက ပါရမီရှင်တို့ စုဝေးနေပေလိမ့်မည်။
မြို့တော်တွင် မျိုးနွယ်များစွာတို့လည်း ရှိနေသည်။ ထိုမျိုးနွယ်တို့၏ ကောင်းကင်လက်ရွေးစင်တို့သည် မြို့တော်တွင် ပြိုင်ဆိုင်ကြ၏။
သူတို့သည် မြို့တော်တွင် အောင်မြင်ပါက နာမည်ကျော်ကြားနိုင်ပေမည်။
ဤကား ဂိုဏ်းအဖွဲ့ပေါင်းစုံက ကောင်းကင်လက်ရွေးစင်များ၏ အတွေးအကြံများလည်း ဖြစ်ကြသည်။ သူတို့သည် အနာဂတ်တွင် ရှေးဧကရာဇ်တစ်ပါးအဖြစ် အုပ်စိုးလိုပါက ငယ်စဉ်ကတည်းက လောကတခွင်အား အနိုင်ပိုင်းနိုင်ရပေမည်။
ဤနည်းဖြင့် သူတို့သည် အခွင့်အရေးများနှင့် ကံထူးမှုများ ပိုရနိုင်မည်။ ထိုမှတစ်ဆင့် သူတို့သည် ရှေ့သို့ ကြိုရောက်နိုင်ကာ ခေတ်တစ်ခေတ်အား အတိလွှမ်းမိုးနိုင်ပေလိမ့်မည်။
ဤကား ရှေးဧကရာဇ် အုပ်စိုးသူများ ပြုလုပ်သည့် လုပ်ငန်းစဉ်များလည်း ဖြစ်၏။
နယ်မြေကြီးနှင့် ယှဉ်ပါက ယင်ဟွမ်ဒေသကြီးသည် အစွန်အဖျားဒေသတစ်ခုသာ ဖြစ်သည်။
ဤနေရာသည် နယ်မြေကြီးနှင့် ဝေးကွာလွန်းလှပြီး ကြားထဲတွင်လည်း ဒေသကြီးများစွာ ရှိနေကြသေးသည်။ အဝေးပြေး တည်နေရာပြောင်း အစီအရင်ကြီးတစ်ခု ရှိသော်လည်း ဓားကိုင်ရုံးတော်မှ ဓားကိုင်လက်သစ်တို့ အသုံးပြုခွင့် မရပါ။
သူတို့တွင် မည်သို့သော နောက်ခံမျိုးရှိစေကာမူ ဓားကိုင်ရုံးတော်ထက် ပိုကြီးသည့် နောက်ခံမဟုတ်သရွေ့ ခရီးသွားခြင်း၌ မိမိကိုယ်ကို အားကိုးကြရပေမည်။
ဓားကိုင်ရုံးတော်သည် ပန်းများ ပျိုးထောင်သည့် နေရာမဟုတ်ပေ။ ထိုခရီးစဉ်သည်လည်း လေ့ကျင့်ရေးတစ်မျိုး ဖြစ်သည်။
“ငါ တွက်ထားသလိုဆိုရင် လမ်းမှာ အခြားဒေသကြီးတွေက အများသုံး တည်နေရာပြောင်းအစီအရင်တွေကို သုံးလို့ရသေးတယ်။ ဒီနည်းနဲ့ဆို ငါတို့ နယ်မြေကြီးကို ရှစ်လအတွင်း ရောက်သွားမှာပဲ။”
“ငါတို့က ခရီးစဉ်အတိအကျနဲ့ဆိုတော့ အစီအစဉ်ဆွဲဖို့ ပူစရာမလိုပါဘူး။ ဂိုဏ်းရှစ်ဂိုဏ်းက ဓားကိုင်ဖြစ်လာသူတွေလည်း ရှိတော့ မဟာမိတ်အဖွဲ့က ဖုန်းဟိုင်ဒေသကြီးမှာ ဌာနခွဲတစ်ခုဖွင့်ထားတယ်။”
“မဟာမိတ်အဖွဲ့ကို ပြန်ရောက်ရင် သူတို့က ငါတို့ကို ကူညီမှာပဲ။ ငါတို့ရဲ့ အဆင့်အတန်းတွေက အခုပြောင်းလဲသွားပြီ။”
ဓားကိုင် ရွေးပွဲပြီးဆုံးသွားပြီးနောက်တွင် ရွှယ်လျန့်ကျစ်သည် ဂိုဏ်းရှစ်ဂိုဏ်း မဟာမိတ်စခန်းစုထဲတွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့အတွက် အောင်ပွဲကျင်းပပေး၏။ ခေါင်းဆောင်သည် ရွှီချင်းအား အပြင်ခေါ်ထုတ်ပြီး ချောင်းဟန့်ကာ ခပ်တိုးတိုးပြောသည်။
“ကြည့်ဦး ချင်းလေး။ မင်းကို အစကနေ ဒီကောင်းကင်ဘုံလမ်းကြောင်းဆီ ခေါ်လာခဲ့တာ မင်းအစ်ကိုကြီးပဲလေ။ ငါ့ကို ကျေးဇူးတင်မှုလေး မပြတော့ဘူးလား။ ငါတို့ရင်းနှီးမှုကို ဝိညာဉ်ကျောက်တုံးတွေအကြောင်းပြောပြီး မဖျက်ဆီးပါဘူး။ မင်းရဲ့ အဖြေကိုသာ ငါ့ကို ပြောပြပါလား။”
ရွှီချင်းသည် ဂုဏ်ပြုပွဲမှ သေရည်အချို့ကို သောက်နေ၏။ ထိုအချိန်တွင် သူသည် ခေါင်းမော့ကာ ညကောင်းကင်သို့ ကြည့်နေသည်။
နှင်းမြူတို့ တသောသော တိုက်ခတ်ပြီး ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခြင်းသည် သူ့အား သက်တောင့်သက်သာ ဖြစ်စေသည်။ သူက ခေါင်းလှည့်ပြီး ခေါင်းဆောင်အား ကြည့်သည်။
“အစ်ကိုကြီး မျက်လုံးနဲ့ နားရွက်တွေ ပြန်ပေါက်နေပြီပဲ။”
ခေါင်းဆောင်မှာ ဘဝင်ခိုက်ဟန်ရသည်။
“ဒါပေါ့ ငါက ဒီဟာတွေကို လိုတဲ့အချိန် ပြန်ပေါက်အောင်လုပ်နိုင်တယ်လေ။ မိုက်တယ်မလား။ ချင်းလေး၊ မင်း…”
ရွှီချင်းက ပန်းသီးတစ်လုံး ထုတ်လိုက်ပြီး ခေါင်းဆောင်ထံ ကမ်းပေးသည်။
“ခေါင်းဆောင် ဓားကိုင်တစ်ဦးဖြစ်လာနိုင်တာ ဂုဏ်ပြုပါတယ်။”
ခေါင်းဆောင်၏ လက်က အလိုလိုယူသည်။ သူက တစ်ကိုက်ကိုက်လိုက်ပြီး ဆက်မေးရန်ပြင်လိုက်စဉ် ရွှီချင်းက နှင်းပုံပေါ်သို့ လှဲချလိုက်ပြီး ကြယ်ရောင်စုံကောင်းကင်အား မော့ကြည့်သည်။ သူသည် ညအချိန်တွင် ရိပ်တိတ်တိတ်သာ မြင်ရသည့် နတ်ဘုရား မျက်နှာပျက်ကြီးကို မြင်၏။ ထို့နောက် သေရည် တစ်ပုလင်းထုတ်ကာ အားပါးတရ မော့လိုက်သည်။
“စီနီယာအစ်ကိုကြီး နတ်ဘုရားတွေက တကယ်တော့ ဘာတွေများလဲ။”
ခေါင်းဆောင်က ထိုမေးခွန်းကို ကြားလျှင် ကောင်းကင်သို့ လှမ်းကြည့်သည်။ သူက ခဏတာမျှ စဉ်းစားလိုက်ပြီး ရွှီချင်းဘေးက နှင်းပုံပေါ်တွင် ထိုင်ကာ ပန်းသီးကို တကျွတ်ကျွတ်ဝါးသည်။
“နတ်ဘုရားတွေလား ဟီးဟီး။”
“သူတို့က အရသာရှိတယ်ဆိုရမလား။”
ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
ရွှီချင်း ပြုံးသည်။ ခေါင်းဆောင်သည် အင်ပါယာရုပ်တုရှေ့တွင် ထိုသို့ မပြောခဲ့ကြောင်း သူသိသည်။ မဟုတ်လျှင် အလင်းသည် ဆယ်ပေမျှသာ ရှိနေမည် မဟုတ်ပေ။
နှင်းမုန်တိုင်းသည် ပို၍ သည်းထန်လာလျှင် ရွှီချင်းက စကားဆက်မပြောတော့ပေ။ သူသည် ထိုနေရာတွင် လဲလျောင်းနေပြီး မျက်နှာပေါ်သို့ နှင်းပွင့်များ ကျဆင်းသည်ကို ခံစားရင်း အင်ပါယာရုပ်တုရှေ့တွင် သူပြောခဲ့သည့် စကားတို့ကို ပြန်လည် ပုံဖော်ကြည့်သည်။
ထို့နောက် သူ ရယ်မောသည်။ သူက ထရပ်လိုက်ပြီး တံတွေးပါးစပ်အပြည့်ကို ပေနှစ်ဆယ်ခန့်ထိ ထွေးထုတ်လိုက်ရာ အဝေးရှိ နှင်းထဲသို့ ကျရောက်သွားတော့သည်။
ခေါင်းဆောင်မှာ မှင်တက်သွားပြီး သူသည်လည်း အတူ လိုက်ထွေးထုတ်သည်။ ရွှီချင်းက အဖြေနှင့်ပတ်သက်၍ မပြောချင်သေးကြောင်း သူ ရိပ်မိသည်။ ထို့ကြောင့် သူက သိချင်စိတ်တို့ကို ချုပ်တည်းကာ ပန်းသီးကိုသာ ကုန်အောင်စားလိုက်သည်။ ထို့နောက် ဤမြို့၏ ဒေသထွက်ကုန်ဖြစ်သည့် အေးခဲသစ်တော်သီးတစ်လုံးကို ထုတ်ကာ စားသည်။
အပြင်လောကသည် တိတ်ဆိတ်ငြိမ်သက်နေပါသည်။ တငွေ့ငွေ့ သက်ဆင်းနေကြသော နှင်းမှုံများ ကြားထဲတွင် ရှားပါးသော အေးချမ်းမှုအငွေ့အသက်တစ်ခု ရှိနေသည်။
မလှမ်းမကမ်းရှိ မီးပုံပွဲမှ အသံတချို့နှင့် ရယ်သံတို့သည် လေနှင့်အတူ ရံဖန်ရံခါ ပြန့်လွင့်လာတတ်၏။
ထိုအချိန်တွင် ယန်ယန်သည်လည်း ပုန်းလျိုးကွယ်လျှိုး ရောက်လာသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့ နှင်းထဲတွင် ထိုင်နေကြသည်ကို မြင်လျှင် သူမကလည်း ရွှီချင်းဘေးတွင် အမြန်ထိုင်သည်။ သူမက ရွှီချင်းဘေးတွင် လဲချလိုက်ပြီး ကျေနပ်သွားသည်။
ကောင်းကင်တွင်တော့ ရွှယ်လျန့်ကျစ်နှင့် သခင်မကြီးတုံယုံတို့သည် နှင်းထဲက သုံးဦးကို ကြည့်နေကြသည်။
“လူငယ်ဘဝက ကောင်းလိုက်တာ။”
ရွှယ်လျန့်ကျစ်က ခံစားချက်တို့ဖြင့် သက်ပြင်းချသည်။
“ဒီကလေးက ဘယ်လိုဖြေခဲ့တယ်ထင်လဲ။ ဓားကိုင်ရုံးတော်က အရှင်သခင်တွေကလည်း သူ့ဆီမေးကြည့်ဖို့ အရိပ်အမြွတ်ပြနေကြတယ်။”
ရွှယ်လျန့်ကျစ်မှာ သိချင်စိတ်များ ပြင်းထန်နေသည်။
သခင်မကြီးတုံယုံက သူ့အား အေးစက်စက် ကြည့်နေသည်။
ရွှယ်လျန့်ကျစ်က မျက်တောင်ခတ်လိုက်ပြီး ချောင်းဟန့်ကာ လေသံပြောင်းသည်။
“ခင်ဗျားရဲ့ မြေးသမက်တော်က ဘယ်လိုဖြေခဲ့တယ်လို့ ထင်မိလဲ ပြောကြည့်ပါလား။”
သမင်မကြီးတုံယုံ၏ တွန့်နေသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဝင်းလက်သွားပြီး သူမက ခေါင်းဆတ်ခနဲ ညိတ်သည်။
“မဟာမိတ်အဖွဲ့ကို ပြန်ရောက်တဲ့အချိန် မင်းရဲ့သမက်ကို သူ့တပည့်အကြောင်းမေးကြည့်လိုက်ပေါ့။”
“ခုတော့ စောပါသေးတယ်။ ဓားကိုင်ရုံးတော်က အရှင်တွေက ကျုပ်တို့ကို ရက်အချို့ ဆက်နေခိုင်းသေးတယ်။ တစ်ဖက်မှာလည်း ရွှီချင်းနဲ့ ချန်အားညိုတို့က လူသားအင်ပါယာအဆင့် ကျင့်စဉ်ကိုလည်း ဆင်ခြင်လေ့လာဖို့လိုသေးတယ်။ ပြီးတော့ ဓားကိုင်ရုံးတော်ထဲမှာ သူတို့နှစ်ဦး ကူညီပေးရမယ့် ကိစ္စတစ်ခု ရှိနေတယ်”
အချိန်တို့ ကုန်လွန်လာ၏။
လီယုံမြို့ထဲတွင် စုရုံးလာခဲ့ကြသည့် ဂိုဏ်းအဖွဲ့အသီးသီးက ကျင့်ကြံသူအများစုလည်း ထွက်ခွာသွားကြပြီ ဖြစ်သည်။
မူလက စည်ကားဝေစီနေသော မြို့သည် နေရာလွတ်များဖြင့် ကျဲပါးလာသည်။ လေလွင့်ကျင့်ကြံသူများသာ ထိုနေရာတွင် ကျန်ရစ်ကြပြီး လီယုံကျောက်တိုင်ကြီးမှာ တိုက်ခိုက်ရေး ဝိညာဉ်အမှတ်အသားများ ဆက်လက်ဆင်ခြင်နေကြသည်။
ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့နှင့် လီထူဂိုဏ်းက လူများမှာ ထွက်မသွားကြသေးပေ။ ထိုက်စီရှန်းမုန်ဂိုဏ်းလည်း ထိုနည်းတူပင် ဖြစ်သည်။
လီယုံကျောက်တိုင်ကြီးတွင် ပထမရရှိခြင်းအတွက် ဆုလာဘ်တို့ ထုတ်ပြန်လာပြီ ဖြစ်သည်။
လူသားအင်ပါယာအဆင့် ကျင့်ကြံခြင်းပညာရပ်ကို ဆင်ခြင်နိုင်ခွင့်သည် လွန်စွာရှားပါးလှသည်။
ထိုဆင်ခြင်ခွင့်နေရာအား လီယုံကျောက်တိုင်ထိပ်ရှိ တိမ်တိုက်များထဲက ဓားကိုင်ရုံးတော်ထဲတွင် ပြင်ဆင်ထားသည်။
ဤနေရာသို့ ရွှီချင်း ပထမဆုံးအကြိမ် ခြေချဖူးခြင်းဖြစ်သည်။
ထိုနေရာတွင် ချင်းချိုးပင် ရောက်ရှိနေသည်ကို တွေ့မြင်ရ၏။
သို့ရာတွင် သူမကတော့ သူတို့နှင့်အတူ ကျင့်ကြံခြင်းပညာရပ်ဆင်ခြင်ရန် ရောက်ရှိနေခြင်းမဟုတ်ပေ။ ထိုအစား သူမသည် ခန်းမကြီးတစ်ခုရှေ့တွင် တစ်စုံတစ်ခုအား စောင့်နေသည့်အလား ငြိမ်သက်စွာ ရပ်နေ၏။
သူမသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့အား တွေ့မြင်လိုက်ရချိန်တွင် နှာခေါင်းရှုံ့ကာ တစ်ဖက်သို့ လှည့်သွားသည်။
ရွှီချင်းသည် ဟန်မပျက်ရှိနေပြီး ခေါင်းဆောင်ကတော့ ပြန်နှာခေါင်းရှုံ့သည်။ မကြာခင်တွင်ပင် သူတို့နှစ်ဦးသည် ထိုနေရာမှ ထွက်ခွာလာသည်။ နောက်ဆုံးတွင် ဓားကိုင်တစ်ဦးက သူတို့အား ကွင်းပြင်လွတ်တစ်ခုထံသို့ ခေါ်လာ၏။
ထိုနေရာရှိ မြေပြင်တွင် အနီရောင်အရည်တို့ စီးဆင်းနေပြီး ဧရာမအစီအရင်ကြီးတစ်ခုအား ကောက်ကြောင်းဖော်နေသည်။ ၎င်းအရည်တို့က အနီရောင်အလင်းတို့ ထုတ်လွှတ်နေပြီး ထိုနေရာအား သွေးရောင်အလင်းတို့ဖြင့် ဖြန့်ကြက်ထား၏။
အလယ်တွင်တော့ မီးခိုးရောင်သံချိန်းကြိုးကြီးများ ရစ်ပတ်ချည်နှောင်ထားသည့် အနက်ရောင်ကျောက်တုံးကြီးတစ်ခု ရှိနေသည်။
ချိန်းကြိုးများကြား လစ်ဟနေသည့်နေရာတို့မှ ထိုကျောက်တုံးကြီးပေါ်တွင် ဓားတစ်လက်ထွင်းထားသည်ကို တွေ့မြင်နိုင်သည်။
၎င်းသည် သာမန်ဆန်သည် ဓားတစ်လက်သာဖြစ်သည်။
သို့ရာတွင် သူတို့လှမ်းကြည့်လိုက်သောအခါ ရွှီချင်းနှင့် ခေါင်းဆောင်တို့နှစ်ဦးလုံး စိတ်တို့ တုန်ခါသွားကြ၏။
ထိုဓားပုံရိပ်ထံမှ ကမ္ဘာပျက်လာက်သည့် အရှိန်အဝါတို့ ဖြာထွက်နေသည်ကို သူတို့ ခံစားရ၏။
နှစ်ဦးလုံးက အချင်းချင်းကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများထဲတွင် အထိတ်တလန့် ဖြစ်ခြင်းနှင့် လိုအင်ဆန္ဒများ ဖြစ်ပေါ်လာကြ၏။
ဤနေရာသည် လူသားအင်ပါယာအဆင့် ကျင့်ကြံခြင်းပညာရပ်ရှိသည့် နေရာဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။
ထိုအချိန်တွင် ရွှီချင်းနောက်က ရွှေကျီးကန်းသည် တုန်ခါလျက် ရှိသည်။ အခြားသော အင်ပါယာအဆင့် ကျင့်ကြံခြင်းပညာရပ်ကို ပထမဆုံးအကြိမ် တွေ့ကြုံရချိန်တွင် ၎င်းက ချီးကျူးအံ့သြနေသည့်အလား ကိုယ်ထင်ပြခြင်း မပြုပေ။
ရွှီချင်းက ကျန်းစစ်ယွင်ကိုလည်း တွေ့မြင်သည်။
ထိုလူသည် သူတို့ထက် စောလျင်စွာ ကြိုရောက်နေသည်။ ထိုအချိန်တွင် သူသည် ကျောက်တုံးကြီးတစ်တုံး ဘေးတွင် ထိုင်နေပြီး မျက်လုံးများမှိတ်ကာ ဆင်ခြင်လျက်ရှိနေသည်။
“သွားလိုက်ကြ။ မင်းတို့တစ်ယောက်ချင်းစီ ခြောက်နာရီ ဆင်ခြင်ခွင့်ရမယ်။ ခြောက်နာရီပြီးတာနဲ့ အစီအရင်က မင်းတို့ကို ဒီနေရာကနေ ဖယ်ထုတ်လိုက်လိမ့်မယ်။”
သူတို့အား ထိုနေရာသို့ ခေါ်လာသူသည် ဓားကိုင်ရွေးပွဲအား ကြီးမှူးကြေညာပေးသည့် သက်လတ်ပိုင်း ဓားကိုင်လူကြီး ဖြစ်သည်။
သူက လမ်းတွင် ရွှီချင်းအား တကြည့်ကြည့်လုပ်နေသည်။ သူ့စကားဆုံးပြီးနောက်တွင် ထပ်မံ၍ သတိပေးနေသေးသည်။
မင်းတို့တွေ ဒီအခွင့်အရေးကို ကောင်းကောင်းယူထားကြ။ ဓားကိုင် လုပ်ငန်းစဉ်အရ ဒီဓားကို ဆင်ခြင်နိုင်ဖို့ မင်းတို့ အကျိုးဆောင်မှတ်တွေ အများကြီးလိုအပ်တယ်။”
“မင်းတို့ရှေ့က ဒီအင်ပါယာအဆင့်ကျင့်ကြံခြင်းပညာရပ်ကို…”
“အင်ပါယာဓား လို့ခေါ်တယ်။”
“အင်ပါယာဓားကို ဓားကိုင်တွေရဲ့ ဓားလို့လည်း သိကြသေးတယ်။ ဒီပညာရပ်ကို အင်ပါယာက ဖန်တီးထားတာ ဖြစ်ပြီးတော့ လူအများကြီး ဆင်ခြင်လို့ရတဲ့ ရှားပါးတဲ့ အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ဖြစ်တယ်။ ဒီကျင့်စဉ်က လူသားတွေပဲ သီးသန့်ပိုင်တာဖြစ်ပြီးတော့ ဓားကိုင်သူတွေနဲ့ ပိုသက်ဆိုင်တယ်လို့ ပြောနိုင်တယ်”
“ဓားကိုင်တွေဟာ အတိတ်ခေတ်မှာ မျိုးနွယ်အားလုံးကို ဖိနှိပ်လွှမ်းမိုးနိုင်ခဲ့တာက ဒီအင်ပါယာဓားကြောင့်လို့လည်း သတ်မှတ်နိုင်တယ်။”
“ဒီအတတ်ကို မင်းတို့ ဆင်ခြင်သုံးသပ်ချိန်ကျရင် ဘာကြောင့်လဲဆိုတာသိလာလိမ့်မယ်။”
ထို့နောက်တွင် သက်လတ်ပိုင်း ဓားကိုင်လူကြီး လှည့်ထွက်သွားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့လည်း တုံ့ဆိုင်းခြင်း အလျင်းမရှိကြပေ။ သူတို့က ချက်ချင်းရှေ့တက်လိုက်ကြပြီး ထိုင်ခုံတစ်ခုံစီရွေးကာ ဆင်ခြင်သုံးသပ်လိုက်ကြသည်။
သို့ရာတွင် ရွှီချင်းနှင့် ယှဉ်ပါက ခေါင်းဆောင်သည် ကျောက်တုံးနှင့် နီးကပ်လွန်းစွာ ထိုင်လိုက်လေသည်။ ရွှီချင်းက သူ့အပြုအမူကို မြင်လျှင် အထိတ်တလန့် ပြောသည်။
“အစ်ကိုကြီး… ဒီနေရာမှာ လျှောက်ကိုက်နေရင်တော့ …ဖုန်းဟိုင်ဒေသကြီးကို ကျွန်တော် တစ်ယောက်တည်း သွားပြန်ရမယ် ထင်တာပဲ။”
ခေါင်းဆောင်က ရွှီချင်းအား မနှစ်မြို့စွာ ကြည့်သည်။