← Chapters

ဘဝဆိုတာ ဒီလိုပဲ

Vol. 33 Ch. 488

ဘဝဆိုတာ ဒီလိုပဲ

Vol. 33 Ch. 488

မနက်ခင်း၏ ပထမဆုံးအလင်းရောင်တို့က အနက်ရောင်တားမြစ်နယ်မြေပေါ်သို့ ဖြာကျနေပြီး အနက်ရောင်အလင်းရိပ်အဖြစ် ရောင်ပြန်ဟပ်နေသည်။ အပြာရောင် ကောင်းကင်အောက်တွင် မှော်စစ်သင်္ဘောတစ်စင်း ထွက်ခွာသွားသည်။

ရွှီချင်းက ထွက်ခွာသွားသည့် စစ်သင်္ဘောကို အချိန်အတန်ကြာ စောင့်ကြည့်နေလိုက်သည်။ ထိုစစ်သင်္ဘော မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင်မှ သူ့အကြည့်တို့ကို လွှဲဖယ်လိုက်၏။

ဟွမ်ယန်မှာ ယင်ဟွမ်ပြည်နယ်သို့ ရောက်လာခဲ့ချိန်ကလည်းက ကောင်းစွာမနေနိုင်ခဲ့ပေ။ သူ ထွက်ခွာခြင်းသည် သင့်လျော်မှန်ကန်နေသည်။ ရွှီချင်းက ဟွမ်ယန်၏ ရွေးချယ်မှုကို  အလေးထားပြီး သူနှင့် အစ်မနှစ်တို့ နန်ဟွမ်ပြည်နယ်တွင် ပို၍တောက်ပသော အနာဂတ်များပိုင်ဆိုင်နိုင်စေရန် ဆုတောင်းပေးသည်။

“အကောင်းဆုံးတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။”

ရွှီချင်း ညင်သာစွာရေရွတ်လိုက်သည်။ ထို့နောက်သူက ဆိပ်ကမ်းမှလှည့်ထွက်လာခဲ့ပြီး ချီယွဲ့ထုံတောင်သို့ တန်း၍ ပြန်လာသည်။

အမှတ်ခြောက်သခင်ကြီးကို သူ ဂါရဝပြုလိုသေးသည်။

ယမန်နေ့က သွားရန် ကြံထားသော်လည်း သူ့အား နတ်မိမယ်ကျစ်ရွှယ်က  မိစ္ဆာမြွေလျို့ဝှက်နယ်မြေသို့ ခေါ်ဆောင်သွားသည်။

ထိုအချိန်တွင် သူသည် တောင်လမ်းအတိုင်းလျှောက်လာပြီး လေကို ဆန်ကာတက်လာရင်း အေးချမ်းသော ခံစားချက်အား ရသည်။

မနက်ခင်းအစောပိုင်းတွင် ဂိုဏ်းထဲမှ တပည့်အများစုသည် အစောပိုင်း ကျင့်ကြံခြင်း ပြုလုပ်နေကြသည်။ မန္တာန်ရွတ်သံတို့သည် အဝေးသို့ ပျံလွင့်နေသည်။ ဤကား ချီယွဲ့ထုံဂိုဏ်း မဟာမိတ်အတွင်းဝင်ရောက်ပြီးနောက် ဖြစ်လာသည့် အပြောင်းအလဲတို့မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

သူတို့က စိတ်ကို ကျင့်ကြံနေခြင်းဖြစ်သည်။

ရွှီချင်းသည် ယမန်နေ့ဂုဏ်ပြုပွဲတွင်မှ ထိုအကြောင်းကို သိရှိခြင်းဖြစ်သည်။

အမှတ်ခုနစ်သခင်ကြီးသည် ဂိုဏ်းထဲတွင် စိတ်ကျင့်ကြံခြင်းအား ဖြန့်ဝေရန် အကြံပြုခဲ့သူ ဖြစ်သည်။

ထိုကိစ္စကြောင့် တပည့်များစွာ အံ့သြမိနေကြသည်။ ယခင်က အားလုံးသည် မန္တာန်များကိုသာ ကျင့်ကြံကြပြီး စိတ်ကို လေ့ကျင့်ခြင်း မရှိကြပါ။

ရွှီချင်း အတွေးနက်သွားသည်။ အဘယ်ကြောင့်ဆိုသော် အချိန်အားဖြင့်ကြည့်လျှင် ဆရာဖြစ်သူက နတ်ဘုရားမျိုးစိတ်အား လေ့လာပြီးချိန်တွင် ထိုသို့ပြောင်းလဲလိုက်ပုံ ရသည်။

ထိုအတွေးတို့ဖြင့် ရွှီချင်းသည် လှေကားအတိုင်းလျှောက်ကာ အနက်ဘက်တောင်သို့ ရောက်ရှိလာသည်။

လမ်းတလျှောက်တွင် သူနှင့် တွေ့သည့်တပည့်များ အားလုံးက လွန်စွာရိုသေဟန် ပြုနေကြသည်။ သူတို့က မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။

မကြာမီ ချီယွဲ့ထုံ၏ အနောက်ဘက်တောင်၌ ဝါးတောကလေးထဲက အုတ်ဂူတစ်ခုသို့ ရွှီချင်း ရောက်ရှိလာသည်။

အုတ်ဂူရှေ့တွင် ပူဇော်ထားသည်တို့ ရှိနေပြီး အမွှေးတိုင်များလည်း ထွန်းညှိထားသည်။

ထိုနေရာတွင် အုတ်ဂူပေါ်က စာလုံးများကို တိတ်တဆိတ် ကြည့်နေကြသည့် သက်လတ်ပိုင်း ကျင့်ကြံသူနှစ်ဦးလည်း ရှိသည်။

သူတို့ကို ရွှီချင်း မြင်ဖူးသည်။ သူတို့သည် အမှတ်ခြောက်သခင်ကြီး၏ တပည့်များ ဖြစ်ကြသည်။

သူတို့ကလည်း ရွှီချင်းရောက်ရှိလာခြင်းကို သတိပြုမိကြသည်။ သူတို့က လှည့်ကြည့်လိုက်ကြပြီး လက်သီးများအုပ်ကာ နှုတ်ဆက်လိုက်ကြသည်။

“ဂိုဏ်းတူညီ ရွှီ ဓားကိုင်ဖြစ်လာတာ ဂုဏ်ပြုပါတယ်။”

ရွှီချင်းကလည်း နှုတ်ဆိတ်လျက် လျှောက်လာပြီး လက်သီးအုပ်ကာ ပြန်နှုတ်ဆက်လိုက်သည်။

“ကျုပ်တို့နှစ်ယောက် အပြင်ကို သွားဖို့ တာဝန်တွေ ကျလာပြီ။ မထွက်ခွာခင် ဆရာ့ကို ဂါရဝ လာပြုတာပါ။ ဟင်း လောကကြီးက တကယ်ကို ခန့်မှန်းမရနိုင်ဘူးပဲ။ မျက်စိတမှိတ်အတွင်း တစ်နှစ်ကုန်သွားပြီ။”

“ညီငယ်ရွှီ မင်းဂါရဝပြုတာကို မနှောင့်ယှက်တော့ဘူး။ နှုတ်ဆက်ပါတယ်။”

နှစ်ဦးသားမှာ ခံစားချက်တို့ဖြင့် သက်ပြင်းချလိုက်ပြီး နှုတ်ဆိတ်သွားကြ‌တော့သည်။

“ဂိုဏ်းတူအစ်ကိုတို့ ခရီးလမ်းချော့မွေ့ပါစေ ဆုတောင်းပါတယ်။”

ရွှီချင်း လေးနက်သောအမူအရာဖြင့် ဦးညွှတ်လိုက်သည်။

နှစ်ဦးသားက လက်တို့ယမ်းပြလိုက်ပြီး ညိုးငယ်စွာ ထွက်ခွာသွားကြသည်။

သေသူမှာ မေ့ပျောက်သွားကာ ကျန်ရစ်သူများ၏ ဘဝသည် ပုံမှန်အတိုင်း လည်ပတ်နေသည့်တိုင် သူတို့ရင်ထဲတွင်တော့ တစ်ခါတစ်ရံ လွမ်းဆွတ်ခြင်းများဖြင့် လှုပ်ခတ်လာတတ်ပေသေးသည်။

ရွှီချင်းက အမှတ်ခြောက်သခင်ကြီး၏ အုတ်ဂူရှေ့တွင် ထိုင်ကာ သေရည်နှစ်အိုး ထုတ်လိုက်သည်။ သူက တစ်အိုးကို အုတ်ဂူမြေပြင်ပေါ်လောင်းချလိုက်ပြီး ကျန်တစ်အိုးကို အားရပါးရ သောက်လိုက်သည်။ သူက စကားပြောဆိုခြင်းမရှိဘဲ အရက်သာ သောက်နေလိုက်သည်။

တောင်ပေါ်တောအုပ်ထဲက လေပြည်ညင်းနှင့် ကောင်းကင်မှအလင်းတို့ ပေါင်းစည်းသွားပြီး လောကအနှံ့ ဆက်လက်တိုက်ခတ်သွားသည်။ နှစ်နာရီကြာပြီးသော် ရွှီချင်း ထရပ်လိုက်၏။

“အမှတ်ခြောက်သခင်ကြီး နောက်တစ်ခေါက်လာတွေ့ချိန်ကျရင် အရက်နဲ့မြည်းဖို့ အလင်းကောင်ခေါင်း နည်းနည်းယူခဲ့ဦးမယ်။”

ထိုသို့ပြောပြီးနောက် ရွှီချင်းက အုတ်ဂူထံသို့ အနူးအညွတ်ဦးညွှတ်လိုက်သည်။

ကောင်းစွာအနားယူပါ။

ရွှီချင်းက လှည့်ထွက်ကာ အနောက်ဘက်တောင်မှ ထွက်လာသည်။ သူက တောင်၏ ဂိတ်တံခါးမှ ထွက်ခွာခြင်းတော့ မပြုဘေးဘဲ သူ့ဆရာကိုသာ ရှာလိုက်၏။

သူ့ဆရာအား မေးစရာများစွာရှိသည်။ သူ့စိတ်နယ်ပယ်ထဲရှိ တစေအင်ပါယာတောင်ကုန်းတွင် ဖြစ်နေသည့် အပြောင်းအလဲများ၊ ဓားကိုင်မဟာအကြီးအကဲကြီးက ဆေးပင်များသည် နတ်ဘုရားတို့အား လေ့လာရန်လမ်းကြောင်းတစ်ခုဖြစ်နိုင်ကြောင်း ရှင်းပြချိန်က ဝိညာဉ်ဆေးပင်တို့ကို ထည့်ပြောခြင်း စသည်တို့ မေးခွန်းများရှိသည်။

ထိုအတွေးတို့ဖြင့် ရွှီချင်းက ဆရာထံနှုတ်ဆက်ရန် အသံပို့လွှတ်လိုက်သည်။ အမှတ်ခုနစ်သခင်ကြီးက တောင်ထိပ်က ဂေဟာတစ်ခုပေါ်တွင် ရှိနေကြောင်းနှင့် သူ့ထံသို့ လာရောက်ရန် ပြန်ပြောသည်။

ဆရာ့နေရာသို့ သိလိုက်ပြီးနောက် ရွှီချင်း ခြေလှမ်းတို့ သော့လိုက်သည်။ သူက တောင်ထိပ်ရှိ ‌ဂေဟာသို့ လျှောက်နေစဉ်မှာပင် ညာဘက်က လမ်းကျဉ်းလေးတစ်ခုသို့ ကြည့်လိုက်မိပြီး သူ့မျက်နှာထားတို့ ရုတ်တရက်ပြောင်းလဲသွားသည်။

ရင်းနှီးသောအသံတို့ ထွက်လာသည်။

“ကောင်လေး ငါနဲ့တွေ့လို့သာ ကံကောင်းတော့တာပဲ။ မင်းဂိုဏ်းတူဦးလေး တင်းရှောင်ဟိုင်က စိတ်ကြီးတယ်။ သူက မင်း ဆန့်ကျင်လို့ရတာမျိုးမဟုတ်ဘူး။ ငါ ဂူပိတ်ကျင့်ကြံတာက ထွက်လာပြီး ဖြတ်ရင်းတွေ့မိတာကြောင့်သာ မဟုတ်ရင် သူ မင်းကို ဒုက္ခိတ ဖြစ်အောင်လုပ်ပြီးနောက်လောက်ပြီ။”

“နောင်ကျရင် ဂိုဏ်းထဲမှာ ရှိနေသမျှ ငါ့စကားကို နားထောင်ရမယ်။ နားလည်လား။”

“ဟုတ်။ နားထောင်ပါ့မယ်။ ဂိုဏ်းတူဒေါ်လေးတင်း။”

တင်းရွှယ်၏ အသံနှင့်အတူ ရှက်ရွံ့တိုးတိမ်သော အသံတစ်ခုလည်း ထွက်လာသည်။

မကြာမီ ဆံပင်စုစည်းထားပြီး သူရဲကောင်းကိုယ်ဟန်အပြည့်ဖြင့် တင်းရွှယ်သည် ရွှီချင်းမြင်ကွင်းထဲ ပေါ်ထွက်လာတော့သည်။

သူမသည် ဘေးတွင်ရှိသော ဆယ်နှစ်အရွယ် ကောင်လေးအပေါ် အစ်မကြီးအသွင် ပြုမူနေသည်။

ထိုကောင်လေး၏ ဝတ်စုံတို့က သပ်ရပ်သန့်ရှင်းနေပြီး မျက်နှာလေးကလည်း ထိုနည်းတူ ရှင်းသန့်နေသည်။

ထိုအချိန်တွင် သူက ယဉ်ကျေးသိမ်မွေ့စွာ ခေါင်းညိတ်လျက်ရှိသည်။ သို့ရာတွင် နောက်တစ်ခဏတွင်ပင် သူက တင်းရွှယ်ထက်အရင် ရွှီချင်းအား အာရုံခံလိုက်မိသည်။ ရွှီချင်းအား မြင်သည်နှင့် သူ့မျက်နှာထားတို့ ချက်ချင်းပြောင်းသွားသည်။

သူက ကြောက်လန့်ခြင်းနှင့် သတိထားခြင်းတို့ ထင်ရှားစွာဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှာ ခဏမျှတောင့်တင်းသွားသေးသည်။ သူက ကြောက်လန့်တကြား တင်းရွှယ်နောက်သို့ အလိုလိုပုန်းလိုက်သည်။

တင်းရွှယ် အံ့သြမိသွားသည်။ ထို့နောက်တွင်မှ အဝေးက ရွှီချင်းကို သူမလည်း မြင်တွေ့မိသွားပြီး မျက်လုံးများဝင်းလက်သွားသည်။ သူမက ကောင်လေးကို အာရုံမစိုက်တော့ဘဲ ရွှီချင်းထံ တကိုယ်တည်းပြေးလာတော့သည်။

ထိုအချိန်တွင် ယခင်သူရဲကောင်းဟန်ပင်တို့အားလုံး နေရာတွင် အံ့သြခြင်းတို့ ရောက်ရှိလာသည်။

“အစ်ကိုရွှီချင်း အစ်ကို့ကို ညီမလိုက်ရှာတော့မလိုပဲ။ မနေ့က အစ်ကို ပြန်ရောက်ချိန်တုန်းမှာ ညီမက ဂူအောင်းကျင့်ကြံနေတုန်းရှိသေးတယ်။ ကြည့်စမ်းပါဦး ညီမက ဓမ္မတံခါးခြောက်ဆယ်ထိ ရောက်ခါနီးဖြစ်နေပြီး ဒုတိယသက်စောင့်မီးတောက် ဖွဲ့စည်းနိုင်တော့မယ်။”

“ဒါပေမဲ့ ညီမက ဆေးပင်ပညာကိုလည်း မေ့မထားပါဘူး။ ပိုကြိုးစားပါဦးမယ်။”

တင်းရွှယ်မှာ ရွှီချင်းကို တွေ့မြင်ချိန်တွင် မျက်လုံးများတွင် ထူးဆန်းသည့် အလင်းရောင်တစ်ခုလက်လာကာ အပျော်များဖြင့် ပြည့်နေတော့သည်။

“အစ်ကိုရွှီချင်း တောင်ပေါ်မှာ လုပ်စရာရှိလို့လား။”

ရွှီချင်း ပြုံးလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ကျင့်ကြံမှု မြန်ဆန်ခြင်းအပေါ်လည်း အံ့သြနေမိသည်။ တင်းရွှယ်သည် တစေအင်ပါယာတောင်ကုန်းမှ ပြန်လာသည့်လမ်းတွင် သက်စောင့်မီးတောက်ပထမတစ်ခုကိုသာ စုစည်းထားနိုင်ခဲ့သေးသည်။

သို့ရာတွင် မိန်းကလေးများအား ကြွယ်ဝစွာပျိုး‌ထောင်ရမည်ဟု အမှတ်ခုနစ်သခင်ကြီးတစ်ချိန်က ပြောသည်ကို ပြန်အမှတ်ရလိုက်မိချိန်တွင်တော့ ရွှီချင်းသည် အကြောင်းရင်းကို အကြမ်းချင်းနားလည်လိုက်မိသည်။

“မဆိုးဘူးပဲ။”

ရွှီချင်းက စိတ်ရင်းဖြင့် ချီးကျူးလိုက်ပြီး ဆရာထံ လာတွေ့ခြင်းဖြစ်ကြောင်း ပြောလိုက်သည်။

ရွှီချင်းထံမှ ချီးကျူးစကားကို ကြားရပြီးနောက် တင်းရွှယ်၏ နှလုံးခုန်နှုန်းတို့ မြန်လာပြီး မျက်နှာလေးကလည်း နီမြန်းစပြုလာသည်။

ရွှီချင်းအကြည့်က တင်းရွှယ်နောက်သို့ ရောက်ကာ အဝေးတွင် နေရခက်ဟန်ဖြစ်နေသည့် ကောင်လေးထံသို့ ကြည့်လိုက်သည်။

ကောင်လေးသည် မူလနေရာတွင်သာ ရပ်ကျန်နေသည်။ သူက ဆက်နေရမည်လား ထွက်သွားရမည်လား ဝေခွဲမရဖြစ်နေဟန်တူသည်။ ထိုအချိန်တွင် သူသည် အသည်းငယ် ကြောက်လန့်ဟန်ဖြစ်နေ၏။

သူက ရွှီချင်းအား အမှန်ပင်ကြောက်ရွံ့နေသည်။

သူ ချီယွဲ့ထုံသို့လာရန်အသုံးပြုသော တံဆိပ်သည် ရွှီချင်းက သူ့အား ပေးအပ်လိုက်ခြင်း ဖြစ်သော်လည်း သူ မထွက်ခွာခင် ရွှီချင်းပြောသည့်စကားတို့အရ တစ်ဘက်လူသည် သူ့အကြောင်းအားလုံးကို ဖောက်ထွင်းသိမြင်နေကြောင်း ပြသနေသည်။

ထို့အပြင် ရွှီချင်းထံက ဖိနှိပ်ခြင်းအားတစ်ခုကိုလည်း သူခံစားရသေးသည်။ ယခု ပြန်တွေ့ချိန်တွင် ထိုဖိနှိပ်ခြင်းအားမှာ လွန်စွာအစွမ်းကြီးလာပြီဖြစ်သည်။

အခြားသူများက ပြောနိုင်မည်မဟုတ်သော်လည်း သူကတော့ မတူကွဲပြားသည်။ သူ့အာရုံစွမ်းတို့က ရှင်းလင်းထက်မြက်နေသည်။ ထိုဖိအားသည် တစေအင်ပါယာတောင်ကုန်းထံမှ ဖိအားဖြစ်သည်။

ထိုကောင်လေးသည် ရွှီချင်းနှင့် တင်းရွှယ်တို့အား တစေအင်ပါယာ‌တောင်ခြေက မြို့ငယ်လေးတွင် နေထိုင်ရန် အမှတ်ခုနစ်သခင်ကြီးက ခေါ်သွားချိန်၌ မျက်စိကျခဲ့သော လူသားအသွင်ပြောင်းလာသည့် ထူးဆန်းသော မကောင်းဆိုးဝါးလေးပင်ဖြစ်သည်။

“အစ်ကိုရွှီချင်း သူ့ကိုမှတ်မိသေးတယ် မဟုတ်လား။ အဲဒီမြို့ငယ်လေးက ကောင်လေးလေ။”

ရွှီချင်း၏အကြည့်ကို သတိပြုလိုက်မိပြီး တင်းရွှယ်က ပြုံးကာပြောလိုက်သည်။

“ဝမ်လင်း မင်းရဲ့ဂိုဏ်းတူဦးလေးရွှီကို လာနှုတ်ဆက်ဦးလေ။” တင်းရွှယ်က ကောင်လေးအား မျက်လုံးပြူးစိုက်ကြည့်လိုက်သည်။

ကောင်လေးက ကြောက်စိတ်တို့ကိုချုပ်တည်းလိုက်ပြီး ကျိန်းနေသည့်ခေါင်းနှင့် ရှေ့သို့ ခြေလှမ်းလာလိုက်သည်။ ထို့နောက် တုန်ယင်သည့်အသံဖြင့် ရွှီချင်းအား နှုတ်ဆက်လိုက်သည်။

“မင်..မင်္ဂလာပါ ဂိုဏ်းတူဦးလေးရွှီ။”

ရွှီချင်းမျက်နှာက တည်ငြိမ်စွာရှိသည်။ သူက အခြေအနေကို နားလည်လိုက်ပြီး ကောင်လေးသည် ဂိုဏ်းသို့ ရောက်သည်မှာ ရက်သတ္တပတ်အနည်းငယ်  ကြာပြီ ဖြစ်ကြောင်း သိလိုက်သည်။ ကောင်လေးသည် တောင်ခြေတွင် နေထိုင်၏။

ယခု သူသည် မှော်လှေပျံနှင့် လဲလှယ်ရန်အတွက် တောင်ပေါ်သို့တက်လာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် တင်းရှောင်ဟိုင်၏ မျက်မုန်းကျိုးမှုကို ခံရခြင်းဖြစ်သည်။ တင်းရွှယ်က ဂူပိတ်ကျင့်ကြံရာမှ ထွက်လာချိန်တွင် ထိုအဖြစ်အပျက်အား မြင်မိသဖြင့် သူ့အား ကူညီခဲ့၏။

“အစောပိုင်းက တင်းရှောင်ဟိုင် သူ့ကိုကြည့်နေချိန်မှာ ဘာကြောင့်မှန်းမသိပေမဲ့ ဝါးမျိုချင်တဲ့ ပုံဖြစ်နေတယ်။ ဒါကြောင့်သူ့ကို ကူညီခဲ့တာပဲ။”

တင်းရွှယ်၏ မျက်နှာတွင် အပြုံးတို့ မပျောက်သေးသော်လည်း ရွှီချင်းထံသို့ လျို့ဝှက်အသံပို့လွှတ်လိုက်သေးသည်။

ရွှီချင်းရှေ့တွင် ဖြူစင်၊ ကျိုးနွံဟန်ပြုနေသော်လည်း သူမက လွန်စွာဉာဏ်ကောင်းလှသည်။

သူမ၏ စိတ်နှလုံးသည် ထက်မြက်လှပြီး လေ့လာနိုင်မှုနှင့် ကြံစည်နိုင်မှုတို့တွင်လည်း အားနည်းသည်မဟုတ်ပေ။

“အစ်ကိုရွှီချင်း ဆရာကို သွားနှုတ်ဆက်လိုက်ဦး။ ညီမနောက်မှ ပြန်လာတွေ့တော့မယ်။ ဒီဝမ်လင်းကောင်လေးကို တောင်အောက်အရင် ပို့လိုက်ဦးမယ်။”

တင်းရွှယ်က ပြုံးကာပြောလိုက်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ဆက်လျှောက်လာခဲ့တော့သည်။

တင်းရွှယ်ဘေးက ကောင်လေးသည် ခေါင်းငဲ့ကာ ရွှီချင်း၏ ပုံရိပ်သဏ္ဌာန်ကို လိုက်ကြည့်လိုက်သည်။ သူ့မျက်လုံး အတွင်းဆုံးတစ်နေရာတွင်တော့ အားကျမနာလိုမှုတို့ ဖြတ်သန်းသွားသည်။ ထိုစဉ်က ရွှီချင်း ပြောစကားများအား ပြန်သတိရကာ သူက ခပ်တိုးတိုး မေးလိုက်သည်။

“အစ်ကိုကြီး အဲ ဂိုဏ်းတူဦးလေးရွှီ အဲတုန်းက ပြောတဲ့စကား..”

“မင်း ကြိုးစားကျင့်ကြံရင် နားလည်လာလိမ့်မယ်။”

ရွှီချင်းက လှည့်လိုက်ပြီး ကောင်လေးအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ကောင်လေးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ပြန်လည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြုံးနေသည့် တင်းရွှယ်နောက်သို့ လိုက်ပါသွား၏။

သူက လူသားတစ်ဦး၊ အစစ်အမှန်လူသားတစ်ဦး ဖြစ်လိုသည်။ သူချီယွဲ့ထုံသို့ လာခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းလည်း ဖြစ်သည်။

အမွှေးတိုင်တစ်တိုင်စာ ကုန်ပြီးချိန်နောက်တွင် ရွှီချင်းသည် တောင်ထိပ်ရှိ ဂေဟာသို့ လျှောက်လာသည်။ သူ၏ လေးနက်ဟန် ရှိနေသော ဆရာနှင့် သူ့ဘေးရှိ သက်လတ်ပိုင်းအစေခံကြီးတို့ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးသည် စစ်တုရင်ကစားနေကြသည်။

သို့ရာတွင် အမှတ်ခုနစ်သခင်ကြီး၏ လေးနက်သည့် ဟန်နှင့် ယှဉ်သော် ရွှီချင်း ရင်းနှီးနေသည့် သက်လတ်ပိုင်းအစေခံကြီးကတော့ အေးဆေးသည့်ဟန်သာ ဖြစ်နေသည်။

ရွှီချင်းအား မြင်ချိန်တွင် သက်လတ်ပိုင်းလူကြီးက ထရပ်ကာ ကြိုဆိုနှုတ်ဆက်ရန် ပြင်လိုက်ချိန်တွင် ရွှီချင်းက အရင်ဦးစွာ ဦးညွှတ်လိုက်သည်။

ထို့နောက် လက်သီးအုပ်ကာ အရိုအသေပေးသည်။

သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်ပြီး ထရပ်ကာ ပြန်နှုတ်ဆက်သည်။

ဘေးတွင်‌တော့ အမှတ်ခုနစ်သခင်ကြီးက လက်စကိုလှုပ်ခတ်ကာ စစ်တုရင်ခုံကို မွှေလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“မင်းအကွက်တွေက ညံ့လွန်းတယ်။ မင်းကို ဒီလောက်ထည့်ကြွေးတာကို မင်းက ရှုံးနေသေးတယ်။”

“နံပါတ်လေး ငါနဲ့အတူလာဆော့လှည့်။”

သက်လတ်ပိုင်းအစေခံကြီးက အောင့်သက်သက်ပြုံးလိုက်ပြီး ဘေးတွင် ရပ်လိုက်သည်။

ရွှီချင်းက တည်ငြိမ်စွာလျှောက်လာလိုက်သည်။ သူက ရှုပ်နေသည့် စစ်တုရင်ခုံကို ရှင်းလိုက်ပြီး စတင်ကစားလိုက်သည်။

သို့ရာတွင် သူ့စစ်တုရင်စွမ်းရည်တို့မှာ သာမန်မျှသာဖြစ်သည်။ ထို့ကြောင့် သူနှင့် စစ်တုရင်ထိုးနေရင်း အမှတ်ခုနစ်သခင်ကြီးမျက်နှာတွင် အပြုံးတစ်ခု ထင်ဟပ်လာတော့သည်။

“နံပါတ်လေး မင်းစိတ်နှလုံးက တည်ငြိမ်မှုမရှိဘူး။ စစ်တုရင်ခုံမှာ ခံစားချက်တွေ ပါနေတယ်။ မင်းရဲ့ အကွက်တွေကနေ မင်းစိတ်ထဲမှာ ရှုပ်နေတာရှိကြောင်း ငါသိနိုင်တယ်။”

“ထင်ထားတဲ့အတိုင်းပါပဲ။ ဆရာ့ဆီက ကျွန်တော် ဖုံးကွယ်နိုင်တာမရှိပါဘူး။”

ရွှီချင်းက အမှတ်ခုနစ်ဆရာကြီး၏ မျက်လုံးတို့ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။ သူက ကျောက်စိမ်းပေလွှာမှ အသံပို့လွှတ်ခဲ့စဉ်ကပင် မေးစရာရှိသည်ဟု ပြောခဲ့သည့်အချက်ကိုတော့ အလိုလို မေ့ထားလိုက်၏။

ဘေးတွင်ရှိနေသည့် သက်လတ်ပိုင်းအ‌စေခံကြီးမှာ ဆရာတပည့်နှစ်ဦး ပြောစရာရှိနေကြောင်း သိလိုက်ပြီး နောက်သို့ဆုတ်သွားသည်။ သူက လက်ကိုယမ်းကာ ပတ်ဝန်းကျင်ကိုပင် ချိပ်ပိတ်လိုက်ပြီး အပြင်သို့သွားရောက်ကာ တင်ပျဉ်ခွေတရားထိုင်လိုက်၏။

“ကဲ… ပြော။”

အမှတ်ခုနစ်သခင်ကြီးက ကျေနပ်စွာဖြင့် စစ်တုရင်ရုပ်တစ်ခုကို ကောက်လိုက်ပြီး လက်ထဲတွင်ဆော့လိုက်သည်။

“ဆရာ ကျွန်တော့်ခန္ဓာကိုယ်ထဲက တစေအင်ပါယာ‌တောင်ကုန်းမှာ ပြောင်းလဲမှုတွေဖြစ်နေတယ်။”

ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။

“ဘယ်လိုပြောင်းလဲမှုတွေလဲ။”

အမှတ်ခုနစ်သခင်ကြီးအသံက အေးဆေးနေပြီး စစ်တုရင်ရုပ်ကလည်း နေရာကျတော့မည်ဖြစ်သည်။

“အဲဒါ ကျွန်တော့အသွင်အတိုင်း လိုက်ပြောင်းလာတယ်။”

ကလန်ခနဲအသံထွက်လာပြီး စစ်တုရင်ရုပ်မှာ အမှတ်ခုနစ်သခင်ကြီးလက်ထဲမှ စစ်တုရင်ခုံပေါ်သို့ ကျသွား၏။ သူက ခေါင်းမော့လိုက်ပြီး ရွှီချင်းအား ကြောင်ကြည့်လိုက်သည်။

“ဘာပြောလိုက်တယ်။”

All Chapters