ဆည်းဆာမျိုးနွယ်၏ မျက်လုံးများ (၂)
Vol. 33 Ch. 500
သူမ၏ မျက်လုံးတို့သည် အလင်းများဖြင့် ပြည့်နေပြီး နေရောင်ကို စုပ်ယူနိုင်စွမ်းရှိနေကြဟန်ဖြင့် တဖြည်းဖြည်းတောက်ပလာနေသည်။
သူမ၏ နဖူးပေါ်က လက်တံနှစ်ခုမှာလည်း လှုပ်ယမ်းလျက် သူမမျက်လုံးထဲသို့ ကမ္ပည်းစာများ တစ်ခုပြီးတစ်ခု ယှက်သွယ်လျှက် ထည့်သွင်းပေါင်းစည်းနေကြ၏။
သို့ရာတွင် ထိုလုပ်ငန်းစဉ်အား နှောင့်ယှက် မရနိုင်ကြောင်းထင်ရှားနေပြီး ထိုကြောင့်ပင် ဓားကိုင်များက သူမအား ကာကွယ်နေကြခြင်း ဖြစ်သည်။
သူမအား နေရောင်စုပ်ယူနိုင်ခြင်းမှ တားမြစ်နေသူများမှာ သဏ္ဌာန်မဲ့သက်ရှိအချို့ ဖြစ်သည်။
၎င်းတို့သည် အလင်းရောင်နှင့် တစ်သားတည်းပေါင်းစည်းထားကြဟန် ရှိသည်။ ၎င်းတို့ ပတ်ပတ်လည်တွင် လှည့်ပတ်လှုပ်ရှားနေကြသည့် အလင်းများမှာ ပို၌ပြင်းထန်ကာ မကြာခဏ ပုံပျက်ကွေးညွတ်နေသည်ကို တွေ့မြင်နိုင်၏။
“အလင်းမိစ္ဆာကောင်ပဲ။”
သင်္ဘောပျံကြီးပေါ်တွင် ထိုမြင်ကွင်းကို ကြည့်နေသည့် နတ်မိမယ်ကျစ်ရွှမ်က ဖြည်းညင်းစွာ ပြောလိုက်၏။
“အလင်းက အသိဉာဏ်ရလာချိန်မှာ အလင်းမိစ္ဆာကောင်အဖြစ်ပြောင်းလဲသွားတယ်။ အများစုကတော့ နေရာင်ခြည် ပြင်းထန်သိပ်သည်းတဲ့နေရာတွေမှာ ပေါ်လာတတ်တယ်။ အမှန်ကတော့ သူတို့က အလင်းဖြစ်နေတော့ ရှင်းလင်းသတ်ဖြတ်ဖို့ အရမ်းခက်ခဲတယ်။ ညအချိန်ရောက်မှပဲ သူတို့ဘာသာ ပျက်ပြယ်သွားတတ်ကြတယ်။”
နိတ်မိမယ်ကျစ်ရွှမ်၏ အသံထွက်ပေါ်လာချိန်တွင် မြေပြင်ရှိ ဓားကိုင်နှစ်ဦးမှာလည်း ဒဏ်ရာများရလာကြပြီး အလင်းမိစ္ဆာများကို မယှဉ်နိုင်တော့ကြောင်း ထင်ရှားလာသည်။ ၎င်းတို့က ဤတာဝန်၏ ခက်ခဲမှုကို လျှော့တွက်မိကြဟန် တူသည်။
ရွှီချင်းက ခေါင်းဆောင်အား ကြည့်လိုက်သည်။
ခေါင်းဆောင်ကလည်း ရွှီချင်းကို ပြန်ကြည့်၏။
“စီနီယာ ဒီလူက ကျွန်တော်တို့ကို ကူညီပေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဆင်းပြီး ကူညီချင်ပါတယ်။”
ရွှီချင်းက နတ်မိမယ်ကျစ်ရွှမ်ထံ ဦးညွှတ်လိုက်သည်။
“ငါ့ အကူအညီ လိုသေးလား။”
နတ်မိမယ်ကျစ်ရွှမ်က ညင်သာစွာ မေးလိုက်သည်။
“အစ်ကိုကြီးနဲ့ ကျွန်တော်ဆိုရင် လုံလောက်ပါပြီ။ ကျွန်တော်တို့ မယှဉ်နိုင်တော့ရင်တော့ စီနီယာကို ဒုက္ခပေးရပါလိမ့်မယ်။”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ နတ်မိမယ်ကျစ်ရွှမ် ခေါင်းညိတ်လိုက်ချိန်တွင် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး သင်္ဘောပျံပေါ်မှ ခုန်ဆင်းလိုက်တော့သည်။
ခေါင်းဆောင်က ချောင်းဆိုးလိုက်သည်။
“တကယ်တော့…စီနီယာ အခု လှုပ်ရှားနိုင်ပါပြီ။”
နတ်မိမယ်ကျစ်ရွှမ်က ခေါင်းဆောင်အား မျက်လုံးပြုးလျှက် ကြည့်လိုက်သည်။ ခေါင်းဆောင်မှာ ဇက်ပုသွားပြီး အပြင်သို့ အလျင်အမြန် ခုန်ထွက်လိုက်တော့သည်။
သူတို့နှစ်ဦး ရောက်ရှိလာခြင်းကို မြင်လျှင် တိုက်ခိုက်နေကြသည့် ဓားကိုင်နှစ်ဦးက ကျေးဇူးတင်သည့်အမူအရာများအား ပြသကြ၏။ သူတို့အထဲက ယင်ဟွမ်ပြည်နယ်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့အား မြင်တွေ့ဖူးသည့် အမျိုးသားဓားကိုင်က ချက်ချင်း ပြောလိုက်သည်။
“ကျေးဇူးပဲ ရောင်းရင်းတို့။ ဒီနေရာက အလင်းမိစ္ဆာတွေက ကျုပ်တို့အရင်က တွေ့ဖူးတာထက်ပိုများနေတာပဲ။ ဒီဆည်းဆာမျိုးနွယ်ကလေးကို ကူပြီး ကာကွယ်ပေးပါဦး။”
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး လွန်စွာ မြန်သည့်အရှိန်ဖြင့် ရောက်ရှိလာသည်။ သူက ဆင်းသက်လာသည်နှင့် ရှေ့က အလင်းပင်လယ်ထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ပြင်းထန်စွာ တိုးဝင်လာသည်အား ခံစားမိ၏။
သူ့မျက်လုံးများတွင် စူးရှသောအရောင်တစ်ချက် လက်သွားသည်။ တတိယနန်းတော်ထဲရှိ အဆိပ်ဆေးလုံးသည် လှုပ်ခါသွားပြီး သူ့ကိုယ်မှ တားမြစ်အဆိပ်စွမ်းအားတို့ ဖြာထွက်လာသည်။
နောက်တစ်ခဏတွင် သူရှေ့က အလင်းပင်လယ်ထဲမှ နာကျင်စွာ အော်သံတစ်သံ ထွက်လာသည်။ ထို့နောက်တွင် အလင်းတန်းတစ်ခုမှာ အနက်ရောင်အသွင်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာ ပျယ်လွင့်သွား၏။
ထိုမြင်ကွင်းတွင် ဓားကိုင်နှစ်ဦး၏ မျက်လုံးများ ဝင်းလက်သွားကြသည်။ ခေါင်းဆောင်လည်း မခေပါ။ သူ့ခန္ဓာကိုယ်မှ အပြာရောင်အလင်းတစ်ခု လင်းလက်သွားပြီး တစ်ခဏအတွင်း အတောမသတ်နိုင်သော အအေးဓာတ်အားများ ပြန့်နှံ့ထွက်ပေါ်လာသည်။
ထိုအအေးဓာတ်သည် လွန်စွာ ကြောက်မက်ဖွယ် ကောင်း၏။ ၎င်း ဖြတ်သန်းရာနေရာတိုင်းတွင် အမှောင်ထု ဖြစ်သွားပြီး အလင်းများ ကွယ်ပျောက်ရသည်။ ထိုအအေးဓာတ်သည် အလင်းကိုပင် အေးခဲနိုင်စွမ်း ရှိနေပုံ ရသည်။
အလင်းတို့ အေးခဲသွားသည်။
၎င်းအလင်းများ အေးခဲသွားချိန်တွင် စီးဆင်းလှုပ်ရှားနိုင်စွမ်း မရှိတော့သဖြင့် ပတ်ဝန်းကျင်မှာလည်း အလိုလို မှောင်မိုက်သွားခြင်း ဖြစ်ပေသည်။
ဤနေရာတွင် ခေါင်းဆောင်၏ ကြောက်ခမန်းလိလိ ရေခဲစွမ်းအားသည် ရွှီချင်းထက်ပင် အားကောင်းဟန် ရှိနေသည်။
သူတို့နှစ်ဦး ရောက်ရှိလာခြင်းကြောင့် ဓားကိုင်နှစ်ဦးအပေါ် ဖိအားများ အတော်အတန် လျော့နည်းသွားသည်။ မကြာခင်အချိန်အတွင်း ဤနေရာရှိ အကြပ်အတည်းသည် တဖြည်းဖြည်း ပြေလျော့လာပြီ ဖြစ်သည်။ ပတ်ပတ်လည်ရှိ အလင်းမိစ္ဆာတို့မှာလည်း ၎င်းတို့က ရင်ဆိုင်ရခက်ခဲကြောင်း သိလာကြပြီးနောက် တစ်ကောင်ပြီးတစ်ကောင် ခွဲထွက်သွားကြသည်။
“ကျေးဇူးပါပဲ ရောင်းရင်းတို့။”
ဓားကိုင်နှစ်ဦး၏ ကျင့်ကြံဆင့်တို့သည် ရွှေအမြုတေနန်းတော်သုံးခုအဆင့်များ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့က ရွှီချင်းနှင့် ခေါင်းဆောင်တို့အပေါ် ကျေးဇူးတင်မိသော်လည်း သတိထားသော အမူအရာများလည်း ရှိနေကြ၏။
ဤကား အလိုလိုသိစိတ်ပင်ဖြစ်သည်။
ဤကမ္ဘာလောကတွင် ထိုသို့သိစိတ်မျိုးမရှိလျှင် အသေစောမည် ဖြစ်သည်။
သူတို့နှစ်ယောက်ထဲတွင် ယင်ဟွမ်ပြည်နယ်၌ ရွှီချင်းနှင့် ခေါင်းဆောင်တို့အား တွေ့ဆုံဖူးသည့် တစ်ဦးကတော့ ထိတ်လန့်အံ့သြနေသည်။
သူသည် ကောင်းကင်လက်ရွေးစင်များနှင့် ထူးချွန်သော ပါရမီရှင်များစွာ တွေ့မြင်ဖူးသည်။ သို့သော် ထိုစဉ်က သူ့ရှေ့ရှိ လူနှစ်ဦးသည် အခြေတည်အဆင့်၌သာ ရှိသေးကြောင်း သူ အမှတ်ရသည်။ ယခု ထိုလူနှစ်ဦးသည် သူနှင့် တန်းတူအစွမ်းအစတို့အား ပိုင်ဆိုင်ထားကြ၏။ ထိုမျှမက သူတို့၏ တိုက်ကွက်များအရ တကယ့်အစစ်အမှန်ခွန်အားသည် ယခု ပြသထားသည်ထက် များစွာ သာလွန်နိုင်သေးကြောင်း သိသာစေသည်။
“ကျုပ်တို့ကို အဲဒီတုန်းက ရတနာတွေ ချန်ထားပေးတဲ့အတွက် ကျေးဇူးမတင်ရသေးပါဘူး။ ဒီနေ့ ကူညီပေးတာဟာ မဖြစ်စလောက်ပါပဲ။”
ရွှီချင်းက လက်သီးအုပ်လိုက်ပြီး ပြန်နှုတ်ဆက်ကာ အလေးအနက် ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျုပ်ညီနဲ့ ကျုပ်တို့ကလည်း ဓားကိုင်တွေပါပဲ။ တခြားဓားကိုင်တွေကို တွေ့ချိန်မှာ ကူညီပေးရမှာ သဘာဝပါပဲ။”
ခေါင်းဆောင်က ရယ်မောလိုက်ပြီး သူနှင့် ရွှီချင်းတို့၏ အကြောင်းကို ပြောပြလိုက်သည်။
ထိုစကားတွင် ဓားကိုင်တို့၏ မျက်နှာထားတို့ လေးနက်သွားပြီး အမိန့်ဓားကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့ကလည်း အမိန့်ဓားများ ကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။ အမိန့်ဓားလေးချောင်းသည် တဖျပ်ဖျပ်လက်သွား၏။ ဓားကိုင်နှစ်ဦးက ထိုမြင်ကွင်းကို တွေ့လျှင် စိတ်တို့ ပြေလျော့သွားပြီး သတိထားမှုတို့လည်း များစွာ လျော့ကျသွားသည်။
“ကျုပ်က ချန်ထင်းဟောင်ပါ။ ဒါက ကျုပ်ရဲ့ချစ်ဇနီး စွန်းလိယန်ပါပဲ။ ဒီနေ့ ကူညီပေးတာ ကျေးဇူးပါပဲ။ ကျုပ်တို့က ဒီတာဝန်ကို လက်ခံချိန်မှာ ဂရုစိုက်မှု အားနည်းသွားတဲ့ပုံပဲ။”
ချန်ထင်းဟောင်က ခံစားချက်တို့ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် သူက ကျောက်စိမ်းပေလွှာတစ်ခု ထုတ်လိုက်ပြီး ရွှီချင်းအား ကမ်းပေးလိုက်သည်။
“မင်းတို့ကို ဒီတာဝန်ကရတဲ့ စစ်ရေးအကျိုးပြုမှတ်တစ်ဝက် ပေးချင်တယ်။ ဒါကို မငြင်းပါနဲ့။ ဒါက ကျုပ်တို့ဓားကိုင်တွေ လုပ်ရိုးလုပ်စဉ်တွေထဲက တစ်ခုပါပဲ။ ကျုပ်တို့က ညီနောင်တွေပဲမလား။”
ထိုစကားတွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကလည်း မငြင်းကြတော့ပေ။ ကျောက်စိမ်းပေလွှာအား ယူလိုက်ပြီးနောက် လေးဦးသား ဆည်းဆာမျိုးနွယ် ကလေးမလေး နေရောင်စုပ်ယူသည်ကို စကားစမြည်ပြောရင်း စောင့်နေလိုက်ကြတော့သည်။
ရွှီချင်းတို့က ဒေသမြို့တော်သို့ တာဝန်သတင်းပို့ရန် သွားနေကြခြင်း ဖြစ်ကြောင်း ချန်ထင်းဟောင်နှင့် စွန်းလိယန်တို့ သိသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ တာဝန်ကိုလည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့ နားလည်လာကြသည်။
ဆည်းဆာမျိုးနွယ်သည် လူသားမျိုးနွယ်၏ ရှားပါးမဟာမိတ်မျိုးနွယ်တစ်ခု ဖြစ်သည်။
၎င်းတို့၏ ပင်ကိုယ်ပါရမီသည် နေရောင်ကို မျက်လုံးများဖြင့် စုပ်ယူနိုင်ခြင်းပင် ဖြစ်သည်။ ထို့နောက် နေမရှိသည့် နယ်မြေများသို့ မျက်လုံးများရောင်းချလေ့ ရှိသည်။
ဤတစ်ကြိမ်တွင် ချန်ထင်းဟောင်နှင့် စွမ်းလိယန်တို့သည် ဤနေရာက နေရောင်ခြည် အသိပ်သည်းဆုံးဖြစ်သဖြင့် ထိုကလေးမလေးအား နေရောင်စုပ်ယူရန် ပို့ဆောင်သည့်တာဝန်အား လက်ခံလိုက်ကြသည်။
မကြာခင်တွင် ကလေးမငယ်သည် စုပ်ယူခြင်း ပြီးစီးသွားသည်။ သူမက မျက်လုံးများပြန်မှိတ်လိုက်ပြီး အနက်ရောင်မျက်လုံးစည်းကို ပြန်ဝတ်လိုက်သည်။ သူမသည် အားအင်ကုန်ခမ်းသော လက္ခဏာပြနေပြီး စွန်းလိယန်နောက်ကျောပေါ်၌ ပြန်လည် လဲလျောင်းနေလိုက်တော့သည်။
သူတို့သည် ဒေသမြို့တော်သို့ ပြန်ကြမည် ဖြစ်ရာ ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ ဖိတ်ခေါ်မှုဖြင့် သင်္ဘောပျံပေါ်သို့ အတူ တက်ရောက်လာကြသည်။
သင်္ဘောပျံပေါ်တွင် ချန်ထင်းဟောင်နှင့် စွန်းလိယန်တို့က နတ်မိမယ်ကျစ်ရွှမ်အား ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
နတ်မိမယ်ကျစ်ရွှမ်ကလည်း ကြိုဆိုကြောင်း ပြောလိုက်၏။ ရွှီချင်းတို့ ဒေသမြို့တော်သို့ မဝင်ရောက်သေးခင် မိတ်ဆွေဖွဲ့နိုင်ခြင်းက ကောင်းမွန်သောကိစ္စဟု သူမ သဘောထားသည်။
သို့ရာတွင် သူမ၏ ကျင့်ကြံဆင့်ကတော့ မြင့်လွန်းနေသည်။ သူမ သူတို့အနီး၌ နေပါက ချန်ထင်းဟောင်နှင့် စွမ်းလိယန်တို့အပေါ် ဖိအားကြီးမားနေပေမည်။ ထို့ကြောင့် သူမက သူတို့အား ကြိုဆိုပြီးနောက် အတွင်းခန်းထဲသို့ ပြန်ဝင်သွားသည်။ သူမက အတွင်းသို့ မဝင်မီ ရွှီချင်းအား ဧည့်သည်များကို ကောင်းကောင်းမွန်မွန် ဧည့်ခံရန် မှာကြားသည်။
သူတို့က ပျော်ရွှင်စွာ စကားပြောဆိုနေကြတော့သည်။
ဤသို့ဖြင့် သင်္ဘောပျံသည် ဒေသမြို့တော်သို့ ပျံသန်းလာချိန်တွင် ချန်ထင်းဟောင်က ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ဒေသမြို့တော်အကြောင်း အသေးစိတ် ရှင်းပြပေးသည်။
“ဒေသမြို့တော်က ဖုန်းဟိုင်ဒေသရဲ့ ဗဟိုအချက်အချာနေရာ ဖြစ်တယ်။ ပြည်နယ်တိုင်းက ဂိုဏ်းအဖွဲ့ကြီးတွေက ဒေသငယ်တွေထဲမှာ အဖွဲ့ခွဲတွေ တည်ဆောင်ထားကြတယ်။ ဒါပေမဲ့သူတို့က ဒေသမြို့တော်စနစ် တစ်ခုလုံးမှာတော့ အောက်ဆုံးမှာပဲ ရှိကြပြီး ဆဌမအတန်းအစားလို့ပဲ သတ်မှတ်နိုင်သေးတယ်။ ပဥ္စမအတန်းအစားနဲ့ အထက်မှာတော့ ဒေသရဲ့ အုပ်ချုပ်ရေးရုံးတော်တွေ ရှိကြတယ်။”
“အဲဒီရုံးတော်တွေရဲ့ အထက်မှာတော့ ဖုန်းဟိုင်ဒေသရဲ့ ဂိုဏ်းအဖွဲ့ကြီးသုံးဖွဲ့နဲ့ မိသားစုကြီးတစ်ခုတို့ ရှိကြတယ်။ သူတို့ကတော့ အာကာသမိစ္ဆာအသွင်ပြောင်းဂိုဏ်း၊ ကမ္ဘာဦးမိုးကြိုးမျိုးနွယ်၊ သွေးမြူဂိုဏ်း နဲ့ အမတ်ယောင်ရဲ့ တာအိုအိမ်တော်တို့ ဖြစ်ကြတယ်။”
“သူတို့ထဲမှာ အမတ်ယောင်ရဲ့ တာအိုအိမ်တော်က အထူးခြားဆုံးပါပဲ။ ဒီမိသားစုကို တည်ဆောင်ခဲ့တဲ့ ဘိုးဘေးဟာ ကျုပ်တို့လူသားမျိုးနွယ်ရဲ့ အတိတ်တစ်ချိန်က ကောင်းကင်တမန်အမတ်တော် သုံးဆယ့်ခြောက်ပါးထဲက တစ်ယောက် ဖြစ်တယ်။ ရှေးဘုရင်ရွှမ်ယုံက ‘တာအို’ ဆိုတဲ့စကားလုံး ချီးမြှင့်ခံရသူလည်း ဖြစ်တယ်။ ဒါကြောင့်လည်း ဒီနေ့အချိန်အထိ သူတို့ဟာ တာအိုအိမ်တော်ဆိုတဲ့ ဘွဲ့ထူးနာမကို ဆက်သုံးနိုင်တာ ဖြစ်တယ်။”
သင်္ဘောပျံက ဆက်လက်အရှိန်တိုးမြှင့်၍ ပြန်နေချိန်တွင် ချန်ထင်းဟောင်၏ အသံသည် တဖြည်းဖြည်းပျံလွင့်လာတော့သည်။
သူတို့မှာ ဒေသမြို့တော်သို့ တရွေ့ရွေ့နီးကပ်လာနေပြီ ဖြစ်သည်။