မြေအောက်နတ်သမီးအား သွားတွေ့ခြင်း
Vol. 32 Ch. 484
ထိုနတ်လောကအသံသည် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး တည်ငြိမ်စွာ ဟန်မူရာအပြည့်ဖြင့် ပြောလိုက်သည့်အလား ကြည်လင်ပြတ်သားနေသည်။
စကားလုံးတိုင်းအား ရှင်းလင်းပီသစွာ ပြောလိုက်ပြီး တစ်လုံးချင်းစီတိုင်းတွင် အေးစက်သော ဂုဏ်မာနတို့ ထင်ဟပ်နေသည်။ သူမ ပြောလိုက်သည့် စကားတစ်ခွန်းတိုင်းတွင် ဂုဏ်သရေမြင့်သော ဟန်ပင်အငွေ့အသက်များ ပြည့်နေ၏။
ထိုအသံတွင် ရွှီချင်းကတော့ ဟန်မပျက်ရှီနေသည်။ ချင်းချိုးမှာကား စိတ်မပါဟန် ရှိနေသည်။
ဤနေရာသို့ ခေါ်ဆောင်ရောက်ရှိလာခဲ့ပြီးနောက်တွင် သူမသည် ထိုစဉ်က တွေ့ကြုံခဲ့ရသည်တို့ကို ပြန်အမှတ်ရ၏။ သူမက ထိုစဉ်က အကျိုးအမြတ်အနည်းဆုံး ရခဲ့သူ ဖြစ်သော်လည်း တာဝန်ယူရသည်က ညီတူညီမျှ ဖြစ်နေသည်။
ခေါင်းဆောင်သည်သာ အတွေးတို့ လှုပ်ရှားလျက် မျက်လုံးများ အရောင်လက်လာသည်။
ယခင်က ဆယ်ပေအလင်းကြောင့် ထိုရက်များတွင် သူ အပြင်ထွက်သည့်အချိန်တိုင်း သူ့အပေါ် တခြားလူများ၏ အကြည့်က ထူးဆန်းနေသည်ဟု ခံစားရသည်။
အထူးသဖြင့် အချို့သောဓားကိုင်တို့က သူ့အား သတိဖြင့် စောင့်ကြည့်နေသည်ကို သတိထားမိ၏။
ထိုအချက်ကြောင့် သူ မကျေမလည်ဖြစ်ရသလို စိတ်တို့လည်း ပူပင်ရသည်။ သူသည် ဓားကိုင်တစ်ဦး အထင်အရှားဖြစ်သော်လည်း အားလုံးက သူ့အား သူလျိုတစ်ဦးကဲ့သို့ကြည့်နေသလို အဘယ်ကြောင့်ခံစားနေရသနည်းဟု သူတွေးနေသည်။
“ဓားကိုင်အကြီးအကဲတွေ ဒီနေရာကို သေချာအာရုံစိုက်နေလောက်မှာပဲ။ ဒါက အစွမ်းပြဖို့ ရှားပါးအခွင့်အရေးပဲ။ ငါ ဒီအခြေအနေကို ပြန်ပြောင်းပြီး အကြီးအကဲတွေ ငါ့ရဲ့ထူးခြားစွမ်းရည်တွေကို မြင်အောင်ပြသရမယ်။”
ခေါင်းဆောင်က ပင့်သက်ရှိုက်လိုက်ပြီး ရှေ့သို့ လျှောက်သွားသည်။ သူ့ ခြေလှမ်းတို့မှာ ခိုင်မာပြတ်သားနေပြီး သူ့ကိုယ်မှ အရှိန်အဝါတစ်ခုပင် ထွက်လာတော့သည်။
ရှေ့က သက်လတ်ပိုင်းဓားကိုင်လူကြီးကလည်း ထိုအချက်ကို အာရုံခံမိဟန်ရှိသည်။ သူက လှည့်လိုက်ပြီး ခေါင်းဆောင်ကို တစ်ချက်ကြည့်သည်။ သူ့ပါးစပ်တို့ ခပ်ဟဟ ဖြစ်သွားသော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းတော့ မပြုပေ။
ထိုမြင်ကွင်းတွင် ခေါင်းဆောင်သည် ယုံကြည်စိတ်တို့ ပိုမြင့်လာ၏။
ဤသို့ဖြင့် သုံးဦးသားသည် သက်လတ်ပိုင်းဓားကိုင်လူကြီးဦးဆောင်မှုအတိုင်း လှေကားပေါ်က ဆင်းလာကြတော့သည်။
သူတို့ရှေ့တွင် အနီရောင်လှောင်အိမ်ကြီးတစ်ခု ပေါ်လာသည်။
ထိုလှောင်အိမ်အား သွေးရောင်တိုင်ချောင်းများဖြင့် ပြုလုပ်ထားသည်။ ထိုတိုင်ချောင်းများကြားတွင် သွေးရောင်အလင်းလွှာတစ်ခုလည်းရှိနေပြီး လွန်စွာကျစ်လစ်ဟန်ရှိသည်။ ထိုအလင်းလွှာပေါ်တွင် ကမ္ပည်းစာမြောက်မြားစွာ စီးဆင်းလှုပ်ရှားနေသေးသည်။
ထိုကမ္ပည်းစာတို့က လှုပ်ခါသွားတိုင်း လှောင်အိမ်ထဲတွင် ကြီးမားသော ဖိအားကြီးတစ်ခု ပေါက်ကွဲထွက်သွားတတ်သည်။
ထိုလှောင်အိမ်နီထဲတွင်တော့ အမျိုးသမီးတစ်ဦး တင်ပျဉ်ခွေထိုင်လျက်ရှိသည်။
ထိုအမျိုးသမီးက တန်ဖိုးကြီးဝတ်စုံတို့နှင့် ဖီးနစ်မီးငှက်ခေါင်းဆောင်းတစ်ခု ဆောင်းထားသည်။ သူမ၏ အသားအရေမှာ ဖြူဖွေးနူးညံ့နေပြီး တုနှိုင်းမမီသော အလှတရားတစ်ခုပိုင်ဆိုင်ထားသည်။ သူမအား တစ်ချက်ကြည့်မိရုံဖြင့် နှလုံးခုန်နှုန်းတို့ မြန်ဆန်ရသည်အထိပင်။
ထိုအချိန်တွင် သူမသည် ကြာစေ့စွပ်ပြုတ်တစ်ပန်းကန်ကို ကိုင်ကာ အသာအယာသောက်နေလျက်ရှိသည်။
သူမသည် မြေအောက်နတ်သမီး (ဝါ) သခင်မယုံကျင်းဖြစ်သည်။
ထိုလှောင်အိမ်၏ ဖိနှိပ်မှုအောက်တွင် သူမ၏ ကိုယ်ခန္ဓာမှာ ယခင်ကကဲ့သို့ ကြီးထွားနေခြင်းမရှိတော့ဘဲ သာမန်အရွယ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။
သူမ၏ ခြောက်ပြစ်ကင်းသွင်ပြင်ကို တွေ့မြင်ရလျှင် သူမသည် ဝိညာဉ်သုံးပါးတောင်တုန်းတွင် မျိုးနွယ်အပေါင်းတို့၏ အသွေးနှင့် အသားတို့ကို ဆော့မြူသောက်စားနေတတ်သူဟု စိတ်ကူးဖြင့် မြင်ယောင်ရန် ခက်ခဲလှသည်။ သူမ၏ ပါးစပ်၌ စွန်းထင်းနေသည့် သေမျိုးတို့၏ သွေးမှာ ပင်လယ်တစ်စင်းမျှ ဖွဲ့စည်နိုင်လောက်ပြီ ဖြစ်သည်။
ရွှီချင်းတို့ သုံးဦးတို့ ရောက်ရှိလာခြင်းသည် သူမ၏ အာရုံစိုက်မှုကို ရရှိစေသည်။
လှောင်အိမ်ပြင်ပရှိ လူရိပ်သဏ္ဌာန်တို့ကို တွေ့မြင်ချိန်တွင် သူမ၏ မျက်နှာမှာ တည်ငြိမ်လျက် ရှိနေသေးသည်။ သူမက ဟန်မူရာမပျက် ထိန်းကာ ကြာစေ့စွပ်ပြုတ်ကို ဖြည်းညင်းစွာ ဝါးမျို သောက်စားလျက် ရှိသည်။
“မြေအောက်နတ်သမီး လာတွေ့တဲ့လူရှိပါတယ်။”
သက်လတ်ပိုင်းဓားကိုင်လူကြီးက သွေးရောင်လှောင်အိမ်ထံ ချဉ်းကပ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
မြေအောက်နတ်သမီးက တခိခိရယ်လိုက်ပြီး ရွှီချင်းတို့သုံးဦးအား ကြည့်သည်။
“ဒီတော့ မင်းတို့က ဒီပမွှားသုံးကောင်ကိုခေါ်လာပြီး ငါ့ခံစားချက်ကို လာဆွတာလား။ အသုံးမဝင်ပါဘူး။ ငါအပြင်ကို ရောက်တာနဲ့ ဒီပမွှားပုရွက်ဆိတ်သုံးကောင်ကို တစ်ကောင်ချင်း အမှုန့်ကြိတ်ပစ်မယ်။”
“သူတို့ရဲ့ အသွင်အပြင်ကို ပိုပြတ်ပြတ်သားသားမှတ်မိအောင် လုပ်ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတောင် တင်ရဦးမယ်။”
မြေအောက်နတ်သမီးက ရယ်သည်။ သူမအကြည့်က ရွှီချင်းတို့သုံးယောက်တို့အား အမှန်ပင် စိတ်ထဲမှတ်သားနေသကဲ့သို့ ဖြတ်သန်းသွားသည်။
သက်လတ်ပိုင်း ဓားကိုင်လူကြီးကတော့ ခံစားချက်မဲ့ဟန်ဖြင့်သာ ရှိနေသည်။ သူက နောက်သို့ ခြေလှမ်းအချို့ဆုတ်လိုက်ပြီး ရွှီချင်းတို့သုံးဦးအား ကြည့်သည်။
သူ့တာဝန်က သူတို့အား ခေါ်လာရန်သာ ဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့က မြေအောက်နတ်သမီးကို အောင်မြင်စွာ ရန်စနိုင်ရန်သာ လိုပေတော့သည်။
ရွှီချင်း၏ ဟန်မူရာတို့လည်း တည်ငြိမ်နေ၏။ သူက မြေအောက်နတ်သမီးအား ဒေါသထွက်အောင်လုပ်ရန် စိတ်မဝင်စားပေ။ ထို့အပြင် မည်သို့ ပြုလုပ်ရမည်ကိုလည်း သူမသိပေ။ ချင်းချိုးကလည်း ထိုနည်းတူပင်။ သူမက ဤကိစ္စသည် သူမနှင့် သက်ဆိုင်မှုသိပ်မရှိဟုပင် တွေးနေသည်။
သို့ရာတွင် ထိုအချိန်၌ ခေါင်းဆောင်က လှောင်အိမ်ထံသို့ လျှောက်သွားသည်။ သူက မြေအောက်နတ်သမီး၏ လက်ထဲရှိ ကြာစေ့စွပ်ပြုတ်ကို ကြည့်လိုက်ပြီး ပြုံးသည်။
“အဘွားကြီး ကြာစေ့စွပ်ပြုတ်က အရသာရှိလား။”
“သေလိုက်။”
မြေအောက်နတ်သမီးက တည်ငြိမ်စွာပြောသည်။
ခေါင်းဆောင်မျက်ခုံးများပင့်လိုက်ပြီး လှောင်အိမ်ရှေ့တွင် ထိုင်ချသည်။ သူက မြေအောက်နတ်သမီး၏ ဝတ်စုံကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“ဘွားဘွား၊ ကျုပ်က ခင်ဗျားဂူထဲမှာ ဘာလို့ ဒီဝတ်စုံကို မတွေ့ခဲ့တာပါလိမ့်။ ဒီဝတ်စုံဝတ်ထားတာ ဘယ်လောက်တောင်ကြာပြီလဲ။”
မြေအောက်နတ်သမီးသည် သူ့အား ဂရုစိုက်ခြင်းမပြုပေ။ ကြာစေ့စွပ်ပြုတ်ကိုသာ သောက်လိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ တရားကျင့်နေတော့သည်။
ထိုမြင်ကွင်းတွင် သက်လတ်ပိုင်းလူကြီးက ခေါင်းခါသည်။ သူတို့ ဤတစ်ကြိမ်အောင်မြင်လောက်မည်မဟုတ်ဟု ခံစားနေသည်။
သို့ရာတွင် သူ့စိတ်ထဲတွင် ထိုအတွေးပေါ်လာသည့် တခဏတွင်ပင် ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်လေသည်။ ထိုချက်ချင်းမှာပင် စုတ်ပြဲနေသည့် ဝတ်စုံအချို့ ပေါ်ထွက်လာပြီး သူက ကောက်ယူကာ ၎င်းတို့အား လှုပ်ခါသည်။
“ဘွားဘွား ဒါဘာလဲကြည့်ပါဦး။”
မြေအောက်နတ်သမီးသည် မျက်လုံးများမှိတ်လျက်သာရှိနေဆဲပင်။
ခေါင်းဆောင်က မြေအောက်နတ်သမီး၏ အေးစက်မှုကို ဂရုစိုက်ခြင်းအလျင်းမရှိပေ။ သူ့သိုလှောင်အိတ်က အဆုံးမရှိသည့်အလား အဝတ်စုတ်မျိုးစုံ ဆက်လက် ထုတ်ယူနေ၏။
သူပြောနေချိန်မှာပင် အဝတ်တို့က အပုံကြီးတစ်ပုံ ဖြစ်လာသည်။
“ကျုပ်မှာ အဝတ်စုတ်တွေအများကြီးရှိနေသေးတယ်။ ပြီးတော့ ဒီအတွင်းခံကြီးကလည်း…”
သက်လတ်ပိုင်းဓားကိုင်လူကြီး စိတ်တို့လှုပ်ခတ်လာသည်။ သူက ဝတ်စုံတို့ကိုကြည့်လိုက်ပြီး ခေါင်းဆောင်အား ပြန်ကြည့်သည်။ သို့သော် နှုတ်ကတော့ ဘာမှ မပြောပေ။
ချင်းချိုးကတော့ ရွံရှာစိတ်တို့ ပိုဖြစ်လာသည်။
ရွှီချင်း၏ မျက်နှာထားမှာ ထူးဆန်းနေသည်။ ခေါင်းဆောင်က ကြိုးစားလုပ်နေခြင်းဖြစ်ကြောင်း သူနားလည်ကာ အဘယ်ကြောင့် ထိုသို့လုပ်နေရသည်ကိုလည်း သူ မှန်းကြည့်နိုင်သည်။
မြေအောက်နတ်သမီးကတော့ ‘အတွင်းခံ’ ဟူသည့်အသံကို ကြားချိန်တွင် မျက်လုံးများ ပြန်ဖွင့်လာတော့သည်။ သူမက ရင်းနှီးနေသည့် အဝတ်စုတ်တို့ကို ကြည့်သည်။ ၎င်းတို့အား အချိန်တစ်ခုကြာစိုက်ကြည့်လိုက်ပြီးနောက် သူမက ခေါင်းဆောင်ကို စိုက်ကြည့်သည်။
“နောင်တစ်ချိန်မှာ မင်းကို ငါ ဒီအဝတ်တွေလိုပဲ အပိုင်းပိုင်း၊ အစစဖြစ်အောင်လုပ်ပစ်မယ်။”
ခေါင်းဆောင်က တဟိဟိရယ်သည်။
“နောင်ကိစ္စကို နောင်ကျမှပြောတာပေါ့။ ဒါပေမဲ့အခုလောလောဆယ် ကျုပ်မှာပြဿနာတစ်ခုရှိနေပြီ ဘွားဘွား။ ကျုပ်သိုလှောင်အိတ်ထဲမှာ အဝတ်တွေများလွန်းအားကြီးနေပြီး ထားစရာနေရာမရှိတော့ဘူး။ ပြီးတော့ အနံ့ကလည်း ထွက်နေသေးတယ်။ အစ်မကြီး ခင်ဗျားက မြေအောက်နတ်သမီးလား၊ ကြွက်ဝိညာဉ်လား။”
“ဘာလို့ဒီလောက်အနံ့ပြင်းရတာလဲ။ ဒါကြောင့် ဒီဝတ်စုံကိုလည်း ဘယ်လောက်ကြာအောင် ဝတ်ထားပြီလဲလို့ မေးတာပေါ့။ အခုလဲလိုက်ပါလား။”
မြေအောက်နတ်သမီး ပင့်သက်ရှည်တစ်ချက်ရှိုက်သည်။ သူမရှေ့က ဤလူသားဖွတ်ကောင်က သူမကို အနည်းငယ် ဒေါသထွက်လာစေသည်။ သူမက အသန့်ကြိုက်တတ်သူဖြစ်ပြီး နေ့စဉ်တိုင်းလိုလို မန္တန်များဖြင့် ခန္ဓာကိုယ်ကို သန့်ရှင်းလေ့ရှိသည်။
သူမ၏ကျင့်ကြံဆင့်အရ သူမသည် အမြဲသန့်ရှင်းနေတတ်ကာ ဖုန်တို့ကပ်ညိနိုင်ရန်ပင် မဖြစ်နိုင်သော်လည်း သူမက ထိုသို့ပင် ကျင့်သားရနေသည်။ ယခုအချိန်ထိ သူမမှာ ဤနေရာတွင် ဖိနှိပ်ချုပ်နှောင်ခံရပြီး စွမ်းအားတို့ လည်ပတ်နိုင်စွမ်း ကင်းမဲ့နေ၏။ ထို့ကြောင့် ကိုယ်ခန္ဓာအား သန့်စင်နိုင်ခြင်း မရှိသည်မှာ ကြာလှချေပြီ။
ထို့ကြောင့် သူမသည် ဖုန်တစ်စက်ပင် မရှိသော်လည်း အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်နေ၏။
သို့ရာတွင် ထိုမျှဖြင့် သူမစိတ်တို့ မတည်မငြိမ်ဖြစ်ရန်တော့ မလုံလောက်သေးပေ။ သူမက ပင်သက်ရှည်တစ်ချက် ရှိုက်လိုက်ပြီး စိတ်ကို ပြန်လည်ထိန်းချုပ်ကာ မျက်နှာထားကို ဆက်လက်အေးစက်ဟန် ထိန်းထားသည်။
ခေါင်းဆောင်က မျက်လုံးပေကလပ်လုပ်လိုက်ပြီး သက်လတ်ပိုင်းဓားကိုင်လူကြီးအား သူ့အား စိုက်ကြည့်နေသည်ကို သတိပြု၏။ သူက ချက်ချင်းတက်ကြွသွားပြီး ကျိတ်တွေးသည်။
‘မြေအောက်နတ်သမီးလေး ငါမင်းကိုဘယ်လို ဒေါပွအောင်လုပ်မလဲ စောင့်သာကြည့်နေလိုက်တော့။’
သူက ပြုံးကာ ပြောသည်။
“ဘွားဘွား အရမ်းနားထောင်ကောင်းတဲ့ အသံတစ်ခုရှိသေးတယ်။ ကျုပ်ပြန်လုပ်ပြဦးမယ်။”
သူက ထိုသို့ပြောလိုက်ပြီး မိစ္ဆာမြွေစွယ်ကို ထုတ်လိုက်ကာ ရွှီချင်းထံ လှည့်ကြည့်သည်။
ခေါင်းဆောင်ဘာလုပ်ချင်သည်ကို ရွှီချင်းသိသည်။ ထို့ကြောင့် သူက ချက်ချင်း တိတ်တဆိတ်လျှောက်လာပြီး မြေပြင်တွင် ပြန့်ကျဲနေသည့် ဝတ်စုံတို့အား ကောက်ယူသည်။
“ဒီအတွင်းခံကို လဲလိုက်ပါလား။”
ခေါင်းဆောင်က ဝင့်ကြွားစွာပြောသည်။
ရွှီချင်း နှုတ်ဆိတ်သွားပြီး လက်စကို လှုပ်ခတ်ကာ အတွင်းခံအား ပစ်ပေးသည်။
နောက်တစ်ခဏတွင် ခေါင်းဆောင်က မြွေစွယ်ကိုကိုင်မြှောက်ကာ ဝတ်စုံအား တဗြိဗြိစုတ်ဖြဲလိုက်တော့သည်။
ထိုဝတ်စုံတို့မှာ မူလကပင် စုတ်ပြဲနေပြီးဖြစ်သည်။ ယခုထပ်မံစုတ်ဖြဲခံရချိန်တွင် ပြဲရာများစွာတို့ထပ်မံဖြစ်လာတော့သည်။
“ဂူထဲမှာတုန်းက ခင်ဗျားဝတ်စုံတွေကို ဒီလိုဖြဲခဲ့တာကျုပ်ပဲ။ ဒီအသံက ဘယ်လောက်နားထောင်ကောင်းလိုက်လဲ။”
မြေအောက်နတ်သမီးသည် ထိုအသံတို့ကြောင့် အသက်ရှူတို့မြန်လာပြီး ချုပ်တည်းထားသည့် ခံစားချက်တို့ ပြန်လည်လှုပ်ခတ်လာတော့သည်။
သူမက ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး သူမ မြတ်နိုးသော အဝတ်အစားတို့အား စုတ်ပြဲလာနေသည်ကို ကြည့်နေရ၏။ ထိုခံစားချက်သည် သူမနှလုံးသားထဲသို့ ထွင်းထုမှတ်သားသည့်ဟန်ရှိနေသည်။
ထိုမြင်ကွင်းတွင် သက်လတ်ပိုင်းဓားကိုင်လူကြီးက ခေါင်းဆောင်အား ပို၍ ထူးဆန်းစွာကြည့်လာတော့သည်။
ခေါင်းဆောင်ကတော့ စိတ်ထဲတွင် ကျိတ်၍ အားရကျေနပ်နေသည်။ တကယ် စိတ်လှုပ်ရှားရမည့် မြင်ကွင်းတို့မလာသေးဟု သူ့ကိုယ်သူ ကျိတ်တွေးသည်။ ထို့ကြောင့် ဝတ်စုံအချို့ထပ်မံစုတ်ဖြဲပြီးနောက်တွင် သူက မှတ်တမ်းကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူသည်။
သူက ၎င်းအား ဖွင့်လိုက်ရာ လေထဲတွင် ချက်ချင်းမြင်ကွင်းပုံရိပ်တစ်ခုပေါ်လာသည်။
ထိုပုံရိပ်ထဲတွင် ဧရာမကိုယ်ခန္ဓာကြီးတစ်ခုရှိနေသည်။ ထိုကိုယ်ခန္ဓာကြီး၏ မျက်နှာပေါ်တွင် သူတို့သုံးဦးသားက အစွမ်းကုန်စွမ်းအားတို့ စုပ်ယူနေကြလျက်ရှိသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် နှာခေါင်းဘေးတွင် ရှိနေကြပြီး ချင်းချိုးကတော့ နဖူးပေါ်အလယ်တွင်ရှိနေသည်။
“ဒီနှင်းလိုဖြူတဲ့ နှာခေါင်းကိုကြည့်ပါဦး။ ဘယ်လောင်တောင် ဖြောင့်တန်းရှည်လျားလိုက်သလဲ။ အဲ ဘာလို့အနက်ရောင်ပြောင်းသွားတာတုန်း။”
“အဲ ကြည့်ဦး၊ မရှိတော့ဘူး။”
“မင်း။”
မြေအောက်နတ်သမီး အသက်ရှူသံတို့ ပို၍မြန်ဆန်လာသည်။ သူမက သူမ၏ နှာခေါင်း မည်းနက်ကာ အရည်ပျော်လာသည့် မြင်ကွင်းကို စိုက်ကြည့်နေသည်။ သူမ မျက်လုံးတို့မှာ သွေးရောင်လွှမ်းလာပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်လာသည်။
ခေါင်းဆောင်၏ စိတ်ဆွသောအစီအစဉ်သည် တစ်ဆင့်တိုးတက်လာသည်။ တစ်ချိန်တည်းမှာပင် ၎င်းအကြံတွင် အနံ့မှစပြီး ဝတ်စုံ၊ စုတ်ဖြဲသံနှင့် ဤမြင်ကွင်းတို့ထိ ရှုထောင့်များစွာလည်း ပါနေသေးသည်။
သူက အနံ့၊ အကြားနှင့် အမြင်အာရုံတို့အား ဆက်တိုက်နှိုးဆွလာ၏။ မြေအောက်နတ်သမီးကိုယ်ပွား၏ နှာခေါင်းပျက်ပြယ်သွားချိန်တွင်တော့ သူမ၏ စိတ်ထဲတွင် လှိုင်းကြီးများ ချက်ချင်းလှုပ်ခတ်လာတော့သည်။
သို့ရာတွင် သူမက သိစိတ်ဉာဏ်တို့တော့ ထိန်းထားနိုင်သေးသည်။ ထိုအချိန်တွင်ပင် သူမက ကိုယ်ကိုယ်ကိုယ်ချုပ်တည်းထားနေသေးကာ အသက်တို့ရှူရှိူက်လျက် နှလုံးအိမ်ထဲတွင် တိုးလာနေသည့် ဒေါသတို့ကို ချုပ်တည်းနေလျက်ရှိသေးသည်။
ရွှီချင်းမှာ ထိုမြင်ကွင်းတွင် ခေါင်းဆောင်၏ အမုန်းစိတ်တို့ နှိုးဆွနိုင်စွမ်းကို ချီးကျူးလေးစားနေမိတော့သည်။
တစ်ဖက်တွင်တော့ ချင်းချိုးက သတိကြီးစွာထားနေမိသည်။ ယခု ခွေးရူး၏ အန္တရာယ်က တစေလက်ထက် ကြီးနေသည်ကို သူမ ခံစားနေသည်။
သက်လတ်ပိုင်းလူကြီးကတော့ ပင့်သက်တစ်ချက်ရှိုက်လိုက်မိတော့သည်။ သူက ချန်အားညို၏ ပြုံးနေသည့် မျက်နှာကို ကြည့်လိုက်ပြီး ဤကလေးက ပါရမီရှိသူဖြစ်ကြောင်း ခံစားမိလာသည်။ အထူးသဖြင့် သူ့နောက်ဆုံးစကားက အစွမ်းထက်နေသည်။ သူ့အကျင့်စရိုက်ကား အတော်လေး ယုတ်ကန်းလှသည်။
‘မဟာအင်ပါယာရုပ်တုက သူ့ကိုဆယ်ပေပဲအလင်းထုတ်တာ မထူးဆန်းဘူးပဲ။ သူက လူယုတ်မာလေး ဖြစ်နေတာကိုး။’
ထိုအချိန်တွင် မြေအောက်နတ်သမီးက အံကြိတ်ကာ ခေါင်းဆောင်အား စူးစူးရဲရဲကြည့်နေတော့သည်။ သူမအသံက ကြည်လင်ပြတ်သားမှုတို့ပျောက်သွားပြီး ကြမ်းရှရှဖြစ်လာသည်။
“ငါ့ကိုဒေါသလာဆွနေတာလား။ မဖြစ်နိုင်သေးဘူး။ ငါက မင်းကို ပမွှားပုရွက်ဆိတ်လောက်ကို ဒေါသဖြစ်နေမှာမဟုတ်ဘူး။”
ခေါင်းဆောင်မှာ အံ့သြဟန်ဖြစ်သွားသည်။
“ကျုပ်က အဲဒီလိုအတွေးမျိုးမရှိပါဘူး။ ကျုပ်က ခင်ဗျားကို လက်ဆောင်တစ်ခု ပေးချင်ရုံပါပဲ။”
သူက ပြောပြောဆိုဆိုပင် သိုလှောင်အိတ်ထဲမှ ရှည်လျားတုတ်ခိုင်သော အမွေးတစ်ချောင်းကို ထုတ်လိုက်ပြီး လှောင်အိမ်ရှေ့သို့ ချသည်။
ထိုအမွေးတစ်မျှင်ကို ကြည့်လိုက်ပြီး ရွှီချင်းနှင့် ချင်းချိုးတို့ မှင်တက်မိသွားကြသည်။ သက်လတ်ပိုင်းဓားကိုင်ကြီးလည်း ထိုနည်းတူပင်။ မြေအောက်နတ်သမီးလည်း မှင်တက်သွားပြီး အလိုလိုကြည့်၏။၏
အားလုံး၏ ဟန်မူရာတို့ကို သတိထားလိုက်မိပြီးနောက် ခေါင်းဆောင်က ပျော်ရွှင်စိတ်တို့အပြည့်ဖြင့် ချောင်းဟန့်သည်။
“မဖြစ်နိုင်တာ။ ခင်ဗျားက ကိုယ့်နှာခေါင်းမွေးကိုတောင် မသိဘူးလား။”
“ကြီးလိုက်တဲ့ နှာခေါင်းမွေး။ ဘယ်လောင်တောင် တုတ်ပြီး ရှည်လိုက်တဲ့ အမွေးလဲ ကြည့်ပါဦး။”
“အရင်က ကျုပ်တို့ ခင်ဗျားရဲ့ ဂူကို ခိုးဝင်ပြီး အဝတ်တွေကိုဖြဲ၊ ရတနာကို ယူ၊ နှာခေါင်းကို ဝါးမျိုစုပ်ယူ၊ တာအိုသွေးကို ဖျက်ဆီးပြီး ခင်ဗျားစိတ်လွတ်သွားစေအောင်လုပ်ပြီး ချုပ်နှောင်ခံခဲ့ရအောင် လုပ်တယ်။ အဲဒါ ကျုပ်တို့အပြစ်တွေပါပဲ။”
“ခင်ဗျားနှာခေါင်း မရှိတော့ဘူးဆိုတော့ ဒီနှာခေါင်းမွေးကိုပဲ အမှတ်တရသိမ်းထားလိုက်ပေါ့။ နောင်ကျရင် နှာခေါင်းကိုပြန်သတိရချိန်မှာ ဒီနှာခေါင်းမွေးကို ထုတ်ပြီး ကြည့်လို့ရပါသေးတယ်။”
“ကျုပ်ကို ကျေးဇူးတင်စရာတော့ မလိုပါဘူး။ သူခိုးတွေလည်း ကျင့်ဝတ်တော့ ရှိပါသေးတယ်။”
ခေါင်းဆောင်ကပြောသည်။ သူ့အသံမှာ ကျယ်လောင်ကာ အားအင်ပြည့်ဝနေပြီး မျက်နှာတွင်လည်း အားရဟန်တို့ပြည့်လျက်ရှိနေသည်။
အကျဉ်းထောင်တစ်ခုလုံးငြိမ်ကျသွားသည်။ ခေါင်းဆောင်၏ အားရသော အသံတို့သာ ပဲ့တင်ထွက်လာသည်။
နောက်ဆုံးတွင် ရွှီချင်းမျက်လုံးတို့ ပြူးကျယ်သွားပြီး ချင်းချိုးကလည်း ကြောင်အမ်းသွားမိချိန်တွင် မြေအောက်နတ်သမီးက ဖျပ်ခနဲထရပ်လိုက်ပြီး မကြုံစဖူး စူးရှသည့် အသံဖြင့် အော်လိုက်တော့သည်။
“မင်းကိုငါသတ်မယ်။”
“သူ့ကိုသတ်လိုက်။ စိတ်ဝိညာဉ် အရှာခံဖို့ သဘောတူမယ်။ သူ့ကိုသတ်ပြီး စားခွင့်ပေးသရွေ့ ငါ့ဝိညာဉ်ကို မင်းတို့ကြိုက်သလိုရှာနိုင်တယ်။”
မြေအောက်နတ်သမီးမှာ ဆက်ချုပ်တည်းမထားနိုင်တော့ဘဲ ခံစားချက်တို့ ပေါက်ကွဲထွက်လာတော့သည်။