အလောင်းကောင်အင်ပါယာသေဆုံးခြင်း
Vol. 33 Ch. 492
ရွှီချင်း မျက်လုံးများ မှေးကြုတ်သွားပြီး အလောင်းကောင်တားမြစ်နယ်မြေ အတွင်းပိုင်းသို့ စူးစိုက်ကြည့်သည်။ ဆရာဖြစ်သူ၏ သတိပေးချက်ကိုလည်း သတိရလိုက်သဖြင့် အလောင်းကောင် တားမြစ်နယ်မြေ ပတ်ပတ်လည်နေရာများသို့လည်း အကြည့်တို့ ဖြတ်သန်းသွား၏။
ဂိုဏ်းရှစ်ဂိုဏ်း မဟာမိတ်ဆယ်ဦးကျော်တို့သည် သွေးပျက်ချောက်ချားစွာ ဥဒဟို ပြေးနေကြသည်ကို သူ တွေ့မြင်လိုက်ရသည်။ ပတ်ဝန်းကျင်နေရာများတွင် လူသေလက်အများအပြား ထွက်လာပြီး သူ့တို့ထံ လှုပ်ရှားလာနေကြသည်။
ထိုမြင်ကွင်းသည် ရွှီချင်း ပင်လယ်အလောင်းကောင်မျိုးနွယ်ဒေသထံသို့ သူထွက်ခွာခါနီးတွင် ကြားသိရသော သတင်းအား ပြန်အမှတ်ရမိစေသည်။
တပည့်အချို့သည် အလောင်းကောင်တားမြစ်နယ်မြေ အစွန်အဖျားတွင် ပျောက်ဆုံးသွားသည်။ ထို့ကြောင့် ဂိုဏ်းက ထိုကိစ္စအား စုံစမ်းရန် တာဝန်တစ်ခု ထုတ်ပြန်ထားသည်။ ဤလူများသည် စုံစမ်းနေသည့် တပည့်များ ဖြစ်ကြသည်။
ရွှီချင်းက တွေ့ရှိချက်များအား ချက်ချင်း ဂိုဏ်းထံသို့ တားမြစ်လက်နက်မှတစ်ဆင့် ပို့လွှတ်သည်။ သူ ထိုသို့လုပ်ပြီးသည့် ခဏတွင်ပင် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာသည်။
ကျောက်ကျုံးဟန်နှင့် တင်းရှောင်ဟိုင်တို့နောက်မှ ဆံပင်များက ရုတ်ချည်းတိုးပွားလာပြီး အရှိန်များလည်း တိုးမြင့်လာလျက် ၎င်းတို့ထံသို့ ဦးတည်လာသည်။
သူတို့အား ဆံပင်များက တုပ်နှောင်ခါနီးတွင် တင်းရှောင်ဟန်၏ မျက်နှာအမူအရာတို့ ရက်စက်ကြမ်းကြုတ်သွားသည်။ သူက ကျောက်ကျုံးဟန်ထံ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
သူတို့နှစ်ဦးလုံးသည် အခြေတည်အဆင့်တွင်သာ ရှိသည် ဖြစ်သော်လည်း တင်းရှောင်ဟိုင်သည် ဒုတိယအသက်မီးတောက်ဖြစ်တည်ပြီးသည်မှာ ကြာလှချေပြီ။
ကျောက်ကျုံးဟန်သည်ကား ဒုတိယမီးတောက်ဖွဲ့တည်နိုင်ရန် ဓမ္မတံခါးအချို့ လိုအပ်နေသေးသည်။ သူသည် သတိအမြဲရှိနေတတ်သော်လည်း ထိုအခိုက်တွင် ပြန်လည်တိုက်ခိုက်နိုင်ခြင်း ရှောင်တိမ်းခြင်းတို့ မလုပ်နိုင်တော့ပါ။
တစ်ခဏအတွင်း တင်းရှောင်ဟိုင်၏ အလစ်တိုက်ကွက်တွင် သူ သွေးတစ်ပွက်အန်လိုက်ရ၏။ သူ့ခြေထောက်အောက်ရှိ မှော်သင်္ဘောသည်လည်း တုန်ခါသွားပြီး အက်ကြောင်းများ ပေါ်ထွက်လာကာ ယိမ်းယိုင် လှုပ်ရှားလာသည်။ ခဏတာ ရပ်သွားပြီးနောက် သူ့နောက်သို့ လိုက်နေသည့် ဆံချည်မျှင်များသည် မှော်သင်္ဘောအား ရစ်ပတ်တုတ်နှောင်လာ၏။
“တင်းရှောင်ဟိုင်။”
ကျောက်ကျုံးဟန်က လှည့်ပင်မကြည့်ဘဲ သူ့အား ဓားစာခံအဖြစ်အသုံးချကာ အဝေးသို့ ပြေးထွက်သွားသည့် တင်းရှောင်ဟိုင်အား စိုက်ကြည့်ရင်း ဒေါသတကြီးအော်လိုက်၏။
မှော်သင်္ဘောအား ဆံချည်မျှင်များ ရစ်ပတ်လာပြီးနောက် သူသည် သင်္ဘောမှ ခုန်ထွက်ကာ လူချည်းသာ ပြေးရ၏။ သို့ရာတွင် သူ့အမြန်နှုန်းက နှေးလွန်းသည်။ တဖြည်းဖြည်းချင်း သူ့အား ဆံပင်များနှင့် လူသေလက်များက ရစ်ပတ်တုတ်နှောင်လာကြသည်။
ကျောက်ကျုံးဟန်သည် ပြင်းထန်သော အကြပ်အတည်းနှင့် သွေးပျက်မှုတို့အား ခံစားရပြီး အဘိုးဖြစ်သူ ပေးခဲ့သည့် အကာအကွယ်အစီအရင်များအား ထုတ်သုံးသည်။ သို့သော် ထိုအရာများသည် ဤနေရာတွင် သိပ်အသုံးမဝင်ပါ။
သူက ထွက်လမ်း ထိုးဖောက်နိုင်သည့်တိုင် ချက်ချင်းပြန်လည် ဝိုင်းခံရပြန်သည်။
တင်းရှောင်ဟိုင်၏ ကိုယ်ရိပ်ကတော့ အဝေးသို့ မှုန်ဝါးသည်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ ကျောက်ကျုံးဟန် ရှိနေခြင်းကြောင့် ထူးဆန်းမကောင်းဆိုးဝါးများစွာမှာ ထိုနေရာသို့ အာရုံစိုက်မိနေသဖြင့် သူ အန္တရာယ်မှ လွတ်မြောက်ရန် အခွင့်သာစေ၏။
ကျောက်ကျုံးဟန်၏ ဒေါသတကြီးအော်သံကိုတော့ သူ ဂရုမစိုက်ပေ။
၎င်းသည် သူ သတ်ခဲ့သည့် ပထမဆုံးဂိုဏ်းတပည့်လည်း မဟုတ်ပေ။ သူ အသက်ရှင်နိုင်သရွေ့ အခြားသူများ၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်နေမည် မဟုတ်ပေ။
“ကောင်စုတ်လေး အမြဲဆရာကြီးလုပ်နေတာပဲ။ ငါ တင်းရှောင်ဟိုင်က ဘယ်သူများမှတ်နေလဲ။”
“အဘိုးကောင်းတစ်ဦး ရှိနေတာကလွဲပြီး သူက ဘာမှ မသုံးမဝင်ဘဲနဲ့။ ဒီလိုငတုံးမျိုးက ဒီလောကကြီးမှာ ကြာကြာရှင်နိုင်မှာလဲ မဟုတ်ဘူး။ သူက အသတ်ခံရဖို့ ကံပါလာတာပဲ။ ဒီတော့ အကျိုးရှိရှိ အသေခံလိုက်တာ ကောင်းတာပေါ့။”
“ငါရှင်သန်နိုင်ဖို့က အရေးကြီးဆုံးပဲ။”
တင်းရှောင်ဟိုင်သည် ခံစားချက်ကင်းမဲ့သော အမူအရာ ရှိနေသည်။ သူက အရှိန်တင်လိုက်ပြီး မြူခိုးအတွင်းသို့ ပျောက်ကွယ်သွား၏။
သို့ရာတွင် တင်းရှောင်ဟိုင်သည် ချီရွဲ့ထုံ၏ တားမြစ်ဓမ္မလက်နက် မည်သို့ အလုပ်လုပ်သည်ကို နားလည်ခြင်း မရှိပေ။ ရွှီချင်းသည် ထိုနေရာအား စောင့်ကြည့်နေကြောင်းကိုလည်း သူ မသိပါ။
ရွှီချင်းက ဝေဖန်ဆုံးဖြတ်ခြင်းတော့ မပြုချေ။
တင်းရှောင်ဟိုင် နေရာမှ ကြည့်လျှင် သူ အသက်ရှင်ရန် ထိုသို့လုပ်ခြင်းသည် မှားယွင်းသော ကိစ္စမဟုတ်ပေ။ ကျောက်ကျုံးဟန်နေရာမှ ကြည့်လျင်လည်း ထိုနည်းတူ ဖြစ်သည်။
သို့ရာတွင် ရွှီချင်းကတော့ တင်းရှောင်ဟိုင်ကို ပို၍ သဘောမကျ ဖြစ်လာသည်။
ရွှီချင်းက ကျောက်ကျုံးဟန်၏ သွေးပျက်ခြောက်ခြားဟန်ကို မြင်သည်။ သူက တစ်ချက် စဉ်းစားလိုက်ပြီး ရှေးဟောင်းကြေးမှန်၏ ရတနာဝိညာဉ်ထံသို့ နတ်အာရုံတစ်ခု ပို့လွှတ်လိုက်၏။
“ကျုပ်ဝိညာဉ်ကိုယ်ကို အဲဒီနေရာသို့ လွှတ်လိုက်ပါ။”
ရွှီချင်း နတ်အာရုံဖြင့် ပြောလိုက်သည့်ခဏတွင် ရှေးဟောင်းမှန်ကြီးသည် တဝီဝီမြည်လာ၏။ ၎င်းအပေါ်တွင် အလင်းများ တဖိတ်ဖိတ် တောက်လာပြီး မျက်လုံးတစ်လုံး ဖျတ်ခနဲ ပွင့်လာသည်။
နောက်တစ်ခဏတွင် ရှေးဟောင်းကြေးမှန်ကြီးထံမှ စူးရှပြင်းထန်သော အလင်းတစ်ခု ထွက်လာပြီး အလောင်းကောင်တားမြစ်နယ်မြေရှိ ဗလာနယ်ကို ထွင်းဖောက်သွားသည်။ ၎င်းသည် မြူခိုးတို့အား ထိုးဖောက်ကာ ကျောက်ကျုံးဟန်ရှေ့သို့ ဆင်းသက်၏။
ကျောက်ကျုံးဟန်၏ မျက်နှာတွင် မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်လာ၏။ သူ့ရှေ့တွင် ပေါ်လာသည့် ထိုအလင်းသည် မြူမှုန့်ပေါင်းများစွာအဖြစ် ပြန့်ကျဲထွက်သွားပြီး အလင်းစက်များသည် ရွှီချင်း၏ပုံရိပ်သွင်အဖြစ်သို့ ပြန်လည်စုစည်းလာကြ၏။
“ရွှီချင်း။”
ကျောက်ကျုံးဟန်သည် မျက်လုံးအပြူးသားဖြင့် ဝမ်းသာအားရ ခေါ်သည်။
“ကယ်ပါဦး ရွှီချင်း ကယ်ပါ။”
ကျောက်ကျုံးဟန်၏ ခန္ဓာကိုယ်အား လူသေလက်များစွာက ဖမ်းဆုပ်ထားသည်။ သူ့ခန္ဓာကိုယ်အား အနက်ရောင်ဆံချည်မျှင်တို့က ရစ်ပတ်ချုပ်နှောင်ထားဆဲဖြစ်ပြီး ခန္ဓာကိုယ်တဝက်မှာ ပင်လယ်ထဲသို့ နစ်မြုတ်နေလေပြီ။ သူသည် အပြင်းအထန် ရုန်းကန်နေပါသော်လည်း ဆက်လက်နစ်မြုတ်ခြင်းအား မတားဆီးနိုင်ပါ။
ရွှီချင်းက သူ၏ ခန္ဓာကိုယ် အခြေအနေကို ဆန်းစစ်ကြည့်သည်။ ဤကား သူက ရှေးဟောင်းမှန်ကြီး၏ ဝိညာဉ်ခန္ဓာကိုယ် ထုတ်လွှတ်ခြင်းအစွမ်းကို ပထမဆုံးအကြိမ် သုံးခြင်း ဖြစ်သည်။ သူ့အာရုံထဲတွင် ယခု ဖြစ်ပေါ်လာသည်မှာ ပုံရိပ်ယောင်သာ ဖြစ်ပြီး သူ၏ ပင်မခန္ဓာကိုယ်နှင့် ခွန်အားချင်း အတော်လေး ကွာဟသည်။
ယခုပုံရိပ်ခန္ဓာကိုယ်တွင် အရိပ်လေးနှင့် သိုလှောင်အိတ်တို့ ရှိမနေပေ။ သူ့ကိုယ်ထဲက နန်းတော်သုံးခုမှာလည်း ပုံရိပ်ယောင်များသာ ဖြစ်သည်။ တားမြစ်အဆိပ်ဆေး၊ တစေအင်ပါယာတောင်ကုန်းနှင့် ခရမ်းရောင်လတို့အားလုံးမှာလည်း ကွယ်ပျောက်သွားပြီ ဖြစ်သည်။
အားလုံးခြုံကြည့်လျှင် သူ့စွမ်းရည်သည် ရွှေအမြုတေနန်းတော်သုံးခုအဆင့်၌သာ ရှိသည်။
“ဒီဝိညာဉ်ထုတ်စွမ်းအားက အားနည်းချက်တွေရှိနေပုံပဲ။”
ရွှီချင်း အတွေးနက်သွားသည်။ ထို့နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်၏။
ချက်ချင်းပင် ပတ်ပတ်လည်ရှိ အနက်ရောင်ပင်လယ်ရေတို့က မြင့်တက်လာပြီး ကြောက်လန့်တကြား အော်ဟစ်နေသော ကျောက်ကျုံးဟန်ထံသို့ လှိုင်းလုံးကြီးများအဖြစ် အထပ်ထပ် ရိုက်ခတ်သွားကြသည်။ ၎င်းလှိုင်းလုံးကြီးများ ဖြတ်သန်းရာ နေရာတိုင်းတွင် လူသေလက်များ ပြိုကွဲပျက်စီးသွားပြီး သူ့အား ချူပ်နှောင်ထားသည့် ဆံချည်မျှင်များလည်း တမုဟုချင်း ပြတ်တောက်ကုန်ကြသည်။
သူ့တိုက်ခိုက်ရေးစွမ်းရည်သည် ပင်မခန္ဓာကိုယ်ထက် နိမ့်ပါးသော်လည်း နန်းတော်သုံးခု ကျင့်ကြံဆင့်ဖြင့် သူသည် အလောင်းကောင်တားမြစ်နယ်မြေ အတွင်းပိုင်းသို့အထိ မသွားသရွေ့ ထူးဆန်းမကောင်းဆိုးဝါးများကို ရှင်းလင်းနိုင်စွမ်း ရှိနေသည်။
ထိုအချိန်တွင် ပင်လယ်ဟိန်းသံစွမ်းအားများ ပြန့်ကားထွက်လာပြီး ကျောက်ကျုံးဟန်မှာ လွတ်မြောက်လာ၏။ အဝေးတစ်နေရာက သူ့သင်္ဘောကိုလည်း ရွှီချင်းက ဖမ်းယူသည်။
၎င်းအား ရစ်ပတ်ထားကြသည့် ဆံချည်မျှင်တို့မှာ ချက်ချင်း ပြတ်တောက်သွားကြသည်။
ထိုမြင်ကွင်းတွင် ကျောက်ကျုံးဟန်တစ်ယောက် ခြောက်ခြားသွားသည်။
ရွှီချင်း အစွမ်းထက်ကြောင်း သူ သိထားသည်။ သို့ရာတွင် ရွှီချင်း ပေါ်ထွက်လာသည့်ပုံစံက သူ့အတွေးတို့အား ပြောင်းလဲသွားစေသည်။ ထို့အပြင် သူသည် သေမင်းနှင့် လက်တစ်ကမ်း အခြေအနေသို့ ရောက်နေ၏။ ထို့ကြောင့် သူ့စိတ်မှာ လှိုင်းများ အတောမသတ်အောင် ထန်နေသည်။
“ရွှီ…”
“အရင်ဆုံး ဒီကနေထွက်သွား။ အခြားမဟာမိတ်တပည့်တွေ ရှိသေးလား ငါ ကြည့်လိုက်ဦးမယ်။”
ရွှီချင်းက ကျောက်ကျုံးဟန်၏ စကားကို ဖြတ်ပြောလိုက်ပြီး သူ့ထံသို့ မှော်သင်္ဘောအား ပစ်ပေးလိုက်သည်။
ကျောက်ကျုံးဟန်က ကျေးဇူးတင်သည့်အမူအရာဖြင့် အလျင်အမြန် ခေါင်းညိတ်သည်။ မှော်သင်္ဘောပေါ်သို့ တက်လိုက်ပြီးနောက် သူက စကားပြောရန် ပြင်လိုက်စဉ် ရွှီချင်းက လက်စကို လှုပ်ခတ်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်လှသော အားလှိုင်းကြီးသည် ကျောက်ကျုံးဟန်၏ လှပထည်ဝါသော ဖီးနှစ်မီးငှက်သင်္ဘောအပေါ်သို့ ရိုက်ခတ်သွား၏။
မှော်သင်္ဘောသည် ချက်ချင်းပင် တဟုန်းဟုန်းမြည်လျက် အလောင်းကောင်တားမြစ်နယ်မြေ အပြင်ဘက်သို့ ပျံထွက်သွား၏။
ရွှီချင်းက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ အခြားနေရာများသို့ သွားကြည့်ရန် ပြင်သည်။ ရုတ်တရက် သူ့မျက်နှာအမူအရာတို့ ပြောင်းလဲသွားသည်။ သူက လေးနက်သည့် ဟန်ပင်ဖြင့် မြူခိုးများအတွင်းဘက်ဆီသို့ ဖျတ်ခနဲ ကြည့်သည်။
သူက ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ပြီး ချက်ချင်း ထွက်ပြေးရန် ပြင်သည်။
ထိုအချိန်တွင် သူ ကြည့်နေသည့်ဘက်မှ မြေကမ္ဘာတုန်ဟီးသည့် တုန်ခါလှိုင်းကြီးများ ပေါက်ကွဲထွက်လာသည်။ ကြီးမားလှသော အရှိန်အဝါကြီးတစ်ခု၊ ညည်းညူသော ဟိန်းသံများနှင့်အတူ ပတ်ပတ်လည်ရှိ ပင်လယ်ရေတို့ လှိုင်းထန်လှုပ်ရှားလာသည်ကို ရွှီချင်း ခံစားလိုက်ရသည်။ မြူခိုးတို့၏ အတွင်းဘက်က အလင်းတန်းများ ထွက်လာပြီး အရပ်မျက်နှာမျိုးစုံသို့ ဖြာထွက်သွားသည်။
ထိုအလင်းတန်းများတွင် တာအိုမန္တာန်များ ပါဝင်နေပြီး ဗလာနတ္တိအဆင့်တို့၏ မျက်လုံးများထဲက တာအိုအမှတ်အသားများကဲ့သို့သော တူညီသည့် ခံစားချက်မျိုးကို ပေးသည်။
“ဗလာနတ္တိအဆင့်…”
ရွှီချင်း စိတ်လေးလံလာသော်လည်း သွေးပျက်ခြင်းတော့ မရှိပါ။ ယခုခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။
သို့ရာတွင် မြူခိုးထဲက ဟိန်းသံများနှင့်အတူ ထွက်ပေါ်လာသည့် ရူးသွပ်စရာရယ်သံကြီးတစ်ခုကြောင့် သူ့စိတ်တို့ ပို၍ လေးနက်သွားရသည်။
“သေကုန်ပြီ၊ အားလုံးသေကုန်ပြီ။ သူတို့အားလုံးစားခံလိုက်ရပြီ…။”
“ဟားဟားဟား အားလုံးစားခံလိုက်ရပြီ။ အပိုင်းပိုင်း ဝါးစားခံလိုက်ရပြီ။”
ထိုအသံတွင် ရူးသွပ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းများ ပါဝင်ရောယှက်လျက်ရှိသည်။ ၎င်းသည် လှုံ့ဆော်မှုကြီးတစ်ခု ကြုံတွေ့ခံစားလိုက်ရသောကြောင့် စိတ်ဖောက်ပြားကာ ရူးသွပ်သွားသည့်ပုံစံ ဖြစ်သည်။
ထိုခါးသီးသည့် ရယ်သံကြီး မြည်ဟိန်းထွက်လာသည်နှင့် မြူခိုးတို့သည် ပြင်ပသို့ ပေါက်ကွဲထွက်ကာ လူရိပ်သဏ္ဌာန်တစ်ခု ရုတ်ချည်း ပြေးထွက်လာသည်။
ထိုပုံရိပ်သဏ္ဌာန်သည် လူမဟုတ်သည့် မျိုးနွယ်ဖြစ်သည်။ ၎င်း၏ တကိုယ်လုံးအား ဆွေးနေသည့် ကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ခေါင်းတဝက်မှာ မရှိတော့ဘဲ ကိုယ်ခန္ဓာသည်လည်း ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ သူ့တကိုယ်လုံးမှ ဓာတ်နှောများ ပြင်းထန်စွာ ထုတ်လွှတ်နေသည်။
သူ ဖြတ်သွားသည့် နေရာတိုင်းတွင် လှိုင်းကြီးများ ပင်လယ်ရေပြင်အထက်သို့ မြင့်တက်လာကြသည်။ တဝုန်းဝုန်းအသံများ မြည်သည်အထိ သူသည် လှိုင်းများအား ထိုးဖောက်ကာ ထွက်လာသည်။
သူသည် လှိုင်းများအကြားမှ ထိုးထွက်လာပြီးနောက် ခါးသီးစွာရယ်သည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာများသည် ထိန်းချုပ်မရတော့သည့်အလား သူက သွေးများအဆက်မပြတ် အန်ထွက်လျှက် ကောင်းကင်သို့ မော့ကာ အော်လိုက်၏။
ရွှီချင်း၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ သူ့ကိုယ်ပွားသည် လူမဟုတ်သောမျိုးနွယ်က ကျင့်ကြံသူ၏ ဖိအားဒဏ်ကို မခံနိုင်ဘဲ ပြိုကွဲပျက်စီးလာသည်။
ထိုအချိန်၌ လူမဟုတ်သောမျိုးနွယ်က ကျင့်ကြံသူသည် ငိုကြွေးဟစ်အော်နေရာမှ ဖျတ်ခနဲ ခေါင်းမော့ကြည့်သည်။ သူက ရွှီချင်းအား ကြည့်လိုက်ပြီး ညာလက်ကို မြှောက်ကာ ရွှီချင်းထံ ဖမ်းဆွဲလိုက်၏။
ရွှီချင်း၏ ပြိုကွဲနေသည့် ကိုယ်ပွားသည် အလိုလိုပျံထွက်သွားပြီး လူမဟုတ်သောမျိုးနွယ်က ကျင့်ကြံသူ၏ လက်ထဲသို့ ကျရောက်သွားသည်။
“ကိုယ်ပွားတစ်ခုပဲ။”
“သူတို့အားလုံးသေသွားပြီ။ အားလုံးသေသွားပြီ…”
လူမဟုတ်ကျင့်ကြံသူက ခါးသီးစွာရယ်သည်။
ရွှီချင်း၏ ဟန်ပင်ကတော့ တည်ငြိမ်လျက် ရှိနေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တဝက်မှာ ပျက်ပြယ်ခါနီး ဖြစ်သည်။ မကြာခင် သူအလျင်း ပျောက်ကွယ်သွားပေတော့မည်။
သူက တကိုယ်လုံးဓာတ်နှောများ အလွန်အမင်းထူထပ်စွာ ရှိနေသည့် လူမဟုတ်မျိုးနွယ်ကျင့်ကြံသူကို ကြည့်ကာ ငြိမ်ကျသွားသည်။
ထိုရူးသွပ်နေသည့် လူမဟုတ်ကျင့်ကြံသူကတော့ ရွှီချင်းကို သူ့ရှေ့သို့ ရုတ်တရက် ခေါ်ယူသည်။ သူ့မျက်နှာက ရွှီချင်းနှင့် ထိကပ်လုနီးပါးကပ်လာချိန်တွင် ရုတ်တရက် ပြောသည်။
“မင်း အဲဒါကို မြင်လိုက်လား။”
ရွှီချင်း ခေါင်းခါသည်။
“ဒါဆိုမင်းကို တစ်ချက် ကြည့်ခွင့်ပေးမယ်။ အဲဒီနောက်မှာ မင်းအပြင်ကို ထွက်ပြီး လူတွေကို သူနိုးထလာတဲ့အကြောင်း…အလောင်းကောင်တားမြစ်နယ်မြေရဲ့ အင်ပါယာက သေဆုံးသွားပြီဆိုတဲ့အကြောင်း ပြောပြလိုက်ပါ။”
ထိုစကားတို့က ရွှီချင်း၏ နားထဲသို့ ရောက်လာသည်နှင့် ရွှီချင်း၏ မျက်နှာအမူအရာလည်း ချက်ချင်း ပြောင်းလဲသွားသည်။ သူ ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိသေးခင် ရူးသွပ်နေသည့် လူမဟုတ်မျိုးနွယ်သည် ရွှီချင်း၏ မျက်နှာအား သူ့ခေါင်းတဝက်ဖြင့် ဆောင့်တိုက်လိုက်သည်။
၎င်းတို့ ထိတိုက်မိသည့် တခဏတွင် မှတ်ဉာဏ်ဖြင့် ပြုလုပ်ထားသည် မြင်ကွင်းတစ်ခုသည် ရွှီချင်း၏ စိတ်ထဲတွင် ထင်ဟပ်လာ၏။
ထိုမြင်ကွင်းသည် အလောင်းကောင်တားမြစ်နယ်မြေ၏ ဗဟိုချက်နေရာ အဆုံးမဲ့ပင်လယ်ကြမ်းပြင်ဖြစ်သည်။
ထိုနေရာအား မူလက အမှောင်ထုများ လွှမ်းခြုံထားသော်လည်း လူမဟုတ်မျိုးနွယ် အစွမ်းထက်ကျင့်ကြံသူ၏ အကြည့်အောက်တွင်တော့ ပင်လယ်ကြမ်းပြင်ကို ထင်ရှားပြတ်သားစွာ မြင်ရ၏။
အနက်ရှိုင်းဆုံးသော ပင်လယ်နက်ထဲတွင် ဧရာမကြေးတံခါးကြီးတစ်ခု ရှိသည်။
ထိုတံခါးကြီးသည် မည်မျှ ကာလကြာရှည်စွာ ရှိနေပြီးသည်ကို မသိရသော်လည်း ၎င်းသည် အချိန်၏ တိုက်စားမှုများစွာကို ခံထားရပြီးပြီဖြစ်ကြောင်း ထင်ရှားနေသည်။ တစ်ချိန်တည်းမှာပင် ထိုဂိတ်တံခါးရှေ့တွင် ဧရာမပုံရိပ်သဏ္ဌာန်ကြီးတစ်ခု ဒူးထောက်လျက်ရှိသည်။
ထိုပုံရိပ်သဏ္ဌာန်ကြီးသည် အလောင်းပေါင်းမြောက်မြားစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အလောင်းတစ်လောင်းချင်းစီတိုင်းက ကြောက်ခမန်းလိလိ အရှိန်အဝါတို့ ထုတ်လွှတ်လျက်ရှိသည်။ ၎င်းတို့အားလုံးပေါင်းစည်းလိုက်ပြီးနောက် ပြောင်းလဲဖြစ်ပေါ်လာသည့် ဧရာမဘီလူးကြီးသည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်လွှတ်နေ၏။
ရွှီချင်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့စိတ်တို့ ခံနိုင်စွမ်းမရှိတော့သည့်အခြေအနေ ဖြစ်လာသည်။ ထို့အပြင် ဤမြင်ကွင်းသည် သူ့ရှေ့က လူမဟုတ်မျိုးနွယ် ဗလာနတ္တိအဆင့်၏ မှတ်ဉာဏ်မြင်ကွင်းသာ ဖြစ်နေသည်။
ထိုဧရာမဘီလူးကြီးခေါင်းပေါ်တွင် ခရမ်းရောင်အရိုးများဖြင့် ဖွဲ့စည်းထားသော သရဖူတစ်ခုကိုလည်း သူ တွေ့မြင်လိုက်ရသည်။ ၎င်းသည် အထွတ်အထိပ် ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ကြေးတံခါးကြီးသည် တိတ်တဆိတ်ပွင့်လာပြီး ရွှေလက်ကြီးတစ်ဖက် တဖြည်းဖြည်းချင်း လှမ်းထုတ်လာသည်။
၎င်းလက်ကြီးသည် ရွှေရောင်ကိုယ်အရေပြားနှင့် ရွှေအရိုးများရှိသည်။ ၎င်း၏ သွေးကပင် ရွှေရောင်ဖြစ်နေဟန် ရှိသည်။ ၎င်းတွင် လက်ခုနစ်ချောင်းနှင့် ဆူးချိတ်ကောက်များကဲ့သို့သော အရိုးဆူးများရှိသည်။
ထိုလက်ကြီးသည် တဖြည်းဖြည်းဆန့်ထွက်လာပြီး ဘီလူးကြီးရှေ့သို့ ဖြည်းညင်းစွာရောက်ရှိလာသည်။
ဘီလူးကြီးတကိုယ်လုံးသည် တုန်ယင်နေပြီး သူသည် ရှောင်တိမ်းခြင်းနှင့် လှုပ်ရှားရုန်းကန်ခြင်းများ မပြုလုပ်ရဲသည့်ပုံစံကို မြင်ရသည်။ ဘီလူးကြီး တုန်ယင်နေစဉ်မှာပင် ရွှေလက်ကြီးသည် သူ့ခန္ဓာကိုယ်အနီးသို့ ချဉ်းကပ်လာ၏။ အလောင်းကောင်များအား ဖယ်ထုတ်လိုက်ပြီးနောက် ၎င်းသည် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်က အသားတစ်စအား ဖမ်းဆုပ်လိုက်သည်။
၎င်းအနက်ရောင်အသားစသည် ပြင်းထန်သိပ်သည်းလှသော နတ်ဘုရားတုန်လှိုင်းများ ထုတ်လွှတ်လျက်ရှိသည်။
လက်ကြီးသည် အနက်ရောင်အသားစကြီးကို ဆွဲကိုင်ကာ တဖြည်းဖြည်း ရှေးဟောင်းကြေးမှန်ကြီးထံ ပြန်လာသည်။ ထို့နောက် အတွင်းမှ ကိုက်ဝါးသံတို့ တဖြည်းဖြည်း မြည်လာ၏။
ထို့နောက်တွင် အလောင်းမြောက်မြားစွာဖြင့် ဖွဲ့စည်းထားသည့် ဘီလူးကြီးသည် အထောက်အပဲ့နှင့် အသက်ဝိညာဉ်တို့ ကင်းမဲ့သွားသည့်အလား လဲပြိုသွား၏။
အလောင်းတို့သည် တဖြည်းဖြည်းပုပ်ဆွေးလာပြီး အပုပ်ကောင်တောင်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွား၏။
မြင်ကွင်းသည် ထိုနေရာ၌ အဆုံးသတ်သွားသည်။
ရွှီချင်း၏ ကိုယ်ပွားက ထိုမြင်ကွင်း၏ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် လုံးဝပျက်ပြယ်သွားကာ အလင်းစက်များစွာအဖြစ် ပြောင်းလဲသွားပြီး လှိုင်းထလာသည့် အနက်ရောင်မြူခိုးများအောက်သို့ ကျရောက်သွား၏။
လူမဟုတ်မျိုးနွယ်ကလည်း မြူခိုးဖြင့် ဖုံးလွှမ်းခံရပြီး ခါးသက်စွာ ရယ်နေ၏။
အချိန်အတန်ကြာသော် မြူခိုးများထဲမှ ကိုက်ဝါးသံတို့ တဖန် ထွက်ပေါ်လာပြီး အတန်ကြာသည်ထိ ပြယ်လွင့်ခြင်းမရှိတော့ပေ။