← Chapters

ဒီကောင်က ငကြောင်ပဲ

Vol. 32 Ch. 478

ဒီကောင်က ငကြောင်ပဲ

Vol. 32 Ch. 478

*သူ့ဘာသာသူ အပြည့်အဝ ပျော်ရလိမ့်မယ် ဟုတ်လား*

ခိုအိချီ မသိမသာ မျက်ခုံးပင့်သွားပြီး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားရသည်။ သူ တစ်ခဏမျှ ငိုင်နေမိသည်။

ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့အစည်းသည် သူ ငယ်စဉ်ကတည်းက သူ့အပေါ် မျက်စိကျခဲ့ပြီး ထိုအချိန်မှစ၍ သူ သိုင်းပညာကို လေ့ကျင့်ခဲ့သည်။ သူ၏ ထူးခြားသော အရည်အချင်းနှင့် အလျှော့မပေးသော အကျင့်စရိုက်ကို အားထား၍ သိုင်းပညာရှင်၏ ရက်စက်သော လောက၌ သွေးခင်းလမ်းကို လျှောက်လမ်းကာ သိုင်းပညာ၏ အမြင့်သို့ တက်လှမ်းခဲ့သည်။

ဤအတောအတွင်း သူသည် မယုံနိုင်လောက်သော တာဝန်များကို ထမ်းဆောင်ခဲ့ပြီး များစွာသော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။ အမြဲတမ်း ကပ်သီးလေး လွတ်မြောက်ခဲ့သော်လည်း အခြေအနေတိုင်းက သူ၏ တိုးတက်မှု အတွက် လှေကားထစ်များအဖြစ် ပံ့ပိုးပေးခဲ့သည်။

အိုးရန်ချင်းနှင့် အခြားသူများ မဆိုထားနှင့် ခိုဂျီတောင်မှ အံ့ဩသွားလေသည်။ ထိုအခိုက်တွင် သူက ရဲ့လင်းချန်အား ရှုပ်ထွေးသော အမူအရာနှင့် ကြည့်နေလေသည်။

ခိုအိချီ၏ ခွန်အားက လုံးဝ သိသာနေသော်လည်း ရဲ့လင်းချန်က ကြည့်ကောင်းသော အရာဟု မြင်သည်ထက် မပိုချေ။ သူ့စကားက လူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။

ရဲ့လင်းချန်၏ အမူအရာက ထိုသို့ တကယ် မြင်နေပုံရသည်။

*ဒါက တကယ်လား ဒါမှမဟုတ် ဟန်ဆောင်နေတာလား*

ထိုစဉ် ရဲ့လင်းချန် ဆက်ပြောလာသည့် စကားကို သူတို့ ကြားလိုက်ရသည်။

“ငါ အရင်က မင်းတို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေနဲ့ ကြုံဖူးတယ်၊ မင်းရဲ့ ကွန်ဖူးက သာမန်ပဲ၊ သာမန်လူတွေထက် နည်းနည်းလေး ပိုသာရုံပဲ ရှိတယ်၊ မင်းက ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့သူ တစ်ယောက် သက်သက်ပဲ၊ ငါ ဆန္ဒရှိတဲ့အချိန်တိုင်း မင်းကို ငါ အနိုင်ယူနိုင်တယ်၊ မင်းအစ်ကိုကိုလည်း အတူတူပဲ၊ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက မထိုက်တန်တဲ့ ကျော်ကြားမှု ရထားတယ်လို့ ငါ အစကတည်းက ထင်နေတာ၊ သူတို့လူတွေက လူမိုက် သက်သက်ပဲ”

ခိုအိချီ၏ မျက်လုံးများက ပို၍ အေးစက်လာပြီး မသိလျင် တစ်ယောက်ယောက်အား ဝါးစားချင်နေသည်ဟု ထင်မှတ်ရသည်။ ရဲ့လင်းချန်က သူ့ကို မသိချင်ယောင်ဆောင်၍ ဆက်ပြောသည်။

“ငါ အများကြီး မျှော်လင့်မထားဘူး၊ မင်းညီကို ဖမ်းပြီးရင် မင်းကိုလည်း ဖမ်းနိုင်မယ်လို့ ငါ ထင်ထားခဲ့တာ၊ မင်းက ငါ့ကို နည်းနည်း အံ့ဩအောင် လုပ်မယ်လို့ ထင်မထားမိဘူး”

“မင်းက အဲ့လောက် မတော်နိုင်ပင်မယ့် ငါ မြင်ဖူးသမျှထဲမှာ အတွင်းအား ထုတ်နိုင်တဲ့လူက မင်း ပထမဆုံးပဲ၊ ငါ ငါ မင်းနဲ့ လက်တည့်စမ်းဖို့ ကြိုးစားရမှာပေါ့”

တကယ်တမ်းတွင် ရဲ့လင်းချန် ပြောခဲ့ဖူးသလိုပင်၊ သူသည် ထူးခြားသော အစွမ်းထက် လက်နက်များမှလွဲ၍ အခြား ဘာကိုမှ ကြောက်စရာ မရှိပေ။

တကယ်တမ်းတွင် ရဲ့လင်းချန် ပြောခဲ့ဖူးသလိုပင်၊ သူသည် ထူးခြားသော အစွမ်းထက် လက်နက်များမှလွဲ၍ အခြား ဘာကိုမှ ကြောက်စရာ မရှိပေ။ လောကက၏ သိုင်းပညာက အကန့်အသတ် ရှိသည်ဟု သူ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ အံ့ဩစရာတစ်ခု ပေါ်လာသည်။

ယင်းက ပြိုင်ဘက်ကင်းသော လူတစ်ယောက်သည် ဤလောက၌ အခြားသော ပညာရှင်များ ရှိနေသည်ကို ရုတ်တရက် ရှာတွေ့လိုက်သည့်အဖြစ်နှင့် အတူတူပင်။ ထိုပညာရှင်က အလွန် တော်နေခြင်း မဟုတ်သော်လည်း သူ့အား တက်ကြွမှု ပေးစွမ်းသည်။

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ရဲ့လင်းချန်၏ စကားများသည် အလွန် ဟိတ်ဟန်ကြီးလှသည်။ လူတိုင်းသည် အလွန် နားထောင်ရ ခက်ကြောင်း ခံစားမိနေ၏။

ခိုအိချီ မဆိုထားနှင့် ဥက္ကဋ္ဌရှုနှင့် အခြားသူများ၏ စိတ်ထဲ၌ ဝမ်းနည်းသွားလေသည်။ ရဲ့လင်းချန်သည် သွေးကြီးလွန်းပြီး အလွန် ခေါင်းမာလှသည်။

“လေကျယ်တဲ့ကောင်၊ ငါ့အစ်ကိုက အမိုက်ဆုံးပဲကွ”

ရဲ့လင်းချန်က သူ့အစ်ကိုအား အလွန် အထင်သေးနေသည်ကို မြင်သောအခါ ခိုဂျီက ချက်ချင်း ထအော်၍ ခွန်းတုံ့ပြန်လေသည်။

“ဟားဟား ရယ်ချင်စရာပဲ …”

ခိုအိချီက တစ်ကိုယ်တည်း ပြောလေသည်။ သူ့အသံက ကျယ်လာပြီး မိုးကြိုးပစ်ချသံကဲ့သို့ ဖြစ်လာသဖြင့် လူအများအား ထိတ်လန့်သွားစေသည်။

“လေကျယ်တဲ့ ကောင်စုတ်လေး၊ သိုင်းလောကမှာ ငါ နှစ်နှစ်ဆယ်လုံးလုံး ကျင်လည်ခဲ့ပင်မယ့် ဒီနေ့ မင်းလို ငကြောင်မျိုးနဲ့ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ အခု ငါ မင်းကို ဘယ်လို နေထိုင်ရမလဲ သင်ပေးမယ်ကွ”

“ခိုအိချီဆိုတဲ့ ငါ့ကို ဘယ်သူကမှ အထင်သေးဖို့ အရည်အချင်း မရှိဘူးကွ”

ထိုစကားကို ပြောပြိးနောက် သူက အားအပြည့်နှင့် ခြေဆောင့်လိုက်သည်။ ကျယ်လောင်သော ဒုန်းခနဲ အသံနှင့်အတူ သူ နင်းလိုက်သည့် နေရာက ချက်ခငျ်း အက်ကွဲသွားပြီး ကြမ်းပြင်၌ ချိုင့်ရာတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ရဲ့လင်းချန်ထံသို့ အမြောက်ဆံအလား‌ ပြေးတက်လာနေသည်။

သူ၏ ခြေထောက်အား ခပ်ပါးပါး မြူခိုးလွှာတစ်ခုက ဖုံးအုပ်နေသလိုပင်။ ထိုအဖြူရောင် မြူခိုးက ဘာမှန်း မသိသော်လည်း ဓားကို မြင်လိုက်ရသည့် သာမန်လူတစ်ယောက်ကဲ့သို့ သူ့ရင်ထဲ၌ တင်းကြပ်သလို ခံစားလိုက် ရသည်။

ထိုခြေထောက်များက သံမဏိကိုပင် ကန်ထုတ်နိုင်စွမ်း ရှိပုံရသည်။ အကယ်၍ လူတစ်ယောက်ကိုသာ ကန်မိပါက ထိုလူ၏ အရိုးများ ကျိုးကြေသွားလောက်သည်။

ထိုမျှ သန်မာသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ရဲ့လင်းချန်က ရယ်နေသည်။

“စိတ်ဝင်စားစရာပဲ၊ မင်းက ခြေထောက်သိုင်းကို ပိုအသားပေးတဲ့ပုံပဲ၊ မင်းခြေထောက်မှာ အတွင်းအား လည်ပတ်အောင်တောင် လုပ်နိုင်တယ်၊ မင်းရဲ့ အတွင်းအား ကျွမ်းကျင်မှုက အတော်လေး ကောင်းတာပဲ”

“ဒါပေမဲ့ … မင်းရဲ့ အကန့်အသတ်က အဲ့လောက်ပဲ၊ ငါ့ရဲ့ အရဟာ လက်သီးစွမ်းအင်ကို ငါ မင်းကို ပြရသေးတာပေါ့”

ရဲ့လင်းချန်က လက်ကို အသာပင့်၍ လက်သီးဆုပ်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားက ချက်ချင်း ပြောင်းလဲ သွားပြီး ပေါက်ကွဲသွားအောင် လုပ်နိုင်သည့်ပုံ ပေါ်နေ၏။

ထိုသို့သောအချိန်၌ လူတိုင်း ပင့်သက်မရှိုက်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ တစ်လောကလုံးက ခိုအိချီ၏ ခြေထောက်နှင့် ရဲ့လင်းချန်၏ လက်သီးတွင်သာ လည်ပတ်နေသည်ဟု ထင်မှတ်ရသည်။

သို့သော် ရဲ့လင်းချန်၏ လက်သီးပတ်ဝန်းကျင်မှ လေသည် စတင်၍ ပျက်ပြားလာပြီး နေသာသော နေ့တစ်နေ့၌ နေအလင်းရောင် စူးစူကို ခံလိုက်ရသကဲ့သို့ မျက်စိစူးလာစေသည်။

“သိပ်သည်းလိုက်တဲ့ အတွင်းအား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ခိုအိချီ၏ မျက်နှာထား ပြောင်းလဲသွားသည်။

သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် အတွင်းအား၏ တန်ဖိုးကို သူ ကောင်းကောင်း သိပါသည်။ ရဲ့လင်းချန်၏ အသက်က အလွန် ငယ်သေးသော်လည်း သူ၏ အတွင်းအား သိပ်သည်းမှုက ခိုအိချီထက် သာနေသည်။ မသိလျင် ရဲ့လင်းချန်က နှစ်လေးဆယ်ကြာ ကျင့်ကြံခဲ့သလိုပင်။ သို့သော် ရဲ့လင်းချန်၏ အသက်က ငယ်နေသေးပြီး မိခင် ဝမ်းဗိုက်ထဲက စလေ့ကျင့်လျင်တောင်မှ ထိုမျှ အချိန်ရနိုင်မည် မဟုတ်ပါ။

“ငါ မင်းကို တရုတ်ကွန်ဖူးအကြောင်း ပြရသေးတာပေါ့”

“ဟမ့် မင်းမှာ အတွင်းအားရှိတော့ရော ဘာအရေးလဲ”

ခိုအိချီက ပျက်ရယ်ပြုသည်။ ရုတ်တရက် သူ့လျင်မြန်မှုက တိုးလာပြီး သူ့ခြေထောက်၏ ခွန်အားကလည်း ပိုတိုးလာ လေသည်။ ရုတ်ချည်းဆိုသလိုပင် ရဲ့လင်းချန်၏ အနောက်ဘက်၌ ခြေထောက်တစ်ဖက် ပေါ်လာပြီး ရဲ့လင်းချန်၏ နောက်စေ့ကို ကန်ကျောက်လာသည်။

ထိုကန်ချက်က တွင်းထဲမှ မြွေတစ်ကောင် ပေါ်လာသလိုပင်။ ၎င်းက လျှပ်စီးအလား လျင်မြန်ပြီး အားက လေကိုပင် ခွင်းကာ အတွင်းအားက အထင်အရှား ပေါ်လာသည်။

ရဲ့လင်းချန်က ခပ်နိမ့်နိမ့် မာန်သံပေး၍ နောက်သို့လှည့်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။

ထိုလက်သီးသည် သာမန် လက်သီးနှင့် တူသော်လည်း ခိုအိချီ၏ မျက်နှာက အပြင်းအထန် ဖြူရော်သွားသည်။ ဘေးပတ်လည်မှ လေဖိအားက သူ့အပေါ် ပိကျလာသည်ကို သူ ခံစားမိသည်။ ဖိနှိပ်သော စွမ်းအင်တစ်ခုက သူ့ကို ချုပ်နှောင်လာသဖြင့် သူ ကြက်သီးပင် ထလာရသည်။

ပြင်းထန်သော စွမ်းအင်တစ်ခုက သူ့ကို လွှမ်းမိုးလာပြီး သူ တောင့်မခံနိုင်ချေ။

*နောက်ဆုတ်ရမယ်*

ခိုအိချီ၏ ရင်ထဲ၌ သတိပေးသံ ပေါ်လာသည်။ သူသည် တိုက်ခိုက်မှုကို ရပ်၍ ပြတ်ပြတ်သားသား နောက်ဆုတ်သည်။

“ဝုန်း”

သူ နောက်ဆုတ်လိုက်သည့် အခိုက်မှာပင် လက်သီးချက်က ကြမ်းပြင်ကို ထိသွားပြီး ပေါက်ကွဲသံ ထွက်ပေါ်လာ၏။

ကြမ်းပြင်တစ်ခုလုံး ထိန်းမရအောင် တုန်ခါသွားပြီး လူတိုင်း ဘယ်ညာ ယိမ်းယိုင်သွားသည်။ လက်သီးဖြင့် ထိုးမိသွားသော နေရာမှ အက်ရာများ စပေါ်လာသည်။

“လခွမ်း”

လူတိုင်း ကျိန်ဆဲလိုက်မိသည်။

ရဲ့လင်းချန်၏ လက်သီးက မထိသော်လည်း ပြင်းထန်သော အဖျက်စွမ်းအားကို ဖြစ်ပေါ်စေခဲ့သည်။

*အတွင်းအားကို ထုတ်သုံးတာ၊ ဒါ တကယ်ကို အတွင်းအား ထုတ်သုံးတာပဲ*

ခိုအိချီ စိတ်ထဲ၌ အသည်းအသန် အော်ဟစ်နေပြီး မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နှက်လာသည်။

အတွင်းအားကို ထုတ်ဖော်နိုင်သည့် အသက်ငယ်ငယ်နှင့် သိုင်းပညာရှင်က ရှားလွန်းလှပြီး သူ၏ ကျင့်ကြံမှုကလည်း ခိုအိချီထက် မနိမ့်ပေ။

တစ်ခါမျှ တိုက်ခိုက်ပြီးနောက် သူ ရဲ့လင်းချန်ကို နားလည်သွားသည်။

*ကြောက်စရာ‌ ကောင်းလိုက်တာ*

*ငါ ဒီတိုက်ပွဲကို ဆက်လို့ မဖြစ်ဘူး၊ ငါ မနိုင်နိုင်ဘူး*

ခိုအိချီ ဆုံးဖြတ်ချက် ချလိုက်သည်။ ဤတိုက်ပွဲ၌ သူ နိုင်မလား၊ ရှုံးမလား မပြောနိုင်ပါ။ သို့သော် အချိန်တိုတိုနှင့် အဆုံးသတ်ရန် ခက်လှသည်။ ကြီးမားသော ပေါက်ကွဲသံများက အခြားသူများ၏ အာရုံကို ဖမ်းစားမိမှာပင်။ သူ တရုတ်၌ လူမိသွား၍ မဖြစ်ချေ။

သို့သော် ရဲ့လင်းချန်က ခိုအိချီ၏ ဆုံးဖြတ်ချက်ကို မသိဘဲ ထပ်မံ၍ လက်သီးကို ပင့်လိုက်သည်။

“မင်းရဲ့ခွန်အား၊ လျင်မြန်မှုနဲ့ သိုင်းပညာက ယှဉ်မရဘူး၊ ဆိုတော့ အတွင်းအားပဲ ယှဉ်ကြတာပေါ့”

လက်သီးချက်နှင့်အတူ လေတိုးသံပါ ထွက်ပေါ်လာပြီး ခိုအိချီထံသို့ တိုးဝှေ့လာသည်။

ခိုအိချီ၏ ရင်ထဲ၌ ကြောက်စိတ် ဖြစ်ပေါ်လာပြီး သတိလက်လွတ် မလုပ်ရဲချေ။ သူသည် ယခင်အတိုင်း ခြေထောက်ကို မြှောက်၍ ကန်လိုက်သည်။

“ဝုန်း”

လေထဲ၌ အတွင်းအားနှစ်ခု ထိပ်တိုက်တွေ့သွားပြီး နားကွဲမတတ် ကျယ်လောင်သည့် အသံတစ်သံ ပေါ်လာသည်။

လှိုင်းတစ်ခု ရပ်သွားသည်နှင့် နောက်လှိုင်းတစ်ခု ပေါ်လာပြီး နောက်ထပ် လက်သီးချက်တစ်ချက် ရောက်လာသည်။

ခိုအိချီ မတတ်သာပဲ ထပ်မံ၍ ကန်လိုက်ရသည်။

သို့သော် ရဲ့လင်းချန်၏ လက်သီးမှ လေတိုးသံက ပြင်းထန်၍ အတောမသတ်နိုင်သော မုန်တိုင်းနှင့် ဆင်တူနေသည်။ ယင်းက ဆက်တိုက် ကျရောက်လာနေပြီး ခိုအိချီ ရုန်းကန်၍ နောက်ဆုတ်နေရကာ စိတ်ထဲ၌ အတောမသတ်နိုင်အောင် ညည်းတွားလာစေသည်။

*ဒီကောင်က ငကြောင်ပဲ၊ ငါ မြန်မြန် နောက်ဆုတ်မှ ဖြစ်မယ်*

All Chapters