ရွှီချင်း၏ ပုံပြင်
Vol. 32 Ch. 487
“ကောင်လေး မင်းပုံစံက…မင်းက စာကိုမရေးခဲ့ဘူး။ ဒါမှမဟုတ်..စာရေးခဲ့တာ မင်း မဟုတ်ဘူးလား။”
နတ်မိမယ်ကျစ်ရွှမ်၏ လှပသော မျက်နှာသည် အပြစ်ဆိုဖွယ်မရှိပေ။ သူမ၏ သုံးရက်လနှယ် မျက်ခုံးတို့၊ ဝိညာဉ်လှုပ်ရှားစေသည့် တောက်ပသော မျက်လုံးတို့က ကျီစယ်သည့်ဟန် ဖော်ပြနေကြသည်။
“အစ်မ…ကျွန်တော်..”
ရွှီချင်းက ကိုယ်ဟန်ပြင်လိုက်ပြီး စတင်ရှင်းပြမည်ပြုသည်။
“မင်းရေးခဲ့တာမဟုတ်ရင် တစ်ယောက်ယောက်က ငါ့ကို ဆော့ကစားနေပြီပဲ။ ငါဒီကိစ္စကို သေချာစစ်ဆေးပြီး ဂိုဏ်းရှစ်ဂိုဏ်းထဲမှာ ဘယ်သူက ငါ့ကို အရူးလုပ်တဲ့အထိ အတင့်ရဲတာလဲဆိုတာ ကြည့်ရမယ်။”
“သူကိုတွေ့လို့ကတော့ ဒီနေရာမှာ မြုပ်ပစ်မယ်။ ဒီလူက တော်တော်အရိုအသေမဲ့တာပဲ။ သူ့ဆရာတောင် ကယ်နိုင်မှာမဟုတ်တော့ဘူး။”
နတ်မိမယ်ကျစ်ရွှမ်၏ အပြုံးက ပန်းတစ်ပွင့်ပမာဖြစ်နေပြီး အသံကလည်း ညင်သာလှသည်။ သို့သော် သူမမျက်လုံးတို့တွင်တော့ လေးနက်မှုတို့ပြည့်နေပြီး သူမက တကယ်ပင် ထိုသို့လုပ်လောက်သည်ဟု ရွှီချင်း ခံစားမိနေသည်။
ရွှီချင်းက ခေါင်းဆောင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
မလှမ်းမကမ်းတွင် မြွေအရိုးများဆေးကြောနေသည့် ခေါင်းဆောင်က ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ ကျစ်ရွှမ်၏ စကားတို့တွင် သူက မျက်လုံးပေကလပ်ခတ်လိုက်ပြီး ခေါင်းမော့ကာ အနေရခက်ဟန် ရွှီချင်းထံ လှမ်းကြည့်လာသည်။
သူက နတ်မိမယ်ကျစ်ရွှမ်စကားသံထဲက လေးနက်မှုကိုကြားသိနိုင်ပြီး ရွှီချင်းအား အချက်ပြလိုသည်။ သို့သော် သူ့ပါးစပ်အား ချိပ်ပိတ်ခံထားရပြီး ပြောမရနိုင်ဖြစ်နေသည်။ သူ့နတ်အာရုံသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ၎င်းအား ထုတ်လွှတ်နိုင်စွမ်းအလျင်းမရှိဘဲ မျက်တောင်သာ အဆက်မပြတ် ပုတ်ခတ်နေနိုင်တော့သည်။
ထိုမြင်ကွင်းတွင် ရွှီချင်သက်ပြင်း ကျိတ်ချလိုက်မိသည်။ ယခုအချိန် မတိုင်ခင်အထိ နတ်မိမယ်ကျစ်ရွှမ်က ဆင်ခြင်နိုင်စွမ်း ကင်းမဲ့မည်ဟု သူ မယုံကြည်သလို ၎င်းက စာရေးခဲ့သူကို မသိဟုလည်း သူမယုံခဲ့ပေ။ သူမသည် ဘိုးဘေးနှင့်အဆင့်တူ အစွမ်းထက်ဗလာနတ္တိအဆင့် ဖြစ်နေသည်။
ဤသို့သော လူမျိုးက အတွေ့အကြုံရင့်၏။ သူမ၏ စဉ်းစားတွေးခေါ်ခြင်းများက မည်သို့ သာမန်အဆင့် ဖြစ်နေနိုင်မည်နည်း။ ထို့ကြောင့် နတ်မိမယ်ကျစ်ရွှမ်သည် စာကို မြင်ချိန်ကတည်းက အရာအားလုံးကို သဘောပေါက်ပြီး ဖြစ်ပေမည်။
ယခုအချိန်တွင် သူက ထိုသို့ပြောလျှင်…
ရွှီချင်းက ခေါင်းကိုလှည့်လိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
နတ်မိမယ်ကျစ်ရွှမ်၏ တုနှိုင်းမမီအောင် လှပသော မျက်နှာတွင် မြင်သူတိုင်း ကြောင်ငေးသွားရလောက်သည့် အပြုံးတစ်ပွင့် ထင်ဟပ်လာသည်။ ထိုအပြုံးက အစွမ်းကုန်ဖူးပွင့်နေသည့် ပန်းဥယျာဉ်တစ်ခုပမာ လှပလွန်းနေကာ သူမက ညင်သာစွာ ပြောလိုက်သည်။
“မင်း ပြန်လာရင် အတိတ်ကအတွေ့အကြုံတွေ ပြောပြမယ်လို့ ကတိပေးခဲ့တာမဟုတ်လား။”
ထိုသို့ပြောလိုက်ချိန်တွင် နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးများထဲတွင် ရိုးသားမှုတို့ ထင်ဟပ်နေသည်။
အောက်တွင် ခေါင်းဆောင်ကတော့ အရူးအမူး မျက်တောင်ခတ်နေပြီး ဟုတ်မှန်ကြောင်း အချက်ပြနေတော့သည်။ ရွှီချင်းက ရိုးသားပွင့်လင်းနေပြီး ထိုကိစ္စအား ထုတ်ဖော်လိုက်မည်ကို ကြောက်နေဟန် ရှိသည်။ နတ်မိမယ်ကျစ်ရွှမ်က အားလုံးသိနေကြောင်း ထင်ရှားသော်လည်း နားလည်မှုဖြင့် သဘောတူရန် ရွေးချယ်ထား၏။ ရွှီချင်းက ယခုအချိန်တွင် ငြင်းပယ်လိုက်လျှင် အားလုံး အဆုံးသတ်သွားနိုင်သည်။
ရွှီချင်း ငြိမ်ကျသွားသည်။
ခေါင်းဆောင်၏ စိတ်ပူပန်မှုများကြားတွင် ခုနစ်စက္ကန့် ရှစ်စက္ကန့်မျှ ကုန်လွန်သွားသည်။ ရွှီချင်းက နတ်မိမယ်ကျစ်ရွှံမ်၏ စိတ်ရင်းတို့ ပြသနေသည့် မျက်လုံးတို့ကို ကြည့်ကာ ညင်သာစွာပြောလိုက်သည်။
“ကျွန်တော့်အတိတ်လား။”
“ကျွန်တော်က သာမန်ဘဝပဲရှိခဲ့တာပါ။ ကျွန်တော့်ကို နန်ဟွမ်ကုန်းမြေကြီးက သာမန်မြို့ငယ်လေးတစ်ခုမှာ မွေးတယ်။ အဲဒီမြို့လေးကတော့ ပြိုင်စံရှားမြို့လို့ခေါ်တယ်။”
“ကျွန်တော့်မိသားစုက စာတိုက်ကို အဓိကကြီးကြပ်ရပြီး စာတွေပို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ငှက်တွေအများကြီးမွေးထားခဲ့ပါတယ်။ ကျီးကန်းတွေ၊ စာကလေးတွေနဲ့ ခိုတွေပါကြတယ်။ သူတို့အားလုံးက ကြည့်ကောင်းကြပြီး ကျွန်တော့်အပေါ်လည်း ကောင်းကြပါတယ်။”
“တစ်နေ့မှာ ကျီးကန်းဟာ လင်းယုန်တစ်ကောင်လိုက်တာ ခံလာရပြီး ငှက်တွေအားလုံး အရပ်မျိုးစုံသို့ ပြေးထွက်သွားကြတယ်။ ကျွန်တော်က သူတို့ကိုရှာဖို့ ပြိုင်စံရှားမြို့က ထွက်လာတယ်။”
“ရှာတွေ့လား။”
နတ်မိမယ်ကျစ်ရွှမ်အသံက ညင်သာလှသည်။
“စာကလေးနဲ့ ခိုတွေ ဘယ်သွားလဲဆိုတာ ကျွန်တော်သိပြီး သွားခေါ်သေးတယ်။”
ရွှီချင်း၏ ဟန်မူရာမှာ လေးနက်နေသည်။
“ဒီလိုဆို လမ်းမှာ ဘာတွေ ကြုံတွေ့ရသေးလဲ။”
ကျစ်ရွှမ်က လေးနက်သည့် ဟန် ရှိနေသည့် ရွှီချင်းအား ကြည့်လိုက်သည်။
“ထူးခြားတာမရှိပါဘူး။ လင်းတတွေ အများကြီးတော့ ကြုံရတယ်။ သူတို့က အရမ်းပြင်းထန်ရက်စက်ကြတယ်။ ချိုးလည်ပြောက်တွေလည်း တွေ့တယ်။ သူတို့ကတော့ မာနကြီးလွန်းပြီး ဆက်ဆံရခက်တယ်။ ဟုတ်သားပဲ ဥဩတစ်ကောင်လည်း တွေ့သေးတယ်။ ဒီကောင်က တော်တော်ကောက်ကျစ်ပေမဲ့ နောက်တော့ လင်းတတွေ စားတာ ခံလိုက်ရတယ်။”
ရွှီချင်းက တည်ငြိမ်စွာပြောလိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်က ရွှီချင်းအား နှုတ်ဆိတ်လျက်ကြည့်လိုက်သည်။
အောက်တွင် စိတ်ပူပင်နေခဲ့သော ခေါင်းဆောင်လည်း ငြိမ်ကျသွားသည်။
ရွှီချင်းအသံသာ ညင်သာတိုးတိတ်စွာ ပျံ့လွင့်လာသည်။
“အဲဒီနောက် ကျွန်တော်က တလမ်းလုံးလျှောက်လာပြီးတော့ သစ်ပင်တစ်ပင်ကိုတွေ့လိုက်ရတယ်။ အဲဒီသစ်ပင်ပေါ်မှာ သစ်တောက်ငှက်တစ်ကောင်ရှိနေပြီး ကျွန်တော် အဲဒီနားမှာ အချိန်တစ်ခုကြာအောင် နားနေတယ်။ နောက်ပိုင်းမိုးတွေရွာ၊ မိုးတွေချိန်းလာတယ်။ သစ်ပင်ကိုမိုးကြီုးပစ်သွားပြီး သစ်တောက်ငှက်လဲ သေသွားတယ်။”
“အဲဒီအချိန်မှာ ကျွန်တော့် တစ်သက်တာ ပထမဆုံးအချိန်အဖြစ် ဗျိုင်းငယ်လေးတစ်ကောင်ကို တွေ့လိုက်တယ်။”
ရွှီချင်းက ကျစ်ရွှမ်ကိုကြည့်လိုက်ပြီး လက်ဟန်ပြလိုက်သည်။
“အရမ်းကို ဖြူစင်ပြီး လှပတဲ့ငှက်လေးပေါ့။”
ကျစ်ရွှမ်က ခေါင်းအသာ ညိတ်လိုက်သည်။
“ဒါပေမဲ့ သူ့အဖော်ဟာ လွန်ခဲ့နှစ်များစွာက စွန်ရဲတစ်ကောင် စားသွားလို့ သေဆုံးသွားတယ်။ ဒါကြောင့် အဲဒီငှက်ဟာ ဒီနေရာမှာ စွန့်ခွာမသွားဘဲ ဝဲနေတာကိုး။ နောက်ဆုံးမှာ အဲဒီငှက်လည်း အသက်အိုမင်းပြီး သေဆုံးသွားတယ်။ ကျွန်တော်လည်း သူ့ကို မြုပ်ပေးခဲ့တယ်။”
“အဲဒီနောက် သွေးရောင်တောအုပ်တစ်ခုကို ကျွန်တော်ရောက်လာတယ်။ အဲဒီမှာ ကြီးနိုင်ငယ်ညင်း နိုင်ရာစား ဖြစ်နေကြပြီး အရမ်းအန္တရာယ်ကြီးတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ နောက်ထပ်ဗျိုင်းငယ်လေးတစ်ကောင်၊ ဇီးငှက်တွေ၊ ကျက်တူရွေးတွေနဲ့ ငှက်ရွှေဝါတွေထပ်တွေ့ခဲ့ရတယ်။ အဲဒီမှာ အခြားငှက်တွေလည်း အများကြီးရှိနေကြတယ်။ အင်း… တောအုပ်ထဲမှာ ခွေးရူးတစ်ကောင်လည်း ရှိနေသေးတယ်။”
“ဒါက ကျွန်တော့် အကြောင်းပါပဲ။”
ထိုအချိန်တွင် ရွှီချင်းက ပြုံးလိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်အား ကြည့်လိုက်သည်။
“ဒုတိယဗျိုင်းလေးကရော။”
ကျစ်ရွှမ်က ညင်သာစွာထပ်မေးသည်။
ရွှီချင်းမျက်လုံးထဲတွင် သတိရခြင်းများထင်ဟပ်လာသည်။ အချိန်အတန်ကြာပြီးနောက်မှ သူရေရွတ်လိုက်၏။
“ဒုတိယဗျိုင်းငယ်လေးလည်း သေဆုံးသွားရတာပါပဲ။ လင်းနို့တစ်ကောင်က သူ့ကိုသတ်ခဲ့တာ။ နောက်ပိုင်းကျွန်တော်က လင်းနို့ကို သတ်လိုက်တယ်။”
မိစ္ဆာမြွေလျို့ဝှက်နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခေါင်းဆောင်မှာ ခေါင်းငုံ့နေပြီး ဟန်မူရာကို သဲကွဲစွာမမြင်နိုင်ပေ။ ဝူကျန်းဝူကတော့ ကြောင်အမ်းအမ်းသာ ဖြစ်နေသည်။ သူက နားမလည်ကြောင်းထင်ရှားနေပြီး ရွှီချင်းမိသားစုက ငှက်များစွာ မွေးထားနိုင်ကာ ပျော်စရာကောင်းပုံရကြောင်းသာ တွေးမိဟန်ရှီသည်။
နတ်မိမယ်ကျစ်ရွှမ်က ရွှီချင်းအား ဖော်ပြမရနိုင်သည့်ခံစားချက်တို့ဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်တို့တွင် စိုးရိပ်ခြင်းနှင့် သနားခြင်းတို့ရောယှက်နေသည်။
“နောက်ပိုင်း မင်း ဘယ်လို ဖြစ်သွားမလဲ”
“နောင်ပိုင်းမှာ ကျွန်တော်က ကျီးကန်းကို ရှာချင်တယ်။”
ရွှီချင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြုံးလိုက်သည်။
“တွေ့ရင် သူ့ကိုသတ်ပစ်မယ်။”
“သူကိုသတ်ပြီးရင် လင်းယုန်ကိုလည်း သတ်ဖို့နည်းလမ်းရှိမလား ရှာချင်သေးတယ်။”
ရွှီချင်းသည် မြွေရိုးပေါ်တွင်ထိုင်နေသည်။ သူက ထိုစကားတို့ပြောချိန်တွင် ရယ်မောလျက်သာရှိသည်။
သူပြောလိုက်ပြီးနောက်တွင် နတ်မိမယ်ကျစ်ရွှမ်ရှေ့တွင် ခံစားနေရသည့် စိတ်ပူပင်မှုနှင့် လေးလံမှုတို့ များစွာလွင့်ပါးသွားဟန်ဖြစ်လာသည်။ သူမျက်နှာကလည်း ပြေလျော့လာပြီး သူက မေးပင် မေးလိုက်သေးသည်။
“အစ်မရဲ့ အတိတ်ကြောင်းကရော။”
“ငါ့အတိတ်လား။”
နတ်မိမယ်ကျစ်ရွှမ်က ခြေထောက်များကွေးညွတ်လိုက်ပြီး လက်တို့ဖြင့် ဒူးများကို ဖက်ထားလိုက်သည်။ ထိုကိုယ်ဟန်က သူမ၏လှပသော ကောက်ကြောင်းတို့အား ဖော်ပြနေတော့သည်။
ထိုအချိန်တွင် သူမက ခေါင်းငဲ့လိုက်ပြီး ရွှီချင်းအား ကြည့်လိုက်သည်။ သူမ၏ ဘဲဥပုံမျက်နှာက ပန်းပွင့်ပမာလှနေပြီး ကျောက်စိမ်းပမာ ကြည်လဲ့နေသည်။ သူမ၏ ချောမွေ့နူးညံသော အသားအရေသည် ရေခဲနှင်းပမာရှိသည်။ သို့ရာတွင် သူမမျက်လုံးများထဲတွင် ပြန်လည်သတိရမှုတို့ တဖြည်းဖြည်းထင်ဟပ်လာသည်။
“ငါ့အတိတ်က အရမ်းရိုးရှင်းပါတယ်။ ငါ့မိဘတွေကို ငါကိုယ်တိုင် မမှတ်မိဘူး။”
“စိတ်ထဲမှာ အထင်ရှားဆုံး မှိတ်မိတာကတော့ ငါ့ဆရာပါပဲ။ ဆရာက ငါ့ကို ပျိုးထောင်ပြီး ကျင့်ကြံခြင်း သင်ကြားပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ရွှမ်ယုံဂိုဏ်းဟာ မဟာမိတ်ထဲ မဝင်ရသေးဘူး။ သိပ်လည်း မကြီးသေးဘူး။”
နတ်မိမယ်က ပြုံးလိုက်သည်။
“အဲဒီနောက်မှာ အဖြစ်အပျက်တွေအများကြီး ကြုံတွေ့ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ရွှမ်ယုံဂိုဏ်းက ဒီနေ့အသွင်ဖြစ်လာပြီး မဟာမိတ်ထဲပါဝင်ခဲ့တယ်။ ငါ့ဂိုဏ်းတူအစ်ကိုလည်း ဒီအတွက်အကျိုးပြုခဲ့တာပေါ့။ ဒါပေမဲ့…သူ့ကိုငါအရမ်းမုန်းတယ်။”
“အဲဒီအကြောင်းတွေ မပြောတော့ဘူး။ မင်းကမေးတာဆိုတော့ ငါမှတ်မိတာတစ်ခုတော့ရှိတယ်။ အဲဒါ ပြောပြမယ်။”
ကျစ်ရွှမ်၏ အပြုံးသည် လွန်စွာလှပနေပြီး ပါးပြင်လေးများကလည်း အနည်းငယ်နီမြန်းလာသည်။ သူမ ပြုံးလိုက်ချိန်တွင် သူမ၏ မျက်လုံးတို့က လေးကိုင်းအသွင်ကွေးညွတ်သွားကြသည်။
“ငါအိပ်မက် ခဏခဏ မက်ဖြစ်တယ်။ နှစ်တွေ အတော်ကြာတဲ့ထိပဲ။ အရင်ကတော့ နေ့တိုင်းမက်တယ်။ နောက်တော့ နှစ်တိုင်းမက်တယ်။ ခုတော့ ဆယ်နှစ်တစ်ခါလောက် မက်ဖြစ်တယ်…”
“အိပ်မက်ထဲမှာ မှောင်မည်းနေတဲ့ ကမ္ဘာတစ်ခုရှီတယ်။ ငါ ပတ်ဝန်းကျင်ကို မမြင်ရဘူး။ ရှေ့က မီးအိမ်တစ်ခုကိုပဲ ခပ်ရေးရေးမြင်ရတယ်။”
“ဒီမီးအိမ်အလင်းရောင်က ခရမ်းရောင်လိုလိုပဲ။ ဒါပေမဲ့ မီးအိမ်က ငြိမ်းသေနေပြီဖြစ်လို့ မှန်းကြည့်ပြီးပဲ ပြောနိုင်တာပေါ့။ မီးလည်း မရှိတော့ ခပ်ရေးရေးပဲ မြင်ရတာ။ အမြဲတမ်း ထိကိုင်လို့လည်းမရဘူး။ အရမ်းဝေးနေသလို ဒါပေမဲ့ အရမ်းနီးနေသလိုဖြစ်နေပြန်တယ်။
“ဒါပေမဲ့ သူ့ပုံက အနီရောင်ပွင့်နေတဲ့အဖူးလို ဖြစ်မယ်လို့ မှန်းဆကြည့်မိတယ်။ အထဲမှာ အတောင်ပံဖြန့်ထားတဲ့ ခရမ်းရောင်မီးငှက်တစ်ကောင် အနားယူနေတယ်လို့ရောပေ့ါ။”
“ဒီမီးအိမ်က ငါ့အိပ်မက်ထဲ ပေါ်ထွက်လာတတ်လေ့ရှိတယ်။ အမြဲတမ်း ငြိမ်းသေနေတဲ့ ပုံနဲ့ပဲ။ အကြိမ်တိုင်းမှာ အဲဒီကမ္ဘာက အလင်းရောင်ကင်းမဲ့နေတာပဲ။”
“ဒါကြောင့်ငါက သာမန်အလင်းရောင်ကိုပဲ သုံးဖြစ်နေတာလည်း ဖြစ်နိုင်တယ်။”
နတ်မိမယ်ကျစ်ရွှမ်က ထိုသို့ပြောလိုက်ပြီး လေသံတို့ တိမ်ဝင်ကာ ရေရွတ်ခြင်းအဖြစ်ပြောင်းလဲသွားသည်။
“ဘာအကြောင်းကြောင့်လဲတော့ မသိဘူး။ ဒီအိပ်မက်က အစစ်အတိုင်းဖြစ်နေပြီး မီးအိမ်လည်း တူတူပဲ စစ်မှန်နေတယ်။”
ရွှီချင်းက မှင်တက်မိသွားပြီး ငြိမ်ကျသွားသည်။
အချိန်တို့ တရွေ့ရွေ့ကုန်လွန်လာသည်။ ရွှီချင်းက နှုတ်ဟခြင်းမရှိသလို့ နတ်မိမယ်ကျစ်ရွှမ်ကလည်း နှုတ်ဆိတ်၍သာနေသည်။ နှစ်ဦးသား ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။
အချိန်တစ်ခုကြာပြီးနောက် ကျစ်ရွှမ်က ပြုံးလိုက်သည်။ သူမ၏ရယ်သံက ဇီးငှက်အော်သံအလား နားဝင်ပီယံရှိလှသည်။
“ရွှီချင်း မင်းရဲ့ ရွှမ်လင်းယုံလီတံခါးသစ်သားတုံး ခဏငှားစမ်းပါ။”
ရွှီချင်းက ကျစ်ရွှမ်အား ကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲမှ အနက်ရောင်သစ်သားတုံးကို ထုတ်ကာ ရှေ့တွင်ချထားလိုက်သည်။
နတ်မိမယ်က သစ်သားတုံးကို ကောက်ကိုင်ပြီးယမ်းလိုက်သည်။ ထိုသစ်သားတုံးကချက်ချင်းပင် အနက်ရောင်အလင်းတစ်ခုထွက်လာသည်။ ထိုအလင်းက ဖြာထွက်လာပြီး ဘေးတွင် ရှေးဟောင်းသစ်သားတံခါးတစ်ခု ပေါ်ထွက်လာသည်။
ထိုသစ်သားတံခါးထွက်ပေါ်လာခြင်းမှ အေးစက်သော အရှိန်အဝါလှိုင်းများ ဝန်းကျင်သို့ စိမ့်လာသည်။ တစ်ချိန်တည်းမှာပင် သစ်သားတံခါးပေါ်တွင် အချိန်တို့ ကုန်လွန်ကြောင်း အသွင်တို့ ထွက်ပေါ်လာသည်။
ရွှီချင်းရှေ့တွင် ကျစ်ရွှမ်က ဖြူစွတ်သော လက်ကိုမြှောက်လိုက်ပြီး ကျောက်စိမ်းပမာသောလက်ချောင်းတို့ဖြင့် ထိုတံခါးအား ညင်သာစွာထိကိုင်လိုက်သည်။
ထိုသစ်သားတံခါးက ချက်ချင်းဖြည်းညင်းစွာပွင့်လာပြီး ကျစ်ရွှမ်အပေါ် အလင်းဖြာကျလာသည်။
ထိုအတွင်းတွင်တော့ ပိတ်ပိန်းသောအမှောင်ထုသာရှိသည်။
ခြောက်ကမ်းပါးကြီးအလားပင်။
ဤကား နတ်မိမယ်ကျစ်ရွှမ်၏ အတွင်းကမ္ဘာပင်ဖြစ်သည်။ သူမတွင်မည်သည့်အရာမျှ မရှိသည်တော့ မဟုတ်ဘဲ အရာအားလုံးအား အမှောင်က လွှမ်းအုပ်ထားခြင်းလည်း ဖြစ်လောက်ပေမည်။
ထိုနေရာတွင် အလင်းတို့မရှိသဖြင့် မြင်တွေ့ကြည့်ရှုနိုင်ခြင်းမရှိပေ။
အရာအားလုံးကို ကြည့်ရှုနိုင်ရန် အလင်းလိုအပ်သည်။
ရွှီချင်း ခပ်ရေးရေး နားလည်လာသည်။ ထိုတံခါးနောက်တွင် သူ ထုတ်လွှတ်ခဲ့သည့်အရာက အလင်းဖြစ်နေကြောင်း သူသိလိုက်သည်။
မကြာမီ တံခါးသည် ပျက်ပြယ်သွားပြီး သစ်သားတုံးအဖြစ် ပြန်ပြောင်းလဲလာကာ ကျစ်ရွှမ်လက်ထဲသို့ ဆင်းသက်သွားသည်။
သူမက ၎င်းအား လက်ထဲတွင် အချိန်ခဏတာဆော့ကစားနေခဲ့ပြီးနောက် ရပ်လိုက်ကာ ရွှီချင်းထံသို့ ကမ်းပေးလိုက်သည်။
သူမက ထရပ်လိုက်ချိန်တွင် သူမ၏ မဟူရာဆံနွယ်တို့က ရေတံခွန်ပမာ စီးဆင်းလှုပ်ရှားသွားသည်။ သူမ၏ လှပသော အသွင်နှင့် တင့်တယ်လှသော ကိုယ်ဟန်တို့တွင် သူမ ပြောသော အိပ်မက်ကို အလိုလိုသတိရလိုက်မိစေသည်။
“ရွှီချင်း ခွဲခွာခြင်းဝမ်းနည်းမှုကို မှတ်မိသေးလား။”
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ကျစ်ရွှမ်ပေးခဲ့သော ပုလွေကို ထုတ်ယူလိုက်သည်။ ထို့နောက် ပါးစပ်တွင် တေ့ကာ အသာအယာမှုတ်လိုက်၏။
သာယာညိမ့်ညောင်းသော ပလွေသံသည် တဖြည်းဖြည်းချင်း ကမ္ဘာလောကထဲသို့ လေအလားပျံ့နှံ့ထွက်လာတော့သည်။
တစ်ခုသော အချိန်တွင် သီချင်းမှာ အဆုံးသတ်သွားသည်။
အလယ်တစ်ချိန်တွင် ကျစ်ရွှမ်၏ ပုံရိပ်သဏ္ဌာန်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူမ ထွက်ခွာသွားလေပြီ။
သူမက ရွှီချင်း၏အတိတ်အကြောင်းကို နားထောင်ရန်နှင့် ခွဲခွာခြင်းဝမ်းနည်းမှာအကြောင်းကို ဝေဖန်ရန် ဤနေရာသို့ ခေါ်လာခဲ့သည့်အလားပင်။
“သိပ်လည်း နားထောင်မကောင်းပါဘူး။”
ထိုစကားတို့သည် ရွှီချင်းနားထဲတွင် ပဲ့တင်နေသည်။
ရွှီချင်းက ထိုအကြောင်းတွေးလိုက်ပြီး ခေါင်းဆောင်နှင့် ဝူကျန်းဝူတို့ထံ ကြည့်လိုက်သည်။
ထိုနှစ်ဦးကလည်း ခေါင်းများခါယမ်းလိုက်ကြသည်။ သီချင်းက တကယ်ပင် နားထောင်မကောင်းပုံရသည်။
ရွှီချင်းက ခံစားချက်မဲ့စွာထရပ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတက်လိုက်ကာ လျို့ဝှက်နယ်မြေမှ ထွက်ခွာလိုက်သည်။
သူထွက်ခွာခဲ့ချိန်တွင် အပြင်ဘက်၌ မနက်ချိန်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ မိစ္ဆာမြွေလျို့ဝှက်နယ်မြေထဲတွင် မသိလိုက်ပဲ တစ်ညကုန်ဆုံးသွားသည်။
ထိုအချိန်တွင် မနက်နေထွက်ချိန်၌ ရွှီချင်း အနောက်ဘက်တောင်သို့ သွားကာ အမှတ်ခြောက်သခင်ကြီးထံ ဂါရဝပြုရန် ပြင်လိုက်သည်။
လမ်းတွင် သူ့ကျောက်စွမ်းပေလွှာထံမှ ဖက်တီးဟွမ်ယန်၏ အသံထွက်လာသည်။
“ရွှီချင်း ငါဂိုဏ်းတူအစ်မနဲ့ နန်ဟွမ်းဒေသကြီးကို ပြန်သွားတော့မယ်လို့ မနေ့က ပြောတယ်လေ။ ငါတို့အခုထွက်တော့မယ်။ ဒါကြောင့်မင်းကို လာနှုတ်ဆက်တာ။”
“ဒီနေ့သွားတော့မှာလား။ မင်းတို့က တည်နေရာပြောင်းအစီအရင်မှာလား။ ဆိပ်ကမ်းမှာလား။”
ရွှီချင်းက မေးသည်။
“ငါတို့ တည်နေရာပြောင်းအစီအရင် မသုံးတော့ဘူး။ ချက်ချင်း လှေပေါ်တက်တော့မှာ။ ငါတို့နှစ်ယောက်က ပင်လယ်ခရီးထွက်ပြီး ခဏလောက်သီးသန့်နေကြမလို့။”
ဟွမ်ရန်က နန်းဟွမ်ဒေသကြီးကို ပြန်ရသည့်အတွက် လွန်စွာပျော်ရွှင်နေသည့်ဟန် ရယ်မောလျက်ရှိသည်။
ရွှီချင်းက ချက်ချင်း အရှိန်တင်လိုက်ပြီး ဆိပ်ကမ်းသို့ တန်းဦးတည်လိုက်သည်။ မကြာမီ အစ်မနှစ်၏ မှော်စစ်သင်္ဘောကို တွေ့လိုက်ရပြီး ဟွမ်ယန်လည်း ထိုနေရာတွင် ရပ်နေသည်။
ရောက်ရှိလာသည့် ရွှီချင်းကို ကြည့်လိုက်ပြီး ဟွမ်ယန်က ရွှင်မြူးစွာပြုံးလျက် ပြေးဖက်လိုက်၏။
အစ်မနှစ်ကလည်း လှေဝမ်းထဲမှ လျှောက်ကာထွက်လာသည်။ သူမက ရွှီချင်းကို ကြည့်ကာပြုံးပြလိုက်သည်။
“မောင်လေး ငါ မနေ့ကမှ ဂိုဏ်းတာဝန်လုပ်ပြီး ပြန်လာခဲ့တာ။ ဒါကြောင့် မနေ့က ဂုဏ်ပြုပွဲကို တက်ချိန်မရလိုက်ဘူး။ ဓားကိုင်ဖြစ်လာတာ ဂုဏ်ပြုပါတယ်။”
ရွှီချင်းအလျင်အမြန်လက်သီးအုပ်နှုတ်ဆက်လိုက်သည်။ သူက အစ်မနှစ်အား ရင်းနှီးလှသည်မဟုတ်သော်လည်း ချီယွဲ့ထုံ၏ ဆဌမတောင်ထွတ်ရဲ့ ဆိုင်တွင် ကူညီခဲ့ခြင်းအား ကျေးဇူးတင်နေခဲ့ရသည်။ တစ်ဖက်လူက ဟွမ်ယန်ကြောင့် ကူညီပေးသည်ဖြစ်သော်လည်း သူမက ထိုစဉ်က သူ့ပြဿနာအချို့ကို ရှင်းလင်းပေးခဲ့သည်က မှန်နေသည်ပင်။
ဂိုဏ်းတူအစ်မနှစ်က ပြုံးလိုက်သည်။ မကြာခင် ရွှီချင်း မျက်လုံးအောက်တွင် သူမ၏ မှော်စစ်သင်္ဘောက ထွက်ခွာသွား၏။
မှော်စစ်သင်္ဘောပေါ်ရှိ ဟွမ်ယန်က အဝေးမှ ရွှီချင်းအား ကြည့်ကာ အော်ပြောလိုက်သည်။
“ရွှီချင်း နယ်မြေကြီးမှာ ငါ့အစ်ကိုကောင်းတစ်ဦးရှိသေးတယ်။ မင်းကို ဂရုစိုက်ပေးဖို့ သူ့ကို မှာထားပြီးပြီ။ ပြီးတော့ အပြင်မှာ ပျော်စရာမကောင်းတော့ရင် နန်းဟွမ်ဒေသကြီးကို ပြန်လာဖို့လည်း မမေ့နဲ့။”
“မင်းအပြင်မှာ ဘယ်လိုပြဿနာတွေရှာခဲ့လည်း နန်ဟွမ်းဒေသကြီးမှာတော့ ကိစ္စမရှိတော့ဘူး။”
ဟွမ်ယန်က ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။
ရွှီချင်းကလည်း စိတ်ထဲမထားပေ။ သူကပြုံး၍ခေါင်းသာညိတ်လိုက်သည်။ ပင်လယ်လေများကြားတွင် သူက လက်သီးအုပ်ကာ ဦးညွှတ်လိုက်၏။