← Chapters

ခေါင်းခဲစရာပဲ

Vol. 32 Ch. 480

ခေါင်းခဲစရာပဲ

Vol. 32 Ch. 480

ဤနေရာသို့ အပြေးရောက်လာသည့်သူများမှာ စစ်သည်တော်ဌာနမှ လူများ ဖြစ်လေသည်။ များစွာသော ကားများကြားထဲမှ ရင်းနှီးနေသော ဂျစ်ကားတစ်စီးကို ရဲ့လင်းချန် သတိထားမိသွားသည်။

အသံများကို ကြားပြီးနောက် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများ၏ မျက်လုံးများက ဝင်းပလာသည်။ သူတို့သည် အံ့ဩမည့်အစား ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာနေပုံ ပေါက်နေ၏။

သူတို့၏ နှလုံးသားက ကြေကွဲနေခဲ့လေသည်။

*ဟူး ဟူး … နောက်ဆုံးတော့ ငါတို့ ဒီနတ်ဆိုးနတ်ဘုရားလက်က လွတ်ပြီကွ*

ရဲ့လင်းချန် ထိုနေရာ၌ ထိုင်နေခြင်းက သူတို့အတွက် ဘယ်လောက် ဖိအားများသလဲ ဆိုသည်ကို ဘုရားသာ သိပေလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးအေးတို့ဖြင့် ရွှဲနစ်နေပြီး လှုပ်တောင် မလှုပ်ရဲချေ။

တစ်ကိုယ်လုံး နာကျင်နေသော်လည်း အနေအထားကို ထိန်း၍ နေရခြင်းက ခက်ခဲလွန်းလှသည်။ လွန်ခဲ့သော အခိုက်အတန့်က သူတို့သည် စစ်သည်တော်ဌာနမှ လူများ မြန်မြန်လာ၍ သူတို့ကို ခေါ်သွားပါတော့ဟု ဆုတောင်းနေခဲ့ကြသည်။

“ညီလေးရဲ့”

ဂျစ်ကားပေါ်မှ ဆင်းလာသူက လင်းအောင်ပင်။ လင်းအောင်သည် ရဲ့လင်းချန်ကို မြင်သည်နှင့် ချက်ချင်း အနားသို့ လျှောက်လာပြီး စောဒကတက်ဟန်ဖြင့် ပြောလေသည်။

“ငါ မင်းနဲ့ တွေ့ခဲ့တာတောင် တော်တော်ကြာသွားပြီ၊ နောက်ဆုံးတော့ မင်း ငါ့ကို ဆက်သွယ်လာခဲ့သားပဲ၊ စစ်သည်တော်ဌာနကို ဝင်ဖို့ ငါ ကမ်းလှမ်းတာကို မင်း ငြင်းခဲ့ပြီးတဲ့နောက်ပိုင်း စူပါစတား ဖြစ်လာတာပဲ”

“ကျွန်တော် စိတ်ကူးပေါက်သလို လုပ်ခဲ့တာပါ”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“စူပါစတားတစ်ယောက် ဖြစ်တာက မင်းအတွက် အရည်အချင်းတွေကို ဖြုန်းတီးပစ်တာပဲ”

လင်းအောင်သည် အလွန် မကျေမနပ် ဖြစ်နေပြီး မပြီးနိုင်သေးပေ။ သို့သော် သူက ဆက်ပြောလေသည်။

“ဒါပေမဲ့ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက တော်တော် အံ့ဩဖို့ ကောင်းတယ်၊ ဧရာမ မြွေကြီးနဲ့ လိပ်အိုကြီးလို အရာမျိုးတွေပေါ့၊ ငါ ဒီနှစ်တွေအတွင်းမှာ စစ်သည်တော်ဌာနထဲက ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီးကို မြင်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို ရောင်းတုန်းက မင်း ဘယ်လိုလုပ် ငါ့ကို သတိမရရတာလဲ၊ ငါ ရင်နာတယ်ကွာ …”

ထို့နောက် သူက အသံကို နှိမ့်၍ ပြောသည်။

“ညီလေးရဲ့၊ ဧရာမ စပါးအုံးမြွေကြီးကို အနိုင်ယူလိုက်တဲ့သူက မင်း ဟုတ်တယ်မလား၊ ငါ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်၊ အဲ့လိပ်အိုကြီးသာ တကယ် အနိုင်ရခဲ့တာဆိုရင် ဧရာမ စပါးအုံးမြွေကြီးဆီမှာ ကိုက်ရာတွေ မရှိဖို့ မဖြစ်နိုင်ဘူး”

ရဲ့လင်းချန် နှာခေါင်းသာ ပွတ်နေပြီး သူ့အား ပြန်မချေပချေ။

“သေစမ်းကွာ၊ မင်းက အံ့ဩဖို့ ကောင်းလွန်းတယ်ကွာ”

လင်းအောင်က ရဲ့လင်းချန်ကို ဝင်းပသော အကြည့်ဖြင့် ကြည့်နေသည်။

“ချီးပဲ၊ မင်း အရင်က အတွင်းအားအကြောင်း ပြောခဲ့တာကို ငါ မှတ်မိတယ်၊ ဒါပေမဲ့ ဒီလောက် ကြာနေတာ တောင်မှ ငါ အခုထိ မသိသေးဘူး၊ စိတ်တိုဖို့ ကောင်းတယ်ကွာ၊ မင်း တပည့်တစ်ယောက် လက်ခံထားတာ ကိုလည်း ငါ သိတယ်၊ မင်း ငါ့ကိုလည်း လက်ခံပါလား”

“ခင်ဗျားအဖိုး ရှိနေတာကို ဘာလို့ ကျွန်တော်က ခင်ဗျားကို သင်ပေးဖို့ လိုနေဦးမှာလဲ”

ရဲ့လင်းချန်က မျက်မှောင်ကြုတ်၍ လင်းအောင်အား အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ ဆက်မေးလိုက်လေသည်။

“ခင်ဗျားရဲ့ ရှစ်ဆပြင်းထန် လက်သီးသိုင်းရော ဘယ်လိုလဲ”

“ရှစ်ဆပြင်းထန် လက်သီးသိုင်းက ငါ့မိသားစုရဲ့ သိုင်းပညာလေ၊ အဲ့တော့ ဘာများ ပြောစရာ ရှိလို့လဲ”

လင်းအောင်က ပြန်ပြောသည်။

“အင်း … ကျွန်တော် ခင်ဗျားကို အဆင့်မြှင့်ထားတဲ့ ရှစ်ဆပြင်းထန် လက်သီးသိုင်းကို သင်ပေးမယ်၊ ခင်ဗျား သေချာ လေ့ကျင့်ရင် အတွင်းအား မသုံးနိုင်ရင်တောင်မှ ခင်ဗျားခွန်အားက အောက်ကျမှာ မဟုတ်ဘူး”

ရဲ့လင်းချန်က ပြုံးနေ၏။

ရှစ်ဆပြင်းထန် လက်သီးသိုင်းကို လင်းမိသားစုထံမှ လေ့လာခဲ့ခြင်း ဖြစ်ပြီး ရဲ့လင်းချန်က ရှုနန်ကို သင်ပေးခဲ့ပြီး ဖြစ်သဖြင့် လင်းအောင်ကို သင်ပေးခြင်းက ဖြစ်သင့်ပေသည်။

“ညီလေးရဲ့က တွေးတတ်တာပဲ”

လင်းအောင်သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲလာပြီး သူ့လက်များအား မျှော်လင့်တကြီး ပွတ်လေသည်။

“ငါ အတွင်းအား ထုတ်နိုင်ဖို့ တစ်ဆင့်လောက်ပဲ ဝေးတော့သလို ခံစားနေရတယ်”

“ဒါနဲ့ ညီလေးရဲ့၊ အဲ့ဒီ လိပ်အိုကြီးက မြင့်မြတ်တဲ့အရာနော်၊ မင်း အဲ့ဒါကို ကောင်းကောင်း ဂရုစိုက်မှရမယ်၊ မင်း အချိန်ရရင် ငါ့ကို လာလေ့လာဖို့ ဖိတ်ပါဦး”

“အင်း ပြဿနာ မရှိပါဘူး”

ရဲ့လင်းချန် ခေါင်းညိတ်လုကိ်သည်။ လိပ်အိုကြီး၏ တည်ရှိမှုကို စစ်သည်တော်ဌာနက သတိပြုမိသည့်ပုံပင်။ သို့သော် ရဲ့လင်းချန်ကိုယ်တိုင်က အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသဖြင့် မည်သူကမျှ ဘာမှမပြောရဲချေ။ သူ၏ ထူးခြားသော အဆင့်အတန်းက သူ့အား အတော်လေး အဆင်ပြေစေသော အချိန်များလည်း ရှိပါသည်။

“တကယ် ထူးဆန်းတယ်၊ ဒီနေ့ ဘာလို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက လူတွေက တော်တော် ပူးပေါင်းနေတာပါလိမ့်၊ သူတို့ တစ်ချက်လေးမှ မကျေနပ်ကြောင်း မညည်းဘူး၊ ပုံမှန်ဆို သူတို့က ရုန်းကန်ပြီး အော်ဆဲနေတာလေ”

လင်းအောင်က ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများကို ကြည့်ပြီး တီးတိုးပြောသည်။

ဤလူများက မြန်နိုင်သမျှ မြန်မြန် အဖမ်းခံရရန် မည်မျှ စိတ်အားထက်သန်နေသလဲ ဆိုသည်ကို သူ မသိနိုင်ပါ။ ရဲ့လင်းချန်နှင့် တစ်ချိန်လုံး အတူ ရှိနေခြင်းက သူတို့အတွက် အလွန် စိတ်ညစ်စရာ ကောင်းလှသည်။

ထိုသို့သောအချိန်၌ စစ်သည်တော်တစ်ယောက်က အနားလာပြီး လင်းအောင်အား နာမည်စာရင်းတစ်ခု ပေးလေသည်။

လင်းအောင်သည် အစက သာမန်ကာလျှံကာသာ ဖွင့်ကြည့်လိုက်သော်လည်း တစ်ခဏကြာသော် မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာ၏။

သူသည် နာမည်စာရင်းကို ကျစ်နေအောင် ဆုပ်ကိုင်၍ မယုံနိုင်ဟန်ဖြင့် ရေရွတ်လေသည်။

“ခိုအိချီ၊ ခိုဂျီလား၊ ဒါ အမှန်ပဲဆိုတာ မင်း သေချာရဲ့လား”

စစ်သည်တော်က ခေါင်းညိတ်ပြသည်။

“ဟုတ်ပါတယ်”

“လခွမ်း”

လင်းအောင် မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်။ သူက ရဲ့လင်းချန်ကို ပြန်ကြည့်၍ မေးလိုက်သည်။

“ညီလေးရဲ့၊ ဒီတစ်ခေါက် မင်း ဖမ်းမိတဲ့လူတွေရဲ့ နောက်ခံကို မင်း သိလား”

လင်းအောင်သည် ရဲ့လင်းချန်ထံမှ ဖုန်းရလာပြီးနောက် ပြေးလာခဲ့ခြင်း ဖြစ်ပြီး ဤနေရာ၌ မည်မျှ အထင်ကြီးစရာ ကောင်းသော လူများ ရှိနေသလဲ ဆိုသည်ကို မသိပေ။ သို့မဟုတ်ပါက စစ်သည်တော်ဌာနက လင်းအောင်ကိုပဲ လွှတ်လိုက်မည် မဟုတ်ပါ။

“သူတို့က ပလက်တီနမ်အဆင့် အဖွဲ့ဝင်တွေပဲ မဟုတ်ဘူးလား၊ ဘာများ ရေးကြီးခွင်ကျယ် လုပ်စရာ လိုလို့လဲ”

“ပလက်တီနမ် အဖွဲ့ဝင်လေးပဲ ဟုတ်လား၊ ပလက်တီနမ် အဖွဲ့ဝင်တစ်ယောက်က ဘယ်လောက် အဆင့်မြင့်လဲ မင်း သိလား၊ ဂျပန်နိုင်ငံတစ်ခုလုံးက သူတို့ကို သူတို့ရဲ့ ရတနာလို သဘောထားတာကွ၊ မင်းကွာ … တော်တော် ဟန်ဆောင်ကောင်းတာပဲ”

လင်းအောင် အလွန် စိတ်လှုပ်ရှားနေလေသည်။

“ညီလေးရဲ့၊ မင်း တစ်ဝိုင်း ကျွေးရမယ်၊ မင်း ဒီတစ်ခေါက် လုံးဝကို အချီကြီး မိတာပဲ၊ ဒါ အောင်မြင်မှုကြီးပဲကွ”

တရုတ်နိုင်ငံ၏ အမြင်တွင် ပလက်တီနမ် အဖွဲ့ဝင်များသည် ကြောက်စရာကောင်းသော မိုဘိုင်းဗုံးနှင့် ညီမျှသည်။ ထိုအဖွဲ့ဝင်တစ်ယောက်တွင် မကြားဖူးသော ခွန်အားမျိုး ရှိပြီး အချိန်မရွေးနှင့် နေရာမရွေး ထပေါက်နိုင်သော အလားအလာ ရှိလေသည်။

ခိုအိချီကို ရဲ့လင်းချန် ဖမ်းမိခဲ့ခြင်းက စစ်သည်တော်ဌာန တစ်ခုလုံးကို အောင်ပွဲခံစေရန် လုံလောက်ပေသည်။

“မင်းကို အလယ်အလတ်အဆင့် စစ်သည်တော်အဖြစ် အခုလေးတင် အတည်ပြုလိုက်တယ်၊ ဒီတစ်ခေါက် မင်းရဲ့ လုပ်ဆောင်မှုကောင်းကြောင့် မင်း အနိမ့်တန်း စောင့်ကြည့်ရေးသမားအဖြစ် ရာထူးတိုးလောက်တယ်”

လင်းအောင်က တအံ့တဩ ပြောသည်။

အဖမ်းခံရသူက ပလက်တီနမ်အဆင့် ဖြစ်သည်။ လင်းအောင်သည် မောက်မာသော်လည်း သူတို့ထံမှ လက်သီးချက် တစ်ချက်ပင် သူ တောင့်မခံနိုင်မှန်း သိပါသည်။ သို့သော် ရဲ့လင်းချန်က သူတို့ကို အလွယ်တကူ အရှင် ဖမ်းနိုင်ခဲ့သည်။ နှိုင်းယှဉ်ကြည့်လျင် သူတို့နှစ်ယောက်၏ ကွာခြားသော အဆင့်များကို သိသိသာသာ မြင်နိုင်ပေသည်။

ရဲ့လင်းချန်က ဧရာမ စပါးအုံးမြွေကြီးအား ဖမ်းနိုင်ခဲ့သည်ကို ပြန်တွေးမိပြီးနောက် လုံးဝ ဖြစ်နိုင်ကြောင်း သူ တွေးမိကာ စိတ်အေးသွားသည်။

လင်းအောင်၏ အဘိုးသည် စူးရှသော အမြင်ရှိသူ ဖြစ်သည်။ ရဲ့လင်းချန်က သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်လေသည်။ လင်းအောင်နှင့် ရဲ့လင်းချန်တို့ မတွေ့ဖြစ်သည်က ဘယ်လောက်မှ မကြာသေးသော်လည်း ယခု လင်းအောင်က ရဲ့လင်းချန်ကို မော်ကြည့်နေရလေပြီ။

အရေးကြီးသော လူများကို ဖမ်းမိခဲ့သဖြင့် လင်းအောင်သည် ကြာကြာ မနေရဲတော့ဘဲ မြန်မြန် ပြန်ရန် အသင့်ပြင်လေသည်။

“ဒါနဲ့ စကားမစပ် ကျွန်တော် ကျွန်းတစ်ကျွန်း ဝယ်ချင်လို့၊ ခင်ဗျား ကျွန်တော့်ကို ကူညီပေးနိုင်မလား”

ရဲ့လင်းချန်က လင်းအောင်ကို ကြည့်၍ ရုတ်တရက် မေးလိုက်သည်။

“မင်းက ကျွန်းတစ်ကျွန်း ဝယ်ချင်တာလား”

လင်းအောင် အနည်းငယ် အံ့ဩသွားသည်။

“မင်းက အဲ့လောက် ချမ်းသာတာလား”

ထို့နောက် သူက ဆက်ပြောသည်။

“လူအများစုမှာ ကျွန်းဝယ်နိုင်တဲ့ အစွမ်းအစ မရှိပင်မယ့် မင်းကတော့ မတူဘူး၊ မင်းက စစ်သည်တော်ဌာနရဲ့ အဖွဲ့ဝင်တစ်ယောက် ပြီးတော့ ချီးမွမ်းထိုက်တဲ့ တာဝန်တွေ အများကြီး လုပ်ဆောင်ခဲ့တာ၊ ဒီနေ့ မင်းအောင်မြင်မှုက ပိုတောင် ကြီးသေးတယ်၊ မင်း အနိမ့်တန်း စောင့်ကြည့်ရေးသမား ဖြစ်လာတာနဲ့ မင်း ကျွန်းတစ်ကျွန်း ဝယ်ဖို့ အရည်အချင်း ပြည့်မီတယ်၊ မင်း အဲ့ကိစ္စနဲ့ ပတ်သက်ပြီး တကယ် အလေးအနက် ပြောတာဆိုရင် မင်း ချက်ချင်း လျှောက်လွှာတင်နိုင်အောင် ငါ ကူညီပေးနိုင်တယ်”

“ဒါဆို အဆင်ပြေတယ်၊ ကျွန်တော် အစ်ကိုကြီးလင်းကို ဒုက္ခပေးမိပြီ”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူးကွာ၊ မင်းက ယဉ်ကျေးလွန်းနေပြီ”

လင်းအောင်က ဘာမှမဖြစ်ဟန်ဖြင့် လက်ခါပြသည်။

“ရှစ်ဆပြင်းထန် လက်သီးသိုင်းရဲ့ အဆင့်မြှင့်ထားတဲ့ သိုင်းကျမ်းကို ရတဲ့အတွက် ကျေးဇူးတင်သင့်တာက ငါပါ”

စစ်သည်တော်ဌာနမှ လူများက ရောက်လာပြီးသည်နှင့် အလျင်စလို ထွက်သွားကြသည်။ လင်းအောင်သည် သူ့၌ ကြီးလေးသော တာဝန်ဝတ္တရား ရှိသည်ဟု ခံစားမိပြီး မျက်နှာအမူအရာက လေးနက်လာသည်။

သို့သော် လင်းအောင်သည် မထွက်သွားခင်၌ ရဲ့လင်းချန်အား အလွန် ထူးဆန်းစွာ ကြည့်၍ ပြောလေသည်။

“ငါ့ညီမက အမြဲတမ်း မင်းကို တွေးနေတာ၊ မင်း သူ့ကို မမေ့လောက်ပါဘူး ဟုတ်တယ်မလား”

စကားပြောပြီးနောက် သူသည် ရဲ့လင်းချန် ပြန်ပြောသည်ကို မစောင့်ဘဲ ဒွိဟဖြစ်နေသော အမူအရာနှင့် လျင်မြန်စွာ ထွက်သွားလေသည်။

ရဲ့လင်းချန်သည် မာနကြီးသော်လည်း သတ္တိရှိသည့် မိန်းမပျိုလေးကို စဉ်းစားမိပြီးနောက် မချိပြုံးပြုံး၍ ခေါင်းခါ လိုက်မိသည်။

“ငါက အဲ့လောက် တော်တာလား၊ မိန်းကလေးတွေ အများကြီးက ငါ့ကို တွေးနေလို့ အံ့ဩမိသား၊ ခေါင်းခဲစရာပဲကွာ…*

All Chapters