← Chapters

ငါ သူ့ကို ဒီက စောင့်နေမယ်

Vol. 32 Ch. 475

ငါ သူ့ကို ဒီက စောင့်နေမယ်

Vol. 32 Ch. 475

ရဲ့လင်းချန် ထုတ်ပြသော ID ကဒ်ကို ကြည့်မိသောအခါ လူတိုင်း အတော်လေး မှင်တက်သွားကြသည်။ ထင်းခနဲ မြင်သာသော စကားစုမှာ ‘စစ်သည်တော်ဌာန” ဟူသော စကားစု ဖြစ်သည်။

စစ်သည်တော်ဌာနမှ အနိမ့်တန်း စစ်သည်တော်ဆိုပါလား။

“ဆရာ၊ ရှင်က စစ်သည်တော်ဌာနကပါလား၊ ပြီးတော့ အနိမ့်တန်း စစ်သည်တော်လည်း ဖြစ်နေသေးတယ်”

ရှုနန် မနေနိုင်ဘဲ ဂုဏ်ယူစွာ ထုတ်ပြောမိသည်။

“ခင်ဗျားက ကမ္ဘာမြေရဲ့ ဂိတ်တံခါးအဖွဲ့က လူတွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီးတော့ နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာ တွေကို ခိုးယူဖို့ ကြိုးစားတယ်၊ ခင်ဗျားကို တစ်ခါတည်း သတ်ပိုင်ခွင့် ကျုပ်မှာ ရှိတယ်”

ရဲ့လင်းချန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

လက်ရှိတွင် ရှားဟိုင်ချွမ်နှင့် အခြားသူများသည် ပို၍ ဆောက်တည်ရာမရ ဖြစ်လာကြလေသည်။

“ရဲ့ … ဥက္ကဋ္ဌရဲ့၊ ခင်ဗျားက ထူးခြားတဲ့လူမှန်း ကျုပ် သိပါတယ်၊ ပြီးတော့ ခင်ဗျားက ရည်ရွယ်ချက်မရှိဘဲ မလုပ်တဲ့သူမှန်း သိပါတယ်၊ မင်းက စစ်သည်တော်လေးတစ်ယောက်လည်း ဖြစ်နေတာကိုး၊ ငယ်ရွယ်ပြီး ထူးချွန်တာပဲ၊ ခင်ဗျားကို ကျုပ် လေးစားမိပါတယ်”

ရှားဟိုင်ချွမ်က အတင်း မျက်နှာချိုသွေးသော အပြုံးနှင့် ပြောလေသည်။

“ခင်ဗျားအသက်ကို ချမ်းသာပေးစေချင်နေတာလား”

ရဲ့လင်းချန်က ပြုံး၍ သူတို့ကို ကြည့်နေသည်။

ရှားဟိုင်ချွမ်က ထိတ်ထိတ်ပျာပျာနှင့် ခေါင်းညိတ်ပြသည်။

“လွယ်ပါတယ်”

ရဲ့လင်းချန်က အသာပြုံးနေသည်။

“ခင်ဗျားရဲ့ စိတ်ရင်းကို ပြလေ”

“ခင်ဗျားတို့အားလုံး ဝမ်ရုံအတွက် ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာကို ထပ်တလဲလဲ ပြောခဲ့ကြတယ် မဟုတ်လား၊ ဥက္ကဋ္ဌရှုနဲ့ ဥက္ကဋ္ဌ အိုးရန်တို့က ဝမ်ရုံအတွက် သူတို့ရှယ်ယာတွေကို ကျုပ်ကို ပေးခဲ့တယ်၊ ခင်ဗျားတို့ သူတို့ဆီကနေ သင်ယူသင့်တယ် မဟုတ်ဘူးလား”

သူ၏ စောင်းပါးရိပ်ခြည် ပြောသော စကားက သိသာလှသည်။ ရှားဟိုင်ချွမ်နှင့် အခြားသူများအား ရဲ့လင်းချန် ရှယ်ယာ ဝယ်ခဲ့စဉ်က သုံးခဲ့သော ပိုက်ဆံများကို ပြန်ပေးစေချင်နေခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ ဟုတ်သားပဲ”

သူတို့သည် အရေးမပါသော စကားများ ထပ်ပြောရမည်ကို ကြောက်ရွံ့နေကြသည်။ သူတို့သည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် အတင်း ပြုံးယူကြသည်။ ထိုအပြုံးက သူတို့ ငိုနေသည်ထက်ပင် ပို၍ ကြည့်ရဆိုးလှသည်။

“တကယ်တော့ ဥက္ကဋ္ဌရဲ့ မပြောလည်း ကျုပ်တို့ အဲ့လို လုပ်မလို့ပါပဲ”

“ကလေးတွေက အမြဲ သင်ပေးလို့ ရတာပဲ”

ရဲ့လင်းချန်က ခေါင်းညိတ်၍ ဆက်ပြောသည်။

“ခင်ဗျားတို့ ကျုပ်တို့ကို ဘာလုပ်ခဲ့သလဲဆိုတာကို မမေ့ဘူး မဟုတ်လား၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးတာက လုပ်ကိုလုပ်ရမယ့် အရာပဲ၊ ပြီးတော့ ခင်ဗျားတို့က ဝမ်ရုံကို အပိုင်သိမ်းဖို့ တွေးခဲ့သေးတယ်၊ ဒါ ပြဿနာတစ်ခုပဲ၊ အားလုံးကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ခင်ဗျားတို့ ထင်လဲ”

ရှားဟိုင်ချွမ်၏ နဖူး၌ ချွေးစေးများ စို့တက်လာသည်။ သူ အံကြိတ်၍ ပြောလိုက်ရသည်။

“ကျုပ်တို့ ပေးမယ်၊ ကျုပ်တို့ ပေးမှာပါ”

“ကဲ … ကျုပ် ခင်ဗျားတို့အတွက် ခက်ခဲအောင် မလုပ်ပါဘူး၊ ခင်ဗျားတို့ တစ်ယောက်စီက နောက်ထပ် သန်းတစ်ရာပဲ ထပ်ပေးလိုက်ပါ”

ရဲ့လင်းချန်က‌ အေးအေးလူလူ ပြောလိုက်ပြီးနောက် ရှားဟိုင်ချွမ်ကို ကြည့်၍ ပြောသည်။

“ဒါနဲ့ စကားမစပ် ခင်ဗျားမှာ သားတစ်ယောက် ရှိတာပဲ၊ ဆိုတော့ သန်းနှစ်ရာပေါ့၊ မြန်မြန်ပေးတော့”

သူတို့ ငါးယောက်လုံး လုံးဝ မငြင်းရဲချေ။ ယင်းက အလွန်အမင်း ရင်ကွဲစရာ ကောင်းသော်လည်း အသက်နှင့် ယှဉ်လိုက်လျင် ပိုက်ဆံက အပိုသက်သက်ပင်။ ရဲ့လင်းချန်သည် သန်း၈၂၀ ကို တစ်ခဏအတွင်း တန်းရလာ လေသည်။

“ဥက္ကဋ္ဌရဲ့ ကျုပ်တို့ အခု သွားလို့ရပြီလား”

ရှားဟိုင်ချွမ်က ခါးသက်စွာ မေးသည်။

“ခင်ဗျားက ဘယ်သွားမလို့လဲ”

ရဲ့လင်းချန်က သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။

“ကျုပ်က ခင်ဗျားတို့အသက်ကိုပဲ ချမ်းသာပေးတာလေ၊ ပြည်ပအင်အားစုနဲ့ လျှို့ဝှက်ပူးပေါင်းတဲ့အတွက် ခင်ဗျား ဥပဒေအတိုင်း အပြစ်ပေးခံရဦးမှာ”

ထိုသို့သော ပြစ်မှုက အနည်းဆုံး ထောင်ဒဏ် နှစ်သုံးဆယ် ကျနိုင်သည်။ အခြေအနေက ကြီးလေးပါက တန်း၍ ပြစ်မှုကြီးအဖြစ် သတ်မှတ်နိုင်၏။

ရဲ့လင်းချန် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းအတွက် တရားစွဲခံရသည်ဖြစ်စေ၊ မခံရသည် ဖြစ်စေ ယင်းအတွက် စိတ်ပူစရာ မလိုပါ။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်းချန် တောင်းဆိုသော ပိုက်ဆံက တရားပေသည်။

ရှားဟိုင်ချွမ်နှင့် ရှင်းပြီးနောက် ရဲ့လင်းချန်က ထ၍ ကြမ်းပြင်ပေါ် လဲနေသော ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများထံ လျှောက်သွားသည်။ သူ့ခန္ဓာကိုယ်မှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေ၏။

ကမ္ဘာမြေ၏ ဂိတ်တံခါးမှ အဖွဲ့အား သတ်မှဖြစ်ပေမည်။

“မင်း … ငါ့ကို မသတ်နဲ့”

ခေါင်းဆောင်သည် လက်ရှိ၌ ပြိုလဲနေပုံ‌ ပေါ်နေသည်။ သူသည် မလှုပ်ရှားနိုင်ဖြစ်နေပြီး ရဲ့လင်းချန်ကို ကြည့်ရင်းနှင့် နတ်ဆိုး နတ်ဘုရားကို ကြည့်နေရသည်ဟု သူ ခံစားမိလာသည်။

“ငါ့အစ်ကိုက ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ပလက်တီနမ်အဆင့်ကွ၊ သူလည်း မြို့တော်မှာ ရှိနေတယ်၊ မင်း ငါ့ကို သတ်ရင် သူ သေချာပေါက် ငါ့အတွက် လက်စားချေမှာ၊ အဲ့အချိန်ကျရင် ငါ့အစ်ကို အသက် ချမ်းသာမပေးမှာက မင်းတင် မဟုတ်ဘူး၊ မင်းအနားက လူတွေလည်း ပါတယ်”

သူ့စကားက ရဲ့လင်းချန်၏ မျက်လုံးတွင်း၌ အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားစေသည်။ ထို့နောက် သူ့တွင် သွေးဆာသော အပြုံးတစ်ခု ပေါ်လာ၏။

ရဲ့လင်းချန် အမုန်းဆုံးအရာတစ်ခုမှာ အခြားသူများက သူ့အနားမှလူများကို အသုံးချ၍ သူ့ကို ခြိမ်းခြောက်ခြင်းပင်။ ထိုသို့သော လူမျိုးနှင့် ရင်ဆိုင်ရလျင် သူတို့ကို အပြတ်ရှင်းရန် သူ ဘာမဆို လုပ်ပေမည်။

ရဲ့လင်းချန်သည် လက်ရှိ၌ ဘာမှ ချို့တဲ့နေခြင်း မရှိသဖြင့် သူနှင့် ရင်းနှီးသော လူတိုင်းကို ဘယ်အရာမဆိုထက် ပို၍ တန်ဖိုးထားသည်။

သူ လက်မြှောက်၍ ထိုလူ၏ လက်မောင်းကို ဖမ်းချုပ်ကာ လိမ်ချိုးလိုက်သည်။

“ဂျွတ်”

ထိုလူ၏ လက်မောင်းတစ်ခုလုံး‌ ကြောက်စရာကောင်းလောက်အောင် ကောက်ကွေးသွားပြီး နာကျင်မှုက ပြင်းထန် လွန်း၍ အော်ပင် မအော်နိုင်ချေ။

နဂါးဖမ်းလက်သည် လက်သည်းသိုင်းအပြင် အရိုးမှ ကြွက်သားများကို ခွဲနိုင်သည့် အစွမ်းအစ ရှိသည်။ ရဲ့လင်းချန်သာ ဆန္ဒရှိလျင် လူတစ်ယောက်အား မသတ်ဘဲ သူ၏ အရိုးနှင့် ကြွက်သားများကို အသုံးချ၍ ဘောလုံး တစ်ခုကဲ့သို့ ခေါက်နိုင်ပေသည်။

“သူက ငါ့ကို ချမ်းသာမပေးဘူးတဲ့လား”

ရဲ့လင်းချန်က သူ့ဖုန်းကိုထုတ်၍ ထိုလူရှေ့ ပစ်ပေးလိုက်သည်။

“ခင်ဗျားရဲ့အစ်ကိုကို ခေါ်လိုက်၊ သူ့ကို ကျုပ် ဒီက စောင့်နေတယ်လို့ ပြောလိုက်”

ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာက ဝေဒနာကြောင့် ရှုံ့မဲ့နေသော်လည်း ရဲ့လင်းချန်အား မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။ သူ ပါးစပ်အဟောင်းသား ဖြစ်သွားကာ ရဲ့လင်းချန်က ဘာပြောချင်နေမှန်း သူ နားမလည်နိုင် ဖြစ်နေသည်။

သူ့အစ်ကို သူ ခေါ်ချင်ပါသည်။ သူ့စိတ်ထဲတွင် သူ့အစ်ကိုက ပြိုင်ဘက်ကင်းလုနီးပါးပင်။ ကမ္ဘာမြေ၏ ဂိတ်တံခါးအတွင်းမှ လူများသည် သူ့အစ်ကိုအား နတ်ဘုရားအလား ဆက်ဆံကြသည်။ သူ၏ အစွမ်းအစက ကောင်းမနေသော်လည်း ထိုအကြောင်းရင်းကြောင့်ပင် သူ အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာမြေ၏ ဂိတ်တံခါးမှ ပလက်တီနမ် အဖွဲ့ဝင်များသည် အဖွဲ့တစ်ခုလုံးအတွင်း၌ အနည်းငယ်သာ ရှိသော စိန်အဖွဲ့ဝင်များထက် တစ်ဆင့်သာ နိမ့်ပေးသည်။

ရဲ့လင်းချန်က သူ့အစ်ကိုကို လာခိုင်းလိုက်သောအခါ ယင်းကို သေတွင်းတူးသည်နှင့် အတူတူပင်ဟု သူ မြင်မိသည်။

သို့သော် ခေါ်ခိုင်းသည့်သူက ရဲ့လင်းချန် ဖြစ်နေသည်။ ရဲ့လင်းချန်က သူ့ကို နောက်နေသလား။ အထင်ကြီးအောင် ဖြီးဖြန်းနေသလား။

ရဲ့လင်းချန်က ဘာမှမပြောဘဲ သူ့ခြေထောက်ကို ထပ်ချိုးလိုက်သဖြင့် သူ့ဦးခေါင်းအနောက်၌ သပ်သပ်ရပ်ရပ် ကပ်သွားလေသည်။

“အား….”

ခေါင်းဆောင်ဖြစ်သူ တုန်ယင်သွားသည်။ သူ့နဖူး၌ ချွေးများ ပြန်လာပြီး ပါးပေါ်သို့ အလျင်အမြန် စီးကျလာသည်။

“သူ့ကိုခေါ်လိုက်”

ရဲ့လင်းချန်၏ မျက်လုံးများက ကျဉ်းမြောင်းနေပြီး အေးစက်စွာ အမိန့်ပေးလာသည်။

“ငါ ခေါ်မယ်၊ ခေါ်မယ်”

ခေါင်းဆောင်က အသည်းအသန် ခေါင်းညိတ်ပြသည်။ သူ့အသံက တုန်နေပြီး လက်ရှိတွင် ဒူးထောက်၍ တောင်းပန်ချင်သည်ထက် အခြားဘာကိုမှ မလိုချင်တော့ပါ။

တစ်ခဏကြာသော် သူ ဖုန်းခေါ်လိုက်ပြီး တစ်ခါတည်းနှင့် တန်းဝင်သွားသည်။

“အစ်ကို ကျွန်တော်ပါ”

“ခိုဂျီ၊ ဘာကိစ္စလဲ”

ဖုန်းတစ်ဖက်မှ နိမ့်၍ အက်တက်တက် အသံတစ်သံ ထွက်လာသည်။

ခိုဂျီက ရဲ့လင်းချန်ကို သတိထား၍ ကြည့်ပြီးမှ အော်ငိုတော့သည်။

“အစ်ကို၊ ကျွန်တော့်ကို … တခြားလူက ရိုက်နှက်လို့၊ အစ်ကို … ကျွန်တော့်ကို ကယ်ပါဦး”

ရုတ်တရက် ဖုန်းတစ်ဖက်မှ အသက်ရှူသံက ပြင်းလာသည်။ ခိုအိချီသည် သူ့ညီ၏ အကျင့်ကို ကောင်းကောင်း သိပါသည်။ ခိုဂျီ၏ အသံနှင့် လေသံအရ နှိပ်စက်ခံထားရကြောင်း သူ ပြောနိုင်ပေ၏။

“သူ့ကိုပြော …”

ခိုအိချီ၏ အသံက ဆက်ထွက်လာသော်လည်း ရဲ့လင်းချန်က ဖုန်းကိုလု၍ အရေးမစိုက်စွာ ပြောလိုက်သည်။

“ငါ့ကို ဘာပြောမလို့လဲ”

“မင်း ငါ့ညီခေါင်းက ဆံပင်တစ်ချောင်းကို ထိရဲရင် ထိကြည့်လိုက်၊ ငါ သေချာပေါက် မင်း နောင်တရအောင် လုပ်ပစ်မယ်”

ခိုအိချီ၏အသံက ရုတ်တရက် အေးစက်၍ ခက်ထန်လာသည်။

“ဪ အဲ့လိုလား”

ရဲ့လင်းချန်က အေးစက်စက် ပြုံး၍ ခိုဂျီ၏ လက်မောင်းကို ကိုင်၍ ခပ်ပြင်းပြင်း လိမ်လိုက်သည်။

“ဂျွတ်”

သူ့လက်မောင်းမှ အရိုးများ ကျိုးကြေကုန်သည်။ ခိုဂျီ၏ အော်သံကို ထပ်ကြားလိုက်ရပြီး နာကျင်မှုကြောင့် သူ သတိလစ်လုနီးပါး ဖြစ်သွားရသည်။

“ငါ အခု သူ့ကို ထိတယ်၊ မင်း ဘာလုပ်မလဲ”

ဖုန်းထဲမှ အသက်ရှူသံမှလွဲ၍ ဘာအသံမှ မထွက်လာပါ။ အရိုးကျိုးသံနှင့် ရင်းနှီးသောကြောင့် ခိုအီချီသည် ဘာဖြစ်သွားသလဲ ရိပ်မိနေသည်။ သို့သော် လက်ရှိတွင် ထိုအသံက သူ့ညီထံမှ ထွက်လာခြင်း ဖြစ်နေလေသည်။

“မင်း ဘယ်မှာလဲ”

အချိန် အတော်ကြာပြီးမှ ခိုအိချီ၏အသံ ထွက်လာသည်။ ထိုတည်ငြိမ်မှုအောက်၌ ကြောက်စရာကောင်းသော ဒေါသအား ဖိနှိပ်ထားလေသည်။

“ထျန်းဖူ ဥယျာဉ်မှာ၊ ငါ မင်းကို ဆယ်မိနစ်စောင့်မယ်၊ အချိန်ပြည့်ရင် မင်းညီရဲ့ အလောင်းကို လာကောက်လိုက်”

ရဲ့လင်းချန်က ပြောပြီးသည်နှင့် ဖုန်းကို ချလိုက်သည်။

ခိုဂျီက ရဲ့လင်းချန်ကို ကြည့်နေပြီး အသက်ရှူသံ မြန်လာသည်။ အလွန် ကြောက်နေသော ထိုအကြည့်အောက်၌ နက်ရှိုင်းသော အမုန်းတရား ရှိနေသည်။ သူ့အစ်ကို ရောက်လာသည်နှင့် ရဲ့လင်းချန်က ဆယ်ဆ သို့မဟုတ် အဆ တစ်ရာမက ပြန်ပေးဆပ်ပေလိမ့်မည်။

All Chapters