ကျိုးပျက်သွားသော ကောင်းကင်ဆောင်ပုဒ်
Vol. 32 Ch. 485
မြေအောက်နတ်သမီး၏ ခံစားချက်တို့ လှုပ်ရှားလှိုင်းထန်လာပြီး အကျဉ်းထောင်ကလည်း တဝုန်းဝုန်းလှုပ်ရှားလာသည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံး ယိမ်းယိုင်လှုပ်ရှားနေပြီး သွေးရောင်လှောင်အိမ်သည် စူးရှသောအလင်းတို့ဖြင့် တောက်ပလာသည်။
မြေအောက်နတ်သမီး၏ မျက်လုံးတို့သည် သွေးရောင်လွှမ်းနေပြီး သူမအော်သံတို့ကလည်း အဘက်ဘက်သို့ ပျံ့ထွက်သွားသည်။ သူမရှေ့က လူသားအပေါ် ရင်ထဲက အမုန်းတရားတို့သည် ထိပ်ဆုံးသို့ ရောက်ရှိလာပြီဖြစ်သည်။
သူမရင်ထဲတွင် ချုပ်တည်းထားခဲ့သမျှ ခံစားချက်ဆိုးတို့က တာတမံကျိုးသည့်ပမာ ပေါက်ကွဲထွက်လာသည်။
“မင်းကိုငါသတ်မယ်။”
ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး လှောင်ပြောင်လိုက်သေးသည်။
“ခင်ဗျားက ဘယ်လိုကျိန်ဆဲရမလဲဆိုတာတောင် မသိဘူးပဲ။ တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ ပြောနေရလား။ ကျုပ် သင်ပေးရဦးမလား။”
မြေအောက်နတ်သမီးမှာ ထိန်းမရအောင်ရူးသွပ်လာပြီဖြစ်သည်။
ထိုမြင်ကွင်းတွင် ခေါင်းဆောင်က အားရကျေနပ်သည့် မျက်နှာထားကို ဖော်ပြနေတော့သည်။ ဓားကိုင်ရုံးတော်က သူ့ကိုတကယ်သတ်ပြီး မြေအောက်နတ်သမီးထံ ကျွေးလိုက်မည်ကိုတော့ သူ စိတ်မပူမိချေ။ ထိုသို့ဖြစ်လျှင် ၎င်းတို့က လူသားမျိုးနွယ်၏ အထက်လမ်းအဖွဲ့အဖြစ် သတ်မှတ်ခံရမည် မဟုတ်ချေ။
ဓားကိုင်ရုံးတော်သည် စည်းမျဉ်းများကို လိုက်နာကျင့်သုံးရဦးမည် ဖြစ်သည်။
သူ ပို၍ ကျေနပ်ရသည်ကတော့ သက်လတ်ပိုင်းဓားကိုင်လူကြီးသာ ထိတ်လန့်အံ့သြနေသည်မဟုတ်ဘဲ သူ့ဂျူနီယာညီငယ်သည်လည်း မျက်နှာထားတို့ ပြောင်းသွားခြင်းပင်။
ထိုအချက်ကြောင့် ခေါင်းဆောင်မှာ လွန်စွာ နှစ်ထောင်းအားရ ဖြစ်နေသည်။ ဤလုပ်ဆောင်မှုက သူ့အတွက် နှစ်ထပ်ကွမ်းအနိုင်ရခြင်း အခြေအနေဟုပင် တွေးနေ၏။
‘ငါက ဒီကိစ္စနဲ့ ချင်းလေးရှေ့မှာ ဆယ်နှစ်ကြွားလို့ရပြီ။ ပြီးတော့ ဓားကိုင်ရုံးက အဘိုးကြီးတွေလည်း ငါ ချန်အားညိုက ဘယ်လောက် ထူးချွန်တယ်ဆိုတာ တွေ့မြင်သွားပြီး ငါ့အပေါ် အထင်အမြင်တွေ ပြောင်းလာမှာ သေချာတယ်။’
ထိုအတွေးဖြင့် ခေါင်းဆောင်က ဝတ်စုံများအား တဖြည်းဖြည်းပြန်သိမ်းလိုက်တော့သည်။ သို့ရာတွင် သူက စကားတည်သူဖြစ်ကြောင်း ပြသရန် နှာခေါင်းမွေးကိုတော့ ပြန်မသိမ်းဘဲ လှောင်အိမ်ရှေ့တွင် ချန်ထားရစ်၏။
အခြားသော ပစ္စည်းများကို စီရီပြီးနောက်တွင် ခေါင်းဆောင်က ရွှီချင်းဘေးသို့ လျှောက်သွားပြီး မျက်ခုံးများပင့်ပြသည်။
“မင်းအစ်ကိုကြီးလုပ်တာ ဘယ်လိုနေလဲ။”
“အရမ်းမိုက်တယ်။”
ရွှီချင်း ပွင့်လင်းစွာ ပြောသည်။ သူက ခဏတာမျှ စဉ်းစားလိုက်ပြီး လက်မပင် ထောင်ပြလိုက်သေးသည်။
ခေါင်းဆောင်က အော်ရယ်လိုက်ပြီး ကျေနပ်အားရနေ၏။ ထို့နောက် သူက ချင်းချိုးအား ကြည့်သည်။
ချင်းချိုးကတော့ သူ့အား မျက်လုံးတို့ လှန်ပြလိုက်သော်လည်း စိတ်ထဲတွင်တော့ သတိကြီးစွာ ထားနေလေသည်။
သက်လတ်ပိုင်း ဓားကိုင်လူကြီးကတော့ ချန်အားညိုအား ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်နေသည်။ ဤချန်အားညိုသည် အစွမ်းထက်ကြောင်းကို သူဝန်ခံသော်လည်း သူသည် နောင်အချိန်တွင် ယင်ဟွမ်ဒေသကြီး ဓားကိုင်ရုံးတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်လောက်သည် ခပ်ရေးရေးခံစားရသည်။
လူငယ်ကား အတော်လေး အကျင့်မကောင်းပေ။ မကြာခင်အချိန်က လူငယ်၏ ကျေနပ်အားရသော ဟန်ပင်အား ပြန်အမှတ်ရလိုက်မိချိန်တွင် သူက ပါးထမရိုက်မိအောင် မနည်းထိန်းချုပ်ထားရ၏။
တစ်ချိန်တည်းမှာပင် ဓားကိုင်ရုံးတော်၏ ပင်မခန်းမကြီးထဲတွင် ဓားကိုင်အကြီးအကဲအချို့သည် သူတို့ရှေ့က အလင်းပုံရိပ်ပြင်ကို ထူးဆန်းသည့် မျက်နှာထားများဖြင့် ကြည့်နေကြသည်။ ထိုအလင်းပုံရိပ်ပြင်တွင်တော့ ရွှီချင်းတို့ သုံးဦး ရှိနေ၏။
ထိုအကြီးအကဲအချို့တို့သည် ခေါင်းဆောင် ပြုမူလှုပ်ရှားသည်များအားလုံးကို တွေ့မြင်နိုင်ကြသည်။
သူတို့အားလုံးက အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေကြသည်။ နောက်ဆုံးတွင်မှ အကြီးအကဲတစ်ဦးက ခေါင်းယမ်းကာ ပြောလိုက်သည်။
“အတော်ဆိုးတဲ့ကောင်လေးပဲ…”
မြေအောက်နတ်သမီး၏ ခံစားချက်တို့ ပြင်းထန်စွာလှုပ်ရှားနေသဖြင့် ဓားကိုင်ရုံးတော်၏ ဝိညာဉ်ရှာခြင်းမှာ အဆင်ပြေသွားသည်။ နောက်ပိုင်း ဖြစ်ပျက်သည်တို့ကတော့ ရွှီချင်းတို့သုံးယောက် ပါဝင်ခွင့်ရနိုင်ခြင်းမျိုး မဟုတ်တော့ပေ။ ထို့ကြောင့် ဓားကိုင်လူကြီးက သူတို့အား အမြန်ပြန်ပို့လိုက်သည်။
စွမ်းဆောင်ရည် အတွက်တော့ ခေါင်းဆောင်၏ အကျိုးပြုမှုအား မှတ်သားထားကြပြီး ၎င်းမှတ်တမ်းသည် အသေးအဖွဲတော့ မဟုတ်ပေ။
သူတို့သုံးဦး ဓားကိုင်ရုံးတော်မှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် သက်လတ်ပိုင်းဓားကိုင်လူကြီးက သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“ဒီတစ်ခေါက် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က တပည့်တွေကတော့…”
သူက မည်သို့ဆက်ပြောရမည်မသိတော့ဘဲ ခေါင်းယမ်းလိုက်သည်။
ထိုကိစ္စအဆုံးသတ်သွားသည်နှင့် ချင်းချိုးသည် ထိုနေရာတွင် တခဏမျှပင် ဆက်မနေလိုတော့သည့်အလား လီထူးဂိုဏ်းနှင့်အတူ ချက်ချင်းထွက်ခွာသွားတော့သည်။
ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ကတော့ ထိုကိစ္စပြီးအပြီး ဒုတိယနေ့တွင် ဂိုဏ်းရှစ်ဂိုဏ်း မဟာမိတ်နေရာသို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့ရာတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့လှေပျံကြီး ပျံထွက်မသွားနိုင်သေးခင် ပြဿနာငယ်လေးတစ်ခု တက်သည်။
ခေါင်းဆောင် ပျောက်ဆုံးနေ၏။
နောက်ဆုံးတွင် သူသည် ဂိုဏ်းသို့ ပြန်သွားရန် သတ္တိမရှိတော့ပေ။ သူ ပြန်ရောက်ချိန်တွင် နတ်မိမယ်ကျစ်ရွှမ်၏ ဒေါသနှင့် သူ့ဆရာ၏ အပြစ်ပေးမှုတို့အား ရင်ဆိုင်ရမည်ကို စိုးရိမ်ပူပန်နေသည်။ နတ်မိမယ်ကျစ်ရွှမ်က စာထဲတွင် မည်သို့ပြောဆိုထားသည်ကို သူ မသိသေးပါ။
သို့ရာတွင် ဘိုးဘေးရှိနေသဖြင့် ခေါင်းဆောင်၏ ထွက်ပြေးရန်အကြံမှာ ကျရှုံးရန်သာ ရှိသည်။
ထို့ကြောင့် လှေပျံကြီး ရွက်လွင့်ထွက်ပြီး တစ်နာရီပင်မပြည့်သေးခင်တွင် ရွယ်လျန့်ကျစ်သည် ခေါင်းဆောင်နှင့်အတူ ပြန်လာ၏။
ခေါင်းဆောင်၏ မျက်နှာတွင် ငြီးငွေ့ဟန်တို့ ပြည့်နေလေသည်။ သူက လှေပျံထဲသို့ ရွှယ်လျန့်ကျစ်၏ ပစ်ထည့်ခြင်းကို ခံရပြီးနောက် သက်ပြင်းအထပ်ထပ်သာ ချနေတော့သည်။ အမိန့်သံတစ်ခုနှင့်အတူ လှေပျံကြီးသည် တဝုန်းဝုန်းတုန်လာပြီး လေထဲသို့ ပျံတက်လာကာ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့နေရာဘက်သို့ ပျံထွက်သွံားတော့သည်။
ထိုခဏတွင် မြေပြင်၌ စိုက်ထူနေသော လီယုံကျောက်တိုင်ကြီးသည် ရွှီချင်း၏ မျက်လုံးထဲတွင် သေးသည်ထက်သေးလာပြီး နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
လီယုံကျောက်တိုင်ကြီးဘက်သို့ ကြည့်လိုက်ရင်း ရွှီချင်း စိတ်တို့ အနည်းငယ်လှုပ်ရှားနေသည်။
သူ ရောက်လာစဉ်က ဂိုဏ်းရှစ်တပည့်တစ်ဦးသာ ဖြစ်ပြီး ပြန်သောအခါကား ဓားကိုင်တစ်ဦးဖြစ်လာသည်။
သူ့စွမ်းဆောင်ရည်များကြောင့် နာမည်နှင့် ဂုဏ်သတင်းတို့မှာလည်း ကျော်ဇောထင်ရှားနေပြီ ဖြစ်သည်။
ပတ်လည်တွင် သူ့အား ခိုးကြည့်နေကြသည့် မဟာမိတ်အဖွဲ့တပည့်များကို သူ ကောင်းကောင်း သတိထားမိသည်။
ယခင်အချိန်က မဟာမိတ်အဖွဲ့တပည့်များသည် သူအား မနာလိုစိတ်များဖြင့်သာ ကြည့်ကြသည်။ ယခုကား မနာလိုခြင်းများမှ လေးစားအားကျခြင်းတို့အဖြစ်သို့ ပြောင်းသွားပြီ ဖြစ်သည်။
သူတို့၏ အကြည့်များ ပြောင်းလဲသွားခြင်းမှာ သူ့ခွန်အားကြောင့် ဖြစ်သလို သူ့ဓားကိုင်ရာထူးကြောင့်လည်း ဖြစ်သည်။
လက်ရှိတွင် သူသည် အထက်ရုံးတော်ကြီးငါးခုထဲက ဓားကိုင်ရုံးတော်ကြီး၏ ကျင့်ကြံသူတစ်ဦးဖြစ်လာပြီး အမိန့်ဓားတော် ကိုင်ဆောင်သူလည်း ဖြစ်သည်။ သူ့ခွန်အားနှင့် အာဏာတို့ဖြင့် သူသည် ဘုရင်အဆင့်အောက် အဆင့်နိမ့်သူ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်ပြီဖြစ်သည်။
အလားတူပင် ထိုရာထူး၏ ကာကွယ်မှုအောက်တွင် သူ့အား တစ်စုံတစ်ဦးက သတ်ဖြတ်လျှင်လည်း ထိုသူသည် ဓားကိုင်ရုံးတော်ကြီး၏ အလိုရှိသူစာရင်းထဲသို့ ဝင်ရောက်သွားမည်ဖြစ်သည်။
ထိုအကျိုးတို့အား ခံစားရင်း ဓားကိုင်သူသည် လူသားမျိုးနွယ်အတွက်နှင့် အများပြည်သူကို ကာကွယ်ရန်လည်း တာဝန်ရှိပေသည်။
ရွှီချင်း ငြိမ်ကျသွားသည်။ ဓားကိုင်တစ်ဦး၏ တာဝန်သည် ကြီးလေးလွန်းလှပြီး နောင်အနာဂတ်တွင် ဖြစ်လာမည်ကို သူ မသိပါ။
“စိတ်နှလုံးထဲကအတိုင်း လျှောက်တာပေါ့”
ရွှီချင်း ကျိတ်၍ ရေရွတ်သည်။
ထို့နောက်တွင် သူက အတွေးတို့ ပြန်စုစည်းလိုက်ပြီး နောက်လှည့်ကာ သူ့ထံသို့ ထော့နဲ့ထော့နှင့် လာနေသည့် ခေါင်းဆောင်ထံသို့ ကြည့်လိုက်သည်။
“ညီငယ်လေး။ ငါတစ်ခုကိုတော့ နောင်တအတော်ရမိတယ်။”
“နောက်ကျတာကိုလား။”
ရွှီချင်းက ခေါင်းဆောင်၏ ခြေထောက်ကို လှမ်းကြည့်သည်။
“မဟုတ်ဘူး။”
ခေါင်းဆောင်၏ မျက်နှာတွင် ဝမ်းနည်းမှုနှင့် ဒေါသစိတ်တို့ ပြည့်နေသည်။
“ငါဓားကိုင်အဖွဲ့ထဲကို နောက်ကျပြီး ဝင်မိတာကို နောင်တရမိတယ်။ မဟုတ်ရင် အင်ပါယာဓားကို အစောကြီးဆင်ခြင်လေ့လာနိုင်ပြီး အခုအချိန်လောက်ဆို အရမ်းအားကောင်နေလောက်ပြီ။ ဒါဆို ဗလာနတ္တိအဆင့်တွေတောင် ငါ့ကို ကောင်းကောင်းဆက်ဆံရမှာပဲ။”
“ပထမဆုံးအနေနဲ့ အစ်ကိုက ယွမ်ယင်အထွတ်အထိပ်အဆင့်ကို ရောက်နေရမယ်။ ဒုတိယအနေနဲ့ နှစ်နှစ်ထောင်အထိ အသက်ရှင်ပြီးသူ ဖြစ်ရဦးမယ်။”
ရွှီချင်းက သတိပေးသည်။
“ငါ…”
ခေါင်းဆောင်၏ မျက်နှာထားမှာ မပြောင်းလဲသေးပေ။ သို့ရာတွင် သူက တစ်ခုခုအား သတိရလိုက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ဝမ်ကူးဒေသကြီးမှာ ယွမ်ယင်အထွတ်အထိပ်အဆင့်ဟာ ကျင့်ကြံသူတွေရဲ့ သက်တမ်းအကန့်အသတ်ပဲ။ ဒီနေရာမှာပဲ ပိတ်နေကြပြီး သက်တမ်းကုန်တဲ့အထိ အဆင့်မချိုးဖျက်နိုင်ဘဲ နေကြရတယ်။”
“ဒီအဆင့်ကို ကမ္ဘာငယ်မှာထားလိုက်ရင် အဲဒီကမ္ဘာရဲ့ အထွတ်အထိပ်အဆင့်အဖြစ် ပြောလို့ရတယ်။ ကမ္ဘာငယ်က ကျင့်ကြံသူတစ်ဦးက ကမ္ဘာရဲ့ အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီးရင် နောက်တစ်ဆင့်က အာကာကို ဖောက်ခွင်းပြီး လျို့ဝှက်ချက်ရှာဖို့ ပျံတက်ရတော့မှာပဲ။ ဒါပေမဲ့ အဲဒါက တော်ပါသေးတယ်။ နှစ်နှစ်ထောင်ကတော့ ခက်ခဲတယ်။”
“လက်ရှိအချိန်က နတ်ဘုရားဆင်းသက်လာတုန်းက အချိန်နဲ့ မတူတော့ဘူး။ အဲဒီအချိန်က ဓာတ်နှောတွေမရှိဘူး။ ဝမ်ကူးဒေသကြီးက ယွမ်ယင်အဆင့်တွေကို ကောင်းကင်ဆောင်ပုဒ်လို့လည်း ခေါ်ကြသေးတယ်။ နန်းတော်တစ်ခုက ယွမ်ယင်တစ်ခုဖြစ်လာပြီး ယွမ်ယင်တစ်ခုမှာ နှစ်ခြောက်ဆယ် သက်တမ်းရှိကြတယ်။ အခု သက်တမ်းတွေက တစ်ဝက်ဖြစ်သွားပြီ။ သူတို့က သဘာဝရတနာတွေ မသောက်သုံးရင် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ဦးဟာ အဆင့်တွေကျော်ပြီး ဗလာနတ္တိပထမဆင့်ကို ခုတ်နိုင်တဲ့ ဓားတစ်လက် အားမွေးထားနိုင်မှာ မဟုတ်ဘူး။”
ခေါင်းဆောင် စိတ်ဓာတ်ကျနေသည်။
ရွှီချင်းလည်း အတွေးနက်သွားသည်။ ဤကား သူ ယွမ်ယင်အဆင့်နှင့်ပတ်သက်၍ ပထမဆုံးအကြိမ် တွေးမိခြင်း ဖြစ်သည်။
“ဒီအကြောင်း မပြောဘဲနေကြဦးစို့ ညီငယ်လေး။ ငါစဉ်းစားခဲ့ပြီးပြီ။ ငါတို့ ပြန်ရောက်တဲ့အချိန် မင်းက နတ်မိမယ်ကျစ်ရွှမ်နောက် လိုက်သွားပါလား။ ဒါဆိုကောင်းသွားမှာပဲ။ မင်းမျက်လုံးတွေသာ ပိတ်ထားလိုက်ရင်ပြီးမှာပဲ။ မဟုတ်ရင် အစ်ကိုကြီးက မင်းနဲ့အတူ ဖုန်းဟိုင်ဒေသကို သွားနိုင်မှာ မဟုတ်တော့ဘူး။ နတ်မိမယ်ကျစ်ရွှမ်က ငါ့ကို မသေမချင်း ရိုက်သတ်လိမ့်မယ်။”
ရွှီချင်းက စဉ်းစားကြည့်လိုက်ပြီး သိုလှောင်အိတ်တစ်ခု ထုတ်ကာ ခေါင်းဆောင်ထံ ကမ်းပေးသည်။
“ဒီထဲက ပစ္စည်းတွေက အစ်ကိုကြီးရဲ့ ဒီကပ်ဘေးဆိုးကိုကျော်နိုင်အောင် ကူညီနိုင်ပေးလောက်ပါတယ်”
“ဘာတွေများလဲ။”
ခေါင်းဆောင်၏ မျက်လုံးတို့ အရောင်ဝင်းလက်သွားသည်။ သူက ယူလိုက်ပြီး ဖွင့်ကြည့်မြည့်ဆဲဆဲတွင် ရွှီချင်းက တည်ငြိမ်စွာပြောသည်။
“ဒဏ်ရာကုဆေးတွေပါ။”
ခေါင်းဆောင်က တောင့်တင်းသွားပြီး ရွှီချင်းကို ခါးသီးစွာကြည့်သည်။
ရွှီချင်းကတော့ ခံစားမနေတော့ပေ။ ခေါင်းဆောင် အသက်အန္တရာယ်ရှိနေသည်ဟု သူ မယုံကြည်ပေ။ အလွန်ဆုံး အနည်းငယ်ခံစားရရုံသာ ဖြစ်လောက်သည်။ အသက်ကို စွန့်စားတတ်သည့် ခေါင်းဆောင်အတွက် အတွေ့အကြုံအများဆုံးကိစ္စက နာကျင်ခံစားမှုပင်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းက အနည်းငယ်မျှထပ်မံနာကျင်ခံစားရခြင်းသည် ကိစ္စကြီးတစ်ခု မဟုတ်တော့ပါ။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ချို့ယွင်းထိခိုက်သွားသည့်တိုင် ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်စွမ်း ရှိသည်။ ယခင်က သူသည် ခေါင်းတစ်လုံးသာ ကျန်ရစ်သော်လည်း တစ်လအတွင်း ပြန်ကောင်းလာသည်။
ဖုန်းဟိုင်နယ်မြေကြီးသို့ ခရီးက ရှည်လျားလှသည်။ အလွန်ဆုံး သူက ခေါင်းဆောင်၏ ခေါင်းကို သယ်ဆောင်ကာ ခရီးနှင်နိုင်သည်။ သူတို့ ဖုန်းဟိုင်နယ်မြေကြီးသို့ ရောက်ရှိချိန်တွင် ခေါင်းဆောင်မှာ အကောင်းပကတိဖြစ်နေလောက်သည်။
ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ဒဏ်ရာကုဆေးတို့ကိုတော့ သိမ်းယူလိုက်လေသည်။ ထို့နောက် ပန်းသီးတစ်လုံး ထုတ်ကာ ကိုက်လိုက်သည်။
ထိုဆေးများကို ရောင်းချရနိုင်လောက်သည်ဟု သူခံစားနေသည်။ သူ့အိတ်ကပ်အားလုံး ယခုဗလာဟင်းလင်း ဖြစ်နေသည်။ သူစုဆောင်းထဲသမျှ၏ တဝက်ကျော်အား မေးခွန်းများနှင့် အဖြေများ ဝယ်ယူရန် သုံးခဲ့၏။ သို့တိုင်အောင် ဆယ်ပေမျှအလင်းကိုသာ သူ လက်ခံရရှိ၏။ ထိုကိစ္စအား တွေးမိတိုင်း သူ အသည်းပေါက်သည်။
“ငါကိုကူညီပြီး နယ်မိမယ်ကျစ်ရွှမ်ကို ပြောမပေးချင်လည်း ရပါတယ်။ ဒါပေမဲ့ အင်ပါယာက ဘာမေးပြီး မင်းက ဘာဖြေခဲ့တယ်ဆိုတာ ပြောပြလို့မရဘူးလား။”
“ငါက ဒီကိစ္စကို နေ့နေ့ညညစဉ်းစားနေခဲ့တာ။ ကြည့် ငါ့ဆံပင်တွေတောင် ကျွတ်လာကုန်ပြီ။”
ခေါင်းဆောင်က မျက်တောင်ပေကလပ်ပြုနေသည်။ အမှန်တော့ သူက ရှေ့တွင် များစွာပြောခဲ့ခြင်းမှာ ဤမေးခွန်းအတွက် ပလ္လင်ခံနေခြင်းသာဖြစ်သည်။
သူ့ယခင်တစ်ခေါက်ဗျူဟာက မှားနေပြီး တိုက်ရိုက်မေး၍မရနိုင်ဟု သူခံစားမိ၏။ သူက ရွှီချင်း၏ အာရုံကို လွှဲရန် ကောင်းကင်ဆောင်ပုဒ် ယွမ်ယင်အဆင့်စသည့် အကြောင်းတို့ပြောကာ စကားပလ္လင်ခံထား၏။ ထို့နောက်တွင် သူကအခွင့်ကောင်း ရှာမေးမည်ဖြစ်သည်။ ထိုနည်းဖြင့် အောင်မြင်နိုင်ခြေ များနေသည်။
သူ ထိုသို့ မေးခွန်းမေးလိုက်သည့် တခဏတွင် လှေပျံကြီး၏ လျို့ဝှက်ခန်းတွင် တင်ပျဉ်ခွေထိုင်ကာ တရားကျင့်နေသည့် ရွယ်လျန့်ကျစ်၏ နားရွက်တို့ ထောင်လာသည်။ သူဘေးရှိ သခင်မကြီးတုံယုံကလည်း ရွှီချင်းဘက်သို့ ကြည့်လိုက်လေသည်။
အမှန်ဆိုရလျှင် အဝေးတွင်ရှိသော လီယုံကျောက်တိုင်ကြီးပေါ်က ဓားကိုင်မဟာအကြီးအကဲကြီးကလည်း ခေါင်းမော့လာပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့လှေပျံဘက်သို့ ကြည့်သည်။
ထိုအဘိုးကြီးများက အာရုံစိုက်နားထောင်နေကြချိန်တွင် ရွှီချင်းက ခေါင်းဆောင် ဆံပင်ကို ကြည့်သည်။
ခေါင်းဆောင်က ရွှီချင်းထံ မျှော်လင့်တကြီးကြည့်သည်။
“အစ်ကိုကြီး နှင်းပေါ်မှာ ထိုင်နေခဲ့တုန်းကလည်းက ကျွန်တော်ပြောခဲ့ပြီးပါပြီ။”
ရွှီချင်းက ညင်သာစွာပြောသည်။
ခေါင်းဆောင် မှင်တက်မိသွားပြီး သေချာပြန်စဉ်းစားသည်။ တစ်ချိန်တည်းမှာပင် ရွှယ်လျန့်ကျစ်ကလည်း မျက်မှောင်ကြုတ်လိုက်ပြီး ပြန်စဉ်းစားသည်။ ဓားကိုင်မဟာအကြီးအကဲကြီးကလည်း အံ့သြမှုတို့ မျက်နှာတွင် ထင်ဟပ်လာသည်။
မကြာခင် ခေါင်းဆောင်က သူထိုနေ့က မေးခဲ့သည့် အချိန်တွင် ရွှီချင်းက နှုတ်ဆိတ်နေခဲ့သော်လည်း တံတွေးတစ်လုတ်ကြီး ထွေးထုတ်ခဲ့သည်ကို ရုတ်တရက်သတိရ၏။
“မင်းရဲ့…တံတွေးလား။”
ခေါင်းဆောင် တုန့်ဆိုင်းနေသည်။
ရွှီချင်းက ခေါင်းညိတ်သည်။
“ကျွန်တော်က နတ်ဘုရားကို တံတွေးနဲ့ထွေးခဲ့တယ်။”
ခေါင်းဆောင် အတန်ငယ်မှင်တက်သွားသည်။
“ဘာ။ မင်းက တံတွေးထွေးပြီး ပေတစ်သိန်းအမြင့်အလင်းကို ရတာပေါ့။”
“ကျွန်တော်က နတ်ဘုရားကို ခွေးမသားသို့လည်း ဆဲခဲ့သေးတယ်။”
ရွှီချင်းက ကောင်းကင်ရှိ နတ်ဘုရား၏ မျက်နှာပျက်ကြီးထံ လက်ညိုးထိုးကာပြောသည်။
ရွှယ်လျန့်ကျစ်မှာ မှင်တက်မိတော့သည်။ ဓားကိုင်ရုံးတော်၏ မဟာအကြီးအကဲကြီးလည်း ထူးဆန်းသည့် မျက်နှာထား ဖြစ်လာသည်။ ရွှီချင်းဘေးတွင် ရပ်နေသည့် ခေါင်းဆောင်ကတော့ ရေရွတ်လိုက်သည်။
“မင်း…မင်းက နတ်ဘုရားရဲ့မျက်နှာပျက်ကြီးကို ခွေးမသားလို့ ဆဲခဲ့သေးတယ်ဟုတ်လား။”
“ဒီတစ်ခွန်းတည်းဘယ်ကမလဲ။”
ရွှီချင်းက ပြင်ပေးလိုက်ပြီး အလေးအနက်ပြောသည်။
“ကျွန်တော်က ထပ်ပြီး ကျိန်ဆဲခဲ့တယ်။ ခွေးမသားတင်မကဘူး။ လူယုတ်မာ၊ ဝက်ယုတ်မာ လို့လည်း ခေါ်ခဲ့သေးတယ်ိ။”
“နောက်ဆုံးမှာ ငါ ဠိုးမသား လို့ပါ ပြောခဲ့သေးတယ်။”
ရွှီချင်းက ထိုသို့ပြောလိုက်ရင်း လှေပျံပြင်ပသို့ တံတွေးထွေးသည်။ ခေါင်းဆောင်က ရွှီချင်းအားကြည့်လိုက်ပြီး သူမျက်လုံးတွင် ပြင်းထန်စူးရှသော အလင်းတို့ ထွက်လာတော့သည်။
ထိုအချိန်တွင် ဓားကိုင်ရုံးတော်ထဲ၌ မဟာဓားကိုင်အကြီးအကဲကြီးက အတွေးနက်နေပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ထိုအပြုံးက တဖြည်းဖြည်းကျယ်လာပြီး နောက်ဆုံးတွင် သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
သူ့ရယ်သံက လွတ်လပ်ပေါ့ပါးလွန်းသည်။ သူ့အသံက ဓားကိုင်ရုံးတော်တစ်ခုလုံး ပျံ့လွင့်သွားပြီး ဓားကိုင်အများအပြားအား အံ့အားသင့်စေသည်။ သူတို့အားလုံးက လှမ်းကြည့်လိုက်ကြသည်။
သူတို့မှတ်ဉာဏ်ထဲတွင် မဟာအကြီးအကဲသည် အမြဲလေးနက်တည်ကြည်နေ၏။ ဤနေရာတွင်ဖြစ်စေ တာအိုပလ္လင်တွင်ဖြစ်စေ တစ်ပုံစံတည်းသာ ဖြစ်သည်။ ဤယနေ့ခဲ့သို့ စိတ်လွတ်ကိုယ်လွတ်ရယ်မောချိန်က လွန်စွာရှားပါးလှသည်။
သူက ရယ်မောနေရင် မဟာအကြီးအကဲကြီးက ကျိန်ဆဲလိုက်သေးသည်။
“ခွေးမသား။”
တစ်ချိန်တည်းမှာပင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏ လှေပျံပေါ်တွင် ရွယ်လျန့်ကျစ်ကလည်း အော်ရယ်လျက်ရှိသည်။ သို့ရာတွင် သူက ရယ်နေရာမှ မျက်လုံးများလည်း အနည်းငယ်နီမြန်းလာလေသည်။ အတိတ်တစ်ချိန်က သူသည်လည်း ထိုသို့ ကျိန်ဆဲဖူးသည်။ သို့သော် ယခင် မသိလိုက်သည့်အချိန်တစ်ခုမှစ၍ သူက ကျိန်ဆဲရဲခြင်းမရှိတော့ပေ။
လှေပျံပေါ်တွင် ခေါင်းဆောင်က ပင့်သက်ရှည်တစ်ချက်ရှိုက်သည်။ သူက နတ်ဘုရား၏ မျက်နှာပျက်ကြီးကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“ငါဠိုးမ နတ်ဘုရား။”
သို့ဖြင့် သူက အားဖြင့်ချောင်းဟန့်လိုက်ပြီး တစ်လုတ်စာ ချွဲကြီးတစ်ဖတ်ပင် ထွေးထုတ်လိုက်သေးသည်။
ထိုသို့ထွေးပြီးနောက် ခေါင်းဆောင်က ရယ်လိုက်ပြီး ရွှီချင်းလည်း အတူရယ်မောလိုက်သည်။
ကောင်ကင်တွင်တော့ နတ်ဘုရားမျက်နှာပျက်ကြီးသည် မာန်အပြည့်ရှိနေဆဲပင်။ မြေပြင်တွင် ဖြစ်ပျက်သမျှက အရေးမပါသည့်အလား။
အချိန်တို့ တရွေ့ရွေ့ကုန်လွန်၏။ လှေပျံကြီးက မြောက်ပိုင်းလွင်ပြင်များ၊ အင်မော်တယ်ကြွယ်ဝခြင်းမြစ်တို့ကို ဖြတ်ကျော်ကာ ထိုက်စီပုရှင်းတောင်တန်းအတိုင်း တောင်ဘက်သို့ ဦးတည်လာသည်။
လဝက်ကြာပြီးနောက် နေ့လည်အချိန် နေလုံးသည် ကောင်းကင်တွင် မြင့်မားစွာရှိနေသေးချိန်၌ ထည်ဝါသော ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မြို့ကြီးသည် လှေပျံပေါ်ရှိ လူအားလုံး၏ မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။
ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ထံမှ ခေါင်းလောင်းသံများ မြည်ဟိန်းထွက်လာပြီး တိမ်များကြားမှ ပျံ့လွင့်လာတော့သည်။
ကြိုဆိုခြင်းခေါင်းလောင်း ဖြစ်သည်။
၎င်းသည် ဓားကိုင်တို့ပြန်လာခြင်းကို ကြိုဆိုလိုက်သည့် ခေါင်းလောင်းပင်။