ငရဲဆိပ်ကမ်း(၂)
Vol. 33 Ch. 497
သို့ရာတွင် သူတို့တို့နှစ်ဦးက ဘီလူးအလောင်းများကို ချက်ချင်း သိမ်းယူခြင်း မပြုကြသေးပေ။ ထိုအစား နှစ်ဦးလုံးက မျက်လုံးများ အရောင်တောက်လျက် အဝေးသို့ ကြည့်လိုက်ကြသည်။
သူတို့ ကြည့်လိုက်သည့်ဘက်တွင် မုန်တိုင်းအတွင်းမှ ဓားရှည်နှစ်လက် တဝီဝီ ပျံထွက်လာသည်။
၎င်းတို့က အံ့မခန်းသော စွမ်းအားတို့ဖြင့် မုန်တိုင်းကို ထွင်းဖောက် ရောက်ရှိလာကြ၏။ သို့ရာတွင် ဓားရှည်များ၏ ပစ်မှတ်မှာ ရွှီချင်းတို့မဟုတ်ဘဲ တခြားသောဘီလူးများ ဖြစ်ကြသည်။
မျက်စိတမှိတ်အတွင်းတွင် ဓားရှည်များ ပျံထွက်သွားပြီး ဘီလူးသုံးကောင်မှာ သွေးရူးသွေးတန်း အော်ဟစ်လိုက်ကြ၏။ ဓားပျံများသည် သူတို့၏ ရင်ဘတ်များအား ထိုးဖောက်သွားကာ ခန္ဓာကိုယ်အား တဆတ်ဆတ်တုန်ခါစေလျှက် အသက်စွမ်းအားတို့ကို ငြိမ်းသက်လိုက်၏။
တစ်ချိန်တည်းမှာပင် မုန်တိုင်းအတွင်းမှ ပုံရိပ်သဏ္ဌာန်နှစ်ခု တလှစ်လှစ် ပျံသန်းလာကြသည်။
ထိုအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် နောက်ကျောတွင် ဝတ်ရုံရှည်ပါသော ဝတ်စုံဖြူအား ဝတ်ဆင်ထားကြ၏။ မှိန်ပျပျကောင်းကင်အောက်တွင် သူတို့၏ ဝတ်ရုံများပေါ်က မီးတောက်နက်များ တောက်လောင်နေသည့် ပုံရိပ်ကြောင့် သူတို့ရောက်ရှိလာပုံသည် မီးတောက်နှစ်ခု ရောက်လာသကဲ့သို့ ပုံစံ ဖြစ်နေ၏။
မြင်မြင်ချင်းပင် သူတို့၏ ဝတ်စုံကို ရွှီချင်း မှတ်မိလိုက်သည်။ သူတို့သည်လည်း ဓားကိုင်များ ဖြစ်ကြသည်။
သူက အမျိုးသားကျင့်ကြံသူကို မြင်ဖူး၏။
ခေါင်းဆောင်ကလည်း ထိုလူအား မှတ်မိသည်။
တစ်ဖက်လူသည် ရွှီချင်းနှင့် တခြားလူများ အင်မော်တယ်ဆတိုးမြစ်အား ကင်းလှည့်နေချိန်၌ မိစ္ဆာအိုကြီးအား လိုက်ဖမ်းနေသူ ဖြစ်သည်။
ထိုအချိန်က သူသည် ရွှေအမြုတေ မိစ္ဆာအိုကြီးမှာ လုံးလုံးသေဆုံးခြင်း မရှိသေးကြောင်းကို သိပါသော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ထိုအလောင်းကို တမင်ယူဆောင်ခွင့် ပေး၏။
ထိုအချိန်တွင် ဓားကိုင်နှစ်ဦးသည် မုန်တိုင်းထဲမှ ပြေးထွက်လာပြီး ဘီလူးများထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သူတို့က သတ်ဖြတ်လိုက်သည့် ဘီလူးအလောင်းတို့ကို သိမ်းယူလိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ကြည့်သည်။
သူတို့ကြားတွင် ဆက်သွယ်ပြောဆိုခြင်းမရှိပေ။ ဓားကိုင်နှစ်ဦးက ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ခေါင်းညိတ်ပြလိုက်ပြီး မုန်တိုင်းအတွင်းသို့ တဖန် ပြန်ဝင်သွားကြလေသည်။
ရွှီချင်းက အမျိုးသမီးဓားကိုင်ကိုတော့ မြင်တွေ့ဖူးခြင်း မရှိပါ။ သူမ၏ နောက်ကျောတွင် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးမလေးတစ်ဦးကို လွယ်ပိုးထားသည်ကိုတော့ သူ သတိထားမိသည်။
ထိုကလေးမလေးသည် လူသားတစ်ဦး မဟုတ်ပေ။ သူမ၏ နဖူးအလယ်ကြောမှ လက်တံနှစ်ချောင်း ဖြည်းညင်းစွာလှုပ်ရွနေပြီး အနက်ရောင်အပတ်တစ်ခုသည် သူမ၏ မျက်လုံးတို့အား စည်းထားကာ ခေါင်းနောက်တွင် ချည်နှောင်ထား၏။
သူမသည် အိပ်မောကျနေသည့်အလား အမျိုးသမီး၏နောက်ကျောပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေ၏။
ဓားကိုင်နှစ်ဦးထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးနောက် ရွှီချင်းက ခေါင်းဆောင်ကို ကြည့်သည်။ ခေါင်းဆောင်က ခပ်တိုးတိုးပြောသည်။
“သူတို့က ယင်ဟွမ်ပြည်နယ်က ဓားကိုင်တွေမဟုတ်ဘူး။”
ရွှီချင်းလည်း ထိုအချက်ကို သိသည်။ ဓားကိုင်အကဲဖြတ်ပွဲ၌ ယင်ဟွမ်ပြည်နယ်က ဓားကိုင်များအားလုံးကို သူတို့ တွေ့မြင်ဖူးသည်။
“သူတို့က တာဝန်ထမ်းဆောင်နေတာ ဖြစ်မယ်”
ရွှီချင်းက ထိုသို့ပြောကာ သူသတ်လိုက်သည့် လူဘီလူးကြီးအလောင်းကို သိမ်းယူသည်။ ဤနေရာရှိ တခြားဘီလူးများကတော့ တကွဲတပြား ထွက်ပြေးသွားကြပြီးဖြစ်ရာ အစအနတွင် မတွေ့နိုင်တော့ပေ။
ရွှီချင်းက တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းဆောင်၏ တတွတ်တွတ်တိုက်တွန်းမှုအောက်တွင် မုန်တိုင်းအတွင်းက သင်္ဘောပျံကြီးထံသို့ ပျံတက်လာကြ၏။
မကြာမီ သင်္ဘောပျံကြီးသည် ထိုနေရာမှ ထွက်ခွာပြီး မုန်တိုင်းထဲသို့ ဖြတ်သန်းနေသွား၏။ လဝက်ခန့် ပျံသန်းလာပြီးနောက်တွင် နေဝင်ချိန်တစ်ခု၌ သူတို့သည် ယွင်ဖုန်းပြည်နယ်၏ ပထမဆုံး ခရီးတစ်ထောက်နားစခန်းသို့ ရောက်ရှိလာကြသည်။
ရွှီချင်းသည် ဤခရီးလမ်းကြောင်းကို အကြမ်းဖျင်းသာ သိသည်။ နတ်မိမယ်ကျစ်ရွှမ်နှင့် ပဥ္စမသခင်မကြီးတို့ကသာ လမ်းခရီးအသေးစိတ်အား စီစဉ်ကြ၏။
အားလုံး၏ လုံခြုံရေးအတွက် ထိုအစီအစဉ်အား လျို့ဝှက်ထားခြင်းဖြစ်သည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့အပြင် တခြားသူတို့မှာ အကြမ်းဖျင်းပင် မသိကြရပါ။
ဝေဟင်မှ ကြည့်လျင် ထိုတစ်ထောက်နားစခန်းနေရာသည် ရှုပ်ထွေးသော ဈေးတစ်ခုအသွင်ရှိသည်။
ထိုနေရာတွင် မုန်တိုင်းဒဏ်ကို ကာကွယ်ပေးသည့် ရွှံ့တဲများစွာ ရှိကြသည်။ မျိုးနွယ်ပေါင်းများစွာက ကျင့်ကြံသူများလည်း ထိုနေရာတွင် ရှိနေကြ၏။
သူတို့ထဲတွင် နားတွင် နားကပ်များစွာ ဝတ်ဆင်ထားပြီး မျက်နှာတွင် တစေဆိုးအသွင် ဆေးမှင်ကြောင်များ ထိုးထားသည့် ဝတ်ရုံနက်လူတချို့လည်း ရှိကြသည်။
“ဒီနေရာက တစေအမှတ်သားဂိုဏ်းရဲ့ နယ်မြေပဲ။ တစေအမှတ်သားဂိုဏ်းဆိုတာ ယွင်ဖုန်းပြည်နယ်က အဖွဲ့ကြီးထဲက တစ်ခုပဲ။ သူတို့က မိစ္ဆာတစေဆိုးတွေကို မွေးပြီး သူတို့ရဲ့မန္တာန်အတတ်ဟာလည်း ဆိုးရွားရက်စက်တယ်။”
နတ်မိမယ်ကျစ်ရွှမ်၏ အသံက ရွှီချင်းစိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ထိုအသံပို့လွှတ်မှုက သူတစ်ဦးအတွက် ဖြစ်သည်။
ရွှီချင်းက ထိုစကားတွင် ထိုဝတ်စုံနက်လူများအား ထပ်မံ ကြည့်လိုက်ရသည်။
သူတို့မျက်နှာပေါ်က ဆေးမင်ကြောင်များမှ ခပ်ရေးရေးလှိုင်းတချို့ သူ အာရုံခံသည်။ ၎င်းတို့သည် တစေဂူထဲတွင် တွေ့ဖူးသော မိစ္ဆာတစေများနှင့် အနည်းငယ် ဆင်တူသည်။
သူတို့ ရောက်ရှိလာခြင်းသည် ကျင့်ကြံသူတို့၏ အာရုံကို ဆွဲဆောင်သွားသည်။
သို့ရာတွင် နတ်မိမယ်ကျစ်ရွှမ် သင်္ဘောပျံပေါ်မှ ဆင်းသက်လာသည်နှင့် ဈေးထဲရှိလူများအားလုံး ငြိမ်ကျသွားကြသည်။ ဗလာနတ္တိအဆင့်တစ်ဦး၏ ဖိအားကြောင့် ဝတ်စုံနက်များသည်ပင် အမူအရာများ ပြောင်းလဲသွားကြရ၏။
ဝတ်စုံနက်အနည်းငယ်က ချက်ချင်း ချဉ်းကပ်လာပြီး သူတို့အား ရိုသေစွာ ကြိုဆိုလျက် ဈေးထဲရှိ စားသောက်ဆိုင်တစ်ခုသို့ ပို့ဆောင်ပေးကြသည်။
“တစ်ည နားကြမယ်။ မနက်ဖြန်ကျရင် နေ့နဲ့ညပြောင်းသွားမယ်။ အာရုဏ်တက်ချိန် ရောက်တာနဲ့ တစေသင်္ဘောဟာ ငရဲဆိပ်ကမ်းကို ဆိုက်ကပ်လိမ့်မယ်။ ငါတို့ တစေသင်္ဘောကို ငှားပြီး ခရီးဆက်ကြမယ်။”
“ဒီဈေးက ညအချိန်မှာ တစေလမ်းဖြစ်သွားမယ်။ အစွမ်းအစမရှိရင် အရဲစွန့်ပြီး အပြင်မထွက်ကြနဲ့။”
ဆိုင်ထဲတွင် နတ်မိမယ်ကျစ်ရွှမ်က အေးဆေးစွာပြောသည်။ သူမက ပြောပြီးသည်နှင့် အခန်းထဲသို့ ဝင်သွား၏။ တခြားသူများကလည်း ကျစ်ရွှမ်ပြောသည့် တစေလမ်းနှင့် တစေသင်္ဘောတို့အား သိလိုစိတ်တို့ကို ချုပ်တည်းလိုက်ပြီး ကိုယ်ပိုင်ခန်းအသီးသီးသို့ ပြန်သွားကြ၏။
“ငရဲဆိပ်ကမ်းတဲ့လား။ တစေသင်္ဘောဆိုတာကရော ဘယ်လိုလဲ။”
ခေါင်းဆောင်က ရွှီချင်းဘေးတွင် ရပ်ကာ သိလိုစိတ်ဖြင့်မေးသည်။
ရွှီချင်း ခေါင်းခါသည်။ သူက သိချင်စိတ် များလှသည် မဟုတ်သော်လည်း နတ်မိမယ်ကျစ်ရွှမ် ပြောသည့် တစေလမ်းကိုတော့ အနည်းငယ် စိတ်ဝင်စားသည်။
၎င်းသည် သူ ဖီးနစ်တားမြစ်နယ်မြေထဲတွင် လည်ပတ်ခဲ့သောဈေးကို ပြန်လည် သတိရစေသည်။
မကြာမီ ညအချိန်သို့ ရောက်ရှိလာသည်။ ပြင်ပတွင်တော့ လေတို့ တဟူးဟူးတိုက်ခတ်လျှက် ရှိနေချိန်တွင် ဆိုင်၏ အခန်းထဲတွင် တင်ပျဉ်ခွေထိုင် ကျင့်ကြံနေသည့် ရွှီချင်း၏ မျက်နှာအမူအရာတို့ ပြောင်းလာသည်။
သိပ်မကြာခင် အပြင်ဘက်မှ အငွေ့အသက်များသည် ယင်နှင့်ယန်တို့ ပြောင်းပြန်ဖြစ်ကာ သေခြင်းနှင့် ရှင်ခြင်း အရှိန်အဝါတို့အဖြစ် ပြောင်းလဲသွားကြောင်း သူ ခံစားလိုက်ရသည်။ သူက ထိုဖြစ်စဉ်ကို ကြုံတွေ့ဖူးခြင်းကြောင့် အစိမ်းသက်သက်တော့ ဖြစ်မနေပေ။
ရွှီချင်းက မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်သည်။ အချိန်ခဏမျှ စဉ်းစားကြည့်လိုက်ပြီး သူက ပြတင်းပေါက်ထံသို့ လျှောက်လာသည်။
သူက ထိုနေရာတွင် ရပ်လျှက် ပြတင်းပေါက်ကို အသာဟကာ အပြင်သို့ ချောင်းကြည့်လိုက်သည်။
ပြင်ပမှ ဈေးအသွင်အပြင်မှာ သိသာစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။
လမ်းများပေါ်တွင် မိစ္ဆာကောင်များနှင့် တစေကောင်တို့ မြောက်မြားစွာ ပျံဝဲသွားလာနေကြ၏။ ၎င်းတို့သည် တစေတစ်ရာညတေးသွားကဲ့သို့ ဆိုးရွားသော အသွင်အပြင်မျိုးစုံ ရှိနေကြသည်။
တစ်ချိန်တည်းမှာပင် ဆိုင်အများအပြားလည်း ထွက်ပေါ်လာပြီး လူသေတို့လိုအပ်သည့် ပစ္စည်းများကို ရောင်းနေကြ၏။
အဝေးရှိ ဈေးအလယ်ဗဟိုတွင်တော့ ခြေထောက်ကြီးတစ်ခုအား သံချိန်းကြိုးများစွာက ရစ်ပတ်ချုပ်နှောင်ထားသည်။
ထိုဧရာမခြေထောက်ကြီးသည် လေထဲတွင် ဝဲပျံနေ၏။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးမှာ အစိမ်းရောင် ဖြစ်ကာ ဆိုးရွားသည့်အသွင်တစ်ခု ဖြစ်သည်။ ၎င်းအားမြင်လိုက်သည့် တစ်ခဏတွင် ရွှီချင်းမျက်လုံးတို့ မှုန်ကုတ်သွားသည်။
ထိုအစိမ်းရောင်ခြေထောက်ကြီးသည် သူဖီးနစ်တားမြစ်ဒေသတွင် မြင်တွေ့ဖူးသော ဘုန်းကြီးခေါင်းနှင့် တူညီသော ဇစ်မြစ်ရှိနေသည်ဟု ခပ်ရေးရေး ခံစားရသည်။
“ဒီလူကို ခုတ်ပိုင်းပြီး မတူညီတဲ့ တစေလမ်းတွေမှာ ဖြန့်ထားတာလား။”
ရွှီချင်း အတွေးနက်သွားသည်။ သူက ပြတင်းပေါက်ကို ဖွင့်ကာ ခုန်ထွက်လိုက်၏။
ယခင်က တစေလမ်းထဲတွင် ပစ္စည်းကောင်းများစွာကို သူတွေ့ဖူးသော်လည်း ဝယ်ယူရန်တော့ မတတ်နိုင်ပါ။ သူသည် ယင်ဟွမ်ပြည်နယ်သို့ ရောက်ရှိလာပြီးနောက်ပိုင်းမှစကာ လူအများအပြား သတ်ဖြတ်ပြီး ဖြစ်သည်။ သူက နှလုံးသွေးများကို တမင်တကာ စုဆောင်းခြင်း မပြုသည့်တိုင် ငွေကြေးအဖြစ်သုံးရန် အတော်အတန် စုမိနေပြီ ဖြစ်သည်။
သူက နောက်တစ်ကြိမ် သွားကြည့်သင့်သည်ဟု တွေးမိ၏။
သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ အရိပ်လေးကြောင့် ဖြစ်သည့် ပြဿနာကို ရှောင်ရန်အတွက် သူ့ ခန္ဓာကိုယ်အား အရိပ်လေးဖြင့် ဖုံးလွှမ်းခြင်း မပြုတော့ပေ။ ထိုအစား တတိယနန်းတော်ကို ဖွင့်လိုက်ပြီး သူ့တကိုယ်လုံးအား တားမြစ်အဆိပ်ဆေးအရှိန်အဝါတို့ဖြင့် ဖြည့်လိုက်သည်။
ထို့နောက်တွင်မှ တစေလမ်းထဲသို့ ဝင်ကာ တစေများအကြား ရောနှောဝင်တိုးလိုက်၏။
အချိန်တို့ ကုန်လွန်လာပြီး ရွှီချင်း၏ တစေလမ်းထဲသို့သွားသည့် ခရီးမှာလည်း ချောမွေ့နေသည်။ သူက တစေအဆိပ်ပစ္စည်းများစွာကို ဝယ်ယူနိုင်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်ပြောသော အာရုဏ်တက်ချိန်နီးလာသည်ကို တွေ့မိသည်နှင့် ရွှီချင်းက ပြန်သွားချိန်ရောက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့ရာတွင် သူ လမ်းလျှောက်လာစဉ် ဆိုင်တစ်ဆိုင်အရှေ့မှ ဖြတ်အသွား၊ ထိုဆိုင်ထဲမှ ခပ်သဲ့သဲ့အသံတစ်ချက် ကြားလိုက်ရ၏။
တစေလမ်းသည် တိတ်ဆိတ်လျှက် ရှိနေသဖြင့် ထိုသီချင်းသံသဲ့သဲ့သည် အတန်ငယ် သိသာနေ၏။
ထိုအသံသည် သီးသန့်ထွက်နေခြင်းမျိုးတော့ မဟုတ်ဘဲ ဈေးနှင့် တစ်သားတည်း လိုက်လျောညီထွေ ဖြစ်နေသည်။
“ယခင်ဘဝကတော့ ဒီနေရာမဟုတ်ပေမဲ့ တမလွန်ဘဝကတော့ ဒီနေရာမှာ အမြဲ။ အချစ်ဒုက္ခကို ငါ ဖြတ်တောက်ပြီး လူသားလောကထဲမှာ တဝဲလည်လည်…”
ရွှီချင်း၏ နားထဲသို့ ထိုသီချင်းသံဝင်ရောက်လာသည်နှင့် သူက ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။