ချန်အားညိုရဲ့ အဖြေ
Vol. 32 Ch. 483
ရွှီချင်းသည် မျက်လုံးများ မှိတ်လိုက်ပြီး စိတ်အာရုံတို့အား သူ့ရှေ့က အနက်ရောင် ကျောက်တုံးကြီးထံသို့ ဖြန့်ကျက်လိုက်သည်။
သူ့နတ်အာရုံသည် ကျောက်တုံးကြီးဖြင့် ထိမိသည်နှင့် သူ့စိတ်ထဲတွင် မြူခိုးတစ်လွှာ ထွက်ပေါ်လာသည်။
ထိုမြူခိုးအတွင်းမှ ရေရွတ်သံသဲ့သဲ့ ကြားရ၏။ ထိုအသံသည် ခပ်သဲ့သဲ့ တုန်ခါနေပြီး ဝေးခြင်း နီးခြင်း အကွာအဝေးအား ခန့်မှန်းရခက်သည်။
“အင်ပါယာဓားက…အလွယ်တကူသုံးလို့မဖြစ်ဘူး။”
“ဓားကို ထုတ်လိုက်တဲ့ တစ်ခဏမှာ ကမ္ဘာမြေပျက်သုန်းသွားမယ်။”
ရွှီချင်းက အာရုံစိုက်နားထောင်ရင်း စိတ်တို့ တုန်လှုပ်သွားမိသည်။ ထိုရေရွတ်သံတို့မှာ တဖြည်းဖြည်း အကြောင်းအရာ စီးကြောင်းများအဖြစ် သူ့ဝိညာဉ်ထဲတွင် ပြောင်းလဲပေါ်ထွက်လာပြီး ဆက်လက် ပဲ့တင်ထပ်နေတော့သည်။
ထိုအကြောင်းအရာတို့သည် သူ့အား အင်ပါယာဓားအကြောင်း ပြောနေခြင်း ဖြစ်သည်။
ဓားကိုင်၏ လက်သုံးဓားအဖြစ်လည်း နာမည်တွင်သော အင်ပါယာဓားသည် လူသားမျိုးနွယ်၏ အထက်လမ်းအင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်တစ်ခု ဖြစ်သည်။ ၎င်းအား အန္တိမအင်မော်တယ်အလင်းတော်၏ စိုက်ကျင်းမဟာအင်ပါယာက ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထိုအတတ်သည် သတ်ဖြတ်ခြင်းကို အဓိက အထူးပြုသည်။ ၎င်း၏ စွမ်းပကားတို့သည် ကြောက်စရာကောင်းပြီး သတ်ဖြတ်လိုသော ဆန္ဒတို့မှာလည်း အဆုံးမရှိ ကြီးမားသည်။
ထိုအတတ်သည် မျိုးနွယ်ပေါင်းများစွာကို သတ်ဖြတ်ပြီး ဖြစ်သည်။ အင်ပါယာသည် ၎င်းအတတ်ကို သုံးကာ လွန်ခဲ့သော နှစ်များစွာက နတ်ဘုရားတစ်ပါးကိုပင် သတ်ဖြတ်ဖူးသည်။
ထိုစဉ်က ရှေးဘုရင်ရွှမ်ယုံသည် အင်ပါယာဓားကို လွန်စွာ သဘောကျချီးကျူးဖူးသည်။
နောက်ပိုင်းတွင် ဓားနန်းတော်မျိုးဆက်များသည် ဓားကိုင်များအဖြစ် ပြောင်းလဲသွားကြသည်။ အင်ပါယာသည်လည်း သူ၏ အင်ပါယာအဆင့်အတတ်ပညာရပ်တို့အားလုံးကို ဓားကိုင်ရုံးတော်သို့ လွှဲပြောင်းပေးပြီး ဓားကိုင်အားလုံးအတွက် အကန့်အသတ်မရှိ ဖွင့်ပေးကာ ဓားကိုင်တို့၏ သက်ဆိုင်ရာရာထူးအလိုက် လေ့လာခွင့်ပေးသည်။
အထူးသဖြင့် ဤအင်ပါယာဓားအတတ်အား ဆင်ခြင်ခွင့် ပေးထား၏။ အင်ပါယာက စိတ်စေတနာအပြည့်ဖြင့် ဓားကိုင်တို့အား ရက်ရောစွာ ခွင့်ပြုပေးခြင်းလည်း ဖြစ်သည်။ ဓားကိုင်လက်သစ်တိုင်းသည် ဓားကိုင်ဖြစ်လာပြီးနောက်တွင် ၎င်းအတတ်အား ဆင်ခြင်လေ့လာခွင့်တစ်ကြိမ်စီ ရရှိမည်ဖြစ်သည်။
သို့ရာတွင် အခမဲ့ဟူ၍ ထိုတစ်ကြိမ်သာ ဖြစ်သည်။ ထို့နောက်တွင်တော့ ဆင်ခြင်လေ့လာခွင့်အချိန်တို့အား အကျိုးဆောင်မှတ်တို့ဖြင့် လဲလှယ်ရပေမည်။
အင်ပါယာဓားသည် ဆင်ခြင်လေ့လာရန် လွန်စွာခက်ခဲသည်။ ရှေးယခင်အချိန်များကပင် တစ်ကြိမ်တည်း အောင်မြင်နိုင်သူဟူ၍ မရှိဖူးပေ။ အများစုသည် ထိုကျင့်ကြံခြင်းပညာရပ်ကို စိတ်ထဲတွင် မှတ်သားကာ ဓားမျိုးစေ့တစ်ခု တည်နိုင်ရန်အတွက်ပင် ကြိမ်ဖန်များစွာ ဆင်ခြင်ရ၏။
ထိုဓား၏ စွမ်းပကားကတော့ ပြင်းထန်နိုင်သလို အားပျော့နိုင်ခြေလည်း ရှိသည်။
၎င်း၏ အမြင့်ဆုံးအကန့်အသတ်ကို သတ်မှတ်ထားသည်ကတော့ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ဖြစ်နေပြီး ကျင့်ကြံချိန်နှင့်လည်း များစွာသက်ဆိုင်နေသည်။
အင်ပါယာဓားသည် အားဖြည့်ကာ မွေးထားရမည်ဖြစ်ပြီး အလွယ်တကူ ထုတ်သုံးသင့်ခြင်းမျိုး မဟုတ်ပေ။
၎င်းအား ကြာရှည်စွာ အားဖြည့်ထားနိုင်လေ ဓားစွမ်းပကားတို့ ပိုပြင်းလေဖြစ်သည်။
၎င်းဓား၏ စွမ်းပကားတို့သည် အသုံးပြုပြီးနောက်တွင် မူလအခြေအနေသို့ ပြန်ဖြစ်သွားမည်ဖြစ်သော်လည်း ဓား၏ တည်ရှိခြင်းကပင် ကြောက်စရာတစ်ခု ဖြစ်နေပါသေးသည်။
ဓားကို နှစ်ပေါင်းနှစ်ထောင် အားဖြည့်ထားသည့် ဓားကိုင်တစ်ဦးရှိဖူးသည်။ သူတိုက်ခိုက်လိုက်ချိန် တခဏတွင် သူ၏ ယွမ်ယင်အဆင့်နှင့် ဝိညာဉ်သိုက်ဆင့်ကို ဖြတ်ကျော်ကာ ဗလာနတ္တိပထမအဆင့်တစ်ဦးကို နေရာတွင် တိုက်ရိုက် သတ်ဖြတ်လိုက်သည်။
ဤကား မျိုးနွယ်များစွာတို့က လူသားမျိုးနွယ်၏ ဓားကိုင်ရုံးတော်ကြီးကို ကြောက်ရွံ့ခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ အကြောင်းကား ဓားကိုင်ရုံးတော်ကြီးထဲတွင် နှစ်ရာထောင်ချီ သို့မဟုတ် ပို၍ပင်ကြာရှည်စွာ ဓားကိုအားဖြည့်နေခဲ့သော အဘိုးကြီးအချို့ရှိနေမည်လား မည်သူမျှ မသိနိုင်ပေ။
တစ်ချိန်တည်းမှာပင် ထိုသို့သော သတ်ဖြတ်ခြင်း အတတ်ကို ပိုင်ဆိုင်သည့် မျိုးနွယ်တိုင်းတွင် အပြင်သို့ ထွက်မပြဘဲ တသက်လုံး ဓားများကို အားဖြည့်နေသည့် လူတစ်စုကို သေချာပေါက် စုဆောင်းထားမည်မှာ သေချာ၏။
ထိုနည်းဖြင့် အရေးကြီးသော အချိန်အခါများ၌ ထိုဓားကို ကစားပွဲအပြောင်းအလဲ ပြုလုပ်ရန် ထုတ်သုံးနိုင်သည်။
၎င်းတို့သည် ဓားကိုင်ရုံးတော်ကြီး၏ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့်ပင် အင်ပါယာက ဓားကိုင်သူများအတွက် အင်ပါယာဓားကို လေ့ကျင့်ခွင့်ပေးထားသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ သူသည် နှစ်သောင်းချီ တည်တံ့သော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ထားလိုသည်။
သို့ရာတွင် ထိုဓားကို လေ့ကျင့်ရန်ကား လွန်စွာခက်ခဲလွန်းလှသည်။ ဓားကိုင်တိုင်း ထိုဓားကို ကျွမ်းကျင်တတ်မြောက်သည်တော့ မဟုတ်ပေ။ ထို့ကြောင့် ကြိမ်ဖန်များစွာ ဆင်ခြင်လေ့ကျင့်ရန် အရေးကြီးသည်။
ရွှီချင်းသည် ပြင်ပကမ္ဘာတွင် အချိန်တို့ မည်မျှကုန်ဆုံးသွားသည်ကို မသိပါ။ ထိုအချိန်တွင် သူသည် ရှေ့မှ မြူခိုးတို့အား အစွမ်းကုန်ဖယ်ရှားရန် ကြိုးစားနေ၏။ သို့ရာတွင် သူ့အာရုံသိထဲက မြူခိုးတို့မှာ ထူထဲလွန်းလှသည်။ သူအစွမ်းကုန် ကြိုးစားလျှင်ပင် ထိုမြူခိုးများအား ရှင်းလင်းနိုင်စွမ်းမရှိ ဖြစ်နေသည်။
သူက အစွမ်းကုန် ကြိုးစား၍သာ မြူခိုးထဲတွင် ရှေ့ဆက်တိုးလျှက် အတွင်းတွင်ရှိသည့် အရာကို တွေ့မြင်နိုင်ရန် ကြိုးစားရ၏။
ဤသို့ဖြင့် အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးလာသည်။
အချိန်တို့ တရွေ့ရွေ့ ကြာသွားပြီးနောက်တွင် ရှေ့တွင် ရှိနေသည့် မြူခိုးများ လျော့ပါးလာသည်ကို ရွှီချင်း မြင်တွေ့ရသည်။ ထိုမြူခိုးများနောက်တွင် ဓားတစ်လက်ကို သူ ရိုးတိုးရိပ်တိတ် တွေ့မြင်ရသည်။
သူ့စိတ်တို့ ပို၍ ရှုပ်ထွေးလာပြီး စိတ်ထဲတွင် တဝုန်းဝုန်းပဲ့တင်သံများ မြည်လာသည်။
အကြောင်းကား ဓားသည် သာမန်ဓားတစ်လက်သာ ဖြစ်သော်လည်း ၎င်းထံမှ အံ့မခန်းလောက်သော သတ်ဖြတ်လိုစိတ်များ ရှည်နေသည်။
ဖော်ပြမရနိုင်သော ရက်စက်မှုအရှိန်အဝါနှင့် နှလုံးတုန်ဖွယ် သတ်ဖြတ်လိုစိတ်တို့သည် ဓားထံမှ ဖြာထွက်လာကြသည်။
၎င်းသည် ကောင်းကင်သို့ပျံတက်ကာ ကမ္ဘာပေါ်က အရာခပ်သိမ်းတို့ကို သတ်ဖြတ်လိုနေသည့်အလားပင်။
၎င်းတည်ရှိနေသည့် အနက်ရောင်ကျောက်တုံးကြီးကလည်း ၎င်းအား ထိန်းချုပ်ထားနိုင်စွမ်းမရှိသည့်အလားပင်။ ထိုဓားကို ထိန်းချုပ်ရန်အတွက်ပင် သံချိန်းကြိုးများ အထပ်ထပ်ရစ်ပတ်ထားရ၏။
ရွှီချင်း၏ အသက်ရှူနှုန်းတို့ မြန်ဆန်လာပြီး သူ့စိတ်တို့ ဗလာဟင်းလင်း ဖြစ်သွားသည်။ သူ့မျက်လုံးထဲတွင် မြူခိုးနောက်မှ ဓားသည် တဖြည်းဖြည်း ကြည်လင်ပြတ်သားလာသည်။ ဓားမှ ထွက်ပေါ်နေသော အဆုံးမရှိ စိတ်အားမာန်တို့လည်း ထင်ရှားလာနေသည်။
သူက ကြောင်ငေးနေချိန်မှာပင် သူသိစိတ်နယ်ပယ်ထဲတွင် ဓားတစ်လက်၏ ကောက်ကြောင်းတစ်ခု တဖြည်းဖြည်းပေါ်လာသည်။
ယခင်က အမှတ်ခုနစ်သခင်ကြီးပင် ရွှီချင်း၏ ဆင်ခြင်နိုင်စွမ်းအား ထိတ်လန့်အံ့သြရ၏။ ထို့ကြောင့် ရွှီချင်း၏ ပါရမီကို ကောင်းစွာသိမြင်နိုင်သည်။
ထိုအချိန်တွင် ရွှီချင်း၏ စိတ်ထဲတွင် ပြင်းထန်သော ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။ သူက မြူခိုးကို ထပ်မံဖယ်ရှားကာ သူ့စိတ်ထဲက ဓားကို ပိုမိုနက်ရှိုင်းစွာ စုစည်းရန်ပြင်သည်။
သို့ရာတွင်…။
သူ့နောက်မှာ ပြင်းထန်သော စုပ်အားကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုခဏ၌ တလောကလုံး ချာချာလည်သွားသည်။ သူခေါင်းမော့ကြည့်လိုက်ချိန်တွင် သူသည် ဆင်ခြင်လေ့လာနေသည့်နေရာ၌ မဟုတ်တော့ကြောင်း သိလိုက်သည်။
သူသည် ခန်းမကြီးပြင်ပသို့ ရောက်ရှိနေလေသည်။
ကျန်းစစ်ယွင်လည်း ထိုနေရာသို့ရောက်နေသည်။ သူ၏မျက်လုံးတို့က နီရဲနေပြီး သူသည် စိတ်ထဲက ဆန္ဒတို့အား အစွမ်းကုန်ချုပ်တည်းနေသည့် ဟန်ရှိနေသည်။
ချင်းချိုးကတော့ မလှမ်းမကမ်းတွင် သူတို့အား အေးစက်စက် လှမ်းကြည့်နေသည်။
ထိုသူတို့သည် လူသားမျိုးနွယ်၏ အင်ပါယာအတတ်ကို သွားရောက် လေ့လာခြင်းဖြစ်ကြောင်း သူမ သိနေသည်။ သူမသည် ထိုအခွင့်အရေးအတွက် အရည်အချင်း ပြည့်မီခြင်းမရှိဘဲ ဓားကိုင်ရုံးတော်က အဘယ်ကြောင့် သူမကို ဤနေရာတွင် စောင့်ခိုင်းထားသည်ကို နားမလည်နိုင်ပေ။
“နေပါဦး… နေပါဦး… ငါက ဘာကိုစောင့်နေရတာလဲ။”
ချင်းချိုး စိတ်ညစ်နေသည်။
ရွှီချင်းကတော့ ချင်းချိုးနှင့် ကျန်းစစ်ယွင်တို့အား ဂရုမစိုက်ပေ။ သူက ခေါင်းကိုသာ အမြန်မော့လိုက်ပြီး ပညာရပ်ကို ဆင်ခြင်လေ့လာသည့် နေရာသို့ ပြန်လှမ်းကြည့်သည်။ သူ့စိတ်ထဲတွင် နှိုင်းယှဉ်မရနိုင်သည့် ဆန္ဒတစ်ခု ပေါ်ထွက်လာနေသည်။
သူ့စိတ်နယ်ပယ်ထဲတွင် ဓား၏ကောက်ကြောင်းကို မြင်တွေ့ရပြီဖြစ်ရာ ထိုဆန္ဒတို့မှာ ပိုမို ပြင်းထန်လာ၏။
၎င်းဓားမှာ မှုန်ဝါးဝါးသာဖြစ်သော်လည်း ဓားပုံရိပ်တော့ ရှိနေသည်။ သို့ရာတွင် ၎င်းတွင် အခြေတည်စရာအမြစ်တို့မရှိဘဲ တဖြည်းဖြည်းပြယ်လွင့်လာ၏။ ထိုပုံအတိုင်းဆိုပါက ဓားသည် နှစ်နှစ်အတွင်း ပျက်ပြယ်သွားလောက်သည်။
ထိုအချက်တို့ အားလုံးကြောင့် သူက ထိုဓားကောက်ကြောင်းကို ပြတ်သားစွာ ပုံဖော်နိုင်ရန် အချိန်ခဏမျှသာ လိုတော့သည်ဟု ရွှီချင်း ခံစားရသည်။
အတင်းပြန်ဆွဲခေါ်ခံရခြင်းနှင့် ရုတ်တရက်ဖြတ်တောက်ခံရခြင်းတို့ကြောင့် ရွှီချင်း၏ စိတ်ထဲတွင် စိတ်ပျက်မှုတို့ မဆုံးနိုင်အောင် ဖြစ်လာ၏။
တစ်ချိန်တည်းမှာပင် လေဟာနယ်နေရာထဲမှ ခေါင်းဆောင်၏ ပုံရိပ်လည်း ထွက်ပေါ်လာသည်။ သူသည် မြေပြင်သို့သက်ဆင်းလာသည်နှင့် ရွှီချင်းနည်းတူ အားမလိုအားမရ ဖြစ်နေသည်။ သူက ချက်ချင်းထရပ်လိုက်ပြီး အဝေးကို အသက်ရှူနှုန်းတို့မြန်လျက် ကြည့်လိုက်သည်။
‘ဘာဖြစ်တာလဲ။ လခွမ်း၊ ငါ အောင်မြင်ဖို့နည်းနည်းပဲ လိုတော့တာကွာ။ ငါ ပါးစပ်တောင် အကျယ်ကြီးဖွင့်ထားပြီးပြီ။’
ခေါင်းဆောင်၏ စိတ်ထဲတွင်လည်း စိတ်ပျက်မှုတို့ အတောမသတ်နိုင်ဖြစ်နေသည်။ သူက ထိုစကားတို့အား ထုတ်မပြောရဲဘဲ စိတ်ထဲတွင်သာ ကြိတ်၍ မကျေမနပ်ဖြစ်နေသည်။
“အားလုံး စိတ်ကို ထိန်းကြပါ။”
ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ ခံစားချက်များ လှိုင်းထ လှုပ်ရှားနေချိန်တွင် တည်ငြိမ်သော အသံတစ်ခုသည် သူတို့စိတ်ထဲတွင် မိုးချိန်းသံအလား မြည်ဟိန်းပဲ့တင်လာသည်။
သူတို့အား မူလက ခေါ်ဆောင်လာခဲ့သော သက်လက်ပိုင်းဓားကိုင်လူကြီးသည် သူတို့ရှေ့သို့ ပြန်ပေါ်လာသည်။
၎င်း၏ ခန္ဓာကိုယ်က ပြင်းထန်သည့် ဖိအားသည် ရွှီချင်းအား ပင့်သက်ရှည် ရှိုက်စေပြီး စိတ်ထဲက ဆန္ဒကို ချုပ်တည်းရသည်အထိ ဖြစ်စေသည်။
“မင်းတို့က အင်ပါယာဓားကို အထင်အရှားမြင်နိုင်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ တွေးထင်နေကြတာလား။ အောင်မြင်ဖို့ နည်းနည်းပဲ လိုတော့တယ် ဆိုပြီးတော့ပေါ့။”
“ဒီအတတ်ကို လေ့လာသူတိုင်း ဒီလိုခံစားချက်ရတယ်လို့ ငါပြောနိုင်တယ်။ ဒါပေမဲ့ အမှန်ကတော့…မင်းတို့က ဆင်ခြင်ရာမှာ အောင်မြင်ဖို့ အဝေးကြီးလိုနေတုန်ပဲ။”
“ပြီးတော့ ဆင်ခြင်လေ့လာတာက ခြောက်နာရီထိပဲ ကန့်သတ်ထားရတာဟာ အကြောင်းရင်း ရှိတယ်။”
“အရင်ကတည်းက ခြောက်နာရီထက်ကျော်ပြီး ဆင်ခြင်လေ့လာတဲ့ ဓားကိုင်တိုင်းဟာ အဲဒီအချိန်အတွင်းမှာပဲ ချက်ချင်းသန္ဓေပြောင်းပြီး သေဆုံးကုန်ကြတယ်။ တစ်ယောက်မှ အသက်မရှင်ဘူး။”
သက်လတ်ပိုင်း ဓားကိုင်လူကြီးက တည်ငြိမ်စွာ ပြောနေရာ ထိုစကားတို့က ရွှီချင်း၏ စိတ်တို့အား လေးလံစေသည်။
“ဒီလိုဖြစ်ရခြင်းအကြောင်းက အင်ပါယာဟာ တစ်ချိန်တုန်းက နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ဖူးလို့ပဲ။ ဒါပေမဲ့ ဓားကိုတော့ နတ်ဘုရားကျိန်စာသင့်ခဲ့ရတယ်။ ဒါကြောင့် ဒီအတတ်ကို ခြောက်နာရီထပ်ပိုကြာအောင် လေ့လာသူတိုင်းဟာ သန္ဓေပြောင်းပြီး သေကုန်ရမှာပဲ။”
“မင်းတို့စိတ်ပူနေဖို့တော့ မလိုပါဘူး။ မင်းတို့က ကံကောင်းပါတယ်။ ဒါက အပိုဆုပဲ။ မင်းတို့ဒေသကြီးရဲ့ မြို့တော်ကို ရောက်ရင် ဒီအတတ်ကို နောက်တစ်ကြိမ် လေ့လာခွင့်ရမှာပဲ။”
“အခုတော့ အခြားကိစ္စတစ်ခုကို ရှင်းရမယ့်အချိန်ရောက်လာပြီ။ အရှင်သခင်တွေက ဒီကိစ္စအတွက်စောင့်နေတာ ကြာပြီ။”
ကျန်းစစ်ယွင်မှာ ပဟေဠိဟန်ဖြစ်နေသည်။ သူက ဘာဆက်ဖြစ်မည်ကို နားမလည်နိုင် ဖြစ်နေ၏။
သို့ရာတွင် သူကအာရုံစိုက်နေချိန်မှာပင် သက်လတ်ပိုင်းလူကြီးက ညာလက်ကိုမြှောက်ကာယမ်းသည်။ ကျန်းစစ်ယွင်၏ ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“ဒီကိစ္စက သူနဲ့ မဆိုင်ဘူး။”
သက်လတ်ပိုင်းဓားကိုင်လူကြီးက သူအဝေးသို့ပို့လိုက်သော ကျန်းစစ်ယွင်၏ အတွေးတို့ကို ဂရုစိုက်ခြင်းမရှိဘဲ ဖြည်းညင်းစွာပြောသည်။
ရွှီချင်း၏ စိတ်တို့ လှုပ်ခတ်လာသည်။ သူက ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်းချိုးကို ကြည့်လိုက်ကာ အတွေးနက်သွားသည်။
ချင်းချိုး မျက်မှောင်ကြုတ်သည်။ သူမက အဖြေကို မှုန်ဝါးဝါး ခန့်မှန်းလိုက်မိသော်လည်း ထိုအဖြေက သူမအား ကံမကောင်းခြင်းနှင့် မကျေနပ်ခြင်းတို့ကိုသာ ဖြစ်ပေါ်စေ၏။
ခေါင်းဆောင်ကလည်း အတွေးရမိသွားဟန် ဖြစ်လာပြီး သူ့မျက်လုံးတို့တွင် ထူးဆန်းသည့် အလင်းတစ်ခုလက်လာသည်။ သူက စိတ်လှုပ်ရှားတက်ကြွမှုတို့ ရောယှက်လျက် အမြန်မေးသည်။
“ဆရာကြီး ဝိညာဉ်သုံးပါးတောင်ကုန်းနဲ့ ပတ်သတ်နေတဲ့ကိစ္စများလား။”
သက်လတ်ပိုင်းဓားကိုင်လူကြီးက ချန်အားညိုအား လစ်လျူရှုထားသည်။
သူ့အမြင်အရ အင်ပါယာရုပ်တုအား ဆယ်ပေသာအလင်းထုတ်စေသည့် ချန်အားညိုသည် ဓားကိုင်တစ်ဦးအဖြစ် အရှက်ရစရာသာဖြစ်နေသည်။
အမှန်တွင် သူတစ်ဦးတည်းသာ ထိုသို့အတွေးမျိုးရှိနေသည် မဟုတ်ပေ။ အခြားသော ဓားကိုင်များစွာလည်း ထိုနည်းတူအတွေးရှိနေကြသည်။
ဓားကိုင်လူကြီးက သူ့အား ဂရုမစိုက်ဘဲ ရွှီချင်းနှင့် ချင်းချိုးတို့ကို ကြည့်လိုက်သည်။
“မင်းတို့သုံးယောက် ဝိညာဉ်သုံးပါးတောင်ကုန်းပေါ်မှာ ပေါ်လာခဲ့ပြီး ငါတို့ဓားကိုင်ရုံးတော်က မြေအောက်နတ်သမီးကို ဖိနှိပ်တိုက်ခိုက်ခဲ့တာကို တွေ့မြင်ခဲ့ကြတယ်။”
“အခု မြေအောက်နတ်သမီးကို ချုပ်နှောင်ထားပြီး စစ်မေးနေချိန်ရောက်လာပြီ။ အရှင်သခင်တွေက မင်းတို့သုံးယောက် သူ့ရှေ့ကိုလာပြီး စိတ် မတည်မငြိမ်ဖြစ်အောင် အနှောင့်အယှက်ပေးစေချင်ကြတယ်”
“ဒီနည်းနဲ့ အရှင်သခင်တွေက သူ့ဝိညာဉ်ထဲက လျို့ဝှက်ချက်တွေကို ပိုပြီး လွယ်လွယ်ရှာနိုင်မှာပဲ။”
ထိုသို့ပြောကာ ထိုသက်လတ်ပိုင်း ဓားကိုင်လူကြီးသည် အဝေးသို့ လျှောက်သွားလိုက်သည်။
ရွှီချင်းနှင့် တခြားနှစ်ယောက်တို့လည်း ထရပ်လိုက်ပြီး နောက်မှ လိုက်ပါလာကြသည်။ လမ်းတွင် ခေါင်းဆောင်က မျက်တောင်ပေကလပ်ခတ်ကာ စိတ်ထဲတွင် အရှုံးနှင့် အမြတ်တို့အား တွက်ချက်နေသည်။
“ငါရဲ့ ဆယ်ပေအလင်းက လူကြိုက်များတဲ့ပုံတော့ မဟုတ်ဘူး။”
“မဟုတ်သေးဘူး။ ငါ ဒီတစ်ခေါက် သေချာလုပ်ပြီး အဘိုးကြီးတွေ အမှတ်ပေးစရာဖြစ်အောင်လုပ်မှပဲ။ မဟုတ်ရင် ဒီအတိုင်းဆက်သွားလို့ကတော့ ငါ့ရာထူးတက်နိုင်ဖို့ ခက်တော့မှာပဲ။”
ခေါင်းဆောင်သည် တချိန်တည်းတွင် သတိကြီးခြင်းနှင့် စိတ်ဖိစီးခြင်းတို့ ဖြစ်နေတော့သည်။ ထိုအချိန်တွင် သူသည် ဆယ်ပေမျှအလင်းသာ ရရှိနိုင်ခြင်းအား မယုံနိုင် ဖြစ်နေ၏။
“ငါ့အဖြေက မမှားပါဘူး။ အင်ပါယာရဲ့မေးခွန်းက မေးခွန်းတစ်ထောင်ထဲမပါပေမဲ့ သက်ဆိုင်တဲ့ မေးခွန်း ၄၇ခုတော့ ရှိနေသေးတယ်။”
“ငါက အဲဒီအဖြေအားလုံးကို တစ်ချိန်တည်းပြောခဲ့တာပဲ။ ဒီအဖြေတွေက သာမန်အဆင့်ထက်တော့ ပိုနေတာသေချာတယ်။ အဖြေတစ်ခုတိုင်းက ပေထောင်ချီအလင်းရသင့်တယ်။ ပေါင်းလိုက်ရင် ပေတစ်သိန်းကို သေချာပေါက်ရောက်နိုင်တယ်။ ငါဝိညာဉ်ကျောက်တုံးတွေကုန်ခဲ့ရတာလည်း အလကားဖြစ်နိုင်မှာ မဟုတ်တော့ဘူး။”
“ငါက သူ့ကို စကားလုံးတောင်မထပ်ပဲ မြှောက်ပင့်ခဲ့သေးတယ်။”
“သရုပ်ဆောင်ရင်း သူ့ကို နတ်ဘုရားလို့တောင် ပြောခဲ့သေးတယ်။”
“ငါပြောတာ မှားနေလို့လား။ အဲဒီအချိန် မဟာအင်ပါယာရဲ့အလင်းက ပြင်းပြင်းထန်ထန်ကို လှုပ်ရှားနေခဲ့တာ။ သူက ဘယ်လောက်ကျေနပ်တယ်ဆိုတာ ထင်ရှားနေတာပဲ။”
ထိုစဉ်က သူ့သရုပ်ဆောင်ကွက်တို့ကို ပြန်တွေးလိုက်ရင်း ခေါင်းဆောင်သည် ပို၍မချင့်မရဲဖြစ်လာတော့သည်။
“ငါ့ကိုဘာလို့ ဆယ်ပေပဲပေးရတာလဲ။”
ခေါင်းဆောင် စိတ်ဖိစီးနေသည်။ သူက ရွှီချင်းအား ကြည့်ရင်း ဖိအားများစွာ ခံစားနေရသည်။
သူ့အတွေးတို့ လှုပ်ရှားနေချိန်တွင် သူတို့သုံးဦးအား သက်လတ်ပိုင်းဓားကိုင်လူကြီးက ဓားကိုင်ရုံးတော် အကျဉ်းထောင်သို့ ခေါ်ဆောင်လာ၏။
ထိုနေရာတွင် ပတ်ပတ်လည်၌ ကန့်သက်ခြင်း အစီအရင်များစွာ ရှိနေသည့် လျို့ဝှက်အမှောင်ခန်းတစ်ခု ရှိနေသည်။ ထိုနေရာသို့ ဝင်ရောက်လာသူတိုင်းအား နတ်အာရုံများဖြင့် ချိန်ရွယ်ထားခြင်း ခံရမည်ဖြစ်သည်။
စစ်ဆေးမှုပြီးချိန်တွင် လေးဦးသားမှာ အကျဉ်းထောင်ထဲသို့ လျှောက်လှမ်း ဝင်လာကြသည်။ သူတို့က အဝါရောင်အလင်းမှိန်မှိန်အောက်က လှေကားကျဉ်းလေးအတိုင်းလျှောက်လာခဲ့ကြရာ အဝေးမှ မြေအောက်နတ်သမီး၏ တည်ငြိမ်ရှင်းသန့်သော အသံတစ်သံ ပျံလွင့်လာသည်။
“ခြေလှမ်းတွေအတိုင်းဆို လူတွေရောက်လာပြန်ပြီလား။”
“အသုံးမဝင်ပါဘူး။ မင်းတို့က ငါ့ခံစားချက်ကို လှုံ့ဆော်ပြီး ဝိညာဉ်ကို ရှာဖို့ မဖြစ်နိုင်ပါဘူး။”
“ငါက တစေအင်ပါယာရဲ့ လူသားဝိညာဉ်ကပြောင်းလဲလာတာပဲ။ ငါ့ခံစားချက်တွေက လှုပ်ခတ်နိုင်ခြင်းမျိုးမဟုတ်ဘူး။ လှုပ်ခတ်နိုင်ရင်တောင်မှ မင်းတို့လို အဆင့်နိမ့် ဗလာနတ္တိအဆင့်ကျင့်ကြံသူတွေ လုပ်နိုင်တာမျိုးမဟုတ်ဘူး။”
“ငါရဲ့ အဓိကကိုယ်ခန္ဓာက ဝိညာဉ်စုစည်းမှုအဆင့်မှာပဲ။ မင်းတို့က…ပုရွက်ကောင်တွေလောက်ပဲ အဆင့်ရှိတယ်။”