← Chapters

တိုက်ရိုက်ကြည့်မရနိုင်ခြင်း။

Vol. 33 Ch. 491

တိုက်ရိုက်ကြည့်မရနိုင်ခြင်း။

Vol. 33 Ch. 491

တစ်ခုခုမှားနေပြီဟု ရွှီချင်းခံစားလိုက်ရသည်။

ယခင်က နေရာများစွာသူကြည့်ခဲ့ပြီး တားမြစ်နယ်အတွင်းရှိ မကောင်းဆိုးဝါးတို့ပင် သူ့အကြည့်ကို အာရုံခံနိုင်ခြင်းမရှိခဲ့ပေ။ သူက တားမြစ်ဓမ္မလက်နက် ရှေးဟောင်းကြေးမှန်ကြီးနှင့် ပေါင်းစည်းထားသည်။

သူကြည့်နေခဲ့သည်ဟု ဆိုရမည့်အစား ရှေးဟောင်းကြေးမှန်က ကြည့်နေခဲ့သည်ဟု ဆိုလျှင် ပို၍တိကျနေပေမည်။

ဓမ္မလက်နက်သည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အံ့မခန်းသော အစွမ်းကိုယ်စီ ရှိနေတတ်ကြသည်။ တားမြစ်နယ်မြေအတွင်းက ဆန်းကြယ်သော မကောင်းဆိုးဝါးများပင် ကြည့်ရှုခံရသည်ကို အာရုံမခံနိုင်ကြပေ။ အခြားသူတို့မှာ ဆိုဖွယ်မရှိတော့။

ရွှီချင်းက ဘေးဘီဝေ့ကြည့်လိုက်သော်လည်း မူမမှန်ခြင်းကို အာရုံခံနိုင်သူ မတွေ့နိုင်ပေ။

ဟွန်ရန်တစ်ဦးတည်းသာဖြစ်သည်။

ထိုအချိန်တွင် ဟွန်ရန်သည် ကောင်းကင်သို့ မော့ကြည့်လာသည်။

သူက မျက်တောင်ခတ်လိုက်ပြီး ချောင်းဟန့်ကာ ရှုခင်းကြည့်နေဟန်ပြုသည်။ ထို့နောက် လွန်စွာပုံမှန်ဖြစ်သည်ဟု သူအတွေးထဲကပုံစံဖြင့် ခေါင်းကိုပြန်ငုံ့ကာ ဒုတိယဂိုဏ်းတူအစ်မ၏ ခြေထောက်တို့အား ပြန်လည်နှိပ်ပေးနေ၏။

သို့ရာတွင် ရွှီချင်း၏ မြင်ကွင်းထဲတွင်တော့ သူ့လှုပ်ရှားမှုတို့က ပြစ်ချက်များစွာပြည့်နေပေသည်။

ရွှီချင်းက အကြည့်ကို တိတ်တဆိတ်လွှဲဖယ်လိုက်ပြီး ထပ်မံကြည့်ခြင်းမပြုတော့ပေ။ သို့ရာတွင် ထိုအချိန်၌ ဟွမ်ရန်ထံတွင် လျို့ဝှက်ချက်တစ်ခုရှိနေကြောင်း သူရှင်းလင်းစွာသိလာသည်။

ထိုလျို့ဝှက်ချက်က မည်သို့သောအရာမျိုးဖြစ်သည်ကို သူမပြောနိုင်သော်လည်း ဆက်လက်စုံစမ်းလိုခြင်းတော့လည်း မရှိတော့ပေ။

ဤလောကရှိလူများစွာတို့တွင် လျို့ဝှက်ချက်ကိုယ်စီရှိကြစမြဲပင်။ ဟွန်ရန်၊ ခေါင်းဆောင်၊ ဆရာနှင့် သူကိုယ်တိုင် အားလုံးတို့တွင် လျို့ဝှက်ချက်များ ရှိကြသည်။

သူအဘယ်ကြောင့် ဆက်ဖော်ထုတ်နေရဦးမည်နည်း။ ၎င်းတို့က သူ့ကိုအန္တရာယ်မပြုဟု သိလျှင် အဆင်ပြေပြီ ဖြစ်သည်။

ရွှီချင်းက ခံစားချက်တို့ကို ထိန်းလိုက်ပြီး အကြည့်ကိုအဝေးသို့ လွှဲလိုက်ကာ ပင်လယ်အလောင်းကောင်မျိုးနွယ် အနီးရှိ အလောင်းကောင်တားမြစ်နယ်မြေ စသည့် နေရာများဘက်သို့ ပြောင်းကြည့်သည်။

အလောင်းကောင်တားမြစ်နယ်မြေသည် လွန်စွာထူးခြားကာ ဖီးနစ်ငှက်တားမြစ်နယ်မြေမှ အနည်းငယ်ကွာခြားသည်။

၎င်းနေရာနှစ်ခုလုံးသည် တားမြစ်နယ်မြေများဖြစ်သော်လည်း တစ်နေရာသည် ကမ်းစပ်တွင်ရှိနေပြီး နောက်တစ်နေရာမှာ ပင်လယ်ကြမ်းပြင်တွင် ရှိနေခြင်းဖြစ်သည်။

အလောင်းကောင်တားမြစ်နယ်မြေသည် အနက်ရောင်မြူခိုးများသိပ်သည်းစွာ ဖုံးလွှမ်းလျက်ရှိသည်။ မြူခိုးများ၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်နေပြီး အတွင်းတွင် မြေနေရာဟု ရှိသည်လားပင် ပြောမရနိုင်ပေ။ သို့ရာတွင် ထိုနေရာ၌ ဓာတ်နှောများကတော့ နှိုင်းယှဉ်မရအောင် သိပ်သည်းသည်။

အလောင်းကောင်တားမြစ်နယ်မြေ၏ လွှမ်းမိုးမှုအောက်တွင် ပတ်ပတ်လည်ရှိ ပင်လယ်ဒေသက အလောင်းကောင်များ ပေါ်ထွက်လာလေ့ရှိသည်။ ဆန်းကြယ်သော ဖြစ်ရပ်များစွာလည်း မကြာခဏဖြစ်တတ်သည်။

လှေများနှင့် သင်္ဘောများသည် အလောင်းကောင်တားမြစ်နယ်မြေအနီးသို့ လာရောက်လေ့မရှိကြပေ။ အလွန်ဆုံး သူတို့က ပင်လယ်အလောင်းမျိုးနွယ်နေရာသို့သာ သွားရောက်လေ့ရှိတတ်ကြသည်။

ရွှီချင်းက အလောင်းကောင်တားမြစ်နယ်မြေ၏ ပင်လယ်ကြမ်းပြင်ကို မကြည့်ခဲ့သလို မြူခိုးနက်အတွင်းသို့လည်း မကြည့်ခဲ့ပေ။ သူသည် အစွန်းဖျားသို့သာ ဖြတ်သွားပြီး ဝမ်ကူးကုန်းမြေအား ကြည့်လိုက်၏။

သူက ဂိုဏ်းအဖွဲ့ကြီးများကို ကြည့်ရှုခြင်း မပြုပေ။

သူ ထိုနေရာများကို မကြည့်နိုင်ကြောင်း နားလည်ထားသည်။ ကြည့်လိုက်သည်နှင့် အမိခံရကာ မလိုအပ်သာ ကပ်ဘေးများနှင့် သံသယဝင်ခံရခြင်းများ ကြုံတွေ့ရနိုင်သည်။

ဆရာဖြစ်သူက သူ့အား အဘယ်ကြောင့် ထိုသို့သတိပေးခဲ့သည်ကိုလည်း သူနားလည်သည်။ သူ့လက်ရှိအခြေအနေတွင် မကြည့်မမြင်သင့်သော သက်ရှိဖြစ်တည်မှုတစ်ခုခုအား ကြည့်မြင်လိုက်မိလျှင် ချက်ချင်းပင် တန်းသေဆုံးသွားနိုင်လောက်ကြောင်း သူ ကောင်းကောင်းခံစားရသည်။

ဥပမာ သူ့အကြည့်က ယခုပင်တားမြစ်ပင်လယ်အား ဖြတ်သွားခဲ့ချိန်တွင် ပင်လယ်နက်ထဲက နေရာတစ်ခုတွင် ကြောက်ခမန်းလိလိလှုပ်ခတ်မှုတစ်ခုကို အာရုံခံမိသည်။

သူက သိချင်စိတ်ကို ထိန်းချုပ်ကာ ခေါင်းမော့လျှက် ကောင်းကင်ရှိ နေနှင့် အစွမ်းထက်လှသော နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်လိုစိတ်တို့ကိုလည်း ချုပ်တည်းထားခဲ့လေသည်။

နောက်ဆုံးတွင် သူက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ရုတ်တရက်သူ့ကိုယ်သူကြည့်ချင်လာမိ၏။

“အခြားသူတွေက တားမြစ်ဓမ္မလက်နက်သုံးပြီး ငါ့ကိုကြည့်ရင် ဘယ်လိုမြင်ရလောက်မလဲ။”

ရွှီချင်းက ထိုသို့တွေးလိုက်မိပြီး ကိုယ်ကိုယ်ကိုယ်ကြည့်ရန်ပြင်သည်။

နောက်တစ်ခဏတွင် သူက ပင်လယ်အလောင်းကောင်မျိုးနွယ်ဒေသ အပေါ်တွင် ပျံဝဲနေသည့် ရှေးဟောင်းကြေးမှန်ကြီးကို တွေ့မြင်လိုက်ရသည်။ ထို့နောက် ထိုမှန်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် သူ့ကိုယ်သူပြန်မြင်လိုက်ရသည်။

ထိုမှန်သည် လည်ပတ်လာသော်လည်း သူ့ခန္ဓာကိုယ်က တင်ပျဉ်ခွေထိုင်လျက်သာ ရှိသည်။ မှန်ကြီးမှာ မည်သို့ပင်တိမ်းစောင်းသော်လည်း သူ့ခန္ဓာကိုယ်သည် ၎င်းအပေါ်တွင် အေးခဲကာကပ်နေသည့်အလား လှုပ်ရှားခြင်းအလျင်းမရှိပေ။

ထိုခံစားချက်က ထူးဆန်းလှသည်။ သာမန် မှန်ကြည့်ခြင်းနှင့် မတူပေ။ သူ့စိတ်ဝိညာဉ်သည် ပျံတက်သွားပြီး  သူ့ခန္ဓာကိုယ်အား လေထဲမှကြည့်နေရသည့်အလားပင်။

ရွှီချင်းက အာရုံစိုက်လိုက်ပြီး သူခန္ဓာကိုယ်ပေါ်သို့ ကြည့်သည်။

ပထမဆုံးမြင်တွေ့ရသည်ကတော့ မိစ္ဆာအလားလှပသည့် လွန်စွာနူးညံ့သောမျက်နှာတစ်ခုပင် ဖြစ်သည်။

ရွှီချင်းက ထိုအချက်အား အာရုံမစိုက်ပေ။ သူ့ခန္ဓာကိုယ်အား ဆက်လက်စစ်ဆေးကြည့်ရှုလိုက်ရာ သူ့မျက်လုံးအောက်တွင် သူ့ခန္ဓာကိုယ်မှာ အနည်းငယ်ကြည်လင်ထိုးဖောက်မြင်နိုင်ဖွယ် ရှီလာသည်။

သူကိုယ်ထဲက သွေးကြောများ၊ တဖျပ်ဖျပ်လက်နေသည့် ဓမ္မတံခါးအားလုံးနှင့် သူ့စိတ်နယ်ပယ်တို့ကို တွေ့မြင်လိုက်ရသည်။

သူ့စိတ်နယ်ပယ်ထဲက နတ်နန်းတော်သုံးခုကိုလည်း တွေ့မြင်ရပေသည်။ ထိုအထဲက နှစ်ခုသည် အသက်မြူခိုးများကြားတွင် ရှိနေသော်လည်း သူ ပြတ်သားစွာတွေ့မြင်နိုင်သေးသည်။

အရာအားလုံးက ထင်ရှားပြတ်သား‌သည်။ တစေအင်ပါယာပင် မြင်ကွင်းထဲထင်ဟပ်နေသေးသည်။ သို့သော် ခရမ်းရောင်လကိုတော့ တွေ့မြင်ရခြင်းမရှိပေ။

သို့ရာတွင် ၎င်းနေရာတွင် တစ်ခုခုရှိနေဟန်တော့ ရှိသည်။

သူ့စိတ်နယ်ပယ်နှင့် ချိန်ထိုးကြည့်လိုက်လျှင် ကောက်ကြောင်းတစ်ခု ပေါ်လာသည်။

ထိုအရိပ်ပမာ ကောက်ကြောင်းမှတစ်ဆင့် အပြင်လူတို့က တစ်ခုခုထူးဆန်းနေသည်ကို သိနိုင်ပေသည်။

တတိယနန်းတော်ထဲက တားမြစ်အဆိပ်ဆေးလုံးလည်း ရှိနေသေးသည်။ ၎င်းသည် မှုန်ဝါးနေပြီး ရှင်းလင်းစွာတော့ မြင်နိုင်ခြင်းမရှိ‌ပေ။ ယခင်နည်းတူပင် ၎င်းနေရာအား တစ်ခုခုနေရာယူထားဟန်ရှိသည်။

အရိပ်နှင့် ခရန်းရောင်သလင်းတို့သာ လုံးဝမြင်နိုင်ခြင်းမရှိဘဲ ပျောက်နေသည်။ ၎င်းတို့က နေရာယူထားဟန်ပင် မရှိကြဘဲ လုံးဝတည်ရှိခြင်းမရှိသည့်အလားပင်။ ရွှီချင်း အတွေးနက်သွားသည်။

သူ့ခန္ဓာကိုယ်ပြင်ပတွင် ရွှေကျီးကန်းကိုယ်ရိပ်သဏ္ဌာန်ကိုလည်း မြင်တွေ့ရ၏။ ၎င်းအား သဏ္ဌာန်မဲ့အားတစ်ခုက ဝန်းရံထားသည်။ သူ့စိတ်နယ်ပယ်ထဲတွင် တစ်ဝက်တစ်ပျက်ဓားအရိပ်တစ်ခုလည်း ရှိနေသေးသည်။

၎င်းသည် သူ့သုံးသပ်ဆင်ခြင်ခဲ့သော အင်ပါယာဓားတစ်စိတ်တစ်ပိုင်းဖြစ်သည်။

၎င်းအား ကြည့်ရင်း ရွှီချင်း ငြိမ်ကျသွားပြီး သူ့အရိပ်ကို ထိန်းချုပ်ကာ ထိုအရာအား ကွယ်ဝှက်ရန် ကြိုးစားကြည့်သည်။

သူက လျို့ဝှက်ချက်များစွာ မပေါ်လွင်စေချင်ပေ။ ယခုရှေးဟောင်းကြေးမှန်ကြီး၏ အကူအညီဖြင့် ရွှီချင်းသည် သူ့ကိုယ်ခန္ဓာကို စတင်နေရာညှိသည်။

သူက ပထမဦးစွာ အရိပ်လေး၏ စွမ်းအားကို ငှားသုံးကာ နန်းတော်နှစ်ခုလုံးအား အသက်မြူခိုးများထဲတွင် ဖုံးလွှမ်းထားသည်။ ရှေးဟောင်းမှန်ဖြင့် သဲလွန်စပင် ရှာမတွေ့နိုင်ချိန်တွင်မှ သူကျေနပ်သွား၏။

ရွှီချင်းက စဉ်းစားလိုက်ပြီး အရိပ်ကို လိုက်ကာသဖွယ်ဖြန့်ကာ တစေအင်ပါယာတောင်ကုန်းကိုလည်း ဖုံးကာသည်။

ခရမ်းရောင်လနှင့် တားမြစ်အဆိပ်ဆေးလုံးတို့တော့ ရှိနေသေးသည်။ ၎င်းတို့နှစ်ခုအား မြင်နိုင်ခြင်းမရှိသော်လည်း သူ့ခန္ဓာကိုယ်တွင် ၎င်းတို့နေရာယူထားကြောင်းကတော့ ထင်ရှားနေပေသည်။

ရွှီချင်းထိုအကြောင်းကို တွေးလိုက်ပြီး အရိပ်ဖြင့်အားလုံးကို ဖုံးကာထားလိုက်၏။

ထိုသို့ပြုပြီးနောက်တွင် သူက ထပ်မံသေချာစစ်ဆေးလိုက်ပြီး အမှားအယွင်းမရှိကြောင်းသေချာပြီးမှ အကြည့်ကိုပြန်ရုတ်သိမ်းလိုက်၏။ နောက်တစ်ခဏတွင် ကြေးမှန်ကြီးပေါ်ထိုင်နေသည့် ရွှီချင်းက မျက်လုံးများဖွင့်လာ၏။

“ဒီတော့ တားမြစ်ဓမ္မလက်နက်ဆိုတာ ဒီလိုကိုး။”

ရွှီချင်း ရေရွတ်သည်။

သူ့ဆရာပြောခဲ့သည်မှာ မှန်နေသည်ဟု သူခံစားရသည်။ သူသည် တားမြစ်ဓမ္မလက်နက်၏ လုပ်ဆောင်မှုတို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် လိုအပ်ပေသည်။ သူ့မှာ ထိုသို့အတွေ့အကြုံမျိုးမရှိဘဲ အပေါ်ယံနားလည်ခြင်းသာရှိနေလျှင် တားမြစ်ဓမ္မလက်နက်တို့၏ အင်အားနှင့် ကိုယ်ပိုင်ထူးဆန်းမှုတို့ကို ကောင်းစွာနားလည်နိုင်ရန် ခက်ခဲနေပေမည်။

“ဖုန်းဟိုင်ဒေသငယ်မြို့တော်ထဲက တားမြစ်ဓမ္မလက်နက်တွေရဲ့ အစွမ်းအတိအကျကို ငါမသိပေမဲ့ သူတို့က ရှေးဟောင်းမှန်ကြီးလောက် ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းမရှိရင်တောင် သူတို့နတ်အာရုံကနေ ဖုံးကွယ်ဖို့ကတော့ ခက်မှာပဲ။”

ရွှီချင်းက ခဏတာတိတ်ဆိတ်သွားပြီးနောက် မျက်လုံးများပြန်မှိတ်ကာ တားမြစ်ဓမ္မလက်နက်၏ လည်ပတ်မှုကို ပြန်လည်ဆင်ခြင်သုံးသပ်လိုက်‌၏။

ဤသို့ဖြင့် တစ်လကုန်လွန်လာသည်။

ထိုလအတွင်းတွင် ရွှီချင်းသည် တားမြစ်ဓမ္မလက်နက်၏ အစွမ်းတို့ကို နေ့စဉ်ခံစားဆင်ခြင်ကြည့်သည်။ သူကိုယ်သူလည်း ကြိမ်ဖန်များစွာ စောင့်ကြည့်ခဲ့ပြီး ဆက်လက်ညှိနှိုင်းနေရာချသည်။ ပြီးပြည့်စုံလုသည့်အခြေအနေသို့ ရောက်လာချိန်တွင်မှ သူ စိတ်ပေါ့ပါးသွားသည်။

လက်ရှိတွင် သူသည် ဒေသမြို့တော်ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ထိုနေရာမှ တားမြစ်ဓမ္မလက်နက်တို့၏ လက်နက်ဝိညာဉ်တို့ရဲ့ နတ်အာရုံက သူ့အား ဖြတ်သန်းကြည့်လျှင်ပင် လျို့ဝှက်ချက်အား ပေါ်လာမည်မဟုတ်ဟု ယုံကြည်မှုအပြည့်ရှိလာပြီဖြစ်သည်။

၎င်းတို့မြင်သမျှက သူ လှစ်ဟာပြသလောက်သာ ဖြစ်ပေမည်။

အခြားသော အကျိုးရှိမှုတစ်ခုလည်း ရှိသေးသည်။ ၎င်းက တားမြစ်ဓမ္မလက်နက်၏ နတ်အာရုံခံစားခြင်းအား သူရင်းနှီးကျွမ်းဝင်လာခြင်းဖြစ်သည်။ ယခုလက်ရှိတွင် ရွှီချင်းက သူ့ကိုယ်ပေါ်တွင် ရောက်ရှိနေသည့် နတ်အာရုံတို့သည် လူသားများထံမှလား ဓမ္မလက်နက်ထံမှလားဆိုသည်ကို ခွဲခြားနိုင်စွမ်းရှိလာသည်။

ထို့အပြင် တားမြစ်ဓမ္မလက်နက်တို့သည် အသုံးပြုချိန်တိုင်းတွင် အဘယ်ကြောင့် ဓာတ်နှောများဖြစ်တည်လာခြင်း ရှိကြောင်းကိုလည်း သူနားလည်လာသည်။ တားမြစ်ဓမ္မလက်နက်တို့၏ စွမ်းပကားတို့က ကြီးလွန်းသဖြင့် အသုံးပြုချိန်တိုင်းတွင် ဝိညာဉ်စွမ်းအားမြောက်မြားစွာ စုပ်ယူလေ့ရှိသည်။

ဝိညာဉ်စွမ်းအားများထဲက ဓာတ်နှောများက တားမြစ်ဓမ္မလက်နက်များထဲတွင် စုပုံလာကြ၏။ ထို့အပြင် ထိုဓာတ်နှောတို့ကို ခြေဖျက်ရန်ကလည်း လွန်စွာခက်ခဲလှသည်။ ၎င်းတို့က ဤသို့ဆက်လက်စုလာပြီး ကန့်သက်မှုအဆုံးသို့ရောက်ရှိကာ သုံးမရသော လက်နက်များဖြစ်သွားကြမည်ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းအဖွဲ့ကြီးများက တားမြစ်ဓမ္မလက်နက်တို့အား လွန်ကဲစွာသုံးကြလေ့မရှိပေ။ သို့မှသာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ကြောင့် တားမြစ်ဓမ္မလက်နက်တို့အား အခြေအနေနှစ်ခုတွင် အများစု ခွဲခြားသုံးကြသည်။ အပြည့်ဖွင့်သုံးခြင်းနှင့် နေ့စဉ်လုပ်ငန်းသုံးခြင်းတို့ဖြစ်သည်။ အပြည့်ဖွင့်ထားချိန်တွင် ၎င်းတို့၏စွမ်းပကားက အကြီးဆုံးဖြစ်ပေမည်။

ထိုသို့သောအခြေအနေမျိုးသည် ပြင်ပရန်သူတို့နှင့် တိုက်ခိုက်မှုတို့အား ခုခံကာကွယ်ရာတွင် သုံးလေ့ရှိသည်။

ပုံမှန်အားဖြင့် နေ့စဉ်လုပ်ငန်းသုံးတွင်သာ အဓိကထားသုံးလေ့ရှိကြသည်။

သို့ရာတွင် နေ့စဉ်လုပ်ငန်းသုံးရာတွင်ပင် အားနည်းသည့်အချိန်ပိုင်းတော့ ရှိတတ်ကြသည်။ ထိုအချိန်ကတည်း ပုံသေမရှိပေ။ တားမြစ်ဓမ္မလက်နက်တိုင်း၏ ကွာခြားမှုတို့အရ တွက်ချက်ရာတွင် တော်မှသာ ထိုအားနည်းချိန်ကို သိနိုင်ပေမည်။

ထိုအရာအားလုံးကို နားလည်လာပြီးနောက် ရွှီချင်းသည် ရတနာထိန်းတစ်ဦး၏ အလုပ်ကို ပိုနက်ရှိုင်းစွာ နားလည်လာခဲ့ပြီး နေရာများစွာသို့ ဆက်လက်ကြည့်နေခဲ့၏။ သို့ရာတွင် သူ့အကန့်အသတ်ကိုတော့ သူနားလည်ထားပြီး လွန်ကျူးသည့်နေရာများသို့ သွားကြည့်ခြင်းတော့မရှိပေ။

သို့တိုင်အောင်ပင် အန္တရာယ်ရှိသော အခြေအနေအချို့ကိုတော့ မလွဲမရှောင်သာ ကြုံတွေ့ရသေးသည်။

သူက ပင်လယ်ထဲရှိ အဆုံးမဲ့တစေမြို့တစ်ခုသို့ တစ်ခါကြည့်ခဲ့သေးသည်။ ထိုနေရာတွင် ဆန်းကြယ်သော မကောင်းဆိုးဝါးများစွာရှိနေကြပြီး ကမ္ဘာလောကသီးသန့်တစ်ခုအလားပင်။

ပင်လယ်နက်တစ်နေရာတွင် ခြေခြောက်ချောင်းနှင့် ဧရာမဘီလူးကြီးက ခက်ရင်းခွကြီးတစ်ခု ကိုင်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရသေးသည်။ ၎င်းအံ့မခန်းလောက်ဖွယ်နတ်ဘုရားလှိုင်းများထုတ်လွှတ်နေပြီး ကင်းလှည့်နေဟန်ရှိသည်။

ပင်လယ်ပုတ်သင်ကြီး၏ ဘိုးဘေးကိုလည်း သူတွေ့မြင်ခဲ့သေးသည်။ ၎င်း၏ အံ့မခန်းလှသော ကိုယ်ကြီးပေါ်က ကြေးခွံတိုင်းတွင် ကြောက်ခမန်းလိလိစွမ်းပကားတို့ ပါဝင်သည်။ ၎င်းသည် ကူးခတ်ရင်း ကြီးမားလှသော နတ်စွမ်းအားတို့ ထုတ်လွှတ်လျက်ရှိသည်။

ပင်လယ်ကြမ်းပြင်တွင် တစ်လုံးကြီးတစ်လုံး ကြီးထွားလာသည့် မျက်လုံးကြီးများလည်းရှိသည်။

အချိန်အများစုတွင် ၎င်းမျက်လုံးကြီးများက ပိတ်ဆို့နေတတ်သည်။ သို့ရာတွင် ၎င်းတို့ ဖွင့်လာချိန်တိုင်းတွင် ပင်လယ်တွင် ဝဲကတော့ကြီးများဖြစ်လာပြီး မြေကမ္ဘာတုန်ဟီးသည့် လှိုင်းလုံးကြီးများထုတ်လွှတ်လေ့ရှိကြသည်။

တားမြစ်ပင်လယ်တွင် အမျိုးအနည်မသိသက်ရှိများနှင့် ဘေးအန္တရာယ်များ ပြည့်နှက်လျက်ရှိပေသည်။

ထိုသက်ရှိသတ္တဝါများအပြင် ခြောက်ကမ်းပါးနက်ကြီးများကိုလည်း ရွှီချင်း တွေ့မြင်ခဲ့သေးသည်။

အချို့သည် ပင်လယ်ကြမ်းပြင်တွင် တည်ရှိနေကြပြီး အချို့မှာ နန်ဟွမ်ပြည်နယ်၏ တားမြစ်နယ်မြေများထဲတွင် ရှိနေကြသည်။

ထိုခြောက်ကမ်းပါးအက်ကြောင်းကြီးများမှ မှန်းဆမရနိုင်သည့် ပိန်းပိတ်အောင်နက်မှောင်သည့် မြူခိုးများထုတ်လွှတ်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် တစေဂူထဲက အခြေအနေနှင့် ဆင်တူသည့် ဝမ်းနည်းစွာဟိန်းအော်သံကြီးများလည်း မြည်ဟိန်းလာကြသေးသည်။

အမှန်ဆိုရလျှင် တစ်ရက်တွင် ရွှီချင်းက မြောက်မြားစွာသော စိတ်ဝိညာဉ်များကို တွေ့မြင်ခဲ့ရသေးသည်။

ထိုစိတ်ဝိညာဉ်တို့က နန်ဟွမ်ပြည်နယ်ဘက်ထံမှ ပျံတက်လာကြပြီး ကောင်းကင်တွင် စီတန်းလျက်ရှိနေကြသည်။

ထိုစိတ်ဝိညာဉ်တို့၏ ရှေ့တွင်တော့ ကျာပွတ်တစ်ခုကိုင်ဆောင်ထားသော ချိုနှစ်ချောင်းနှင့် ကိုယ်ရိပ်သဏ္ဌာန်တစ်ခုရှိသည်။

ထိုကိုယ်ရိပ်သည် ကျာပွတ်ခတ်လိုက်သည်နှင့် ဝိညာဉ်ကိုယ်တို့က ကောင်းကင်တွင် ဖွင့်ထားလျက်ရှိသည့် တံခါးတစ်ခုထဲတွင် ပျံသန်းဝင်ရောက်သွားကြသည်။ ထို့နောက်တွင်တော့ ကိုက်ဝါးသံများထွက်ပေါ်လာ၏။

ရွှီချင်က ထိုတံခါးကိုတစ်ချက်ကြည့်မိရုံဖြင့် သူ့စိတ်သည် တဝုန်းဝုန်းလှုပ်ခါသွားပြီး ကိုယ်နှင့် ဝိညာဉ်နှစ်ပါးလုံး ပျက်စီးလုနီးပါးထိဖြစ်ခဲ့သေးသည်။ သူ၏ရှေးဟောင်းကြေးမှန်နဲ့ ပေါင်းစည်းခြင်းအခြေအနေပင် ပျက်ပြားနှောင့်ယှက်ခံရပြီး သွေးများစွာပင် အန်ရ၏။

ထိုအချိန်တွင် သူက ငါးရက်ခြောက်ရက်မျှအနားယူပြီးမှ ကြောက်စိတ်များစွဲထင်လျက် ရှေးဟောင်းကြေးမှန်ကြီးနှင့် ပြန်ပေါင်းလိုက်နိုင်၏။

ထိုသို့ သူက သေချာဂရုစိုက်နေသော်လည်း လဝက်ခန့်အကြာတွင် ကျွန်းငယ်လေးတစ်ခုတွင် ဘုရားကျောင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

၎င်းသည် အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်းမဟုတ်သော်လည်း ဘုရားကျောင်းများကတော့ နတ်ဘုရားတစ်ပါးကို ကိုးကွယ်ပူဇော်သည့် နေရာဖြစ်ပေသည်။ ထိုဘုရားကျောင်းသည် မြူခိုးများဆိုင်းနေသည့် အစွန်ကျသော ကျွန်းတစ်ကျွန်းတွင် ရှိသည်။

ရွှီချင်းက တစ်ချက်သာ ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးကျိန်းစပ်သွားသဖြင့် ဆက်ကြည့်ဝံ့ခြင်းမရှိ‌တော့ပေ။

ထိုအချက်တို့မှ သူသည် ဤကမ္ဘာကို ပို၍နားလည်လာ၏။ တစ်ချိန်တည်းမှာပင် သူ့ဆရာ၏ သတိပေးချက်ကိုလည်း သူကောင်းကောင်းသဘောပေါက်လာသည်။

ထိုသို့တားမြစ်ထားသည့် တားမြစ်ဓမ္မလက်နက်ဖြစ်လာခြင်းတွင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လျှင် လွန်စွာ အန္တရာယ်များမည်ဖြစ်သည်။

နောက်ပိုင်းရက်များတွင် ရွှီချင်းက မသိဘေးသည့်နေရာများကိုကြည့်ခြင်းမပြုခဲ့ပေ။ ထိုအစား တားမြစ်ဓမ္မလက်နက်၏ လုပ်ဆောင်ခြင်းပုံစံတို့ကိုသာ လေ့လာသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်နယ်မြေအနည်းငယ်ကို စစ်ဆေးကြည့်သည်။

ဖုန်းဟိုင်ဒေသငယ်သို့ ထွက်ခွာရန်လဝက်ခန့်အလိုတွင်မှ ရွှီချင်း၏ မျက်နှာတို့ အနည်းငယ်ပြောင်းလဲလာ၏။

သူက ကျောက်ကျုံးဟန်နှင့် တင်းရှောက်ဟိုင်တို့ကို တွေ့မြင်လိုက်ရသည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်သည် အလောင်းကောင်တားမြစ်နယ်မြေ အစွန်ဖျားနေရာတွင် ရောက်ရှိနေကြသည်။ အနက်ရောင်မြူခိုးထုကြားတွင် သူတို့သည် အစွမ်းကုန်သုံးကာ မှော်သင်္ဘောကို ထိန်းချုပ်လျက် ထွက်ပြေးနေကြ၏။

သူတို့နောက်တွင်တော့ မြူခိုးတို့က ပြင်းထန်စွာလှုပ်ရှားလာပြီး ပင်လယ်မျက်နှာပြင်တွင် ဝဲကတော့တစ်ခုဖြစ်လာသည်။ မြောက်မြားစွာသော ကျုံလှီသည့်လက်များစွာ ထွက်ပေါ်လာပြီး သူတို့အား ဖမ်းကုတ်ဆွဲလာသည်။

မြူခိုးထဲတွင် အနက်ရောင်ဆံပင်မွေးများစွာ ဖြာထွက်လာပြီး သူတို့အား ရစ်ပတ်ချုပ်နှောင်ရန်ကြိုးစားလာသည်။

သူတို့သည် အန္တရာယ်ထဲသို့ ကျရောက်နေပြီ ဖြစ်သည်။

All Chapters