ပညာရှင်နှင့် သူ၏ ဆုံးဖြတ်ချက်
Vol. 33 Ch. 481
စစ်သည်တော်ဌာနက ရှားဟိုင်ချွမ်နှင့် ကမ္ဘာမြေ၏ ဂိတ်တံခါးမှ လူများကို ဖမ်းဆီးသွားခြင်းနှင့်အတူ ဒုက္ခသုက္ခ အားလုံး အဆုံးသတ်သွားလေသည်။
ရှုနန်နှင့် အခြားသူများသည် အရိုးပျော့ဆေး မိထားသော်လည်း ၎င်းက မသေစေနိုင်ပါ။ သူတို့၏ အရိုးမျိုးက ထိုနာရီပိုင်းအတွင်း ပျော့နေရုံမျှသာ ဖြစ်သည်။
အလွန်ဆုံး သူတို့ ထိတ်လန့်၍ ကြောက်စိတ် စိုးမိုးနေရုံမျှသာ ဖြစ်ကြပေသည်။
သို့သော် ထိုအဖြစ်အပျက် ပြီးသွားပြီးနောက် ရှုနန်မှလွဲ၍ အခြားသူများ၏ ရဲ့လင်းချန်အပေါ် မြင်သော အမြင်များက ပြောင်းလဲသွားလေသည်။ သူသည် ရက်စက်သော လူတစ်ယောက် ဖြစ်သော်လည်း သူတို့၏ သူဌေး ဖြစ်နေသဖြင့် သူတို့ ကံကောင်းသွားသည်။ သူ၏ ထူးခြားသော ခွန်အားများကို မြင်တွေ့ပြီးနောက် ၎င်းသည် ရုပ်ရှင်ထဲမှ စူပါမန်းကို ကြည့်ရသည်ထက် ပို၍ ထိတ်လန့်စရာ ကောင်းနေ၏။
ရဲ့လင်းချန်သည်လည်း အကျိုးအမြတ် ရလိုက်လေသည်။
ပထမဆုံးအနေနှင့် သူ သန်း ၈၂၀ ရရှိခဲ့သည်။ ယင်းသည် ကြီးမားသော အကျိုးအမြတ်ပင်။ ကုမ္ပဏီကို ထည့်မတွက်လျင်တောင်မှ သူ၏ လက်ရှိငွေက တစ်ဘီလီဠံ ကျော်နေခဲ့သည်။ ဝမ်ရုံ နည်းပညာမှ ငွေများကိုပါ ထည့်တွက်ပါက ၁.၅ ဘီလီယံ ကျော်နေလောက်သည်။ ကျွန်းတစ်ကျွန်း ဝယ်လိုသည့် သူ့ပန်းတိုင်သို့ ရောက်ခါနီး လာလေပြီ။
ဒုတိယအနေဖြင့် သူ၏ အဆင့်အတန်းကလည်း ပြောင်းလဲသွားသည်။ သူသည် အနိမ့်တန်း စောင့်ကြည့်ရေးသမားသို့ တန်း၍ အဆင့်တက်သွားနိုင်ချေ ရှိသည်။ ထို့ကြောင့် သူ့အား ကျွန်းဝယ်ရန် အရည်အချင်းများ ရှိလာစေသည်။ အထူးသဖြင့် နောင်တွင် အထူးအခွင့်အရေးအချို့ သူ ရလာလောက်သည်။ ယခင်ကကဲ့သို့ ထိတ်လန့်စရာကောင်းသော ကိစ္စအချို့ကို သူ လုပ်လျင်တောင်မှ သူ့ကို ကူညီပေးမည့်သူများ အမြဲ ရှိလာလောက်သည်။
တရုတ်နိုင်ငံ၌ အင်အားကြီးသော သိုင်းပညာရှင်များကိုလည်း တန်ဖိုးထားသည် မဟုတ်ပါတကား။
ထိုအချက်များကြောင့် သူသည် စစ်သည်တော်ဌာနသို့ ဝင်ရောက်ရန် သဘောတူလိုက်ခြင်း ဖြစ်သည်။
နောက်တစ်နေ့၌။
မြို့တော်၏ မြို့လယ်တွင် မြင့်မားသော ရုံးအဆောက်အဦးတစ်ခု ရှိသည်။ အဆောက်အဦး၏ အမြင့်ဆုံး၌ မျက်စိ ဖမ်းစား နိုင်သည့် 3D ပုံစံဖြင့် Vatti ဟူသော နာမည်ကို ပြသထားသည်။ ယင်းသည် Vatti ၏ ဌာနချုပ် ဖြစ်လေသည်။
ရုံးချုပ်အတွင်း၌ လူပေါင်းများစွာ တက်ရောက်နေသည့် အစည်းအဝေးခန်းတစ်ခု ရှိသည်။ သူတို့အားလုံးက ဝတ်စုံပြည့်နှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားကြသည်။ အသက်အရွယ် အပိုင်းအခြား ရှိနေပြီး အားအင်တို့ ပြည့်ဝနေသည်။ သူတို့၏ အကြည့်များက အလွန် မာန်ပါလာပြီး သာမန်လူများ မဟုတ်မှန်း သိသာလှသည်။
ထိပ်ဆုံးခုံ၌ ထိုင်နေသောသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ သူ့မေးစေ့တွင် မုတ်ဆိတ်မွေး အနည်းငယ် ရှိပြီး တရုတ်လူမျိုး၏ အသွင်အပြင်နှင့် တင်းမာခက်ထန်သော အမူအရာ ရှိသည်။
“ဒီမှာ ထိုင်နေတဲ့သူအားလုံးက Vatti ရဲ့ ထိပ်တန်း ပညာရှင်တွေပဲ၊ မင်းတို့အားလုံးကို ငါ ဘာလို့ ဒီကို ခေါ်လိုက်လဲဆိုတာ မင်းတို့ သိကြမှာပါ၊ ငါ လေးကြိမ်မြောက် သုံးလပတ်ကာလရဲ့ ရလဒ်အကျဉ်းချုပ်တွေကို ဖတ်ပြီးပြီ၊ မင်းတို့ ပြောချင်တာ တစ်ခုခု ရှိသလား”
လူလတ်ပိုင်းအရွယ် အမျိုးသားက ဩဇာအပြည့်နှင့် မေးလိုက်သည်။
Vatti သည် သုံးလပတ်ကာလတစ်ခုတိုင်း၏ အဆုံးသတ်တွင် ထိုကာလ၏ ရလဒ်များကို အကျဉ်းချုပ် တင်ပြသည့် ကြိုတင် ပြင်ဆင်ထားသော အစည်းအဝေးများကို နှစ်စဉ် ကျင်းပခဲ့သည်။
ဒေသတစ်ခုစီတိုင်းသည် ရလဒ်များ နှိုင်းယှဉ်ခံကြရသည်။ ဒေသတိုင်း၏ တာဝန်ခံများသည် အစည်းအဝေးကို တက်ရောက်၍ အခြေအနေကို တင်ပြရန် လိုအပ်ပေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားက အစည်းအဝေးခန်းတစ်ခုလုံး၏ လေထုအား ဖိနှိပ်လာသည်။ လူတိုင်း ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေ၏။
“ဒေသ ငါးဆယ့်နှစ်ခုမှာ ဆယ့်ရှစ်ခုကပဲ ရောင်းအားမှာ တိုးတက်လာတာကို တွေ့ရတယ်၊ အခြားဒေသ အားလုံးက ကျဆင်းနေတယ်၊ အရေးအကြီးဆုံးအချက်က ပြီးခဲ့တဲ့ သုံးလတာ ကာလပတ်မှာလည်း ကျဆင်းနေတယ်၊ ဒါက ဘာအကြောင်းကြောင့်လဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ဖိအားပေးလေသည်။
နောက်တစ်ကြိမ် ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သတ္တိမွေး၍ ပြောလိုက်သည်။
“ဥက္ကဋ္ဌမာ၊ လူတွေရဲ့ သုံးစွဲတဲ့ ပုံစံက တဖြည်းဖြည်း ပြောင်းလဲလာပါတယ်၊ သူတို့ရဲ့ သုံးစွဲတဲ့အဆင့်က တန်ဖိုးကြီးဘက်ကို အလျင်အမြန် ပြောင်းသွားပါတယ်၊ လူတော်တော်များများက ကိုယ်စားလှယ်ရှာပြီး ဈေးကြီးတဲ့အရာမှာပဲ ပိုက်ဆံ နည်းနည်းလောက် ပိုသုံးချင်နေကြတာပါ၊ သူတို့က တရုတ်က ပစ္စည်းကို ဝယ်ဖို့ ဝန်လေးနေပါတယ်”
“ဥက္ကဋ္ဌမာ၊ နိုင်ငံခြား အမှတ်တံဆိပ်တွေက ပိုပြီး ကောင်းလာပြီးတော့ နာမည် ပိုကြီးလာပါတယ်၊ ပြီးတော့ သူတို့က ကျွန်တော်တို့ရဲ့ ဈေးနဲ့ တူညီတဲ့ တတ်နိုင်တဲ့ တန်ဖိုးကြီးအရာတွေကိုပဲ ကြော်ငြာ ရောင်းချတာပါ၊ ယှဉ်ပြိုင်ဖို့ တကယ် ခက်ခဲပါတယ်”
ထိုစဉ် အခြားတစ်ယောက်က ထပ်ပြောလေသည်။
“ဟုတ်တယ်၊ နိုင်ငံတကာမှာ ကျော်ကြားတဲ့ အမှတ်တံဆိပ်တွေက အစတုန်းက အရမ်း ဈေးကြီးတာ၊ ဒါပေမဲ့ သူတို့က အခု သူတို့ရဲ့ ဝယ်သူပစ်မှတ်ကို ချဲ့ထွင်လာပြီးတော့ တတ်နိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို အများအပြား ထုတ်လုပ်လာတော့ လူတွေကို အလွယ်တကူ သိမ်းပိုက်သွားနိုင်ပါတယ်”
အားလုံး ကူကယ်ရာမဲ့သလို ခံစားနေရသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျင် Vatti ၏ လွှမ်းမိုးမှုနှင့် ဆွဲဆောင်နိုင်စွမ်းက နာမည်ကြီးသော တန်ဖိုးကြီး အမှတ်တံဆိပ်များနှင့် အလွန် ကွာခြားလေသည်။
ဥက္ကဋ္ဌမာသည် အားလုံးကို ကြည့်လိုက်ပြီးနောက် အနည်းငယ် ဒေါသထွက်လာသည်။
“အခြားလူတွေက လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီး ပြောင်းလဲနေကြတယ်လေ၊ ဘာလို့ ငါတို့ကလည်း အဲ့လို မလုပ်နိုင်ရတာလဲ၊ ငါ မင်းတို့ကို ဒေသတစ်ခုကို စီမံဖို့ တာဝန်ပေးထားတာလား ဒါမှမဟုတ် ဘာမလုပ်ဘဲ ထိုင်နေခိုင်းတာလား၊ မင်းတို့ထဲက ဘယ်သူတွေက ဘာအသုံးကျလဲကွ”
“ပြီးတော့ မင်းတို့ရဲ့ စွမ်းဆောင်မှုက ကျဆင်းနေပင်မယ့် အခြားဒေသတွေရဲ့ စွမ်းဆောင်ရည်က တိုးတက် နေတာလေ”
ဥက္ကဋ္ဌမာက အားလုံးကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။
“ဒီကွာဟချက်တစ်ခုတည်းနဲ့တင် ဘယ်သူက အလုပ်ကြိုးစားလဲဆိုတာကို ငါ မြင်နေရတယ်”
ဥက္ကဋ္ဌမာ၏ စကားက လူတော်တော်များများကို ဆွံ့အသွားစေသည်။
ထိုဒေသများသည် Vatti ၏ နာမည်အောက်၌ ရှိနေသော်လည်း တာဝန်ခံများနှင့် စီမံခန့်ခွဲမှု နည်းလမ်းများအားလုံးက ကွာခြားပေသည်။ ဒီဇိုင်နာများတောင်မှ မတူညီပေ။ ဒေသတစ်ခုချင်းစီတိုင်းအား လွတ်လပ်မှုအပြည့် ပေးထားသည်။ ယင်းက ဒေသများကြားမှ ကွာဟချက်ကို နှိုင်းယှဉ်နိုင်ပြီး သိသာစေနိုင်လေသည်။ ဤနည်းလမ်းက တိုးတက်မှုကို ယှဉ်ပြိုင်လာချင်စိတ်လည်း ဖြစ်လာစေသည်။
အားလုံး ငြိမ်နေသည်ကိုကြည့်ပြီး ဥက္ကဋ္ဌမာက ဆက်ပြောသည်။
“ဒီတစ်ခေါက် မာတင် စီမံတဲ့ဌာနက လေးစားဖို့ အကောင်းဆုံးပဲ၊ ကျဆင်းလာမယ့်အစား သူ့စွမ်းဆောင်ရည်က ပြီးခဲ့တဲ့ ကာလပတ်ထက် လေးဆယ် ရာခိုင်နှုန်း တက်လာတယ်၊ ကျန်တဲ့လူတွေအားလုံး ပြောစရာ တစ်ခုခု ရှိလား”
ဥက္ကဋ္ဌမာ၏ စကားက လူတိုင်း၏ အမူအရာကို ရုတ်တရက် ပြောင်းလဲသွားစေသည်။ သူတို့အားလုံးက မာတင်ကို တအံ့တဩ ကြည့်ကြလေသည်။
အစောပိုင်းက သူတို့သည် ဆင်ခြေသက်သက် ပေးနေခြင်း မဟုတ်ပါ။ သူတို့ ပြောသော အခြေအနေက တကယ် ရှိနေခဲ့သည်။ သို့သော် မာတင်က ဘယ်လိုလုပ် လုပ်နိုင်ခဲ့သနည်း။ ယင်းက လုံးဝ မဖြစ်နိုင်ပေ။
“ဥက္ကဋ္ဌမာ၊ ဒါက … မဖြစ်နိုင်လုနီးပါးပဲလေ ဟုတ်တယ်မလား”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးခွန်းထုတ်လာသည်။
“မင်း ဘာပြောချင်တာလဲ၊ ငါက ငါ့သားကို မျက်နှာလိုက်နေတယ်လို့ မင်း ပြောချင်တာလား”
ဥက္ကဋ္ဌမာ၏ မျက်နှာက ရုတ်တရက် သုန်မှုန်သွားပြီး အေးစက်စွာ ပြန်မေးလိုက်သည်။
ထိုလူက ချက်ချင်း ဆက်ပြောရန် ကြောက်ရွံ့သွားလေသည်။
“ဥက္ကဋ္ဌမာ၊ မာတင်ရဲ့ စွမ်းဆောင်မှု ဇယားကို ကျုပ်တို့ကို ကြည့်ခွင့်ပေးနိုင်မလား”
တစ်ယောက်က မေးလာသည်။ သူတို့ ယုံကြည်ရ ခက်နေမှန်း သိသာလှသည်။
ဥက္ကဋ္ဌမာက အေးစက်စွာ ခနဲ့သံပြု၍ စွမ်းဆောင်မှုဇယားကို လက်လွှဲပေးလိုက်သည်။
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် လာဝိုင်းကြည့်ကြပြီး တစ်ယောက်ပြီးတစ်ယောက် တအံ့တဩ ပြောဆိုကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် အံ့ဩသော အမူအရာ ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် မာတင်၏ ရောင်းအား အကောင်းဆုံး ပစ္စည်းများက အလွန် ထူးခြားနေသောကြောင့် ဖြစ်သည်။ ကုမ္ပဏီ၏ ဒီဇိုင်းက တိုးတက်လာပြီး အကျိုးသက်ရောက်မှုကလည်း အလွန် ခြားနားနေ၏။
“ကျားတိရဲ့ ဒီဇိုင်းစံချိန်စံနှုန်းက တော်တော်လေး တိုးတက်လာပါလား”
တစ်ယောက်က မနေနိုင်ဘဲ မေးလာသည်။ ထို့နောက် သူက ဆက်ပြောသည်။
“ဒါက မဟုတ်သေးဘူး၊ သူက မာတင်ရဲ့ သီးသန့် ဒီဇိုင်နာ မဟုတ်ဘူးလေ၊ ဘာလို့ သူက ဌာနချုပ်ကို မတင်ပြဘဲ မာတင်ကို ကူညီရတာလဲ”
“ဟဲဟဲ ဒီဒီဇိုင်းကို ကျားတိ ဆွဲထားတာ မဟုတ်ဘူးလေ”
ထိုသို့သောအချိန်၌ လှောင်ရယ်သံ ထွက်ပေါ်လာ၏။ ပြောသူမှာ မာတင်နှင့် အနည်းငယ် တူသော လူငယ် တစ်ယောက် ဖြစ်သော်လည်း သူက ပို၍ ရင့်ကျက်ပုံ ပေါ်နေသည်။
အစည်းအဝေးခန်း၌ လူငယ်များက များများစားစား မရှိပေ။
သူ့စကားက ချက်ချင်း အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။ ဥက္ကဋ္ဌမာတောင်မှ အနည်းငယ် မျက်မှောင်ကြုတ် သွားပြီး သူ့အား ကြည့်လာသည်။
ထိုလူငယ်က အသာပြုံး၍ မာတင်အား ကြည့်နေသည်။
“ညီလေး၊ မင်း ပညာရှင်တစ်ယောက်ကို ကူညီပေးဖို့ ဘယ်လို ဖိတ်ထားလဲဆိုတာကို မျှဝေဖို့ စိတ်ကူး မရှိဘူးလား”
မာတင်၏ အမူအရာက များများစားစား မပြောင်းလဲသွားသလို အေးအေးလူလူ ပြောလိုက်သည်။
“ကျွန်တော် ပညာရှင်တစ်ယောက်ရဲ့ အကူအညီကို ရခဲ့တာ မှန်ပါတယ်၊ တကယ်တော့ ဒီဒီဇိုင်းတွေရဲ့ တိုးတက်မှုတွေ အားလုံးက အဲ့ဒီ ပညာရှင် ဖန်တီးထားတာပါ”
လူတိုင်း၏ အမူအရာက မသိမသာ ပြောင်းလဲသွားပြီး မာတင်အား အားကျစွာ ကြည့်လာသည်။ သူတို့၏ မျက်လုံးများက တောက်ပလာပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
ပညာရှင် ဒီဇိုင်နာတစ်ယောက် ရှိနေသဖြင့် ရောင်းအားတက်လာသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ဤသည်က ကံကောင်းခြင်းပင်။
“ဒါပေမဲ့ မင်း အဲ့ပညာရှင် ကျေနပ်ဖို့အတွက် ကြိုးစားပမ်းစား ရထားတဲ့ ပိုက်ဆံတွေ ပေးခဲ့တယ်လို့ ငါ ကြားထားတယ်နော် “
ထိုလူငယ်က မာတင်အား မချိုမချဉ်ကြည့်၍ ပြောသည်။
“မင်း သူ့အတွက် ဌာနတစ်ခု သီးသန့် ထားထားတယ်၊ သူက Vatti အမှတ်တံဆိပ်ကို သုံးရုံတင် မကသေးဘူး၊ သူ့ကို Vatti ပြင်ပမှာလည်း အလုပ်လုပ်ခွင့် ပေးထားတယ်၊ ရလာတဲ့ အမြတ်ကိုလည်း ငါးဆယ်စီ ခွဲတယ်၊ ညီလေး မင်းရဲ့ ဆုံးဖြတ်ချက်က တော်တော် ရဲတင်းတာပဲ၊ မင်းရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်းရဲ့ ဆုံးဖြတ်ချက်က ငါ့ကို ရှက်ရွံ့ပြီးတော့ သိမ်ငယ်စေတာပဲ”
သူ့စကားကြောင့် ဘေးလူများအားလုံး ဆူညံပွက်လောရိုက်သွားလေသည်။