← Chapters

လီလော့ရဲ့ပန်းတိုင်.... *

Vol. 30 Ch. 416

လီလော့ရဲ့ပန်းတိုင်.... *

Vol. 30 Ch. 416

လှိုင်းလုံးကြီး၏မြည်ဟီးသံကို သူတို့နားထဲတွင် ကြားနေရဆဲဖြစ်ပြီး ပွဲကြည့်စင်မြင့်ထိတိုင်အောင် ရေစက်များလွှင့်စင်ကုန်လေသည်။

လုကျန်း ဤမျှလောက် စွမ်းဆောင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ လီလော့ ကို ရေကန်အောက်ခြေထိ နစ်မြှုပ်စေခဲ့သည်။

ထိုမြင်ကွင်းကို ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုထ္တအဆင့်ရောက်နေသော ကျောင်းသားတွေတောင် တအံ့တသြကြည့်နေကြရသည်။

ထင်ရှားသည်မှာ၊ လုကျန်းဘက်က အချိမ်မစေ့ခင် တိုက်ပွဲကို အပြီးသတ်ရန် မျှော်လင့်နေပုံရသည်။

"လုကျန်း က သူ့ရဲ့ အမြွှာမြွေနဂါးကျိန်စာ ကို ထုတ်သုံးလိုက်တာနဲ့ တိုက်ပွဲက တစ်နည်းမဟုတ် တစ်နည်း ပြီးသွားပြီလို့ထင်နေပုံပဲ.."

ကျောက်ဟွေရင်းက အခြားသောအပြာရောင်ချောက်နက်ကောလိပ်မှကျောင်းသားများကိုလှည့်ပြောလိုက်သည်။

အမြွှာမြွေနဂါးကျိန်စာသည် လုကျန်း၏ ခန္ဓာကိုယ်အတွင်း စွမ်းအင်အရင်းအမြစ်နှစ်ခုလုံးကို သိုလှောင်ထားနိုင်သော်လည်း ခွန်အားကိုတဒင်္ဂသာမြှင့်တင်ပေးနိုင်သည်။ လုကျန်း ထိုအခြေအနေသို့ရောက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲသည် ပြီးဆုံးသွားသင့်သည်။

လုကျန်း၏အဆင့်တွင် မည်သည့်ပြိုင်ဘက်ကမျှ ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။

"လီလော့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုက အရမ်းကောင်းတယ်...ဒါပေမယ့် လုကျန်းတို့ ညီအကိုတွေနဲ့တွေ့ရတာ ကံဆိုးတယ်လို့ပဲပြောရမယ်.... သူတို့ရဲ့ ထူးခြားတဲ့ မွေးရာပါ ပဲ့တင်ထပ်သံတွေကဆက်စပ်နေတယ်လေ.... ပေါင်းစပ်မှုက တိုတောင်းပေမယ့် လီလော့ရဲ့စွမ်းအားကို အနိုင်ယူနိုင်မှာ သေချာတယ်”

ကျောက်ဟွေရင်းက ကျေနပ်တဲ့အပြုံးမျိုးပြုံးနေလေ၏။

"ဝင်ခွင့်ပြိုင်ပွဲက ငါတို့အပြာရောင်ချောက်နက်ကောလိပ်အတွက် သေချာနေပြီ... "

အခြား ကိုယ်စားလှယ်များက သက်သာရာရစွာ ရယ်မောလိုက်ကြသည်။ ပြိုင်ပွဲ၏ပထမတစ်ဝက်လောက်တွင် အခြေနေမကောင်းခဲ်သော်လည်း ယခုချိန်တွင်ကစားပွဲကိုပြောင်းပြန်လှန်နိုင်ခဲ့ပြီမဟုတ်လော....

သူတို့ဒီပွဲကိုသာ အောင်နိုင်ရင် အပြာရောင်ချောက်နက်ကောလိပ်ရဲ့ ဂုဏ်သတင်းက တဟုန်ထိုးတက်လာလိမ့်မည်။ ပိုမိုကောင်းမွန်သော ဂုဏ်သတင်းဖြင့် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်တော့မည်ဖြစ်သည်။

မင်းသမီးနှင့်ကုန်းရှန်းကျွင်းတို့လို ထိပ်တန်း ကျောင်းသားများသည်ပင် အံ့သြနေကြရသည်။ သူတို့၏ အားကောင်းသော အမြင်အာရုံကြောင့် မည်မျှ ပြင်းထန်သော တိုက်ခိုက်မှုဖြစ်သည်ကိုကောင်းစွာတွေ့မြင်နေရသည်။

လီလော့ အပေါ် ခိုင်မာစွာ ယုံကြည်ထားသည့် မင်းသမီးပင်လျှင် သံသယ ရှိစပြုလာခဲ့ပြီ။

သူတို့အားလုံး လုကျန်းကို လျှော့တွက်ခဲ့မိကြသည် ။

"ခေါင်းဆောင်!"

ပိုင်မျန်မျန် ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည် ။

"ချီးလိုပဲကွာ....အပြာရောင်ချောက်နက်ကောလိပ်က ခွေးသားတွေက ကောင်းကောင်းကြီးလှည့်စားနေကြတယ်..."

ယုလန်ကတော့ မျိုးစုံကျိန်ဆဲနေလေ၏။

"ဘယ်လိုခွန်အားမျိုးလဲ ငါသာဆိုရင် လုံးဝကို မသန်မစွမ်းဖြစ်နေပြီ"

ချင်ဇူလုကလည်း လွှတ်ကနဲရေရွတ်လိုက်သည်။

လုချင်းအာ တိတ်ဆိတ်နေပြီး ဆုတောင်းနေသကဲ့သို့ သူမ၏လက်များကို တင်းတင်းဆုပ်ကိုင်ထားသည်။

သူမသည် ကျောက်စိမ်းကဲ့သို့ ပြေပြစ်သော မျက်နှာထားရှိသော ကျန်းချင်းအာ ကို ကြည့်လိုက်သည့်အခါ ကျန်းချင်းအာက လုံးဝ အထိတ်တလန့် မဖြစ်ဘဲ လုချင်းအာကို နှစ်သိမ့်ပေးနေသည်။

"စီနီယာကျန်း...လီလော့ အဆင်ပြေပါ့မလား...?"

"လုကျန်းက အရမ်းသန်မာတယ်" ကျန်းချင်းအာက လှိုင်းလုံးတွေ ငြိမ်နေတာကို ကြည့်ရင်း ပြောလိုက်သည်။

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာရှိတဲ့ ဘယ်ကျောင်းမှာမဆို သူ့ကို အကောင်းဆုံးတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံရမှာပဲ....အပြာရောင်ချောက်နက်ကောလိပ်က ဒီလို ထူးဆန်းတာမျိုးကို ဝှက်ဖဲအဖြစ်ထုတ်သုံးတာ ထူးဆန်းနေတာမှမဟုတ်တာ..."

"ဒါပေမယ့် သန်မာတိုင်းအနိုင်ရမယ်လို့မှမသတ်မှတ်ထားတာ...လီလော့က တခြားဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ငါ မသိပေမယ့် လုကျန်းရဲ့ တိုက်ခိုက်မှုကို သူ ရှောင်တိမ်းဖို့ မကြိုးစားခဲ့ဘူးလို့ ခံစားနေရတယ်.... ဆန့်ကျင်ဘက်အနေနဲ့ သူက တိုက်ခိုက်မှုကို ကြိုဆိုနေပုံရတယ်....."

လုချင်းအာ မေးရိုးပြုတ်ကျလုမတတ်အံ့သြသွားရှာသည်။

"စီနီယာ...ဘာကိုပြောနေတာလဲ?"

"တစ်ခုခုပေါ့..."

ကျန်းချင်းအာက ပခုံးတွန့်ပြီး ရှေ့ဘက်သို့ ပြန်လှည့်သွားသည်။

လုချင်းအာ အနည်းငယ် စိတ်တိုသွားသော်လည်း သူမ ထိန်းချုပ်ထားလိုက်တော့သည်။ မည်သို့ပင်ဆိုစေ၊ ကျန်းချင်းအာ ၏စကားများက သူမ စိတ်ကို အနည်းငယ်သက်တောင့်သက်သာဖြစ်စေခဲ့သည်။ လီလော့အကြောင်းကို ကျန်းချင်းအာကလွဲရင် မည်သူမျှကောင်းကောင်းနားလည်နိုင်ကြမည်မဟုတ်ပေ။

လုကျန်းသည် သန်မာသော်လည်း လီလော့ နှင့် တွဲလုပ်ဖူးသူများအနေဖြင့် မဖြစ်နိုင်သော အခြေအနေများကို ကျော်လွှားတတ်သော လီလော့အကြောင်းကို လုချင်းအာလည်း သိရှိနားလည်ပြီးဖြစ်သည်။

လုကျန်းက လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်နေနိုင်သော်လည်း လီလော့တွင် ဝှက်ဖဲကုန်ပြီဟု ဘယ်သူပြောနိုင်မည်နည်း။

...........

ကန်အောက်ခြေမှာတော့.......

လီလော့၏ လက်များ နာကျင်နေပြီး လတ်ဆတ်သော သွေးများ ရေထဲသို့ လွတ်လွတ်လပ်လပ် စီးဆင်းနေ၏။ သူ့ပခုံးတစ်ဝိုက်တွင် မှိုင်းညိုရောင် အကွက်များ ဖြစ်ပေါ်နေပြီး ၎င်းတို့အတွင်း၌ ပဲ့တင်ထပ်သံ စွမ်းအားတစ်မျိုးကပြင်းထန်စွာလှိုက်စားနေလေ၏။

ဤသည်မှာ လုကျန်း၏ ပဲ့တင်ထပ်သံစွမ်းအားများသာပင်.....

ယခင်က ထိုးနှက်ချက်ကြောင့် လီလော့ ဒဏ်ရာပြင်းထန်စွာရခဲ့သည်။

သူ့ခန္ဓာကိုယ်က ဆိုးရွားတဲ့ အနေအထားမှာ ရှိနေပေမယ့် သူ့အမူအရာက အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေသည်။ အကြောက်တရားမရှိ၊ ထိတ်လန့်ခြင်းမရှိဘဲ ထူးထူးခြားခြား၊ ကျေနပ်နေသည့်ပုံရသည်။

ဒီလိုမျိုး ပြိုင်ဘက်မရှိတာကြာပြီ.....

လုကျန်းသည် သူ့အတွက် အကောင်းဆုံး ယှဉ်ပြိုင်ကစားရန် ထိုက်တန်သူဖြစ်သည်။

အပေါ်က လုကျန်းရဲ့ အရိပ်ကို မြင်ဖို့ တောက်ပြောင်နေတဲ့ ရေပြင်ကို မော့ကြည့်လိုက်သည့်အခါ နှစ်ဉီးသား မျက်လုံးချင်းဆုံသွားခဲ့ကြသည်။

လုကျန်း၏အမူအရာ အနည််းငယ် မည်းမှောင်သွားပြီး သူ၏အစိမ်းရောင်စပါးအုံးမြွေလှံ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

"လာစမ်းပါ ..... မင်းမှာဘာရှိသေးလဲ ?"

လီလော့၏ ထီမထင်သည့်မျက်နှာပေးက သူ့ကို ဒေါသထွက်စေသည်။

ဒီကောင် ဒီလောက်အရိုက်ခံထားရတာတောင် စောက်ကြောတင်းနေတုန်းပဲလား....

"မင်းအရှုံးပေးတဲ့အထိ ရိုက်ပြမယ်!"

ဘုန်းးးးးးး

တဖန် လုကျန်းထံမှ အနီရောင်နှင့် အနက်ရောင် စွမ်းအားများ ထွက်လာပြီး ဤတစ်ကြိမ်တွင် စပါးအုံးမြွေစိမ်း လှံတံဆီသို့ ရောက်ရှိသွားသည်။

အနီရောင်နှင့် အနက်ရောင် စွမ်းအားများသည် စပါးအုံးမြွေစိမ်းလှံဆီသို့ ဆက်လက် စီးဝင်နေပြီး ရေကန်တစ်ခုလုံးကို အဆိပ်သင့်နေသကဲ့သို့ မည်းနက်သွားစေခဲ့သည်။

လုကျန်း ​ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။

ဖျန်းးးးးးးးး

ကန်ရေသည် သူ့ခြေရင်းအောက်တွင် နှစ်ပိုင်း ကွဲသွားကာ အနက်ရောင်နှင့် အနီရောင် ပဲ့တင်ထပ်သံ စွမ်းအားများက လျင်မြန်လှသောမြွေနှစ်ကောင်သဖွယ် လီလော့ ဆီသို့ ဦးတည်သွားကြသည်။

သူ၏ တိုက်ခိုက်မှုကြောင့် ရေကန်တစ်ခုလုံး ဆူပွက်သွားသည်။

လူတိုင်း အသက်ရှုကြပ်ပြီး ခရမ်းအဆင့်နည်းပြများပင်လျှင် တိုက်ပွဲကို ရပ်တန့်ရန် အဆင်သင့်ပြင်နေကြသည်။

ဒီတိုက်ခိုက်မှုက အရမ်းပြင်းထန်လွန်းတယ်... အခြေအနေဆိုးရင် လီလော့ အသက်မရှင်နိုင်မည်မဟုတ်ပေ။

ရေကန်၏အောက်ခြေတွင် လီလော့သည် နုံးများကြားထဲကနေ လှံချက်များကိုရှောင်တိမ်းနေရသည်။

ထိမိရင် သေသွားနိုင်သည်အထိ ပြင်းထန်လွန်းလှသည်တကား.....

ရွှေနဂါးတာအိုနယ်မြေမှာတွေ့ခဲ့တဲ့ လင်းစွော်ထက်တောင် အားပြင်းနေသေးသည်။

သေလုနီးပါး ပြင်းထန်သော အန္တာရယ်ကျရောက်ချိန်တွင် အာရုံငါးပါးလုံး တိတ်ဆိတ်အေးချမ်းသွားပြီး ကမ္ဘာလောကကြီးတစ်ခုလုံးငြိမ်သက်သွားသလိုခံစားလိုက်ရသည်။ယခုချိန်တွင် ရေလှိုင်းများ၏ လှပမှုနှင့်အေးမြမှုသဘောသဘာဝတို့ကို အရင်ကထက်ရှင်းလင်းပြတ်သားစွာအာရုံခံစားနေရ၏။

ထို့နောက် သူ့ကို အပေါ်သို့ ဖိနှ်ပ်နေသော ရေဖိအားများနှင့်အပေါ်စီးမှ ဆင်းသက်လာသော ပဲ့တင်ထပ်သံစွမ်းအားများကိုလည်း မခံစားရတော့ပေ။

သူ့နှလုံးခုန်သံက တည်ငြိမ်နေပြီး ခပ်တ်ုးတိုးခုန်လှုပ်နေသောကြောင့်သာ အသက်ရှင်နေသေးကြောင်း သိရှိနိုင်ခဲ့သည်။

လီလော့က ပြုံးလိုက်သည်။

“ဟုတ်တယ်။ ဒါပဲ...."

မျက်စိမှိတ်ထားပြီး ပဲ့တင်ထပ်သံ နန်းတော်ဆီ အာရုံစိုက်လိုက်သည့်အခါ ရေအလင်းပဲ့တင်ထပ်သံနန်းတော်ထဲရှိ မျိုးစေ့သည်

တောက်ပနေပြီး စွမ်းအင်လိုင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

တမာန်တော်သစ်ခေါင်းပေါက်တွင် အထူးလေ့ကျင့်ခဲ့စဉ်က သစ်သားပဲ့တင်ထပ်သံ၏ဆင့်ကဲဖြစ်စဉ်ကို အပြီးသတ်နိုင်ခဲ့ပြီး ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်သို့ တရားဝင်ရောက်ရှိခဲ့သည်။ သို့သော် ၎င်းသည် တစ်စိတ်တစ်ပိုင်း ဆင့်ကဲဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး ရေအလင်း ပဲ့တင်ထပ်သံသည် ထိုအခြေအနေသို့ မရောက်ခဲ့သေးပေ။

စမ်းသပ်မှုများမှတစ်ဆင့် လီလော့ သည် နောက်ဆုံးတွင် ဖြစ်နိုင်ခြေရှိသော သီအိုရီတစ်ခုကို ရှာတွေ့ခဲ့ပြီး ၎င်း၏ ရေအလင်းပဲ့တင်သံသည် သစ်သားပဲ့တင်ထပ်သံနှင့် နှိုင်းယှဉ်ပါက အဆင့်ပိုမိုမြင့်မားသည်။ ထို့အတွက်ကြောင့် တိုးတက်ရန် ပိုမိုခက်ခဲလာပြီး ဖိအားများစွာ လိုအပ်လာသည်။

လီလော့ အစပိုင်းတွင် ခက်ခဲမည်ဟုထင်ခဲ့သော်လည်း ယခုအခါ ၎င်းကို ကျော်ဖြတ်ရန် နည်းလမ်းတစ်ခု ရှိနေပြီဖြစ်သည်။

ဒါဟာ လီလော့ရဲ့ စစ်မှန်တဲ့ ပန်းတိုင်ဖြစ်နေလေ၏။

သူသည် လုကျန်း၏ တိုက်ခိုက်ခြင်းမှ ဖိအားကို အသုံးပြု၍ ရေအလင်းပဲ့တင်ထပ်သံကို ဆင့်ကဲပြောင်းလဲအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

***

All Chapters