ဆည်းဆာမျိုးနွယ်၏ မျက်လုံးများ (၁)
Vol. 33 Ch. 499
တစေသင်္ဘောပြင်ပတွင် ပိန်းပိတ်အောင်မှောင်မိုက်နေပြီး အဆုံးမသတ်နိုင်သည့် အေးစိမ့်မှုတို့သာ ရှိနေသည်။
အရိပ်လေးမြင်နိုင်သည်တို့မှတစ်ဆင့် ရွှီချင်းက တစေသင်္ဘောပြင်ပရှိ ငရဲကဲ့သို့ ဟင်းလင်းပြင်ကြီးကို ကြည့်လိုက်သည်။ အခြေတည်အဆင့်သို့ တက်ရောက်ချိန်တွင် မြောက်မြားစွာသော ကျင့်ကြံသူများ ကြောက်ရွံ့ကြရသော ခြောက်ခြားမှုကြီးအကြောင်းကို သူ ပြန်သတိရလိုက်သည်။
ကျင့်ကြံသူတို့ အခြေတည်အဆင့်သို့ တက်ရောက်ချိန်တွင် သူတို့သည် တခြားကမ္ဘာမှ သက်ရှိတို့အား ဆွဲဆောင်သော မီးအိမ်ပမာ ဖြစ်သွားကြသည်။
ဥပမာအားဖြင့် ထိုစဉ်က အအလေးသည် ထိုအဆင့်တွင် ကျရှုံးခဲ့ပြီး ပူးကပ်ခြင်းခံရသည်။
ရွှီချင်းကြောင့်သာ မဟုတ်လျှင် သူသည် အစအနမကျန်အောင် ဖျက်ဆီးခံရလောက်၏။
ထိုအချိန်တွင် တစေသင်္ဘောပြင်ပရှိ အမှောင်ထုသည် ထိုကမ္ဘာနှင့် ဆင်တူသည့် ခံစားချက်မျိုးပေးနေ၏။
ရွှီချင်း အတွေးနက်သွားသည်။ ဤနေရာတွင် အချိန်ကုန်ဆုံးနှုန်းမှာ မှန်းဆရခက်လှသည်။ အချိန်တစ်ခဏဟု ထင်ရသလို အတန်ကြာသည်ဟုလည်း ထင်နေရပြီး နောက်ဆုံးတွင် အမှောင်ထဲ၌ စူးရှသောအလင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုအလင်းသည် အပူဓာတ်များဆောင်ယူလာပေးပြီး ကျယ်ပြန့်စွာ ဖြန့်ကြက်သွား၏။ ၎င်းသည် အမှောင်ထုကို ထိုးခွဲလိုက်ပြီး ထိုငရဲပေါက်နေရာမှ တဖျပ်ဖျပ်လက်နေသော ကန္တာရတစ်ခုအား ထင်ဟပ်ဖော်ပြလာသည်။
နောက်တစ်ခဏတွင် တစေသင်္ဘောသည် ကန္တာရထဲသို့ ပျံဝင်လာ၏။ တစေသင်္ဘောသည် ကန္တာရထဲသို့ ရောက်ရှိလာသည်နှင့်….ပျောက်ကွယ်သွားတော့သည်။
သင်္ဘောပျံပေါ်က လူတိုင်းမှာ ရုတ်တရက်မြေဆွဲအားကို ပြန်လည် ခံစားလိုက်ကြရသည်။
“အားလုံးမျက်လုံးဖွင့်နိုင်ပြီ။”
နတ်မိမယ်ကျစ်ရွှမ်၏ အသံထွက်ပေါ်လာသည်နှင့် ဂိုဏ်းရှစ်ဂိုဏ်း မဟာမိတ်တပည့်များ ကိုယ်စီက မျက်လုံးများ ဖွင့်လိုက်ကြသည်။ သူတို့အမြင်အာရုံတွင် ဆီးကြိုနေသည်ကတော့ လောင်မြိုက်နေသည့် ကန္တာရတစ်နေရာ ဖြစ်သည်။
အဆုံးမဲ့မီးပင်လယ်ကြီးသည် အရပ်မျက်နှာမျိုးစုံသို့ ပြန့်ကားထွက်သွားသည်။ ၎င်းမီးလျှံများကြောင့် ကောင်းကင်သည်ပင် ကွေးညွတ်ပုံပျက်နေပြီး နေလုံးနီသည်လည်း ပြင်းထန်လှသော အပူချိန်အား ထုတ်လွှတ်နေ၏။
ဤနေရာရှိ နေလုံးသည် ရွှီချင်း ယင်ဟွမ်ပြည်နယ်တွင် မြင်နိုင်သည်ထက် ပို၍ ပြတ်သားကြီးမားနေ၏။
နေလုံးသည် ဤကန္တာရအပေါ်တည့်တည့်သို့ ရောက်နေသည့်ပမာ…။
သို့မဟုတ် ဤကန္တာရသည့် နေနှင့် အနီးဆုံးနေရာ ဖြစ်နေပုံရသည်။
တစေသင်္ဘောက ဤနေရာတွင် ဆက်တည်ရှိနိုင်ခြင်းမရှိတော့သဖြင့် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
နတ်မိမယ်ကျစ်ရွှမ်က လက်တစ်ချက်ယမ်းလိုက်ရာ နဂါးပြာအသွင် သင်္ဘောပျံကြီး ပေါ်ထွက်လာပြီး အားလုံးအား ထိုသင်္ဘောပေါ်သို့ဆင်းသက်စေလိုက်သည်။
သင်္ဘောပျံကြီးသည် ပူပြင်းတောက်လောင်သည့် နေလုံးကို တောင့်ခံကာ မီးပင်လယ်အား ဖြတ်ကျော်ပျံသန်းလျှက် ရှေ့သို့လျင်မြန်စွာ ဖြတ်သန်းနေတော့သည်။
တစေသင်္ဘောပေါ်က တခြားသော ခရီးသည်များသည်လည်း ကိုယ်ပိုင်နည်းလမ်းကိုယ်စီ ရှိကြသည်။ ဓားကိုင်နှစ်ဦးက ဦးထုပ်များအသွင်ရှိသည့် ဓမ္မလက်နက်များကို ထုတ်လိုက်ကြသည်။ သူတို့က လေထဲသို့ပျံတက်ခြင်းမပြုဘဲ မြေထဲသို့ တူးဝင်ကာ ပျောက်ကွယ်သွားကြ၏။
“ခရီးရဲ့နောက်ဆုံးအပိုင်းကို ရောက်လာပြီ။ ဒီကန္တာရကို သုံးလဖြတ်ပျံပြီးနောက်မှာ ဖုန်းဟိုင်ဒေသမြို့တော်ကို ရောက်မှာပဲ။”
နတ်မိမယ်ကျစ်ရွှမ်က အသာအယာပြောလိုက်သည်။
ပူပြင်းတောက်လောင်သည့် နေလုံးအောက်တွင် သူမ၏ အသံသည် စမ်းရေကြည်အလား အားလုံး၏ စိတ်ကို အေးချမ်းစေသည်။
ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်လုံးတို့တွင် ထူးဆန်းသော အရောင်တစ်ချက်လက်လာသည်။ ခရီးသည် တိုတောင်းသော်လည်း ကြုံဆုံရသည်များမှာ များပြားလှ၏။
ထိုအတွေ့အကြုံတို့မှ ယင်ဟွမ်ပြည်နယ်တွင် ရရှိနိုင်ခြင်း မရှိသည့် အသိနှင့် ဗဟုသုတတို့ တိုးမြှင့်စေနိုင်သည်။
ဤလောကကမ္ဘာ၏ ကျယ်ပြောမှုသည် သူ့အတွက် တံခါးတစ်ချပ် ဖွင့်လှစ်ထားသည့်အလား…။
ဤကန္တာရထဲတွင် လူမဟုတ်မျိုးနွယ်များစွာ ရှိနေသည်။
လဝက်ကြာပြီးလျှင် သင်္ဘောပျံသည် ရှေ့သို့ပျံသန်းနေစဉ် မြေပြင်တစ်နေရာတွင် မီးငြိမ်းနေသော နေရာတစ်ခု ပေါ်လာသည်။ ထိုနေရာမှ အစိမ်းရောင်မီးခိုးများ ပျံတက်လာနေ၏။
အစိမ်းရောင်မီးခိုးများ လေထဲသို့ ပျံတက်လာပြီး လူအသွင်သဏ္ဌာန်တို့အဖြစ် ကောက်ကြောင်းများ ပေါ်လာကြသည်။
၎င်းတို့သည် ဝိုးတဝိုးဖြစ်နေသေးသော်လည်း ထိုအထဲတွင် ယောက်ျား၊ မိန်းမ၊ ကြီးကြီးငယ်ငယ်တို့ ရှိနေသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်၏။
သူတို့သည် သာမန်ဘဝ၌ နေထိုင်ကြသော မျိုးနွယ်စုတစ်ခု ဖြစ်ဟန်ရှိသည်။
အစိမ်းရောင်မီးခိုးများထူထပ်နေသည့် နေရာတို့တွင် မြို့နှင့်ဆင်ဆင်တူသော နေရာအချို့ပင် ရှိနေသေးသည်။
ရွှီချင်းနှင့် တခြားသော တပည့်အများစုက ထိုမြင်ကွင်းအား မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ ခေါင်းဆောင်မှာကား နေသားကျဟန်ဖြင့် ထူးမခြားနားစွာ ကြည့်နေ၏။
သူတို့က မီးခိုးဖြင့် ဖွဲ့စည်းထားသည့်မျိုးနွယ်ကို စိုက်ကြည့်နေမိကြချိန်တွင် အစိမ်းရောင်မီးခိုးဖြင့် ဖွဲ့စည်းထားသည့် သဏ္ဌာန်များစွာကလည်း ခေါင်းများမော့ကာ ကောင်းကင်က သင်္ဘောပျံကို ကြည့်လိုက်ကြသည်။
ထိုမြင်ကွင်းတွင် နတ်မိမယ်ကျစ်ရွှမ်၏ အမူအရာတို့ တည်ကြည်လေးနက်လာပြီး ပထမဆုံးအကြိမ်အဖြစ် သူမသည် သင်္ဘောပျံပေါ်မှ ပျံဝဲထွက်ကာ မီးခိုးမြို့ထံသို့ ဦးညွှတ်လိုက်တော့သည်။
“ယင်ဟွမ်ပြည်နယ်က လူသားကျင့်ကြံသူတွေ ဖြစ်ပါတယ်။ ကျွန်မတို့မဟာမိတ်ရဲ့ ဓားကိုင်တွေကို ဒေသမြို့တော်သို့ လာရောက်ပို့ဆောင်ကြခြင်း ဖြစ်ပါတယ်။ သင်တို့နယ်မြေကို ဖြတ်သန်းရခြင်းအတွက် ခွင့်လွှတ်ပါ။”
နတ်မိမယ်ကျစ်ရွှမ်မှ လက်သီးအုပ်ဂါရဝပြုလိုက်ပြီးနောက်တွင် ရွှီချင်းလည်း အတူလိုက်ပါ၍ လက်သီးအုပ်ပါရဝပြုလိုက်သည်။ တခြားတပည့်များအားလုံးကလည်း မြေပြင်ကို လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။
အောက်မြေပြင်ရှိ မီးခိုးများလှိုင်းထလှုပ်ရှားလာပြီး မီးခိုးသဏ္ဌာန်များစွာ ပေါ်ထွက်လာသည်။
၎င်းတို့က သင်္ဘောပျံကြီးအား ကြည့်ကာ အတွေးနက်နေကြဟန်ရှိသည်။ မကြာခင် သူတို့လည်း လက်သီးများအုပ်ကာ ပြန်နှုတ်ဆက်လိုက်ကြသည်။
နတ်မိမယ်ကျစ်ရွှမ် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“မီးခိုးမျိုးနွယ်ပဲ။ ဒီခရီးမှာ ကိုင်တွယ်ရအခက်ဆုံးမျိုးနွယ်တစ်ခုလည်းဖြစ်တယ်။ သူတို့က လူသားအဖွဲ့အများစုကို ဂရုမစိုက်ကြဘူး။ ဒါပေမဲ့ ဓားကိုင်အဖွဲ့ကိုတော့ လေးစားကြတယ်။”
“ဒီမျိုးနွယ်က ပူပြင်းတဲ့နေရောင်အောက်မှ မွေးဖွားလာကြတာဖြစ်ပြီး သဘာဝအားဖြင့် လုပ်ကြံသတ်ဖြတ်သူတွေပဲ။ သူတို့ရဲ့ခန္ဓာကိုယ်တွေက အရှိန်အဝါအားလုံးနဲ့ ပေါင်းစည်းနိုင်ပြီး အရမ်းထူးဆန်းတယ်။ နောက်ပိုင်းအချိန်မှာ သူတို့နဲ့တွေ့ရင် မင်းတို့ ဂရုပိုစိုက်ရမယ်။ သူတို့နဲ့ အလွယ်တကူရန်သူ မဖြစ်စေဘဲ ဆက်ဆံရေးကောင်းရှိအောင် အစွမ်းကုန်လုပ်ကြ။”
နတ်မိမယ်ကျစ်ရွှမ်က သတိပေးလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး မြေပြင်တွင် ကျန်ရစ်သော မီးခိုးမြို့အား ကြည့်လျက် ထိုမျိုးနွယ်နှင့်ပတ်သက်သော အချက်အလက်များအား မှတ်သားထားလိုက်သည်။
လမ်းတလျှောက်တွင် ရွှီချင်းနှင့် တခြားသူများသည် ထူးဆန်းသော မျိုးနွယ်များစွာ တွေ့မြင်ကြရ၏။
တစ်လခန့်ကြာသော် ကန္တာရ၏ အရောင်သည် ပြောင်းလဲလာ၏။ ၎င်းသည် ဝါကျင့်ကျင့်အနီရောင်မဟုတ်တော့ဘဲ သလင်းကျောက်အသွင် ဖြစ်လာသည်။
၎င်းတို့မှ ရောင်ပြန်ဟပ်ခြင်းတို့ ဖြစ်လာသည်။ ရောင်စုံအလင်းများ ယှက်ဖြာလာကြသည်။ ထိုအလင်းများသည် လွန်စွာလှပနေသော်လည်း မျက်စိကျိန်းဖွယ် စူးရှလွန်း၏။ ကျင့်ကြံခြင်းအဆင့် မလုံလောက်ဘဲ ၎င်းအလင်းတို့အား ကြာရှည်စွာ စိုက်ကြည့်လျှင် မျက်လုံးကန်းသွားနိုင်သည်။
သင်္ဘောပျံကြီးကတော့ အလင်းပင်လယ်ထဲတွင် ဖြတ်သန်းနေသည့်အသွင် ဖြစ်နေသည်။
ထိုနေရာတွင် ရွှီချင်းက ဓားကိုင်နှစ်ဦးကို ပြန်တွေ့လိုက်ရသည်။
ဤကန္တာရနေရာသည် ဓားကိုင်နှစ်ဦး၏ ဦးတည်ချက်နေရာ ဖြစ်နေသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးသည် သလင်းမြေပြင်ပေါ်ရှိ အလင်းပင်လယ်ထဲတွင် သဏ္ဌာန်မဲ့သက်ရှိများနှင့် တိုက်ခိုက်နေကြသည်။
ဓားအလင်းတို့သည် အရပ်မျက်နှာမျိုးစုံသို့ ပြန့်နှံ့နေပြီး အသံလှိုင်းများကလည်း လှိုင်းထနေသည်။ မန္တာန်ကျိန်စာအတတ်တို့ကြောင့် ဖြစ်လာသော စွမ်းအားများသည်လည်း ပတ်ဝန်းကျင်တခွင် ရိုက်ခတ်နေ၏။
သူတို့ဘေးတွင်တော့ အမျိုးသမီးဓားကိုင်က နောက်ကျောပေါ်တွင် သယ်ဆောင်လာသော လူမဟုတ်မျိုးနွယ် ကလေးမလေး ရှိနေသည်။ ထိုအချိန်တွင် ကလေးမငယ်၏ မျက်လုံးများပေါ်က အနက်ရောင်ပတ်တီးစမှာ ဖယ်ရှားထားပြီး ဖြစ်သည်။ သူမက အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်းရှိသည့် နေလုံးကြီးအား တိုက်ရိုက် စိုက်ကြည့်နေသည်။