ငရဲဆိပ်ကမ်း(၁)
Vol. 33 Ch. 496
တတိယမြောက်နေ့တွင် ခေါင်းဆောင်၏ လက်တို့ ပြန်ပေါက်လာ၏။ ၎င်းသည် ယခင်ကဲ့သို့ အကောင်းပကတိရှိနေပြီး မူမမှန်မှုများ မတွေ့ရပေ။
ရွှီချင်းက အကဲခတ်ကြည့်ရင်း ခေါင်းဆောင်၏ ပြန်လည်ကုစားနှုန်းကို ပိုမိုတိကျစွာ နားလည်လာသည်။
‘ခြေလက်ပြတ်တွေပြန်ပေါက်ဖို့ သုံးရက်ကြာတယ်။ ကိုယ်အောက်ပိုင်းအတွက် လဝက်နဲ့ ခေါင်းအောက်က နေရာအားလုံးပြန်ပေါက်ဖို့က တစ်လအချိန်ယူရတာပဲ။’
ထိုအချက်ကို နားလည်ထားခြင်းဖြင့် သူတို့ ကိစ္စများ သွားလုပ်ချိန်တွင် ခေါင်းဆောင်အား ပို၍ကောင်းသော ဗျူဟာများ ထည့်သွင်း စဉ်းစားနိုင်ကြောင်း ရွှီချင်း တွေးမိသည်။
ခေါင်းဆောင်သည် ထိုသို့ ကြုံတွေ့ခဲ့ရပြီးနောက်တွင် လူမဟုတ်မျိုးနွယ်တို့အား ပိုမို စိတ်ဝင်လားကြ၏။ ထို့ကြောင့် နောက်ပိုင်းနေ့များတွင် သူသည် ရွှီချင်းကဲ့သို့ပင် သင်္ဘောပျံမှ အောက်သို့ ငုံ့ကြည့်နေတတ်၏။
ဝူကျန်းဝူက ထိုမြင်ကွင်းကို ကြည့်ပြီး လေးနက်စွာ တွေးတောနေသည်။ သူသည် ကဗျာစပ်ခြင်းအတတ်ကို တိုးတက်လိုခြင်းလား မသိသော်လည်း သူလည်း အတူ ပါဝင်လာသည်။
အချိန်တို့ကုန်လွန်လာပြီး တည်နေရာ ပြောင်းရွှေ့ခြင်းနှစ်ကြိမ် ပြုလုပ်ပြီးနောက်တွင် ခေါင်းဆောင်လည်း လူမဟုတ်မျိုးနွယ်တို့အကြောင်း ပိုမို နားလည်လာ၏။ ဝူကျန်းဝူအတွက်လည်း များစွာ အကျိုးကျေးဇူးရရှိသည်။
သူကဗျာအတတ်သည် ယခင်အဆင့်သို့ ပြန်ရောက်လာသလို အနည်းငယ်ပင် တိုးတက်လာ၏။
“ကမ္ဘာက အနန္တသတ္တဝါတွေကို ပြောင်းလဲတယ်။ ကမ္ဘာကို ထိန်းချုပ်ပြီး ဓားနှလုံးကို သန့်စင်မယ်။”
ဝူကျန်းဝူသည် လေပြင်းများကြားတွင် ရပ်နေလျှက် အော်ရယ်၏။ သူ့ရယ်သံမှာ အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့ထွက်သွားသည်။
“အရူး။”
ခေါင်းဆောင်က နှုတ်ခမ်းတို့ ကွေးညွတ်အောင် ပြုံးသည်။
ရွှီချင်းကတော့ ဝူကျန်းဝူ၏ ရူးသွပ်မှုကို ဂရုမစိုက်ပေ။ ထိုအချိန်တွင် သူက ခေါင်းငုံ့ကာ ကြည့်သည်။ မြေပြင်တွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။
မြောက်မြားစွာသော သစ်ပင်တို့သည် အချိန်မရွေးကျွတ်ထွက်တော့မည့်အလား ကွေးညွတ်ယိမ်းခါနေကြ၏။
ဤကား ယွင်ဖုန်းပြည်နယ်၏ ထူးခြားသော ရာသီဥတု ဖြစ်သည်။
ယွင်ဖုန်းပြည်နယ်သည် ယင်ဟွမ်ပြည်နယ်၊ ချွီကျောက်ပြည်နယ်တို့နှင့် မတူပဲ လေပြင်းများ တစ်နှစ်ပတ်လုံး ရှိနေတတ်သည်။ ထို့ကြောင့် ဤဒေသက ဂိုဏ်းအဖွဲ့မျိုးစုံတို့မှာ အမြန်နှုန်းကောင်းကာ ကိုယ်ပိုင်ကိုယ်ခန္ဓာလေ့ကျင့်နည်းများ ရှိကြသည်။
ထို့အပြင် ဤနေရာရှိ လေတို့သည် နေ့ဘက်နှင့် ညဘက်တို့၌ ကွဲပြားကြသည်။
လေများသည် နေ့ဘက်တွင် ပြင်းထန်ကာ ညဘက်တွင် အေးစက်သည်။ ထို့အပြင် အခြားသော ထူးဆန်းမကောင်းဆိုးဝါးများစွာလည်း ရှိနေကြသည်။
လူမဟုတ်မျိုးနွယ်များနှင့် သန္ဓေပြောင်းသားရဲကောင်များစွာတို့လည်း ရှိနေကြ၏။
ယခုပင် မုန်တိုင်းထန်နေသည့် မြေပြင်တွင် ပေထောင်ချီမြင့်မားသော ဘီလူးကြီးအကောင်ရေ ရာချီခန့် ရှိနေသည်ကို မြင်ရ၏။
ထိုဘီလူးကြီးများသည် ကိုယ်လုံးတီးများ ဖြစ်ကာ သူတို့ကိုယ်ခန္ဓာများထံမှ လေပြင်းတို့ဖြင့် တိုက်ခတ်သည့်တိုင် ပြယ်လွင့်မသွားသည့် အနံ့ဆိုးတစ်မျိုးကိုလည်း ထုတ်လွှတ်နေကြသည်။
သူတို့အားလုံးတွင် မီးခိုးရောင်အသားအရေ၊ နီရဲသောမျက်လုံး၊ အနက်ရောင် သမ်းသော သွားဝါ များရှိနေကြပြီး အသိဉာဏ်ကတော့ မြင့်မားဟန် မရှိချေ။
တချို့သည် ပြေးနေကြပြီး တချို့ကတော့ ထိုင်နေကြကာ တချို့မှာ သားရိုင်းများကဲ့သို့ အချင်းချင်းတိုက်ခိုက်နေကြ၏။
သစ်ခေါက်ဖြင့် ပြုလုပ်ထားသော လှောင်အိမ်များ သယ်ဆောင်ထားသည့် လူဘီလူးများစွာကိုလည်း တွေ့မြင်ရသည်။
ထိုလှောင်အိမ်များထဲတွင် မျိုးစုံသော သတ္တဝါမျိုးနွယ်များ ချုပ်လှောင်ခံထားရပြီး အများစုမှာ သေခါနီးအခြေအနေ ဖြစ်သည်။
၎င်းတို့သည် ဘီလူးများ၏ အစာများ ဖြစ်ကြ၏။ ဘီလူးတချို့က ၎င်းတို့အား ကျောက်တုံးစားပွဲကြမ်းတစ်ခုပေါ်၌ တင်ကာ ဆုံကြီးများထဲ ထည့်ထောင်းပြီး အသားထောင်း လုပ်စားကြသည်။
“ယွင်ဖုန်းပြည်နယ်က တိမ်မြူသားရိုင်းတွေပေါ့။ သူတို့က အသိဉာဏ်သိပ်မရှိဘူး။ တောရိုင်းသားရဲတွေလိုပဲ။ သူတို့ကို အသေသတ်လို့လည်း မရနိုင်ဘူး။ ကမ္ဘာထဲမှာ သဘာဝအလျောက် မွေးဖွားဖြစ်တည်လာကြသူတွေပေါ့။”
နတ်မိနယ်ကျစ်ရွှမ်၏ အသံကို ကြားရသည်။
သူမသည် ရွှီချင်းဘေးသို့ မည်သည့်အချိန်ကမှန်းမသိ ရောက်လာ၏။
ရင်းနှီးနေသည့် မွှေးရနံ့သည် သူ့နှာခေါင်းထဲကို တိုးဝင်လာသော်လည်း ရွှီချင်းက ငြင်းပယ်ခြင်းတော့ မပြုပေ။ သူ အနည်းငယ် နေသားကျလာပြီ ဖြစ်သည်။
လမ်းတလျှောက်တွင် နတ်မိမယ်ကျစ်ရွှမ်သည် သင်္ဘောအတွင်းခန်းထဲတွင်သာ တံခါးပိတ်ကျင့်ကြံနေလေ့ရှိပြီး အပြင်သို့ သိပ်မထွက်ပါ။ ယခု သူမသည် ရွှီချင်းဘေးတွင် ရပ်နေ၏။ သူမ၏ ဟန်ပင်သည် ရွှီချင်းနှင့် နှစ်ယောက်တည်း ရှိစဉ်ကကဲ့သို့ မဟုတ်ဘဲ ပို၍ တည်တံ့နေသည်။
ရွှီချင်းက အလျင်အမြန်နှုတ်ဆက်သည်။ ခေါင်းဆောင်နှင့် ဝူကျန်းဝူတို့လည်း ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။
သို့ရာတွင် သူတို့နှစ်ဦးသည် ကိုယ်စီ ကွဲပြားသော အတွေးအကြံများ ရှိနေကြ၏။
ဝူကျန်းဝူက ရိုသေလေးစားမှုတို့ဖြင့် ပြည့်နေသည်။
ခေါင်းဆောင်ကတော့ နတ်မိမယ်ကျစ်ရွှမ်က ဆော့ကစားရာတွင် မည်သို့ ကျွမ်းကျင်ကြောင်း တွေးနေသည်။ သူမက တစ်ခါတစ်ရံ ကျော့ရှင်းလှပစွာ ဆွဲဆောင်သည်။ တစ်ခါတစ်ရံ မြူဆွယ်တတ်ပြီး တစ်ခါတစ်ရံတွင်တော့ တည်ကြည်လေးနက်သည်။ သူမအား မည်သူ တောင့်ခံနိုင်မည်နည်း။
ထိုအတွေးဖြင့် သူက ရွှီချင်းကို အားပေးတိုက်တွန်းဟန်ဖြင့် ကြည့်သည်။
ရွှီချင်းကတော့ သူ့အား လစ်လျူရှုထားသည်။ သူသည် ခေါင်းဆောင်ကဲ့သို့ ရှုပ်ထွေးသော အတွေးများ မရှိပေ။
“ဒီတိမ်မြူသားရဲကောင်တွေရဲ့အသားက ထူးခြားတဲ့အသုံးဝင်မှုတစ်မျိုးရှိတယ်။ သူတို့က သင်္ဘောလမ်းကြောင်းလက်မှတ်ပဲ။ မင်းတို့နှစ်ယောက်ဆင်းပြီး တစ်ကောင်စီသတ်လိုက်ကြ။”
ကျစ်ရွှမ်က ပြုံးလျှက် ပြောသည်။
ရွှီချင်း ခေါင်းညိတ်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလျှက် မြေပြင်ပေါ်သို့ ဆင်းသွားလိုက်၏။
ခေါင်းဆောင်လည်း မျက်တောင်ခတ်ကာ နောက်မှ လိုက်ပါသွားသည်။ သူက ရွှီချင်းအနားသို့ ရောက်ရှိလာချိန်တွင်တော့ မျက်လုံးမှိတ်ပြလိုက်ပြီး အသံပို့လွှတ်လျှက် ပြောသည်။
“ချင်းလေး၊ ငါအရင်ကပြောခဲ့တာကို မင်း ပြန်စဉ်းစားကြည့်ရမယ် ထင်တယ်။”
ရွှီချင်း နားမလည်ပါ။
“နတ်မိမယ်ကျစ်ရွှမ်ဆီ လိုက်လျောဖို့ပြောတာ။”
ထိုသို့ပြောပြီး ခေါင်းဆောင်က အရှိန်တင်ကာ ထွက်ခွာသွား၏။
ရွှီချင်းက ခေါင်းဆောင်၏ နောက်ကျောအား တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားမှ ထုတ်မပြောပေ။
နှစ်ဦးသား မြေပြင်သို့ ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာကြသည်။
မြေပြင်ပေါ်က ဘီလူးကြီးများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မြင့်မားလှခြင်း မရှိပေ။ သူတို့သည် ခွန်အားကိုသာ အားပြုတိုက်ခိုက်လေ့ရှိကြသည်။ အများစုမှာ အခြေတည်အဆင့် သက်စောင့်မီးတောက်နှစ်ခုသုံးခုမျှသော ခွန်အားကိုသာ ပိုင်ဆိုင်ကြ၏။ သူတို့ထဲက လေးငါးကောင်ခန့်သည်သာ ရွှေအမြုတေနှင့် ဆင်တူသော ချီနှင့် သွေးလှုပ်ခတ်မှုများ ထုတ်လွှတ်နိုင်ကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့အတွက် ထိုအဆင့်သားကောင်များကို သတ်ဖြတ်ခြင်းမှာ လွယ်ကူရိုးစင်းလှသည်။ မကြာမီ ရွှီချင်းသည် ရွှေအမြုတေအဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသော ဘီလူးကြီးတစ်ကောင်ရှေ့သို့ ရောက်ရှိလာသည်။
ထိုဘီလူးကြီးက ကျောက်စားပွဲကြီးအား ပြင်းထန်စွာ ထုရိုက်လျက်ရှိသည်။ သူက အန္တရာယ်ကို အာရုံခံမိပြီးနောက် ခေါင်းမော့ကာ ရွှီချင်းထံ ဟိန်းအော်လျက် ဖမ်းကုတ်သည်။
ထိုဘီလူးကြီး နှင့်ယှဉ်သော် ရွှီချင်းသည် ပုရွက်ဆိတ်တစ်ကောင် အရွယ်အစားသာ ရှိသည်။
သို့ရာတွင် ရွှီချင်း မျက်လုံးထဲတွင်တော့ ထိုဧရာမခန္ဓာကိုယ်နှင့် ဘီလူးကြီးသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
သူက ရှောင်တိမ်းခြင်းအလျင်းမပြုဘဲ ဘီလူးကြီး၏ လက်ဖဝါးနှင့် ထိပ်တိုက် ဝင်တိုက်သည်။ ထိုခဏ၌ ဘီလူးကြီးသည် သွေးပျက်ဖွယ်အော်လိုက်ပြီး သူ၏ညာလက်ဖမိုးမှာလည်း ပေါက်ကွဲထွက်သွား၏။
ရွှီချင်းက ၎င်းနေရာအား ထွင်းဖောက်ထွက်လိုက်ကာ ဘီလူးကြီး၏ နဖူးအလယ်ကြောထံသို့ ဦးတည်လာ၏။ သူက အနီးသို့ရောက်ရှိလာသည်နှင့် ထိုနဖူး အလယ်ကြောအား ဖိချလိုက်သည်။
သူ့ ခန္ဓာကိုယ်မှ ပြင်းထန်သော မှော်စွမ်းအားများ ပြန့်နှံ့ထွက်ပေါ်လာပြီး ဘီလူးကြီး၏ နဖူးကြောအတွင်းသို့ ပြန့်နှံ့ဝင်ရောက်ကာ အသက်စွမ်းအားမှန်သမျှကို ဖျက်ဆီသွားသည်။
နောက်တစ်ခဏတွင် ဘီလူးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါလာပြီး မြေပြင်သို့ ပြိုလဲကျသွား၏။ ထိုကျယ်လောင်သော အသံကြီး မြည်ဟိန်းသည့်အချိန်တွင်ပင် ခေါင်းဆောင်ကလည်း သူ့သားကောင်ကို သတ်ဖြတ်လိုက်ပြီး ဖြစ်သည်။ ရွှေအမြုတေဘီလူးကြီးတစ်ကောင် မြေပြင်သို့ ထပ်မံ လဲပြိုကျသွားပြန်သည်။