ဒါ ငါ ဆုံးရှုံးသွားတဲ့ ငယ်ရွယ်မှုပဲ
Vol. 33 Ch. 483
“ဟုတ်တယ်၊ ဒီလို ပစ္စည်းမျိုးတွေကို ငါတို့နိုင်ငံမှာ ရောင်းဖို့ ကြိုးစားတာက အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲ”
“ဒါကို ကြည့်ပါဦး၊ ပုံစံက LV ရဲ့ အကန့်အသတ်ထုတ် ပစ္စည်းနဲ့ တစ်ထေရာတည်းပဲ၊ တရုတ်တွေက အရင်လို ကူးချတာနဲ့ ရှေ့ရောက်နိုင်မယ်လို့ ထင်နေတာလား”
“အင်း … ဒီတစ်ခုက ပိုပြီး ရယ်ရသေးတယ်၊ သူတို့က ဒါကို နှစ်သောင်းလို့ ဈေတပ်ရဲတဲ့ သတ္တိရှိတာပဲ၊ ဈေးကြီးတာက တန်ဖိုးကြီးတာနဲ့ အတူတူပဲလို့ ထင်နေတာတော့ မဟုတ်ဘူးမလား”
“ဘာပဲဖြစ်ဖြစ် တရုတ်က နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ သူတို့က ကိုယ်ပိုင် တန်ဖိုးကြီး အမှတ်တံဆိပ်တွေ ထုတ်လုပ်နိုင်ဖို့ အဝေးကြီး လိုနေသေးတယ်”
…
နိုင်ငံခြားသားများက တရုတ်ထုတ်ကုန်များကို အထင်သေးသော အမူအရာနှင့် ဝေဖန်လေသည်။
သူတို့သည် မတူညီသော နိုင်ငံများမှ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင်း၌ တရုတ်စကားကို ပြောရမည့်အစား အင်္ဂလိပ်လိုသာ ပြောကြသည်။
ဟန်မိန်မိန်သည် အင်္ဂလန်မှ လာသူဖြစ်ပြီး တန်ဖိုးကြီး ပစ္စည်းများ၏ အနုပညာရသကို နားလည်ကျွမ်းကျင်သူ ဖြစ်သည်။ သူမမျက်လုံးများက ထိုင်းမှိုင်းနေသလို ဖြစ်နေသော်လည်း အထူးကိရိယာ မလိုအပ်ဘဲ ပစ္စည်း အများစုကို တစ်ချက်ကြည့်ရုံနှင့် ၎င်းတို့၏ ဆွဲဆောင်မှုကို အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။
“နေ့တိုင်းက အတူတူပဲ၊ အရမ်း ပျင်းဖို့ကောင်းတယ်”
ဟန်မိန်မိန်က သမ်းဝေ၍ ရေရွတ်သည်။
သို့သော် ရုတ်တရက်ဆိုသလိုပင် သူမအကြည့်က တစ်စုံတစ်ရာထံ ကျရောက်သွားပြီး သူမနှလုံးသားက ဒိတ်ခနဲ ဖြစ်သွားသည်။ ပစ္စည်းတစ်ခုက သူမ၏ အာရုံကို ဖမ်းစားသွားလေပြီ။
သူမကို ဖမ်းစားနိုင်သည့် တစ်စုံတစ်ရာအား မမြင်ရသည်မှာ မည်မျှ ကြာသွားခဲ့ပြီလဲ။
ဟန်မိန်မိန်၏ မျက်လုံးများက အနည်းငယ် ဝေဝါးလာသည်။ တန်ဖိုးကြီး ပစ္စည်းများ၏ အကဲဖြတ်သူ တစ်ဦး ဖြစ်သောကြောင့် ထိုသို့သော ပစ္စည်းများက သူမအတွက် အဆန်း မဟုတ်ပါ။ သူမ ထိုသို့သော ပစ္စည်းများကို နေ့တိုင်း မြင်တွေ့နေရပြီး အကောင်းဆုံး ပစ္စည်းကတောင်မှ သူမကို သာမန်မိန်းကလေးများကဲ့သို့ ထအော် မိအောင် မလုပ်နိုင်ချေ။
သို့သော် လက်ရှိအချိန်၌ အချိန်အတော်ကြာအောင် ပျောက်ဆုံးနေသည့် မိန်းမပျိုလေး၏ လိုချင်တောင့်တစိတ်က သူမရင်ထဲသို့ ပြန်လည်၍ ဝင်ရောက်လာ၏။
သူမသည် စဉ်းစားမနေဘဲ သူမအရှေ့မှ အနက်ရောင်အိတ်ကို လှမ်းယူ၍ စစ်ဆေးလေသည်။
သူမ အိတ်ပေါ် လက်တင်လိုက်သည့် အခိုက်မှာပင် တစ်ဒင်္ဂမျှ မှင်တက်သွားရသည်။ အေးမြသော ခံစားချက်က သူမလက်ချောင်းများမှတစ်ဆင့် သူမကိုယ်ထဲသို့ ဝင်ရောက်လာသဖြင့် သူမအား အနည်းငယ် ထိတ်လန့် သွားစေသည်။
သူမစိတ်ထဲ၌ ပေါ်လာသည့် ပထမဆုံး အတွေးမှာ …
*ဒီအိတ်က … ထူးခြားတာပဲ*
လက်ရှိတွင် မြို့တော်မှ ရာသီဥတုသည် အတော်လေး ပူနေသည်။ အပြင်သို့ ယူသွားသော အသုံးအဆောင်များ အားလုံးသည် နေရောင် သက်ရောက်ခြင်း ခံရကာ အနည်းငယ် ပူနွေးလာသည်။ သို့သော် ဤအိတ်က ပူနေရမည့်အစား အေးမြနေ၏။
ဤအိတ်သည် ဆောင်းဖြစ်ဖြစ် နွေဖြစ်ဖြစ် အပူချိန်က မပြောင်းလဲဘဲ အေးမြနေလိမ့်မည်ဟု ဟန်မိန်မိန်၏ နှစ်ပေါင်းများစွာ ရရှိလာသော အတွေ့အကြုံက ပြောနေလေသည်။
ထိုသို့ တွေးမိသည်နှင့် သူမ ထိတ်လန့်သွားရသည်။
*ဘယ်လို ကုန်ကြမ်းမျိုးက ဒီလို မှော်ဆန်တဲ့အိတ်ကို ဖန်တီးနိုင်ရတာလဲ*
ထို့နောက် သူမသည် ပစ္စည်းတစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေတော့သည်။
အိတ်တစ်ခုတည်း မဟုတ်ချေ။ ၎င်းသည် ပိုက်ဆံအိတ်နှင့် ကျောပိုးအိတ်တို့ဖြင့် အစုံလိုက် လာခြင်း ဖြစ်သည်။ ဒီဇိုင်းက ပြီးပြည့်စုံစွာ လိုက်ဖက်နေပြီး တစ်ခုတည်း သုံးသည်ဖြစ်စေ အစုံလိုက်ဖြစ်စေ အသုံးပြုနိုင်ပေသည်။
ထို့အပြင် အိတ်တစ်ခုချင်းစီ၏ ဒီဇိုင်းက အပြစ်ပြောစရာ မရှိပေ။ အံ့ဩစရာကောင်းသော ဒီဇိုင်းအား သူမ တစ်ချက်ကြည့်ရုံနှင့် သတိပြုမိသည်။ ၎င်းသည် ကမ္ဘာပေါ်၌ သေချာပေါက် ရှားပေမည်။
“ဒါ အိတ်ကောင်းတစ်ခုပဲ၊ လုံးဝကို အိတ်ကောင်းတစ်လုံးပဲ”
ဟန်မိန်မိန်၏ လက်က အိတ်ကို အဆက်မပြတ် ပွတ်သက်နေပြီး မျက်နှာနှင့်ပင် ပွတ်လိုက်သေးသည်။ သူမ၌ ဤသို့သော အိတ်တစ်လုံး ရှိလျင် ကောင်းမည်ဟုပင် တွေးမိလေသည်။
သူမ မသိလိုက်ခင်မှာပင် သူမ၏ မျက်လုံးအိမ်က စိုစွတ်လာသည်။ အကြောင်းမှာ ဤအိတ်က ပျောက်ဆုံးနေသော ငယ်ရွယ်မှု၏ ခံစားချက်ကို သူမ ပြန်လည် ခံစားမိအောင် လုပ်ပေးသောကြောင့်ပင်။ သူမ တန်ဖိုးကြီး ပစ္စည်းများ နောက်ကို လိုက်ခဲ့ဖူးပြီး တန်ဖိုးကြီး အိတ်တစ်လုံး ဝယ်နိုင်ရန် နှစ်ဝက်မျှ ပေါင်မုန့် စား၍ ပိုက်ဆံစုခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ သူမ ဘယ်အချိန်ကစ၍ တန်ဖိုးကြီးပစ္စည်းကို မြင်သည်နှင့် မတုန်လှုပ်တော့သလဲ ဆိုသည်ကို သိချင်လာမိသည်။
ယင်းက အိတ်သက်သက် မဟုတ်ချေ။ ယင်းက သူမ၏ ဆုံးရှုံးသွားသော ငယ်ရွယ်မှုပင်။
“ဟေ့ ဟေ့ ဟေ့ မင်းရဲ့ လေ့လာချိန်က ပြည့်ပြီ၊ အခု အဲ့ဒါကို ချထားလိုက်တော့”
ထိုစဉ် တစ်ဖက်မှ အကဲဖြတ်သူ တစ်ယောက်က မနေနိုင်ဘဲ ပြောလာသည်။
“ဘာဖြစ်နေတာလဲ၊ မင်း အိမ်ရောက်နေတယ်လို့ ထင်နေတာလား”
“ဟွန့်”
ဟန်မိန်မိန်က လည်ချောင်းရှင်းလိုက်ပြီးနောက် သတိပြန်ဝင်လာသည်။ သူမသည် ထိုအိတ်၏ ကုမ္ပဏီနှင့် ဆက်သွယ်ရမည့် နံပါတ်ကို အလျင်အမြန် မှတ်ထားလိုက်သည်။ ၎င်းက တန်ဖိုးကြီးပစ္စည်းတစ်ခု ဖြစ်ကြောင်း သေချာပေသည်။ ထိုအိတ်ကို သူမ ရရှိရန် အကောင်းဆုံး ကြိုးစားပြီး သူမနိုင်ငံတွင်း၌ ရောင်းရရန် ကြိုးစား ရပေမည်။
တန်ဖိုးကြီးပစ္စည်းများကို တန်ဖိုးထားရပေမည်။ တစ်ချိန်တည်းမှာပင် နိုင်ငံသည်လည်း ကုမ္ပဏီ၏ ရွေးချယ်ခြင်း ခံရမှ ဖြစ်ပေမည်။ ဥပမာပြောရလျင် အချို့သော နိုင်ငံများသည် အလွန် ဆင်းရဲသည်။ ထို့ကြောင့် ကုမ္ပဏီက သူတို့၏ တန်ဖိုးကြီး ပစ္စည်းများကို ထိုနိုင်ငံသို့ မပို့ချေ။ အကန့်အသတ်နှင့် ထုတ်သော ပစ္စည်းများဆိုလျင် နိုင်ငံ၏ အဆင့်အတန်းကို ကိုယ်စားပြုပေသည်။
“မြန်မြန်လုပ်၊ မင်း မှတ်မိပြီလား”
“နင် ဘာလို့ အဲ့လောက် ဖိအားပေးနေတာလဲ, လီလေ့၊ ရော့ ယူလိုက်”
ဟန်မိန်မိန် ပြောပြီး အိတ်ကို လွှဲပေးလိုက်သည်။
“မင်းကရော … မင်း အခုထိ အမြင်မကျယ်သေးဘူးပဲ”
လီလေ့က နှုတ်ခမ်းကို ကော့၍ အိတ်ကို သာမန်ကာလျှံကာ ယူလိုက်သည်။
တစ်ကြိမ် ထိလိုက်မိပြီးနောက် သူသည်လည်း အံ့ဩသွားရသည်။
“ဒီအိတ် လုပ်ဖို့ သုံးထားတဲ့ ပစ္စည်းက … အံ့ဩဖို့ ကောင်းလိုက်တာ”
“ဒီလိုပစ္စည်းမျိုး ဘယ်လိုလုပ် ရှိနေတာလဲ၊ ဒါက သားရေလို ခံစားရတယ် … ဘာသားရေ အမျိုးအစားလဲ”
လီလေ့၏ အမူအရာက ချက်ချင်း လေးနက်ဟန်သို့ ပြောင်းလာသည်။
လီလေ့၏ အပြုအမူကို မြင်ပြီးနောက် ဟန်မိန်မိန်က ချက်ချင်း ပြုံးလိုက်သည်။
“လီလေ့ … အမြင်မကျယ်သေးတာ ဘယ်သူလဲ၊ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ”
လီလေ့၌ သူမကို ပြန်ပြောချိန် မရှိပေ။ သူသည် သူ့အရှေ့မှအိတ်ကို စတင်၍ စေ့စေ့စပ်စပ် လေ့လာနေ၏။
တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးအိမ်က မသိမသာ ကျဉ်းမြောင်းသွားသည်။
သူ့အရှေ့၌ သွေးထွက်သံယို မြင်ကွင်းများကို စတင်၍ မြင်လာရသည်။ အမျိုးသမီးများစွာက ဤအိတ်ကို လုယူရန် အကောင်းဆုံး ကြိုးစားနေပြီး ပုရိသအပေါင်းက ထိုအိတ်ကို ဝယ်၍ သူတို့၏ ချစ်သူ ကျေနပ်အောင် အသည်းအသန် ပိုက်ဆံစုနေကြသည်။ အချို့သောလူများသည် ဤအိတ်ကို နှစ်ခြိုက်သွားကြသည်။ မြင်ကွင်းက အချစ်နှင့် အမုန်းအား ဒွန်တွဲ ပြသနေလေသည်။ ယခုအချိန်မှစ၍ ဤအိတ်ကြောင့် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်လာလောက်သည်။
*ကြောက်စရာပဲ*
*ဒီအိတ်က ကြောက်စရာပဲ*
လီလေ့သည်လည်း ငိုမိသည်။ သို့သော် သူက ကြောက်စိတ်ကြောင့် ငိုမိခြင်း ဖြစ်သည်။
တစ်နှစ်ပတ်လုံး တန်ဖိုးကြီး ပစ္စည်းများ၏ ဝန်းရံခြင်း ခံရသောကြောင့် တန်ဖိုးကြီး ပစ္စည်းများ၏ တန်ဖိုးကို သူ ကောင်းကောင်း သိပါသည်။ သူ၏ ချစ်သူကလည်း ဤအိတ်ကို ဘယ်လောက် လိုချင်လိုက်မလဲဟု သူ တွေးမိသည်။ သူမက သူ့ကို ဤအိတ်ကို ဝယ်ပေးရန် ပူဆာကပါက သူ ဘာလုပ်သင့်သနည်း။
သူ၏ ခန့်မှန်းမှုအရဆိုလျင် အိတ်သည် ယွမ်တစ်သိန်းလောက်က စလောက်သည်။
လီလေ့ သွေးပျက်သွားသည်။ ဈေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ ထပ်မံ၍ ထိတ်လန့်သွားရသည်။ သူ မယုံနိုင်ဟန်ဖြင့် မျက်လုံးကို ပွတ်၍ အနီးကပ် ပြန်ကြည့်လိုက်သည်။
*လေးသောင်း၊ အိတ်တစ်လုံးကို လေးသောင်းပဲ ကျမယ်၊ ပြီးတော့ တစ်စုံလုံးကို ရှစ်သောင်းပဲ ကျမယ်တဲ့လား*
*ဈေးပေါတယ်၊ ဈေးပေါလွန်းတယ်*
လီလေ့ စိတ်ထဲမှနေ၍ အော်ဟစ်နေမိသည်။ သူ့မျက်လုံးများက နီရဲနေပြီး ချက်ချင်း ဝယ်ချင်နေ၏။
“ဟေ့ဟေ့ လီလေ့၊ မင်း ဘာလုပ်နေတာလဲ၊ မင်း ဒီဟာပေါ်မှာ အချိန်ယူတာ ကြာနေပြီ၊ ချလိုက်တော့”
နောက်အကဲဖြတ်သူ တစ်ယောက်က တိုက်တွန်းလေသည်။
…
ထိုသို့သောအချိန်ပ မာတင်၏ ရှင်းပြမှုက အဆုံးသတ်နားသို့ ရောက်နေ၏။ သူက ပင့်သက်ရှိုက်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
“အတိုချုပ် ပြောရရင် အဝတ်အစား နယ်ပယ်ရဲ့ အလျင်အမြန် တိုးတက်လာမှုကို စဉ်းစားပြီး Vatti က ဒီအတိုင်း ထိုင်ပြီး အဆုံးသတ်ကို စောင့်မနေသင့်ဘူးလို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်တို့ အောင်မြင်အောင် ဒါမှမဟုတ် ကြိုးစားရင်းနဲ့ အသေခံသင့်တယ်၊ Vatti ရဲ့ ဦးတည်ချက်က နိုင်ငံတကာ တန်ဖိုးကြီး ဈေးကွက်ကို လွှမ်းမိုးပြီး တရုတ်နိုင်ငံကို အမြင့်ရောက်အောင် လုပ်ချင်တာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်သင့်တယ်”
သူ့ရှင်းပြမှုအပြီး၌ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
ဥက္ကဋ္ဌာမာ၏ အနည်းငယ် မှေးစင်းနေသော မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အနည်းငယ် မျက်နှာ နီရဲနေသော မာတင်အား တစ်ချက် ကြည့်လိုက်သည်။ သူက အသာအယာ ပြောလေသည်။
“မာတင်ရဲ့ လုပ်ရပ်ကို ချက်ချင်း ရပ်လိုက်သင့်တယ်လို့ ထင်တဲ့ ဘယ်သူမဆို စပြီး မဲပေးလို့ ရပြီ”
“အဟမ်း”
ခေါင်းတစ်ဝက်မျှ ဆံပင်ဖြူနေသော အဘိုးအိုတစ်ယောက်က ချောင်းအသာဟန့်၍ ပြောလိုက်သည်။
“လူငယ်တွေက အလောင်းအထပ် လုပ်ရတာ ကြိုက်တယ်၊ ဒါ ကောင်းတဲ့ စိတ်ဓာတ်ပါပဲ၊ ဒါပေမဲ့ ငါက အိုပြီ၊ အဲ့တော့ ဒါတွေနဲ့ အာရုံနောက်မခံချင်ဘူး၊ ငါ တည်တည်ငြိမ်ငြိမ် နေချင်တယ်၊ ဒါကို ချက်ချင်း ရပ်လိုက် သင့်တယ်လို့ ငါ ထင်တယ်”
…