ဝရုန်းသုန်းကား ဖြစ်ခြင်း
Vol. 32 Ch. 476
“မင်း … မင်း …”
ရှားဟိုင်ချွမ် အံ့ဩသွားသည်။ သူသည် ရဲ့လင်းချန်အား အလွန် မယုံကြည်နိုင်ဟန်တို့နှင့် ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။
သူသည် ခိုဂျီ၏ အစ်ကိုဖြစ်သူ ခိုအိချီနှင့် တစ်ခါမှ မတွေ့ဖူးသော်လည်း သူ့အကြောင်းကို ကြားဖူးပါသည်။
ကမ္ဘာမြေ၏ ဂိတ်တံခါးနှင့် လျှို့ဝှက်ပူးပေါင်းရန် သူ သွားခဲ့စဉ်က သူတို့ ပြခဲ့သော အစွမ်းထက်လှသည့် တိုက်ပွဲဝင် ခွန်အားက သူ့အတွေးအမြင်များကို ကပြောင်းကပြန် ဖြစ်သွားစေသည်။ လူတစ်ယောက်၏ အတိုက်အခိုက် စွမ်းရည်များက ထိုအဆင့်သို့ ရောက်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။
လူအများစုသည် စစ်သည်တော်ဌာန ရှိကြောင်း သိထားသော်လည်း ထိုလူများက အနည်းငယ် ပိုသန်မာပြီး လူဆိုးများကို ဖမ်းရန် တာဝန်ပေးထားခံရသည်ဟုသာ ထင်ထားကြသည်။ သူတို့၏ အရည်အချင်းအားလုံးက အလွန် သန်မာသော်လည်း စစ်သည်တော်များက စစ်သားဘုရင်သဖွယ် သန်မာလွန်းလိမ့်မည်ဟု သူတို့ မသိကြပေ။
သူတို့၏ စစ်သည်တော်များအား လျှို့ဝှက်လက်နက်များသဖွယ် အသုံးပြုကြပြီး အများပြည်သူရှေ့သို့ လက်လွတ်စပယ် ထုတ်မပြကြချေ။ သူတို့ ပေါ်လာသည်နှင့် သူတို့ လှုပ်ရှားသည်ကို မြင်သည့်သူတိုင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခြင်း သို့မဟုတ် အသတ်ခံခြင်းတို့ ခံကြရသည်။
တစ်ဖက်တွင်မူ ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့အစည်းက ပူးပေါင်းမှု လွယ်ကူချောမွေ့စေရန် ရှားဟိုင်ချွမ်နှင့် အခြားသူများကို သူတို့၏ အစွမ်းအစအား တမင်သက်သက် ထုတ်ပြလေသည်။ သူတို့ ပြသော ဗွီဒီယိုမှာ ကျားတစ်ကောင်နှင့် တိုက်ခိုက်နေသည့် ဗွီဒီယို ဖြစ်သည်။
အရွယ်ရောက်ပြီးသား ကျားတစ်ကောင်အား ဓားလေးတစ်ချောင်းကို သုံး၍ ၎င်း၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိစေသည်။ ထို့အပြင် လက်သီးတစ်ချက်က သစ်ပင်၌ အပေါက်တစ်ပေါက် ဖြစ်သွားစေသည်။ ခွန်အားဖြစ်စေ၊ လျင်မြန်မှုတွင် ဖြစ်စေ သူတို့သည် လူသားတို့၏ အတိုင်းအတာကို ကျော်လွန်နေလေပြီ။
ရေနယ်နိမိတ်ထဲမှ ဝူစုန်း ကျားတစ်ကောင်နှင့် တိုက်ခိုက်သည့် မြင်ကွင်းကို အမှတ်ရသွားပြီးနောက် ရှားဟိုင်ချွမ်သည် ခိုအိချီက ဝူစုန်းထက် ပိုသာသည်ဟု တွေးမိသည်။ သူသည် အလွယ်တကူ အနိုင်ရနိုင်ပြီး သူ့ခွန်အားက ကျားတစ်ကောင်ထက် သာလွန်နေ၏။
ရဲ့လင်းချန်သည်လည်း သန်မာပြီး ကွန်ဖူး လေ့ကျင့်ထားလောက်သော်လည်း ရှားဟိုင်ချွမ်သည် ခိုအိချီနှင့် သူ မယှဉ်နိုင်ဟု ယုံကြည်ထားသည်။ လက်ရှိတွင် ရဲ့လင်းချန်သည် အဘယ်သို့သော တည်ရှိမှုမျိုးကို ရန်စလိုက်မိမှန်း သိပုံမရပါ။ လူငယ်များသည် အလွယ်တကူ မောက်မာတတ်ပြီး သူတို့ကိုယ်သူ အရှုံးနှင့် ကြုံရအောင် လုပ်ကြလေသည်။
“ဥက္ကဋ္ဌရဲ့၊ ရှင် အကူအညီ မခေါ်ဘူးလား”
အိုးရန်ချင်းက တုန်တုန်ယင်ယင်နှင့် စိုးရိမ်တကြီး မေးလေသည်။
ငါးမိနစ် ကုန်သွားသော်လည်း ရဲ့လင်းချန်က ထိုင်မြဲထိုင်နေဆဲပင်။ သူ၏ အမူအရာက တည်ငြိမ်နေပြီး ခိုအိချီ ရောက်လာသည်ကို စောင့်နေလေသည်။
ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌအိုးရန်တို့သည်လည်း ရဲ့လင်းချန်ကို လှမ်းကြည့်ကာ သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။
ရဲ့လင်းချန်က စစ်သည်တော်ဌာနကို ဆက်သွယ်လိမ့်မည်ဟု သူတို့ အစက ထင်ခဲ့မိသည်။ ထိုသို့ဆိုလျင် ခိုအိချီ ရောက်လာသည်နှင့် စစ်သည်တော်ဌာနမှ လူများက သူတို့ကို ချက်ချင်း ရှင်းလင်းပစ်ပေမည်။ သို့သော် ရဲ့လင်းချန်၏ အပြုအမူအရ သူ့၌ ထိုသို့သော အစီအစဉ်မရှိမှန်း သိသာလှသည်။
ခိုအိချီသည် အလွယ်တကူ ရင်ဆိုင်နိုင်သော လူတစ်ယောက် မဟုတ်ပါ။ ရဲ့လင်းချန် ထိုသို့ပြုလုပ်ခြင်းက ရဲတင်းလွန်းလှသည်။
“အဲ့လိုလုပ်ဖို့ မလိုဘူး”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။
ထိုလူများကို သူ ရှင်းပြီးသည်နှင့် လင်းအောင်ကို လာရန် သူ အကြောင်းကြားနိုင်ပါသည်။ ကြိုသတင်းပေးသည်က မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ကို အမှတ်တမဲ့ ခြောက်လှန့်လိုက်သလို ဖြစ်သွားနိုင်သောကြောင့်ပင်။
ထိုစကားက ရှားဟိုင်ချွမ်နှင့် အခြားသူများကို ပျော်ရွှင်သွားစေသည်။ သူတို့ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
*တုံးလိုက်တာ၊ သူက သေတွင်းတူးနေတာပဲ*
*ဒီကောင့်ကို ခိုအိချီ လာရှင်းတဲ့အခါကျရင် ငါတို့ ဆုံးရှုံးသွားတဲ့ ပိုက်ဆံကို ပြန်တောင်းလို့ရပြီ*
ခိုဂျီ၏ နှလုံးသည်လည်း ပြင်းပြင်းထန်ထန် ခုန်နေပြီး သူ့ရင်ထဲမှ ဝမ်းသာမှုကို အတင်း ကြိုးစား၍ ဖိနှိပ်နေရသည်။
သူ အစက ထောင်ချောက် ဖြစ်လောက်သည်ဟု ထင်နေခဲ့သော်လည်း ဤလူငယ်လေးက ကိုယ့်သေတွင်း ကိုယ်တူးနေသည့်ပုံပင်။
သူ့စိတ်ထဲတွင် သူ့အစ်ကိုသည် ပြိုင်ဘက်ကင်းခြင်း၏ ပြယုဂ်ဖြစ်ပြီး ထိုလူငယ်လေးက သူ့အစ်ကိုကို သေချာပေါက် မယှဉ်နိုင်ပါ။
“ဆရာ၊ ကြိုးစားထား၊ ရှင်က အသန်မာဆုံးပဲ”
ရှုနန်က စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။ သူမဆရာက သူ့အစွမ်းကို ဘယ်လို ဆက်ပြမလဲဟု တွေးမိရုံနှင့်တင် သူမမျက်နှာပေါ်တွင် စိတ်အားထက်သန်မှုတို့က မဖုံးနိုင်မဖိနိုင် ပေါ်လာသည်။
အိုးရန်ချင်း၏ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ပင်။ စိတ်လှုပ်ရှားနေသော ရှုနန်ကို သူမ တစ်ချက် ကြည့်ပြီး အောင့်သက်သက် ခံစားလိုက်ရသည်။
*ဒီကောင်လေးက ရဲ့လင်းချန်ကို အရူးလို လေးစားနေတာပဲ၊ ဒီလို အခြေအနေမျိုးမှာ အာမခံချက် ရှိတာက အရေးအကြီးဆုံးပဲ၊ ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ် ဘာမှထပ်မလုပ်ခင် သူ့ကိုယ်သူနဲ့ အခြားသူတွေကို လုံခြုံတဲ့ နေရာဆီ ရွှေ့ပြောင်းတာက အကောင်းဆုံးပဲ၊ သူ့ပြိုင်ဘက်က ရင်ဆိုင်ရ မလွယ်မှန်း သိနေတာတောင် သူက တော်တော် အဆင်အခြင် မဲ့တာပဲ၊ မမျှော်လင့်ထားတဲ့ ကျရှုံးမှုနဲ့ ရင်ဆိုင်ရဖို့က အသာလေးပဲ”
အထူးသဖြင့် တစ်ဖက်လူက အလွန် ယုတ်မာသော လူတစ်ယောက် ဖြစ်နေပြီး ဤသို့ ပြုလုပ်ခြင်းက မိုက်မဲပေသည်။ အိုးရန်ချင်းက သူ့ကို သတိပေးပြီးသော်လည်း အဘယ်ကြောင့် သူက အတင့်ရဲနေသေးသနည်း။
“ရဲ့ …”
အိုးရန်ချင်းက ပါးစပ်ဟ၍ သူ့ကို နားချရန် ပြင်လိုက်သည်။ ထိုအခိုက်မှာပင် အရာအားလုံးက ရုတ်တရက် ဖြစ်ပေါ်လာ၏။
“ဝူး ဝူး ဝူး …”
ခန်းမအပြင်ဘက်မှ နားကွဲမတတ် အသံတစ်သံ ထွက်ပေါ်လာသည်။ အသံလမ်းကြောင်းအရ ၎င်းက အလွန် လျင်မြန်စွာ ချဉ်းကပ်လာနေ၏။
လူတိုင်းသည် အသံကို သတိထားပြီး ရင်တဒိတ်ဒိတ် ခုန်လာကြသည်။
အားလုံးက မျက်လုံး အပြူးသားနှင့် ခန်းမအပြင်ဘက်ကို အလိုလို လှမ်းကြည့်မိသည်။
အပြင်ဘက်မှနေ၍ မျက်စိစူးလောက်အောင် တောက်ပသည့် အလင်းရောင်က လေဆာသဖွယ် ရောက်ရှိလာသည်။ ထိုအလင်းက သာမန်ကားအလင်းထက် ပိုပြင်းသည်။ ၎င်းက စူးလှသဖြင့် သူတို့ မျက်လုံးမှိတ်လိုက်မိသည်။
ထို့နောက် ပိုစူးရှသော အလင်းနှင့်အတူ စက်သံများ ထွက်ပေါ်လာသည်။ ယင်းက သားရဲအော်သံနှင့်ပင် ဆင်တူနေပြီး ညအချိန်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။
စူးရှလှသည့် တောက်ပမှုကြောင့် မိမိတို့၏ မျက်လုံးများသည် အဖြစ်အပျက်ကို လုံးဝ မမြင်နိုင်ချေ။ ၎င်းက အရူးအမူး မောင်းနှင့်လာသည့် ကားတစ်စီးနှင့်အတူ မော်တော်ဆိုင်ကယ်များစွာသာ ဖြစ်ကြောင်း မြင်လိုက် ကြရသည်။
လူတစ်စုသည် ထျန်းဖူ ဥယျာဉ်သို့ လျင်မြန်စွာ လာနေကြပြီး ဟိုတယ်ဝင်းထဲသို့ မောင်းဝင်လာသည်။
အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက နံပါတ်မပါသည့် အဆင့်မြင့် ခရီးဝေး မောင်းနှင်နိုင်သော ကားကို မောင်းလာကြောင်း ရဲ့လင်းချန် မြင်နေရသည်။ ကား၏ ကိုယ်ထည် တစ်ခုလုံးကို မည်းနက် တောက်ပြောင်နေသည့် စတီးဖြင့် ပြုလုပ်ထားပြီး အသွင်အပြင်က အလွန် ခမ်းနားလှသည်။ ၎င်း၏ အရွယ်အစားက သာမန် ခရီးဝေး မောင်းနှင်သော ကားများထက် ပိုကြီးပြီး ကားတာယာက လူကြီးတစ်ယောက်၏ အရွယ်အစား တစ်ဝက်မျှ ရှိသည်။ ပြင်းထန်လှသော ဖိနှိပ်မှုက ကြီးမားလွန်းလှပေသည်။
ကားက တစ်လမ်းလုံး အရှိန်တင်၍ မောင်းနှင်လာပြီး အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထျန်းဖူ ဥယျာဉ်၏ အဝင်ဝမှ ရုပ်တုကို ဝင်တိုက်သွားသည်။ ထို့နောက် ရေတံခွန်သည်လည်း ကားကြောင့် ပျက်စီးသွားပြီး ထိုအဖြစ်ကြောင်း ကားပေါင်းများစွာ လွင့်ထွက်ကုန်သည်။ သစ်ပင်ပန်းမန်များအားလုံး နင်းခြေခံလိုက်ရပြီး လုံးဝ ဝရုန်းသုန်းကား ဖြစ်နေလေသည်။
ရဲ့လင်းချန်သည် လင်းအောင်၏ ဂျစ်ကားကို တွေးမိသွားသည်။ သူ့အရှေ့မှ ကားသည် လင်းအောင်၏ ဂျစ်ကားထက် ပိုသာပေသည်။
ထိုကားဘေး၌ ဆိုင်ကယ် ငါးစီး ရှိပြီး ၎င်းတို့ကလည်း ဟိတ်ဟန် ကြီးလှသည်။ ဆိုင်ကယ်ပေါ်မှ လူများသည် အနက်ရောင် ဦးထုပ်နှင့် အနက်ရောင် သားရေ ဂျက်ကက်ကို ဝတ်ထားကြသည်။ တစ်ယောက်ချင်းစီက အညှာအတာမဲ့စွာ ရက်စက်ကြပေသည်။
မကြာခင်မှာပင် ခရီးဝေး မောင်းနှင်နိုင်သည့် Hummer ကားသည် ဟိုတယ်တံခါးရှေ့သို့ ဂျိုင်းခနဲ ဆောင့်ရပ်လာပြီး တံခါးအလယ်၌ တောင်ကုန်းသဖွယ် ရပ်ထားလေသည်။
“ဝူး ဝူး ဝူး …”
ဆိုင်ကယ်များကလည်း ဟိုတယ်ထဲသို့ အရိပ်သဖွယ် မောင်းနှင်လာသည်။ သို့သော် သူတို့က မရပ်ဘဲ ကားကို ဖြတ်ကျော်ကာ ဆက်၍ မောင်းနှင်နေ၏။
“ဝူး …”
အင်ဂျင်သံက ပိုပို၍ ထင်ရှားလာသည်။ ၎င်းက ခန်းမတွင်း၌ အချိန် အတော်ကြာအောင် ပဲ့တင်ထပ်နေပြီး လူတိုင်း၏ နားစည်အား အူလာစေသည်။
ခန်းမအတွင်း၌ ဥက္ကဋ္ဌရှု၊ ဥက္ကဋ္ဌအိုးရန်၊ အိုးရန်ချင်း၊ ရှုဝမ်ချင်နှင့် အခြားသူများအားလုံးသည် မျက်နှာအမူအရာ လျင်မြန်စွာ ပြောင်းလဲလာသည်။ သူတို့သည် အလွန် ကြောက်ရွံ့နေသဖြင့် အလိုလို အလန့်တကြား အော်ဟစ် မိသည်။
ထိုဆိုင်ကယ်များက သူတို့အခန်းသို့ လူတိုင်းကို ဝင်တိုက်တော့မည့်ဟန်ဖြင့် လာနေသည်။
ရဲ့လင်းချန်မှာမူ မလှုပ်မယှက် ဆက်နေနေပြီး နေရာ၌ ရပ်မြဲရပ်နေကာ ဆိုင်ကယ် ငါးစီးကို တည်ငြိမ်စွာ ကြည့်နေ၏။
တစ်ခဏကြာသော် ဆိုင်ကယ်တစ်စီးက ပထမဆုံး ဝင်လာသည်။ ဆိုင်ကယ်က ရဲ့လင်းချန်ထံ သည်းကြီးမည်းကြီး ပြေးလာနေစဉ်မှာပင် အေးစက်စက် အလင်းတစ်ချက်က လက်ခနဲ ဖြစ်သွားလေသည်။
ထိုသို့သော စွမ်းအားနှင့် ရင်ဆိုင်ရသောအခါ ရဲ့လင်းချန်က အလွန်အမင်း သေးငယ်လွန်းနေ၏။ သူသည် မုန်တိုင်းနှင့် ရင်ဆိုင်နေရသည့် သင်္ဘောငယ်လေးကဲသို့ အချိန်မရွေး ဝါးမျိုခံရပေတော့မည်။
“လင်းချန်”
“ဥက္ကဋ္ဌရဲ့”
“ဆရာ”
လူတိုင်း၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အားကုန် အော်ဟစ်မိသွားသည်။