တားမြစ်လက်နက်ထိန်း
Vol. 33 Ch. 490
ရွှီချင်းသည် နေဝင်ချိန်တွင် ထိုဂေဟာဆောင်မှ ထွက်လာသည်။
သူက ထိုနေရာတွင် အတန်ကြာနေခဲ့ပြီး ဆရာဖြစ်သူနှင့် စစ်တုရင်ပွဲတချို့ ထပ်မံကစားသည်။ ကစားပွဲအားလုံး သူ ရှုံးသွားပြီးနောက်တွင်တော့ အမှတ်ခုနစ်သခင်ကြီးက ဆက်၍ ရယ်မောနေ၏။
ရွှီချင်းသည် ကစားပွဲတိုင်းတွင် အတွေးနက်ဟန်ဖြင့် စစ်တုရင်အား အလေးအနက် ကြည့်လေ့ရှိသည်။ တစ်ချက်တစ်ချက်တွင် သူက အတွေးထဲသို့ နစ်မြုပ်နေရင်း ဘေးတွင်ရှိသည့် မုန့်ကို အလိုလိုကောက်ယူကာ စားသည်။
ထိုမုန့်ကိုစားရင်း အတွေးကို အားဖြည့်သည်။
ဟင်…
မုန့်သည် လွန်စွာ အရသာရှိ၏။ ရွှီချင်း ထိုမုန့်အား စားဖူးခြင်း မရှိပေ။
ထိုမုန့်အား စားပြီးနောက်တွင် သူ့ခန္ဓာကိုယ်ထဲ၌ မှော်စွမ်းအားတို့ အလိုလို လည်ပတ်လာသည်။ ထိုမုန့်လုပ်သည့် ပါဝင်ပစ္စည်းများထဲတွင် အစွမ်းထက်ဆေးများ ပါဝင်ကြောင်း ထင်ရှားသည်။
သူ့အတွေးနက်ဟန်က အမှတ်ခုနစ်သခင်ကြီးအား စိတ်များ ပို၍ ကြည်သာစေ၏။
ထိုတစ်နေကုန်သည်အထိ ဆရာတပည့်နှစ်ဦးတို့အား နှောင့်ယှက်သူ မရှိကြပေ။ အစေခံက ရွှီချင်းအား မုန့်ကိုးကြိမ်မြောက်တည်ခင်းပေးပြီး ကုန်စင်သွားတော့မှ ရွှီချင်းက သက်ပြင်းချလိုက်၏။
“ဆရာ တပည့်အရှုံးပေးပါပြီ။”
ရွှီချင်းက လေးစားသည့်ဟန်ဖြင့် မတ်တပ်ရပ်ကာ အမှတ်ခုနစ်သခင်ကြီးထံ ဦးညွှတ်လိုက်၏။ အမှတ်ခုနစ်သခင်ကြီး၏ ကျေနပ်အားရမှုအသွင်တွင် ရွှီချင်းက ကောင်းကင်သို့ ကြည့်လိုက်ပြီး နှုတ်ဆက်၏။
ရွှီချင်းထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီးနောက် အမှတ်ခုနစ်သခင်ကြီးက မုန့်များနှင့် ပတ်လည်က ပန်းကန်များကို တစ်ချက်ဝေ့ကြည့်သည်။
“ကိုးပန်းကန်တောင် စားသွားပါတယ်…”
ဘေးက အစေခံကြီးသည် ပြုံး၏။
“ဟင်း ငါက အိုလာပြီပဲ။ လူငယ်မျိုးဆက်တွေ ငါဆီလာပြီး အရင်ကထက် အဖော်ပြုပေးစေချင်တယ်။ ဒါပေမဲ့ တိုက်ရိုက်ပြောဖို့ကလည်း မသင့်တော်ဘူး။ မင်းအကြံက မဆိုးဘူး။ နောက်ပိုင်း မုန့်တွေထပ်ဝယ်ထားဦးမယ်။ ဒါဆို ငါ့ဆီနေ့တိုင်း သူတို့အကြောင်းရှာပြီး လာမှာပဲ။”
အမှတ်ခုနစ်သခင်ကြီးက ပြုံးလိုက်ပြီး ခံစားချက်ပါသည့်မျက်လုံးတို့ဖြင့် နန်ဟွမ်ပြည်နယ်ဘက်သို့ ကြည့်သည်။
“ဒုတိယနဲ့… ဟွမ်ရန်တို့ကတော့ နန်ဟွမ်ပြည်နယ်ကိုပြန်သွားပြီ။ သူတို့မသွားခင်မှာ ဒုတိယက ဝန်လေးနေတာကို ငါခံစားလိုက်မိသေးတယ်။ ဒါပေမဲ့ သူတို့က နန်ဟွမ်ဒေသကိုသွားတာ ကောင်းတာပဲ။ အဲဒီမှာသူလည်း အနိုင်ကျင့်ခံရစရာ ရှိမှာမဟုတ်ဘူး။”
“ပြီးတော့ သူဂိုဏ်းတူအစ်ကိုနဲ့ မောင်ငယ်တွေအပေါ် တစ်ခုခုဖြစ်လာရင်လည်း သူက နန်ဟွမ်ပြည်နယ်မှာ ဘေးကင်းကာကွယ်ပေးနိုင်မှာပဲ။”
“အကြီးဆုံးရဲ့ စရိုက်နဲ့ဆို အချိန်မရွေးကပ်ဘေးကြီး ရှာလာနိုင်တယ်။”
“တတိယကလည်း ဆိုးတာပဲ။ သူက အချစ်ရေးတွေအများကြီး ရှုပ်ထားတယ်။”
အမှတ်ခုနစ်သခင်ကြီး သက်ပြင်းချသည်။
အစေခံလူကြီးက ထူးဆန်းသည့်မျက်နှာဖြင့် ခပ်တိုးတိုးပြောသည်။
“တတိယမင်းသားက ပျောက်နေတာကြာပါပြီ။ ထိုက်စီရှန်းမုန်ဂိုဏ်းက ကျောက်မိသားစု၊ ဝိညာဉ်သက္ကရာဇ်ဂိုဏ်း၊ မျက်လုံးနှစ်ထပ်မျိုးနွယ်နဲ့ မင်လင်းမျိုးနွယ်တွေက သူ့အကြောင်း အထပ်ထပ်မေးနေကြတယ်။”
“သူက လွန်လွန်ကျူးကျူးတွေလုပ်ထားလို့ နေရာတိုင်းက လက်ထပ်ဖို့ ဖိအားပေးနေကြတာပဲ။ သူ ဘယ်ကိုများ ပြေးသွားတာပါလိမ့်။”
အမှတ်ခုနစ်သခင်ကြီးက ဒေါသဖြင့် လက်စကို ခတ်ထုတ်သည်။
“စတုတ္ထတစ်ဦးပဲ စိတ်အေးစရာရှိတယ်။ သူ့စရိုက်နဲ့ဆို သူက ရန်စရှိသူတိုင်းကို သတ်ပြီး နောက်ပိုင်းရှင်းအောင် လုပ်မှာပဲ။ ဒါပေမဲ့ ဒီကောင်လေးရဲ့ သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းတယ်။ သူက ဖုန်းဟိုင်ဒေသကို ရောက်သွားရင်…ကံထူးမှုတွေ့မလား ကပ်ဘေးပဲတွေ့မလား မသိတော့ဘူး။”
အမှတ်ခုနစ်သခင်ကြီး မျက်နှာတွင် စိတ်မချမှုတို့ ပြည့်နေ၏။
အစေခံကြီးကလည်း ခေါင်းညိတ်သည်။
“ဖုန်းဟိုင်ဒေသငယ်က စည်ပင်ဝပြောပုံရှိပေမဲ့ လူကောင်းနဲ့ လူဆိုးတွေအများကြီး ရောယှက်နေတယ်။ မျိုးနွယ်ပေါင်းများစွာက သိမ်မွေ့တဲ့ ဟန်ချက်ညီမှုအခြေအနေတစ်ခုထဲမှာ နေထိုင်နေကြတယ်။ ကျွန်တော်တို့လူသား ဒေသအကြီးအကဲက စိတ်မပြတ်သားဘူးလို့လည်း ပြောနေကြသေးတယ်…”
“ဒေသအကြီးအကဲက စိတ်မပြတ်သားတာမဟုတ်ဘူး။ သူက ဟန်ချက်ညီမှုကို ကြိုက်တာပါပဲ။ လူသားမျိုးနွယ်ထိပ်ဆုံးရောက်ခဲ့ချိန်က ဒေသအကြီးအကဲရဲ့ စွမ်းပကားကို ပြန်လုပ်နိုင်ဖို့ သူ့မှာ အစွမ်းမရှိဘူးဆိုတာကိုလည်း သူ သိနေတယ်။ ဒါကြောင့် ဒီလိုဖြစ်နေတာပါ။ ဒါပေမဲ့ ဟန်ချက်ညီမှုဆိုတာက များသောအားဖြင့် အလျှော့ပေးမှုကို ကိုယ်စားပြုနေလေ့ရှိတယ်။”
အမှတ်ခုနစ်သခင်ကြီးက ခေါင်းခါယမ်းသည်။
ထိုအချိန်တွင် ရွှီချင်းသည် တောင်အောက်ဆင်းရင် လေချဉ်တက်လိုက်ပြီး နှုတ်ခမ်းသပ်သည်။
“ဆရာ့မုန့်တွေက သာမန်တော့ မဟုတ်ဘူး။”
သူက စားမြုံ့ပြန်ရင်း ဆိပ်ကမ်းက သူ့လှေခန်းဆီသို့ ပြန်လာသည်။
နောက်ရက်အနည်းငယ်တွင် သူသည် မှော်စစ်သင်္ဘောကို အားဖြည့်ရန် ကျန်းစန်းအား သွားရှာပြန်သည်။ သူက ခရီးရှည် ထွက်ရတော့မည်ဖြစ်သည်။
တင်းရွှယ်ကလည်း ရွှီချင်းအား လာရှာသည်။
ယန်ယန်ကတော့ ပြန်လာပြီးနောက် သခင်မကြီးတုံယုံမှ တံခါးပိတ်ကျင့်ကြံရန် အပြစ်ပေးခံရ၏။ သူမက အဆင့်မတက်မချင်း ထွက်ခွင့် မရတော့ချေ။
သို့ရာတွင် ကူးမုချင်းကတော့ ရောက်မလာပေ။ သူမအား နန်းဟွမ်ပြည်နယ်၏ ဂိုဏ်းခွဲတွင် နေရန် တာဝန်ချထားခံရ၏။
ဤသို့ဖြင့် ရွှီချင်း၏ မှော်စစ်သင်္ဘောအား ကျန်းစန်းက ပြင်ပြီးသည့်နောက် ရွှီချင်းက ခြောက်ရက်မြောက်တွင် ပင်လယ်အလောင်းကောင်မျိုးနွယ်တို့ထံသို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် အချို့သောကိစ္စများလည်း ဖြစ်ပွားသည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ထဲက တပည့်အချို့သည် တာဝန်တစ်ခုလုပ်ဆောင်နေချိန်၌ တားမြစ်ပင်လယ်ပေါ်က အလောင်းကောင်တားမြစ်နယ်မြေ အစွန်အဖျား တစ်နေရာတွင် ပျောက်ဆုံးသွားသည်။
သဲလွန်စများအရ သူတို့သည် အကောင်းကောင်တားမြစ်နယ်မြေအတွင်းသို့ အကြောင်းတစ်ခုခုကြောင့် ဝင်ရောက်သွားကြဟန် ရှိသည်။
ထိုကိစ္စသည် တားမြစ်နယ်ပယ်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် လုပ်ငန်းစဉ်အရ မဟာမိတ်အဖွဲ့က ဂိုဏ်းပေါင်းစုံတို့မှ တပည့်အချို့အား အကောင်းကောင်တားမြစ်နယ်မြေနေရာသို့ သွားရောက်စုံစမ်းကြရန် စီစဉ်ကြသည်။
ထိုကိစ္စကြောင့် မဟာမိတ်အဖွဲ့ထဲတွင် လှုပ်ခတ်မှုများစွာဖြစ်ခြင်းတော့ မရှိပါ။ တားမြစ်နယ်ပယ်ထဲတွင် ပျောက်ဆုံးမှုတို့က နှစ်ကာလများထဲတွင် တစ်ခါတစ်ရံ ဖြစ်တတ်သောကြောင့်ပင်။
အမှန်တွင် မဟာမိတ်အဖွဲ့တစ်ခုတင်မကပေ။ အခြားသော အဖွဲ့များနှင့် မျိုးနွယ်များ အထူးသဖြင့် တားမြစ်ပင်လယ်ပေါ်က မျိုးနွယ်များနှင့် အဖွဲ့မျာ်သည် ထိုတူညီသည့် ပြဿနာကို ရင်ဆိုင်ကြရသည်။
ရွှီချင်းသည် ထိုကိစ္စကိုကြားသော်လည်း သူက ပင်လယ်အလောင်းမျိုးနွယ်များထံ သွားရောက်မည့်ကိစ္စကိုတော့ မထိခိုက်စေပါ။
အလွန်ဆုံး သူသည် ယခင်ကကဲ့သို့ မှော်စစ်သင်္ဘောဖြင့် မသွားဘဲ ဂိုဏ်း၏ တည်နေရာပြောင်းအစီအရင်ကို သုံးရပေမည်။
သူသည် တည်နေရာပြောင်းအစီအရင်ပေါ်သို့ ရပ်နေသည်။ အစီအရင်၏ အလင်းတို့ လှုပ်ခတ်သွားပြီး ရွှီချင်းလည်း ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်တွင်တော့ ပင်လယ်အလောင်းကောင်မျိုးနွယ်တို့ နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုသို့ခရီးရှည်တည်နေရာပြောင်းရွှေ့ခြင်းသည် ခုခံခြင်းတို့ ပြင်ဆင်မထားလျှင် ကျင့်ကြံသူ၏ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့ကြား ဆွဲဆန့်အားတို့ ဖြစ်စေသည်။
သို့ရာတွင် ရွှီချင်း၏ ခန္ဓာကိုယ်သည် သန်မာသဖြင့် သူ့ခန္ဓာကိုယ်က တုန်ခါသွားရုံသာ ခံစားလိုက်ရပြီး မူလအခြေအနေသို့ ချက်ချင်းပြန်ပြောင်းလာသည်။
သူ့ကိုယ်ရိပ်သည် ပင်လယ်အလောင်းကောင်မျိုးနွယ်တွင် တည်ရှိသော ချီယွဲ့ထုံ၏ တည်နေရာပြောင်းအစီအရင်ထဲတွင် ပေါ်လာသည်နှင့် ထိုနေရာ အပြင်ဘက်တွင် စောင့်နေသော တပည့်တစ်ထောင်ကျော်က တပြိုက်နက်လက်သီးများအုပ်ကာ ရွှီချင်းအား နှုတ်ဆက်လိုက်ကြသည်။
“နှုတ်ဆက်ပါတယ်။ တာအိုသားတော်။”
ထိုနေရာတွင် တောင်ထိပ်ပေါင်းစုံက တပည့်များအားလုံးစောင့်ကြပ်လျက်ရှိသည်။ ရွှီချင်းက ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် တတိယသခင်ကြီးထံ သွားရောက်နှုတ်ဆက်သည်။ နောက်ဆုံးတွင် ချီယွဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မလက်နက်ရှေ့သို့ သူရောက်ရှိလာပြီး ရှေးဟောင်းကြေးမှန်ကြီးအလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။
ထိုနေရာမှာ ကောင်းကင်တွင် တည်ရှိနေသည်။ ရှေးဟောင်းမှန်ကြီးသည် ပေတစ်ထောင်အရှည် ရှိသည်။ ၎င်းအပေါ်ထိုင်နေရသည်က ပန်းကန်ပြားကြီးတစ်ချပ်ပေါ် ထိုင်နေရသည့်အလားပင်။ ပတ်ဝန်းကျင်တွင် လေပြင်းတို့ တဟူးဟူးတိုက်ခတ်လျက် ရှိသည်။
ခေါင်းငုံ့ကြည့်လိုက်ရာ အနက်ရောင်တားမြစ်ပင်လယ်သည် မင်များကဲ့သို့ အဆက်မပြတ်လှိုင်းထ လှုပ်ရှားနေသည်ကို တွေ့မြင်လိုက်ရသည်။
ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး မျက်လုံးများမှိတ်သည်။ သူက နတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး တားမြစ်ဓမ္မလက်နက်ထဲသို့ ပေါင်းစည်းဝင်ရောက်သည်။
နောက်တစ်ခဏတွင် ခံစားချက်တို့ကင်းမဲ့နေသည့် အံ့မခန်းနတ်အာရုံတစ်ခုက ရွှီချင်းအား ဖုံးလွှမ်းသွားသည်။
၎င်းသည် သူ့သရုပ်မှန်နှင့် အဆင့်အာဏာကို အတည်ပြုနေသည့်အလားပင်။ နောက်ဆုံးတွင် ၎င်းနတ်အာရုံသည် ရွှီချင်းပတ်ဝန်းကျင်သို့ စိမ့်ဝင်သည့် ကာကွယ်ရေးအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့စိတ်ထဲတွင် အေးစက်သော အသံတစ်ခု ပဲ့တင်ထွက်လာသည်။
“ရတနာဝိညာဉ်ယွဲ့ထုံပါ။ အမိန့်ရှိပါ။”
ရွှီချင်းသည် မျက်နှာထားအနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တို့ ပေါ်လာ၏။
ထိုရှေးကြေးမှန်ကြီး၏ နတ်အာရုံက သူ့အား လွှမ်းခြုံသွားပြီးနောက်တွင် သူ့ကိုယ်ခန္ဓာသည် မရှိတော့သည့်အား အာရုံခံမရနိုင်တော့ကြောင်း သူ ခံစားလိုက်ရသည်။ သူသည် ဝိညာဉ်ကိုယ်တစ်ခု ဖြစ်သွားသည့်အား နတ်အာရုံကိုသာ ထုတ်လွှတ်နိုင်၏။
“ကျုပ် ဘာတွေလုပ်နိုင်လဲ။”
ရွှီချင်းက နတ်အာရုံပို့လွှတ်ပြောသည်။
“ပထမဆုံး သွေးမျက်လုံးယွဲ့ထုံနဲ့ ပေါင်းစည်းပြီး ဝိညာဉ်သယ်ပို့သူကို အသက်သွင်းနိုင်ပါတယ်။ ဒီအခြေအနေမှာ ဓမ္မလက်နက်ပျက်စီးခြင်းမရှိသရွေ့ သင့်ခန္ဓာကိုယ်လည်း မပျက်စီးနိုင်တော့ပါဘူး။”
“ဒုတိယအနေနဲ့ သင်ဟာ တားမြစ်ဓမ္မလက်နက်ရဲ့ အလှမ်းမီနေရာအတွင်းက အရာအားလုံးကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။”
“တတိယအနေနဲ့ တားမြစ်ဓမ္မလက်နက်ရဲ့ မြင်ကွင်းရောက်တဲ့နေရာတိုင်း အသွင်ထုတ်မှုတစ်ခု ထုတ်နိုင်ပါတယ်။ အဲဒီအသွင်ခန္ဓာကိုယ်ဟာ တစ်နာရီကြာ တည်ရှိနိုင်ပြီး စွမ်းအားကတော့ ပင်မခန္ဓာနဲ့ တန်းတူရှိနိုင်ပါတယ်။”
“စတုတ္ထအနေနဲ့ ကြိုက်ရာ သက်ရှိတစ်ဦးကို သေခြင်းရှင်ခြင်း တရားစီရင်မှုထဲ အတင်းအကျပ်သွင်းနိုင်တယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်မှုကိုတော့ တားမြစ်လက်နက်ထိန်းသုံးဦးလုံးရဲ့ သဘောတူညီမှုရယူဖို့ လိုတယ်။”
ရတနာဝိညာဉ်၏ အေးစက်သောအသံသည် ရွှီချင်းစိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ရွှီချင်းက ထိုစကားကိုကြားပြီးနောက်တွင် သူ့ဆရာက ဘာကြောင့် မကြည့်သင့်သော နေရာများကို ပြောလိုက်ကြောင်း နားလည်လာသည်။ နားလည်မှုအချို့ ရှိလာပြီးနောက် သူက ပေါင်းစည်းရန် ရွေးချယ်သည်။
သူ့နတ်အာရုံက ဖြန့်ထွက်သွားသည်နှင့် ရွှီချင်းဝိညာဉ်လည်း ခဏတွင်းချင်း ပြန့်ထွက်လာသည်။ ထိုအချိန်တွင် သူသည် ခန္ဓာကိုယ်တစ်ခု ထပ်မံရသကဲ့သို့ ခံစားလိုက်ရပြီး ထိုခန္ဓာကိုယ်သည် ရှေးဟောင်းမှန်ကြီးပင် ဖြစ်သည်။
ခန္ဓာကိုယ်နှစ်ခုသည် ပြည့်ဝစွာပေါင်းစည်းသွားသည်။
တစ်ချိန်တည်းမှာပင် ရွှီချင်းက မကြုံစဖူးရှင်းလင်းပြတ်သားမှုတို့ ခံစားလိုက်ရသည်။
သူသည် ယခင်က သူ့မြင်ကွင်း၏ အကန့်အသက်ကို ကျော်လွန်ကာ မြင်နိုင်စွမ်းရှိလာသည်။ သူ့အား ဗဟိုပြုလျက် သူ့မြင်ကွင်းသည် မြောက်ဘက်တွင် ယင်ဟွမ်၊ တောင်ဘက်တွင် နန်ဟွမ်၊ အနောက်ဘက်တွင် ပင်လယ်နက်နှင့် အရှေ့ဘက်တွင်တော့ အကောင်းကောင်တားမြစ်နယ်မြေနေရာတို့အထိ ရောက်ရှိသွားသည်။
တွေးလိုက်ရုံဖြင့်ပင် ထိုကျယ်ပြန့်လှသော နေရာထဲက မည်သည့်နေရာကိုမဆို ချက်ချင်းကြည့်မြင်နိုင်စွမ်းရှိလာသည်။
ရွှီချင်း စိတ်နှလုံးတို့ လှုပ်ရှားလာသည်။
သူ့ခံစားချက်တို့က အချိန်အတန်ကြာပြီးနောက်မှ ပြန်လည်တည်ငြိမ်လာ၏။ ပထမဆုံး သူတွေ့မြင်လိုသည်ကတော့ တားမြစ်နယ်မြေထဲရှိ ရတနာမုဆိုးစခန်းဘေးတွင် မြုပ်နှံထားခဲ့သော ခေါင်းဆောင်လဲ့၏ ဂူနေရာပင်ဖြစ်သည်။
သူ့အတွေးက လှုပ်ရှားသွားပြီး ရှေးဟောင်းမှန်ကြီးက တဝီဝီမြည်လာသည်။ ၎င်းသည် တဖြည်းဖြည်းလည်ပတ်သွားပြီး နန်ဟွမ်ပြည်နယ်သို့ မျက်နှာမူသည်။
နောက်တစ်ခဏတွင် ရင်းနှီးနေသည့် ရတနာမုဆိုးစခန်းမှာ ရွှီချင်းမျက်လုံးထဲတွင် ထင်ဟပ်လာသည်။
စခန်းသည် ညစ်ပတ်ကာ ယိုင်နဲ့စုတ်ချာနေဆဲပင်။ ထိုစဉ်က ရွှီချင်း၏ နေရာကိုလည်း အခြားသူတို့ ဝင်ရောက်နေထိုင်နေကြပြီ ဖြစ်သည်။
ရတနာမုဆိုးစခန်းတွင် သူထုတ်လွှတ်ခဲ့သော သတ်ဖြတ်ခြင်းအငွေ့အသက်တို့က အတိတ်တွင်ကျန်ခဲ့ပြီး ကောလဟလသာ ဖြစ်သွားကြောင်း ထင်ရှားသည်။
ရွှီချင်းက ထိုအရာတို့ကို အာရုံမစိုက်ပေ။ သူ့အကြည့်က တားမြစ်နယ်မြေထဲသို့ ပြောင်းရွှေ့သွားပြီး ခေါင်းဆောင်လဲ့၏ ဂူသင်္ချိုင်းနေရာသို့ ရောက်ရှိလာသည်။
ထိုနေရာက အကောင်းပကထိကျန်သေးသည် ဆိုရပေမည်။
ရတနာမုဆိုးအများစု လိုက်နာကြသည့် စည်းမျဉ်းတစ်ခုဟုလည်း ဆိုနိုင်ပေသည်။ သေဆုံးသွားသည့် ရတနာမုဆိုးတို့၏ ဂူနေရာတို့အား ထိခြင်း ဖျက်စီးခြင်းတို့ မပြုလုပ်ကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တွင် သူ့တို့ဂူနေရာကိုလည်း ထိုနည်းတူပြုမူကြမည်ကို မည်သူမျှ မလိုလားသောကြောင့်ပင်။
ထိုဂူနေရာအား အချိန်အတန်ကြာစိုက်ကြည့်နေခဲ့ပြီးနောက် ရွှီချင်းက သက်ပြင်းဖွဖွချသည်။ သူက အကြည့်ကိုလွှဲဖယ်ခါနီးတွင် အတွေးတစ်ခုရလာသည်။
“ဆရာပြောခဲ့တဲ့ မကြည့်သင့်တဲ့နေရာတွေထဲမှာ တားမြစ်နယ်မြေတွေမပါဘူးပဲ။” ရွှီချင်း၏ နတ်အာရုံက လှုပ်ရှားသွားပြီး အကြည့်က ဘုရားကျောင်းအစုစုကို ဖြတ်ကျော်ကာ တားမြစ်နယ်မြေအတွင်းဆုံးအပိုင်းသို့ ကျရောက်လာသည်။
အကြည့်တစ်ချက်ဖြင့်ပင် ရွှီချင်း၏ စိတ်မှာ ပြင်းထန်စွာ လှုပ်ခါသွားသည်။
တားမြစ်နယ်မြေအတွင်းဆုံးတွင် ချောက်ကမ်းပါးနက်ကြီးတစ်ခုနှင့် ထိုချောက်ကမ်းပါးအမှောင်ထုကြီးအောက်ခြေတွေ အမျိုးသမီးတစ်ဦး၏ ကိုယ်ရိပ်သဏ္ဌာန်ကို သူ ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။ သူမက ပျက်ဆီးနေသည့် ဗျပ်စောင်းတစ်ခုရှေ့တွင် ဒူးထောက်လျက်ရှိသည်။
ရွှီချင်းက ထိုအမျိုးသမီးကို မြင်တွေ်ဖူးခြင်းမရှိခဲ့ပေ။ သို့သော် သူမခြေထောက်အောက်က ခပ်ရေးရေးခွဲခြားသိရုံရှိသည့် ဖိနပ်တစ်စုံကိုတော့ သူမြင်တွေ့ခဲ့ဖူးသည်။ သူမသည် ထိုစဉ်အချိန်က သီချင်းသံထွက်ပေါ်လာချိန်တွင် ပေါ်လာခဲ့သော ခေါင်းဆောင်လဲ့၏ ချစ်သူပင်ဖြစ်သည်။
ဗျပ်စောင်းကတော့ မျက်နှာပြင်တွင် အနက်ရောင်ခြစ်ရာများဖုံးလွှမ်းနေပြီး တစ်ဝက်သည် ဆွေးနေပြီဖြစ်သည်။ သို့ရာတွင် ၎င်းဗျပ်စောင်းက ယခုအချိန်တွင် သူ့အလိုလိုတီးခတ်နေပြီး သီချင်းသံလှိုင်းများ ထုတ်လွှတ်လျက်ရှိသည်။ တစ်ချိန်တည်းမှာတွင် ထိုအမှောင်ထုကြီးထဲတွင် အလောင်းပေါင်းမြောက်မြားစွာသည် ထိုဗျပ်စောင်းရှေ့တွင် ဒူးထောက်လျက်ရှိနေ၏။
ထိုအလောင်းများထံမှ ဓာတ်နှောများအဆက်မပြတ်ထုတ်လွှတ်လျက်ရှိသည်။ အနီးကပ်သေချာကြည့်လျှင် ထိုအရာအားလုံးမြစ်ဖျားခံရာသည် ၎င်းဗျပ်စောင်းစုတ်သာဖြစ်ကြောင်း သိနိုင်မည်ဖြစ်သည်။
ရွှီချင်း ဆက်မကြည့်တော့ပေ။ သူက တစ်ချက်သာကြည့်လိုက်ပြီး အကြည့်လွှဲလိုက်၏။
ခဏတာတိတ်သွားပြီးနောက်တွင် ရွှီချင်းက ကျစ်ထူနှင့် သမားတော်ကြီးပိုင်၏ အုတ်ဂူနေရာသို့ ကြည့်သည်။
သူမျက်လုံးထဲတွင် ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲသွားသည်။ နောက်တခဏတွင် ကျစ်ထူး၏ အများပိုင်သုသာန်နေရာသည် ရွှီချင်းမျက်လုံးထဲ ထင်ဟပ်လာသည်။ ထိုနေရာတွင် ပန်းများဖြင့် ပြည့်နေသည့် အုတ်ဂူတစ်ခုကို သူတွေ့မြင်လိုက်ရသည်။
သမားတော်ကြီးပိုင်၏ အုတ်ဂူပင်ဖြစ်သည်။
ထိုနေရာရှိ ပန်းများသည် တစ်ရက်သာကြာသေးကာ နွမ်းခြောက်ခြင်းမရှိသေးပေ။ ပန်းပင်လယ်ဖြင့် ဝိုင်းရံလျက် သမားတော်ကြီးပိုင်၏ ကိုယ်ရိပ်သွင်သည် ရွှီချင်းစိတ်ထဲ ပြန်လည် ပေါ်လွင်လာသည်။
သူက ဆက်ကြည့်နေလိုက်ရာ သူမျက်လုံးထဲတွင် ရင်းနှီးနေသည့် လူနှစ်ဦး၏ ပုံရိပ်တို့ ပေါ်လာကြသည်အထိပင်။
သူတို့သည် ချန်းဖေးယွင်နှင့် တင်းယွီတို့ ဖြစ်ကြ၏။ သူတို့သည် အဝေးမှလျှောက်လာကြပြီး အုတ်ဂူရှေ့သို့ ရောက်ရှိလာကြသည်။ သူတို့က လတ်ဆတ်သော ပန်းအသစ်များ ယူလာကြပြီး ပန်းအဟောင်းများနှင့် လဲလှယ်သည်။ သူတို့က ဂါရဝပြုလိုက်ကြပြီးနောက် သုသာန်မှ ပြန်လည်ထွက်ခွာသွားကြသည်။
ရွှီချင်းက သူတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း ချန်းဖေးယွင် ခေါင်းပေါ်တွင် တစေမျက်နှာဂျင်တစ်ခုလည်နေသည်ကို တွေ့မြင်လိုက်ရသည်။ ၎င်းဂျင်သည် လျင်မြန်စွာလည်ပတ်ရင်း ချန်ဖေးယွင်၏ ချီနှင့် သွေးတို့ကို ထိန်းချုပ်ကာ ဝဲကန်တော့တစ်ခုဖြစ်စေလျက် ကြောက်ခမန်းလိလိဖိအားလှိုင်းများ ထုတ်လွှတ်လျက်ရှိသည်။
၎င်းကိုယ်ထဲရှိ ကျစ်လွီဆဲ့နိုင်ငံ၏ သွေးမျိုးဆက်ကြောင့် သူပိုင်ဆိုင်ထားသည့် ပါရမီစွမ်းတစ်ခုအကြောင်းကို ချန်းဖေးယွင်ပြောခဲ့သည်ကို ရွှီချင်း ပြန်အမှတ်ရလိုက်ရသည်။
ဓမ္မလက်နက်များနဲ့ အမှီသဟဲပြုခြင်း။
ရွှီချင်းက အတွေးနက်နေရင်း အကြည့်တို့ပြန်ရုတ်သိမ်းလိုက်ပြီး အခြားသို့ပြောင်းရွှေ့သည်။ နယ်မြေအား လှည့်ပတ်လိုက်ပြီး သူက တားမြစ်ပင်လယ်သို့ ကြည့်သည်။
အမှတ်ခုနစ်သခင်ကြီးက သူ့အား တားမြစ်ပင်လယ်ကို မကြာခဏကြည့်၍ မရကြောင်း ပြောသည်။ ထို့ကြောင့် ရွှီချင်းက တစ်ချက်သာ ကြည့်သည်။
ထိုအကြည့်တွင် မကြာသေးခင်က ထွက်ခွာသွားခဲ့သော ဟွန်ရန်နှင့် ဒုတိယဂိုဏ်းတူအစ်မတို့ကို သူတွေ့မြင်လိုက်ရသည်။ ထိုအချိန်တွင် ဟွမ်ရန်သည် ကုန်းပတ်ပေါ်တွင် ဒုတိယဂိုဏ်းတူအစ်မ၏ ခြေထောက်များအား တက်ကြွစွာနှိပ်ပေးလျက်ရှိသည်။
ရွှီချင်း ပြုံးလိုက်ရသည်။ သူက အကြည့်ကို ပြန်လွှဲရန်ပြင်လိုက်ချိန်တွင်ပင် ဟွမ်ရန်က ရုတ်တရက်ခေါင်းမော့လိုက်ပြီး ကောင်းကင်သို့ သံသယဖြစ်ဟန်ကြည့်သည်။
ရွှီချင်းအပြုံးတို့ ချက်ချင်းရပ်တန့်သွားပြီး သူက မှင်တက်မိသွား၏။
“ငါ့ကို အာရုံခံနိုင်တာလား။”