ခင်ဗျား သေချာလား
Vol. 32 Ch. 474
ရဲ့လင်းချန်၏ စကားက ကမ္ဘာမြေ၏ ဂိတ်တံခါးမှ ထိုလူကို နှလုံးခုန်နှုန်း မြန်လာစေသည်။ သိုင်းပညာရှင်တစ်ဦး ဖြစ်သောကြောင့် သူ၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းက အလွန် မြင့်မားသည်။ အလွန် အန္တရာယ်များသော တစ်စုံတစ်ရာနှင့် သူ ရင်ဆိုင်ရတော့မည်ဟု သူ ပြောနိုင်နေသည်။
ရဲ့လင်းချန်က သန်မာမှန်း သူ သိထားသော်လည်း သူ၏ အရှိန်အဝါက ထိုမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ ထင်မထားမိပါ။
ဤလူနှင့် ရင်ဆိုင်ရလျင် ဘာတစ်ခုမှ မှားမသွားစေရန် သူ သေချာ လုပ်ရပေမည်။
သူ့စိတ်ကို သူ တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူ့မျက်လုံးတွင်း၌ ရက်စက်သော အရိပ်အယောင် ဖြတ်ပြေး သွားပြီး အမိန့်ပေးလိုက်သည်။
“မင်းတို့ သူ့ခြေလက်တွေကို သွားချိုးလိုက်၊ ငါတို့ သူ့ကို ဆွေးနွေးဖို့အတွက် အသက်ရှင်အောင် ထားဖို့ပဲ လိုတာ”
“နားလည်ပါပြီ”
သိုင်းပညာရှင်တစ်ယောက်က ချက်ချင်း ရှေ့တက်လာသည်။ သူ ရဲ့လင်းချန်ကို ခက်ထန်သော အကြည့်ဖြင့် ကြည့်ပြီး ဓားအား ရဲ့လင်းချန်ထံ ဝှေ့ယမ်းလိုက်သည်။
“အား …”
“ဆရာ”
ဓားရောင် လက်သွားခြင်းနှင့်အတူ အားလုံး အံ့ဩတကြီး အော်ဟစ်ကြသည်။ သူတို့၏ မျက်လုံးတွင် နောင်တနှင့် အပြစ်ရှိစိတ်တို့ ပြည့်နှက်နေ၏။ သူတို့ ဖိတ်ခဲ့သဖြင့် ရဲ့လင်းချန်က လာခဲ့ခြင်း ဖြစ်သည်။ ဥက္ကဋ္ဌရဲ့ ဒုက္ခရောက်ရသည်က သူတို့ အမှားကြောင့်ပင်။ ရှုဝမ်ချင်က မြင်ကွင်းကို မကြည့်နိုင်သဖြင့် မျက်လုံးကို တင်းနေအောင် ပိတ်ထားလေသည်။
ရှုနန်၏ နီရဲနေသော မျက်လုံးမှ မျက်ရည်များ ထိန်းမရစွာ စီးကျလာသည်။ အံ့ဩစရာကောင်းလောက်အောင် သိုင်းပညာ ကျွမ်းကျင်သော သူမ၏ ဆရာက တစ်စုံတစ်ယောက်၏ ယုတ်ညံ့သော လှည့်ကွက်များ၌ အဆုံးသတ် သွားရတော့မည် ဖြစ်သဖြင့် သူမ ဝမ်းနည်းမိသည်။
သို့သော် ထိုသို့သောအချိန်၌ မျှော်မှန်းထားသော အော်သံများနှင့် သွေးထွက်သံယို မြင်ကွင်းက ဖြစ်မလာချေ။
လူတိုင်း အံ့ဩသွားပြီး သူတို့ကိုယ်တိုင် လှမ်းကြည့်လိုက်ကြသည်။
ရဲ့လင်းချန်က နေရာ၌ တည်ငြိမ်စွာ ထိုင်မြဲထိုင်နေပြီး လက်ထဲမှ ခွက်ကို ကစား၍ အခြားသူများအား မချိုမချဉ် ကြည့်နေသည်ကို သူတို့အားလုံး တွေ့လိုက်ရသည်။
သူ၏ ကျန်လက်တစ်ဖက်သည် လက်နှစ်ချောင်းကိုသာ ဆန့်ထုတ်ထားသော်လည်း ရန်ပြုသူ၏ ဓားကို သူ့လက်ကြား၌ မြဲနေအောင် ညှပ်ထားနိုင်လေသည်။
တိတ်ဆိတ်သွားလေသည်။ အခန်းတွင်း၌ တိတ်ဆိတ်ခြင်းက ကြီးစိုးလာ၏။
လူတိုင်း အသက်ရှူရန်ပင် မေ့သွားပြီး မျက်စိရှေ့မှ မြင်ကွင်းကို ငေးကြည့်နေကြသည်။ သူတို့၏ ဦးနှောက်များက အခြေအနေကို နားလည်အောင် မလုပ်ပေးနိုင်တော့ချေ။
“ဒါက … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရန်ပြုသူ၏ အသံက တုန်ယင်နေ၏။ သူ့မျက်နှာက နီရဲလာပြီး အားကုန်သုံး၍ ဓားကို ဆွဲထုတ်ရန် ကြိုးစား လေသည်။ သို့သော် ရဲ့လင်းချန်၏ လက်ချောင်းများတွင် အဆုံးအစမဲ့သော ခွန်အားတို့ ရှိနေသည်ဟု ခံစားနေရပြီး ဓားအား နည်းနည်းလေးမှ ရွေ့အောင် မလုပ်နိုင်ချေ။
သူ့မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားပြီး သူ့စိတ်ထဲ၌ ကြောက်စိတ်က စိုးမိုးလာသည်။
သူသည် သာမန်လူထက် ခွန်အား ငါးဆမက ပိုသာသော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် ဤလူသည် သူ အားကုန်သုံးထားသည့် တိုက်ခိုက်မှုအား လက်နှစ်ချောင်းတည်းဖြင့် ခုခံနိုင်စွမ်း ရှိနေသည်။ ယင်းက ကြောက်စရာ ကောင်းလွန်းလှပေသည်။
“မ…မ…မင်း”
ရှားကျွင်း မှင်တက်သွားသည်။ သူက ရဲ့လင်းချန်ကို လက်ညှိုးထိုး၍ ပြောစရာ စကားမဲ့သွားသည်။
*အဲ့ကောင်စုတ်က အရိုးပျော့ဆေးပါတဲ့ အရက်ကို သောက်ထားတာလေ၊ အဲ့ဒါအပြင် အစားအသောက် ပေါ်မှာလည်း ဖြူးထားသေးတာ၊ သူက ဘယ်လိုလုပ် အဆင်ပြေနေတာလဲ*
*ပြီးတော့ သူက ငါ့ရှေမှာ ဆက်တောင် သောက်နေလိုက်သေးတယ်၊ သူ့မှာ ဘယ်လိုလုပ် အဲ့လောက် ခွန်အားတွေ ရှိနေသေးတာလဲ*
*ပြီးတော့ ဓားကို လက်နှစ်ချောင်းတည်းနဲ့ ထိန်းထားသေးတယ် … ဒါမျိုးက ရုပ်ရှင်တွေထဲမှာပဲ ဖြစ်တာ မဟုတ်ဘူးလား*
သူ့စိတ်က တစ်ခဏမျှ ဗလာဖြစ်သွားသည်။
“ဆရာ၊ ရ … ရ … ရှင် အဆင်ပြေရဲ့လား”
ရှုနန် အသက်အောင့်ထားမိသည်။ သူမ မျက်တောင်ခတ်လိုက်သည့်အခါတိုင်း သူမ၏ မျက်တောင်ရှည်တွင် မျက်ရည်များ တွဲခိုနေပြီး ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။
“ဒါပေါ့ ငါ အဆင်ပြေတာပေါ့၊ ဒါက ဘာမဟုတ်တဲ့ အဆိပ်လေးပဲကို၊ အဲ့ဒါက ငါ့ကို မတားနိုင်ပါဘူး”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြုံးနေသည်။
“သူ့ဆီ အတူတူ တက်ကြ၊ ဓားစာခံတွေကို ခေါ်”
အခြေအနေက အစီအစဉ်အတိုင်း မဖြစ်သည်ကို သိလိုက်ရပြီးနောက် ခေါင်းဆောင်က သတိဝင်လာသည်နှင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
သူ့အဖွဲ့က ဥက္ကဋ္ဌရှုထံသို့ ရူးသွပ်နေသော အကြည့်များနှင့် ပြေးလာကြသည်။
ထိုအခိုက်တွင် ရှားကျွင်း၏ မျက်လုံးတွင်လည်း ကြောက်စရာကောင်းသော ပုံစံ ပေါ်နေသည်။ သူသည် ရှုနန်နှင့် အတော်လေး နီးကပ်နေပြီး သူမထံသို့ ဝင်တိုးရန် ဆုံးဖြတ်လိုက်သည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများသည် သူတို့အသက်ကို အရေးမစိုက်ပါ။ ရဲ့လင်းချန်ထံ၌ ဓားကို တားဆီးခြင်း ခံလိုက်ရသည့် လူကလည်း အရေးမစိုက်ပါ။ သူက ဓားကို စွန့်လွှတ်၍ ရဲ့လင်းချန်ကို ကန်ကာ အသက်နှင့်ရင်း၍ တိုက်ခိုက်လေသည်။
သူတို့၌ ဓားစာခံများ ရှိသရွေ့ ရဲ့လင်းချန် ဘာမှ တတ်နိုင်မည် မဟုတ်ပါ။
“ဟားဟား”
ရဲ့လင်းချန် လှောင်ရယ်လိုက်သည်။ သူ့လက်ချောင်းများကို လိမ်လိုက်သည်နှင့် ဓားက ချက်ချင်း ပိုင်းပြတ် သွားသည်။ ထို့နောက် သူက လက်ကောက်ဝတ်ကို လိုက်၍ လက်ချောင်းများအား လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။
အေးစက်သော အလင်းတစ်ချက်က လျှပ်စီးသဖွယ် ဖြတ်ပြေးသွားသည်။
“ရွှစ်”
ဓားသွားက သိုင်းပညာရှင်၏ လည်ပင်းကို ထိုးဖောက်သွားသည်။ ၎င်းက ရပ်မသွားဘဲ ဝေ့ဝိုက်ကာ ရှားကျွင်း၏ လက်ကောက်ဝတ်ကို ထိုးစိုက်သွားပြီး သူ့လက်ကောက်ထဲ၌ စိုက်ဝင်နေ၏။
“အား…”
ရှားကျွင်းသည် ကြောက်လန့်သော အမူအရာ ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။ သူ့လက်ကောက်ဝတ်မှ သွေးများ စီးကျနေသည်ကို ကြည့်ပြီး ကြမ်းပြင်ပေါ်၌ သူ ထိန်းမနိုင် သိမ်းမရစွာ တုန်ယင် နေသည်။
ထိုသိုင်းပညာရှင်မှာမူ ခန္ဓာကိုယ်က တောင့်တင်းနေပြီး မျက်လုံးများက ကြောင်စီစီ ဖြစ်ကာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။
ရဲ့လင်းချန်၏ လှုပ်ရှားမှုက စက္ကန့်ပိုင်းမျှသာ ကြာမြင့်သည်။ သူ့အကြည့်က အခန်းတွင်း ဝေ့ဝိုက်သွားပြီး အခြားသူများကို ကြည့်လေသည်။ သူက နှုတ်ခမ်းကို စေ့၍ စားပွဲကို လက်နှစ်ဖက်လုံးဖြင့် ရိုက်ကာ အပြင်သို့ အားကုန် တွန်းထုတ်လိုက်သည်။
“ဒုန်း”
သူ့ထံသို့ ပြေးလာနေသော လူများသည် စားပွဲ၏ တစ်ဖက်ခြမ်း၌ ရှိနေသည်။ ချက်ချင်းဆိုသလိုပင် သူတို့အားလုံးသည် စားပွဲကြောင့် လွင့်ထွက်ကာ ကြမ်းပြင်ပေါ် ပြန်ကျချိန်၌ သွေးအန်သွားသည်။
လက်ရှိတွင် သူတို့အားလုံး ကြမ်းပြင်ပေါ်၌ ညည်းတွားနေလေသည်။ ရဲ့လင်းချန်၏ သိုင်းပညာ အရည်အချင်းအား ကြောက်စရာ ကောင်းသည်ဟုသာ ဆိုနိုင်ပေသည်။ သူတို့သည် သိုင်းပညာရှင်များ ဖြစ်သော်လည်း တိုက်ကွက် တစ်ကွက်ကိုတောင်မှ မခုခံနိုင်ချေ။ သူတို့သည် ကြမ်းပြင်ပေါ်၌ မလှုပ်နိုင် မရှားနိုင်ဖြစ်နေပြီး ရဲ့လင်းချန်အား ကြောက်လန့်တကြား ကြည့်နေကြသည်။
“ဝိုး … ဆရာ၊ ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ”
ရှုနန်၏ မျက်လုံးတွင် အံ့ဩစိတ်တို့နှင့် ပြည့်နှက်နေ၏။ သူမသာ အားအင်မဲ့မနေလျင် ကလေးကဲ့သို့ ခုန်ပေါက်၍ “အား … မိုက်လိုက်တာ” ဟု အော်မိလောက်သည်။
သူမဆရာနှင့် သူမ အတူရှိသည့် အချိန်တိုင်း သူမဆရာက သူမ ထင်ထားသည်ထက် ပို၍ သန်မာနေကြောင်း သိလာရသည်။
ရှုဝမ်ချင်သည် ရဲ့လင်းချန်က ကွန်ဖူးတော်မှန်း သိထားသဖြင့် အနည်းငယ်သာ အံ့ဩလေသည။ သူမအတွက် ရဲ့လင်းချန်၏ ခွန်အားက စူပါမန်းဝိုင်ကို လုံးဝ မယှဉ်နိုင်ဟု မှတ်ယူထားသည်။
ထိုအခိုက်တွင် ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌအိုးရန်တို့သည် မှင်သက် အံ့အားသင့်နေ၏။ ရှုနန်ထံမှ သူမဆရာက ဘယ်လို သန်မာကြောင်း ကြားထားပါသည်။ သို့သော် သူတို့သည် ယင်းက မဖြစ်နိုင်ဟု အမြဲ ခံစားရသဖြင့် မယုံကြည်ခဲ့ပါ။ ယခု သူတို့ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် ကြက်သေ သေသွားရသည်။ သူတို့၏ သူဌေးလေးက တစ်မူထူးခြား လွန်းသည်ဟု သူတို့ ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။
ရှားဟိုင်ချွမ်နှင့် အခြားသူများမှာမူ ထိုင်ခုံ၌ ငြိမ်နေကြသည်။ သူတို့၏ အတွေးများက ပေါက်ကွဲမတတ် ဖြစ်နေ၏။
လက်ရှိတွင် သူတို့၏ ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိသည်။
*သူက လူဟုတ်သေးရဲ့လား*
တစ်ခန်းလုံးတွင် ရှားကျွင်းတစ်ယောက်တည်းသာ နာကျင်လွန်း၍ အော်ဟစ်နေ၏။
ရဲ့လင်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် သူ့ဘေးမှ ဓားကို ကန်ထုတ်လိုက်သည်။ ချွမ်ဟူသော အသံနှင့်အတူ ဓားက ရှားကျွင်း၏ ဦးခေါင်းဘေး၌ သွားစိုက်လေသည်။
“မင်း ဆက်အော်နေရင် ငါ မင်းကို သတ်ပစ်မယ်”
တည်ငြိမ်သော အသံဖြစ်သော်လည်း ရှားကျွင်းအား ထိန်းမရအောင် တုန်ယင်သွားစေသည်။ သူ့မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာသည်။ သူသည် နာကျင်မှုကို ကျိတ်မှိတ်ခံစားရ ပါးစပ်ကို ပိတ်ထားကာ သူ့ဘောင်းဘီက စိုရွှဲလာပြီးနောက် အဝါရောင် အရည်များ စိမ့်ထွက်လာသည်။
ရှားကျွင်းအား ဆောက်တည်ရာမရစိတ်နှင့် ကူကယ်ရာမဲ့စိတ်တို့က လွှမ်းမိုးသွားသည်။
“ပြောလက်စ စကားကို ပြန်သွားကြတာပေါ့၊ မင်းတို့ … တစ်ခုခု ထပ်ပေါင်းထည့်ချင်တာ ရှိလား”
ရဲ့လင်းချန်က ရှားဟိုင်ချွမ်နှင့် အခြား ရှယ်ယာရှင်ဟောင်း လေးယောက်အား ပြုံးကြည့်၍ မေးလိုက်သည်။
သို့သော် လက်ရှိတွင် သူ့အပြုံးက သူတို့အတွက် နတ်ဆိုးနှင့်တူနေပြီး ထိတ်လန့်သွားစေသည်။
“မ…မ…မရှိပါဘူး …”
ရှားဟိုင်ချွမ်၏ အသံက တုန်နေပြီး ငိုလုနီးပါး ဖြစ်နေသည်။ သူက ပြာအက်နေသော အသံနှင့် ပြော၏။
“ဥ…ဥ…ဥက္ကဋ္ဌရဲ့၊ ခုနက ငါတို့ နည်းနည်း နားလည်မှုလွဲသွားတယ်လို့ ငါ ထင်တယ်”
“ဥ…ဥ…ဥက္ကဋ္ဌရဲ့၊ မင်း ငါတို့ကို သတ်လို့မရဘူး၊ လူသတ်တာက ဥပဒေကို ဆန့်ကျင်တာပဲ”
သူတို့ထဲက တစ်ယောက်က ကြောက်ရွံ့စွာ ပြောလာသည်။
“ကျုပ်က ခင်ဗျားတို့ကို သတ်လို့မရဘူး ဟုတ်လား”
ရဲ့လင်းချန် မျက်ခုံးပင့်သွားသည်။ သူက ID ကဒ်တစ်ကဒ်ကို ထုတ်၍ စားပွဲပေါ် တင်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ခင်ဗျား သေချာရဲ့လား”