ပင်လယ်ခရီးထွက်သည့် လင်းအာ
Vol. 33 Ch. 489
ရွှီချင်းက သူ့ဆရာ လွှတ်ချလိုက်သည့် စစ်တုရင်ရုပ်အား ကောက်လိုက်ပြီး နေရာမှန် ထားပေးလိုက်သည်။ ထို့နောက် သူ့ဆရာအားကြည့်လိုက်သည်။
“တစေအင်ပါယာတောင်ကုန်းက ကျွန်တော့်အသွင်ကို ပြောင်းလဲလာပါတယ်။”
အမှတ်ခုနစ်သခင်ကြီးသည် ငြိမ်ကျသွားပြီး မျက်လုံးမှိတ်ကာ အတွေးနက်သွား၏။
သူ့စိတ်ထဲတွင် လှုပ်ရှားမှုကြီး ဖြစ်လာသည်။ သူ့တပည့်၏ ဆင်ခြင်ထိုးထွင်းဉာဏ်သည် အံ့မခန်းအောင် ထူးချွန်ကြောင်း သူသိနေသည်။ ထိုအကြောင်းကို ထိုစဉ်က တစေအင်ပါယာတောင်ကုန်းပြင်ပ၌ပင် သူကောင်းစွာ အာရုံခံမိသည်။
သူသည် လီယုံမြို့တွင် ရွှီချင်း၏ စွမ်းဆောင်နိုင်ခဲ့မှုတို့ကိုလည်း ပြန်ကြားသိရသည်။ သူသည် တိုက်ခိုက်ရေး အမှတ်အသားသုံးရာနီးပါးအထိ ဆင်ခြင်လေ့လာနိုင်၏။
သို့ရာတွင် ရွှီချင်း၏ စကားတို့တွင် သူ ထိတ်လန့်အံ့သြမိရသေးသည်။ ထိုစဉ်က ကွေ့ယုံသိုတောက်အတတ်ဖြင့် ရယူခဲ့သော ရွှေအမြုတေတို့မှ ထုတ်သည့် အာရုံနောက်စေသည့် အတွေးတို့အား ဖိနှိပ်ထိန်းချုပ်ရန်သာ ရွှီချင်းအား စိတ်နယ်ပယ်ထဲသို့ နတ်ဘုရားတစ်ပါးကို ထည့်သွင်းရန် သူက ခိုင်းခဲ့ခြင်းဖြစ်သည်။
‘ငါက တဲအိမ်လေးပဲ ဆောက်ခိုင်းတာကို မင်းက မြို့တည်လိုက်ပြီပဲ။’
ရွှီချင်းက သူ့အား ‘ဘာဖြစ်နေတာလဲ’ဟုပင် ပြန်မေးနေသေးသည်။
အမှတ်ခုနစ်သခင်ကြီး စိတ်ပင်ပန်းသွားသည်။ သူ အတန်ကြာ နှုတ်ဆိတ်နေပြီးနောက်မှ ချောင်းဟန့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းစိတ်ကြောင့်ပဲ။ မင်းစိတ်က အစွမ်းထက်လွန်းပြီး ပြင်ပနတ်ဘုရားတွေကို သက်ရောက်နိုင်စွမ်းရှိနေတယ်။ အဲဒါကနေပြီးတော့ သူတို့ကို မင်းခန္ဓာကိုယ်ထဲမှာ ထိန်းချုပ်ပြီး မင်းကိုအခြေပြုပြောင်းလဲစေတယ်။ ဒီတော့ မင်းစိတ်သိပ်ပူနေစရာ မလိုပါဘူး။”
“ဒါက အဆင့်တစ်မျိုးပဲ။ ပထမဆုံး ခန္ဓာကိုယ်ထဲကို သယ်ရမယ်၊ အဲဒီနောက် ဝိညာဉ် စုဆောင်းရမယ်၊ ပြီးတော့ ကိုယ်ပိုင်ပစ္စည်းအဖြစ် ပြောင်းမယ်။ ဒါပေမဲ့ မင်းက ထပ်ကြီးစားနေရဦးမယ်။ ဒီအဆင့်က လွယ်လွယ်လေးဖြစ်တယ် မှတ်ရင်း လျှော့တွက်ပြီး ကျေနပ်နေလို့တော့ မရဘူး။”
“ရှေးခေတ်မှာကလည်းက အစွမ်းထက်ပုဂ္ဂိုလ်တွေလည်း ဒီလိုနည်းတွေသုံးခဲ့ကြတယ်။ အမြင်ပုံတူပြုပြီး သူတို့က အစားထိုးဖို့ကြိုးစားခဲ့ကြတယ်။ ဒါက ပူးကပ်တာမဟုတ်ဘဲ တာအိုသိမ်းပိုက်ခြင်းပဲ။ ဒါပေမဲ့ မင်းအတွက် ဒီကိစ္စက ခက်လွန်းနေသေးတယ်။”
“တစေအင်ပါယာဟာ ပြည့်စုံမှု မရှိတော့ သူ့တာအိုကလည်း မပြည့်စုံဘူး။ ဒီတော့ မင်းက တစေအင်ပါယာတောင်ကုန်းပေါ်မှာ ပြင်ပအရာဝတ္ထုတွေ လုပ်ပြီး ပိုပြည့်စုံအောင် လုပ်နိုင်တယ်။ ဒီလိုဆက်တွေးလို့ရတယ်…”
ဆရာဖြစ်သူ၏ စကားတို့တွင် ရွှီချင်းက အတွေးနက်မိနေသည်။ သူသည် စိတ်နယ်ပယ်ထဲရှိ တစေအင်ပါယာတောင်ကုန်းလက်ထဲက လီယုံကျောက်တိုင်ကို ပြန်အမှတ်ရလိုက်မိကာ ပြောလိုက်မိသည်။
“ဆရာ တုတ်တစ်ချောင်းလည်း ရှိလာသေးတယ်။ အဲဒါကရော ပြင်ပအရာဝတ္ထုလို့သတ်မှတ်လို့ ရလောက်လားဆရာ။ အဲဒီတုတ်က လီယုံကျောက်တိုင်နဲ့ တူနေတယ်။”
အမှတ်ခုနစ်သခင်ကြီး ခဏတာမျှ မှင်တက်သွားမိပြီး ငြိမ်ကျသွားပြန်သည်။ သူ့စိတ်ထဲတွင် မုန်တိုင်းတစ်ခု ဖြစ်လာသည်။
ရွှီချင်း အနည်းငယ်ပူပန်လှုပ်ရှားမိသွားသည်။
“နံပါတ်လေး။ မင်းမှာ အကျင့်ဆိုးတစ်ခု ရှိနေပြီ။”
အချိန်အတန်ကြာပြီးနောက်တွင် အမှတ်ခုနစ်သခင်ကြီးက ကြမ်းရှရှပြောလိုက်သည်။
“နောက်တစ်ခေါက် စကားကို တစ်ခါတည်းပြီးအောင် ပြောကွာ။”
ရွှီချင်း မျက်တောင်ခတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အခြားအပြောင်းအလဲတွေရော။”
အမှတ်ခုနစ်သခင်ကြီးက စိတ်ပူစွာမေးသည်။
“ဒါအကုန်ပါပဲ။ အိုး ဒါနဲ့ဆရာ ဒီတစေအင်ပါယာတောင်ကုန်းကို အခြေအနေတစ်ခုခုရောက်ရင် ကျွန်တော်ထိန်းချုပ်လာနိုင်သလိုပဲ။ ဒါပေမဲ့ ထိန်းချုပ်နိုင်စွမ်းတော့ တကယ်မရှိသေးဘူး။ ဒီအတွက်နည်းလမ်းများရှိမလား ဆရာ။”
ရွှီချင်းက ခပ်ရွံ့ရွံ့မေးသည်။
အမှတ်ခုနစ်သခင်ကြီးက ဖျပ်ခနဲထရပ်လိုက်ပြီး ရွှီချင်းအား သေချာကြည့်ကာ မျက်လုံးများအရောင်လက်နေတော့သည်။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ မုန်တိုင်းများပင်မက လှိုင်းလုံးကြီးများလည်း ထန်နေသည်။
‘ဒီကောင်လေးက တစေအင်ပါယာပြန်ဝင်စားတာများလား။ မဟုတ်သေးဘူး။ သူက ယင်ဟွမ်ပြည်နယ်က မဟုတ်ဘူး။ သူက နန်ဟွမ်ပြည်နယ်မှာ မွေးခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲမှာ တစေအင်ပါယာသွေးမျိုးဆက်လည်း မရှိဘူး။ ငါဒါကို ကြိုပြီး အတည်ပြုခဲ့ပြီးပြီ။”
‘လူတစ်ယောက်ရဲ့ ထိုးထွင်းသိနိုင်စွမ်းက ဒီလောက်အစွမ်းထက်နိုင်တာလား။’
‘ငါဘယ်လိုတပည့်မျိုး မွေးမိတာပါလိမ့်။’
‘ဒါမှမဟုတ် သူ့ပင်ကိုယ်ပါရမီက ထိုးထွင်းဉာဏ်နဲ့ ဆိုင်နေတာများလား။’
အမှတ်ခုနစ်သခင်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ရွှီချင်း၏ နားမလည်နိုင်ဖြစ်နေဟန်ကို သတိပြုလိုက်မိပြီးနောက် သူက ချောင်းအသာဟန့်လိုက်ပြီး တည်ငြိမ်ဟန် ပြန်ထိန်းလိုက်သည်။ ထို့နောက် လျှောက်ကာသွားလိုက်ပြီး အဝေးကတိမ်များကို ကြည့်နေသည့်ဟန် ရပ်နေလိုက်သည်။
“နံပါတ်လေး ကောင်းကင်က တိမ်ကိုကြည့်လိုက်။”
ရွှီချင်းက ခေါင်းမော့ကာ ကောင်းကင်သို့မော့ကြည့်လိုက်သည်။
“တိမ်တွေရဲ့ အသွင်သဏ္ဌာန်ကိုကြည့်လိုက်။ သူတို့က ပြတ်သားထင်ရှားနေလို့ပဲ။ ဒါပေမဲ့ အမှန်ကတော့ သူတို့ရဲ့ အသွင်သဏ္ဌာန်အစစ်က ဒီလိုမဟုတ်ဘူး။ သူတို့က ရေငွေ့တွေ ကောင်းကင်မှာ အအေးဓာတ်နဲ့တွေ့ပြီး ပေါင်းစည်းပြီးဖြစ်လာတာပဲ။ တိမ်တွေရဲ့ ပုံသဏ္ဌာန်ကလည်း မိုးနဲ့မြေကြားက ဖုန်မှုန့်တွေကို ရေငွေ့တွေကပ်ညိပြီး ဖြစ်လာတာပဲ။”
“မင်းစိတ်နယ်ပယ်ထဲက တစေအင်ပါယာကလည်း ဒီလိုတူတဲ့သဘောတရားရှိတယ်။”
“တစ်ခါတည်းလုပ်ဖို့ မစဉ်းစားနဲ့။ တစေအင်ပါယာရဲ့ အသွင်ပုံစံကို အာရုံစိုက်နေလွန်းတာက မှားနေတယ်။”
“မင်းက တစေအင်ပါယာတောင်ကုန်းကို ဖြန့်ပြီး ရေငွေ့လို အရှိန်အဝါကို ဖော်ထုတ်ရမယ်။ အဲဒီနောက်မှာ ပြောင်းလဲမှုတွေကို စောင့်ကြည့်ပြီး သူတို့လှုပ်ရှားပြောင်းလဲအောင်လုပ်တဲ့ အမှတ်နေရာကို ရှာရမယ်။”
“အဲဒီနောက် ဓာတ်နှောတွေကို စုမှတ်အဖြစ်လုပ်ပြီး တစေအင်ပါယာရဲ့ ကိုယ်သဏ္ဌာန်ကို ဝိညာဉ်ချီစုစည်းမှုနဲ့ ဓာတ်နှောတွေ များတဲ့နေရာမှာ ဖွဲ့စည်းနိုင်လာမယ်။ ပြီးတော့သူ့အသွင်ကို ပြောင်းဖို့ ကြိုးစားကြည့်ဖို့လည်း အကြံပေးဦးမယ်။ ဒါမှ ဒီကိုယ်သဏ္ဌာန်ကို မှတ်မိသူ မရှိတော့ဘဲ နတ်အတတ်ကို မင်းသုံးနေတယ်လို့ ဘယ်သူမှလည်း တွေးမိမှာမဟုတ်တော့ဘူး။”
အမှတ်ခုနစ်သခင်ကြီးက ဖြည်းညင်းစွာပြောလိုက်ရာ ရွှီချင်းစိတ်ထဲတွင် တဝုန်းဝုန်းမြည်ဟိန်းသွားသည်။
သူ့ဆရာ၏ အဖြေသည် ရိုးစင်းကာ နားလည်ရလွယ်ကူနေသည်။ ကောင်းကင်ပေါ်က တိမ်များကို သူ ကြည့်လိုက်ပြီး ချက်ချင်းနားလည်သွားသည်။
ထိုအချိန်တွင် သူသည် ဉာဏ်အလင်းပွင့်သွားသည့်ပမာ ဖြစ်သွားသည်။ သူ့အတွေးတို့ ပြန်ကြည်လင်လာချိန်တွင် ရွှီချင်းက ဉာဏ်အလင်းပွင့်ဟန်ဖြစ်သွားပြီး လွန်စွာကြည်ညိုလေးစားဟန်တို့လည်း ဖြစ်လာသည်။
သူ့အတွက် ထိုခဏအတွင်း ခေါင်းလောင်းသံတို့ ပဲ့တင်သွားသည့်ပမာဖြစ်သွားသည်။
ရွှီချင်းက ထရပ်လိုက်ပြီး ဆရာဖြစ်သူအား ဦးညွှတ်လိုက်သည်။
သူ့ဟန်ပန်နှင့် အပြုအမူတို့ကြောင့် အမှတ်ခုနစ်သခင်ကြီး ကျေနပ်မိသွားသည်။ သူက ရယ်လျက် ပြန်ထိုင်ချကာ စစ်တုရင်ရုပ်တို့ကောက်လိုက်ပြီး စစ်တုရင်ခုံပေါ်သို့ အေးဆေးစွာပြန်တင်လိုက်သည်။
ရွှီချင်းလည်း ဘေးတွင် စိတ်ပါလက်ပါထိုင်လိုက်သည်။ သူတို့က ဆက်လက်ကစားရင် ဒုတိယမေးခွန်းကို သူဆက်မေးသည်။
ဝိညာဉ်ဆေးပင်များနှင့် နတ်ဘုရားတို့ကြားက ပတ်သတ်မှုအကြောင်းပင်။
ထိုမေးခွန်းတွင် အမှတ်ခုနစ်သခင်ကြီး မျက်လုံးတွင် ထူးဆန်းသောအလင်းတို့ ပေါ်ထွက်လာသည်။ အချိန်အတန်ကြာစဉ်းစားလိုက်ပြီးနောက်တွင် သူ့မျက်နှာထားက တဖြည်းဖြည်းပြောင်းလာသည်။
“ဝိညာဉ်ဆေးပင်တွေက နတ်ဘုရားမျက်နှာပျက်ကြီးရောက်လာပြီးနောက်ပိုင်းမှာ အဲဒီလိုပြောင်းလဲမှုတွေကို လိုက်လျောညီတွေနေတဲ့နေရာမှာ သွေးသားနဲ့ သတ္တဝါတွေထက်တော့ သာတာအမှန်ပဲ။..”
“ငါက အဲဒီနတ်ဘုရားမျိုးစိတ်ကို လေ့လာခဲ့တာပဲ။ မင်းပြောတာမှန်တယ်။ နတ်ဆေးပင်တွေ။ ဒီအတွေးလမ်းကြောင်းက ကြိုးစားကြည့်နိုင်တာမျိုးပဲ။’
“နတ်ဘုရားတွေကို လေ့လာဖို့အတွက် နတ်ဘုရားအဆင့် ဝိညာဉ်ဆေးပင်တွေက သော့ချက်တစ်ခုဖြစ်နေနိုင်တာပဲ။”
ထိုအချိန်တွင် နှစ်ဦးလုံးက ထိုဆွေးနွေးမှုမှ သိရှိနားလည်ခြင်းများစွာ ရရှိနိုင်ခဲ့ကြကြောင်း ခံစားမိကြသည်။ ရွှီချင်းသည် စိတ်ရွှင်နေပြီး အမှတ်ခုနစ်သခင်ကြီးမှာလည်း တက်ကြွလန်းဆန်းနေသည်။ ထို့နောက်တွင် သူက ရွှီချင်းအား ဓားကိုင်စမ်းသပ်ပွဲအကြောင်းကိစ္စအချို့ကို မေးသည်။ သူသည်လည်း ရွှီချင်း၏အဖြေကို စိတ်ဝင်စားမိသည်ပင်။
“ခွေးမသား။”
ဆရာဖြစ်သူက အော်ရယ်လိုက်ပြီး ရွှီချင်းထံ သူ့အကြည့်တို့တွင် ချီးကျူးလေးစားမှုတို့ ပို၍ထင်ဟပ်လာသည်။
“အစ်ကိုကြီးက ဘယ်လိုများဖြေခဲ့တာပါလိမ့်။ ဘာကြောင့် ဆယ်ပေပဲရခဲ့တာဖြစ်မလဲ။” ရွှီချင်ကလည်း ပဟေဠိဖြစ်နေသည်။
“မင်းအစ်ကိုကြီးရဲ့ အဖြေကို မှန်းနေစရာလိုသေးလား။ သူက ကြုံရာမျက်နှာချိုသွေးဖို့ ဒါမဟုတ် ဘောမဖို့ကြိုးစားခဲ့တာဖြစ်မယ်။ ဒါပေမဲ့ ဘောမရုံလောက်နဲ့ သူက ဆယ်ပေပဲအလင်းရမှာမဟုတ်လောက်သေးဘူး။”
အမှတ်ခုနစ်သခင်ကြီး၏ နှုတ်ခမ်းတို့ကွေးညွတ်လာသည်။
“ငါသူ့ကို သိထားပုံအရဆို၊ သူက အင်ပါယာကို နတ်ဘုရားဆိုပြီး ပြောတာဖြစ်နိုင်တယ်။ မင်းရဲ့ ပေတစ်သိန်းရှည်တဲ့အလင်းနဲ့ ပေါင်းလိုက်ရင်တော့ သူက အင်ပါယာကို ကျိန်ဆဲနေသလိုဖြစ်သွားတာပဲပေါ့။”
ရွှီချင်း မျက်တောင် ပုတ်ခတ်လိုက်မိသည်။ ထိုသို့ဖြစ်နိုင်ခြေများသည်ဟု သူခံစားမိလိုက်သည်။
“သုံးလကြာရင် မင်းက ဖုန်းဟိုင်နယ်မြေရဲ့ မြို့တော်ကို ခရီးစထွက်ရမယ်။ အဲဒီမှာ မဟာမိတ်အဖွဲ့ခွဲတစ်ခု ရှိပါသေးတယ်။”
“ဖုန်းဟိုင်းနယ်မြေရဲ့ မြို့တော်က နယ်မြေကြီးတစ်ခုရဲ့ မြို့တော်ပဲ။ ယင်ဟွမ်ပြည်နယ်ထဲက ထိပ်ဆုံးအဖွဲ့တစ်ခုအနေနှင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က နယ်မြေကြီးမှာတော့ ဘာမှမဟုတ်ပေမဲ့ နယ်မြေကြီးမြို့တော်မှာ အခြေစိုက်စခန်းတည်နိုင်ဖို့တော့ အဆင့်မီပါသေးတယ်။”
“ဒါကြောင့် အဲဒီမှာ ဂိုဏ်းအဖွဲ့ခွဲတစ်ခု ရှိနေသေးတယ်။ နယ်မြေကြီးရဲ့မြို့တော်မှာ သူ့အဆင့်က မြင့်လှတာမဟုတ်ပေမဲ့ မင်းတို့ကို ဂရုစိုက်ပေးဖို့တော့ လုံလောက်ပါသေးတယ်။”
“ဆရာနဲ့ ဘိုးဘေးတို့က အခြားအစီအစဉ်တွေရှိသေးလို့ မင်းတို့နဲ့အတူသွားနိုင်မှာတော့ မဟုတ်ဘူး။ အခြားတစ်ဖွဲ့ပဲ မင်းတို့နဲ့ အတူလိုက်လိမ့်မယ်။ ဂိုဏ်းခွဲမှာ နေမယ့် ကျင့်ကြံသူတွေပေါ့။ ဒီခရီးကို ဘိုးဘေးတစ်ဦးကြီးကြပ်လိမ့်မယ်။ ဘယ်သူလဲဆိုတာတော့ အတည်မပြုရသေးဘူး။”
“ကျန်တောင်ထိပ်ငါးခုက တောင်ထိပ်သခင်ကြီးငါးဦးလည်း သွားကြဦးမှာပဲ။ ဒီတစ်ကြိမ် မဟာမိတ်အဖွဲ့က ဓားကိုင်အားလုံးက ချီယွဲ့ထုံကချည်းပဲ။ ဒီတော့ ငါတို့က ဂိုဏ်းခွဲရဲ့ အစီအရင်ကွက်နဲ့ တည်နေရာပြောင်းအစီအရင်တွေအပေါ် ထိန်းချုပ်မှုအချို့ ယူထားရမှာပဲ။”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။ သူသည် ခေါင်းဆောင်ပြောသည်ကို ကြားခဲ့ပြီးဖြစ်သော်လည်း ဤမျှ အသေးစိတ်တော့ မသိရသေးပေ။ ထိုအချိန်တွင်တော့ သူအပြည့်အဝနားလည်လာတော့သည်။
“ပြီးတော့…”
အမှတ်ခုနစ်သခင်ကြီးက စစ်တုရင်ရုပ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ခဏတာစဉ်းစားနေလိုက်သည်။
“ငါ ရထားတဲ့ သတင်းတွေအရဆို ဖုန်းဟိုင်နယ်မြေကြီးရဲ့မြို့တော်က အဆင့်မြင့်တားမြစ်ဓမ္မရတနာတစ်ခုက ပြောင်းလဲဖြစ်တည်လာတာပဲ။”
“အဆင့်မြင့်လား။”
ရွှီချင်း၏ အကြည့်သည် အေးစက်တောင့်တင်းသွားသည်။
“တားမြစ်ဓမ္မရတနာတွေကို အဆင့်တွေခွဲထားတယ်။ ယင်ဟွမ်ပြည်နယ်က တားမြစ်ဓမ္မရတနာအများစုက အဆင့်နိမ့်တွေပဲ။ သူတို့အစွမ်းတွေက အဆင့်မြင့်နဲ့ကွာခြားမှုကြီးလွန်းသေးတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုကတော့ အနည်းနဲ့အများတူပါတယ်။”
အမှတ်ခုနစ်သခင်ကြီးက တည်ငြိမ်စွာပြောလိုက်သည်။
“မင်းက တားမြစ်ဓမ္မရတနာတွေရဲ့ လုပ်ဆောင်မှုစည်းမျဉ်းတွေကို မသိဘဲ နယ်မြေကြီးမြို့တော်ကို သွားလိုက်ရင် မင်းအသိက နည်းနည်းတိမ်နေဦးမှာ သေချာတယ်။”
“နံပါတ်လေး အသေးစိတ်အချက်အလက်လေးတိုင်းက အနာဂတ်မှာ ပြောင်းလဲမှုဖြစ်လာနိုင်စေပြီး လစ်လျူရှုထားလို့မရဘူးဆိုတာ မင်းသေချာမှတ်ထားရမယ်။ သေချာစေ့စပ်တဲ့အကြံအစည်နဲ့မှ မင်းကိုယ်မင်းဖုံးကွယ်ပြီး အခြားသူတွေရှာမတွေ့နိုင်တဲ့နေရာကို ရှာပြီး အဓိကအချိန်မှာ ချက်ကောင်းကို တိုက်ခိုက်နိုင်မှာဖြစ်တယ်။”
“သတ္တမတောင်ထိပ်ရဲ့ စိတ်ဝိညာဉ်ကို မမေ့နဲ့။”
ရွှီချင်း အလေးအနက်ခေါင်းညိတ်လိုက်သည်။
“မင်းက သုံးလကြာရင်ထွက်ခွာရတော့မှာပဲ။ နောက်သုံးလထဲ ဂိုဏ်းထဲမှာနေရမယ့်အချိန်ကို မဖြုန်းနဲ့။ ချီလွဲ့ထုံရဲ့ တားမြစ်မြေကို သွားလိုက်။ ရတနာထိန်းသူအဖြစ် တားမြစ်ဓမ္မရတနာလုပ်ဆောင်မှုတွေနဲ့ ကျွမ်းဝင်အောင် သွားလုပ်ကြည့်လိုက်။”
“ဒီတော့မှာ မင်းဒေသမြို့တော်ကို ရောက်ချိန်မှာ တားမြစ်မှော်ရတနာအသိနည်းမှာမဟုတ်တော့ဘဲ လုပ်ရကိုင်ရအဆင်ပိုပြေလာမယ်။ ပြီးတော့ မင်းအစ်ကိုကြီးနဲ့ မင်းဆက်ဆံရေးကို ငါသိပ်မပြောတော့ဘူး။ မင်းက သူ့ကို ဂရုစိုက်မှာလို့ စိတ်ချထားလိုက်မယ်။”
ရွှီချင်းက မတ်တပ်ရပ်လိုက်ပြီး ရိုသေစွာ နာခံလိုက်သည်။
“ဒါပေမဲ့ သတိတော့ပေးဦးမယ်။ ရတနာထိန်းသူ အချိန်ပိုင်းမှာ တားမြစ်ဓမ္မရတနာကိုသုံးပြီး နတ်ဘုရားမျက်နှာကြီးကို ကြည့်လို့မရဘူး။ နေနဲ့လကို မကြည့်ရဘူး၊ ယင်ဟွမ်ပြည်နယ်က ဂိုဏ်းအဖွဲ့ကြီးအချို့နဲ့ တားမြစ်ဒေသ ဗဟိုနေရာကိုလည်း ကြည့်လို့မရဘူး။ တားမြစ်ပင်လယ်ကိုတော့ တစ်ခါတစ်လေကြည့်နိုင်တယ်။ တားမြစ်နယ်မြေကိုတော့ စိတ်ကြိုက်ကြည့်နိုင်တယ်။ အခြားနေရာတွေကတော့ မင်းကြိုက်သလိုလုပ်လို့ရတယ်။”
ရွှီချင်း စိတ်ရှုပ်ထွေးမိသွားသည်။ သူက ချီယွဲ့ထုံ၏ တားမြစ်ဓမ္မရတနာအသွင်ကို စဉ်းစားကာ ဆက်စပ်ကြည့်နေမိသည်။
“သိပ်စဉ်းစားကြည့်မနေနဲ့။ ရောက်တဲ့အချိန်မှာ သိလာလိမ့်မယ်။”
အမှတ်ခုနစ်သခင်ကြီးက စစ်တုရင်ရုပ်ကို ချလိုက်ပြီး ကစားပွဲအား တည်ငြိမ်စွာပြုံးလျက် အဆုံးသတ်လိုက်သည်။
“နံပါတ်လေး မင်းရဲ့စစ်တုရင်စွမ်းရည်က တော်တော်တိုးတက်လာပြီ။ ဒါပေမဲ့ ငါ့ကိုတော့ မမီသေးဘူး။”
ရွှီချင်းက ထိုစကားတွင် စစ်တုရင်ခုံအား ချီးကျူးလေးစားဟန်ကြည့်လိုက်သည်။
“ဆရာက အတော်ဆုံးဖြစ်တုန်းပါပဲ။”
အမှတ်ခုနစ်သခင်ကြီးက ရယ်လိုက်၏။
အမှတ်ခုနစ်သခင်ကြီးက စစ်တုရင်ပွဲနိုင်သောကြောင့် ပျော်နေချိန်တွင် ယင်ဟွမ်ပြည်နယ်ပြင်ပအဝေးတစ်နေရာ၊ တားမြစ်ပင်လယ်အပေါ်တွင် အစွယ်များဖြင့် မျက်နှာစိမ်းဆိုးရွားတစေတစ်ကောင်က တိမ်များပေါ် စီးလျက်ရှိသည်။
ထိုဆိုးရွားတစေသည် ပေတစ်သောင်းအမြင့်ရှိပြီး လွန်စွာကြီးမားလွန်းလှသည်။ ၎င်း၏မျက်လုံးတို့သည် အနီရောင်ရှိပြီး တကိုယ်လုံးတွင် ကြေးခွံများဖုံးလျက်ရှိသည်။ ၎င်းခန္ဓာကိုယ်ပတ်လည်တွင် ချိန်းကြိုးများရစ်ပတ်ချည်နှောင်ထားသည်။
၎င်းဖြတ်သန်းသွားရာနေရာတိုင်း၌ အောက်ဘက်ရှိ တားမြင်ပင်လယ်တွင် လှိုင်းကြီးများထသွားလျက်ရှိသည်။
ထိုဆိုးရွားတစေ၏ ခေါင်းပေါ်တွင် လူနှစ်ဦးထိုင်လျက်ရှိသည်။
တစ်ဦးက မီးခိုးရောင်ဝတ်စုံနှင့်အဘိုးကြီးဖြစ်သည်။ သူနောက်ကျောတွင် ခါးကုန်းဘုကြီးထင်ရှားစွာရှီပြီး မျက်နှာတွင် တင်းတိတ်မှဲ့ခြောက်များဖြင့် ဖုံးလျက်ရှိသည်။ ၎င်း၏အသားအရေက ဝါကျင့်ကျင့်ဖြစ်ကာ နာမကျန်းဟန်ဖြစ်နေသည်။
သူ့ဘေးတွင်တော့ အဖြူရောင်ဝတ်စုံပြောင်တစ်ခုနှင့် မိန်းကလေးငယ်လေးတစ်ဦး ရှိသည်။ သူမက ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်ခန့်ရှိကာ ရွှင်လန်းတက်ကြွပြီး တင့်တယ်ဟန် ရှိသည်။ တစ်ချိန်တည်းမှာပင် သူမ၏သွင်ပြင်ကလည်း လှပကာ တဖျပ်ဖျပ်လက်နေသည့် ပုလဲလုံးအလား ပြစ်မျိုးမှဲ့မထင်ရှိသည်။ မျက်ခုံးများကြားတွင်တွင် ကလေးဆန်မှုအရိပ်အယောင်တို့ ရှိသည်။
သူမ၏မျက်လုံးတို့က နောက်ကျိခြင်းအလျင်းမရှိဘဲ အပြစ်ကင်းစင်မှုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့က ရေကြည်ရောင်လဲ့နေကြပြီး သူမအား သနားချစ်စိတ်တို့ အလိုလိုခံစားရစေပြီး မထိမကိုင်ရက်ဖြစ်ဖွယ် ဖန်တီးနေတော့သည်။
ထိုအချိန်တွင် အဘိုးကြီးက သူမအား တိုက်တွန်းသွေးဆောင်နေသည်။ သို့ရာတွင် မိန်းကလေးငယ်ကတော့ မကျေမနပ်ဖြစ်ကာ အနည်းငယ်စိတ်ညစ်နေဟန် ရှိသည်။
“ဖေဖေ သမီး ယင်ဟွမ်ပြည်နယ်ကိုသွားချင်သေးတယ်။”
“သမီးကို ယင်ဟွမ်းပြည်နယ်ကို မသွားနဲ့လို့ မတားပါဘူး။ ကောင်မလေး… ဒေသမြို့တော်ကို အရင်သွားကြမယ်လေ။ မင်းက အမွေအနှစ်ကို လက်ခံယူပြီးမှ ငါတို့ယင်ဟွမ်ပြည်နယ်ကို သွားကြတာပေါ့။ ဒီလိုဆို မင်းအစ်ကိုရွှီချင်းက မင်းကို တွေ့ချိန်မှာ ပိုသဘောကျမှာပဲ။ မင်းက အမွေအနှစ်ကို လက်ခံယူပြီးရင် အစွမ်းပိုထက်လာမှာပဲလေ။”
ပန်းချွမ်လမ်းက အဘိုးကြီးက ချောင်းဟန့်လိုက်ပြီး သွေးဆောင်နည်းကို ပြောင်းလိုက်သည်။
“တကယ်ပဲလား။”
လင်းအာ မှင်တက်မိသွားသည်။ ရွှီချင်းက သူမအား သဘောပိုကျမည်ဟု ကြားရလျှင်တော့ သူမအနည်းငယ်စိတ်ဝင်စားမိသွားသည်။
“ဒါပေါ့ ငါက လိမ်မလား။”
ပန်ချွမ်လမ်းကအဘိုးကြီးက ရင်ဘတ်ကိုပုတ်ကာပြောလိုက်သည်။
လင်းအာ တွန့်ဆုတ်မိသွားပြီး ယင်ဟွမ်ပြည်နယ်ဘက်သို့ ကြည့်လိုက်သည်။ ခဏတာစဉ်းစားလိုက်ပြီးနောက် သူမက ခေါင်းကို အားစိုက်ကာ ညိတ်လိုက်၏။
ပန်းချွမ်လမ်းက အဘိုးကြီးက ထိုအချင်းအရာကို မြင်လိုက်ရလျှင် ကျိတ်၍သက်ပြင်းချလိုက်ပြီးသူ့ကိုယ်သူ တွေးလိုက်သည်။
‘ကောင်မလေး အဖေက မင်းအတွက် ပြင်ပလောကနဲ့ အဆက်အသွယ်အားလုံးဖြတ်ခဲ့ပြီ။ အဖေ့နေရာကို တစ်ယောက်ယောက်ဆီက ပေါက်ကြားမိမှာပဲ စိုးရိမ်မိတယ်။ မင်းကိုယင်ဟွမ်းဒေသသွားခွင့်ပြုဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒီခွေးကောင်လေးနဲ့ မင်းနဲ့ခုချိန်ကစပြီး မတွေ့ဖြစ်အောင် ငါသေချာပေါက်လုပ်မယ်။
အဖေက မင်းအတွက် စိတ်ပင်ပန်းခံခဲ့တာပဲ။ နောင်ကျရင် ဒါတွေအားလုံးက မင်းကောင်းအတွက်ပဲဆိုတာ သမီးသိလာမှာပါ။’
‘ပြီးတော့ အဲဒီခွေးကောင်လေး။ နောင်ကျရင် မင်းရှိတဲ့နေရာတိုင်းကို ငါသေချာရှောင်မယ်။ ခွေးကောင်လေးက နယ်မြေကြီးမြို့တော်ကို ရောက်လာနိုင်မယ်လို့ ငါမယုံဘူး။’
‘ဟင်း… ငါ သူ့ကို ရန်ရှာလို့မရပေမဲ့ ပုန်းကွယ်လို့တော့ရသေးတယ်။’