ချက်ချင်း ပြောင်းလဲသွားခြင်း
Vol. 33 Ch. 484
အဘိုးအို၏ စကားက အခြေအနေကို ရုတ်တရက် ထူးဆန်းသွားစေသည်။
“အပြင်လူက ဒီလို ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါနိုင်မယ်လို့ ငါ မထင်ဘူး၊ ဘေးကင်းစေဖို့အတွက် ငါလည်း ပူးပေါင်းမှုကို ချက်ချင်း ရပ်လိုက်သင့်တယ်လို့ ငါ ထင်တယ်”
ထိုစဉ် အခြားသူတစ်ယောက်က ပြောသည်။
“မာတင်က အခြားသူကို ဒဏ္ဍာရီလာအဖြစ် ပြောင်းလဲနေတာလဲ၊ တန်ဖိုးကြီး ပစ္စည်း ဈေးကွက်ထဲကို ဘယ်လိုလုပ် အဲ့လောက် လွယ်လွယ်ကူကူ တင်မလဲ၊ Vatti က တိုးတက်မှုကို ရှာနေတာ ကြာလှပြီ၊ ပြီးတော့ ငါတို့ဘာသာ ငါတို့ တိုးတက်အောင် လုပ်နိုင်တယ်”
“ဟဲဟဲ တစ်ဖက်လူကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးပြီး Vatti ကိုပါ သူ့အလောင်းအစားပွဲမှာ ဆွဲထည့်တာက လွန်လွန်းတယ်”
တစ်စုံတစ်ယောက်က ဦးဆောင်၍ ပြောလာသဖြင့် လူတိုင်းက သူတို့၏ အမြင်ကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ပြောလာကြသည်။ လက်ရှိတွင် ဘယ်သူကမှ မာတင်၏ အခွင့်အရေးနှင့် ပတ်သက်၍ အကောင်းမြင်စိတ် မရှိပေ။
“မင်း အရမ်း တုံးအလွန်းတယ်၊ ညီလေး”
မာခယ် လှောင်ပြောင်သရော်လိုက်သည်။
“မင်း အများကြီး ပြောသွားခဲ့တယ်၊ ပြီးတော့ အားလုံးက မှန်ပါတယ်၊ Vatti က တိုးတက်မှု လိုအပ်တယ်၊ ဒါပေမဲ့ မင်း ဘယ်လိုလုပ် အပြင်လူတစ်ယောက်ကို ယုံနိုင်ရတာလဲ၊ ဒီလို အခက်အခဲ ဖြစ်နေတဲ့ အခြေအနေမှာ လောင်းကြေး စားကြေး လုပ်လို့ မဖြစ်နိုင်ဘူး၊ ငါတို့ ရှုံးလို့ မဖြစ်ဘူး”
မာတင်က ပါးစပ်ဟလိုက်ပြီးမှ ဘာမှမပြောချေ။
ဥက္ကဋ္ဌမာသည် အပြီးသတ် ဆုံးဖြတ်ချက်ကို ချ၍ ကြေညာလိုက်သည်။
“ဘယ်သူမှ သဘောမတူဘူးဆိုတော့ ဒီကိစ္စကို အဆုံးသတ် လိုက်ကြတာပေါ့၊ Vatti က မြန်မြန် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ လိုတယ်”
မာတင်သည် အနည်းငယ် တုန်ယင်သွားပြီး လက်သီးကိုဆုပ်၍ ပြောလိုက်သည်။
“ဒါက တကယ်ကို အခွင့်အရေးကောင်းလို့ ကျွန်တော် ထင်တယ်၊ ကျွန်တော် ကြိုးစားကြည့်ချင်တယ်”
“မင်းအတွေးတွေ ဝေဝါးနေပြီကွ”
ဥက္ကဋ္ဌမာက စူးရှစွာ အော်ဟစ်သည်။
အခြားသူများသည် ခေါင်းခါ၍ မာတင်အား ကြည့်နေကြသည်။
*ဒီကောင်လေးရဲ့ မိုက်မဲမှုက ပြန်လမ်းမရှိတဲ့အထိ ရောက်နေပြီပဲ*
*သူက တန်ဖိုးကြီး ပစ္စည်းတွေကို အရမ်းကို ရိုးရိုးရှင်းရှင်း တွေးလွန်းတယ်*
မာခယ်၏ နှုတ်ခမ်းက ကော့တက်သွားသည်။ သူ၏ ညီသည် ရူးသွပ်ပြီး ချစ်ရာ ကောင်းပေသည်။ ယခု အဖြစ်အပျက် အပြီး၌ Vatti က သူ့အား အရေးကြီးသော တာဝန်များ ချမှတ်ပေးရန် မဖြစ်နိုင်တော့သည်မှာ အသေအချာပင်။ Vatti က တိုးတက်နိုင်လိမ့်မည်ဟု သူ တကယ် ထင်နေလေသလား။
“အစည်းအဝေး ပြီးပြီ၊ မာတင်ရဲ့ စီမံခန့်ခွဲမှု ရာထူးကို … ယာယီ ဆိုင်းငံ့ထားမယ်”
ဥက္ကဋ္ဌမာက မာတင်ကို အလေးအနက် တစ်ချက်ကြည့်၍ ပြောလိုက်သည်။
မာတင် အံကြိတ်လိုက်မိသည်။ သူ၏ မျက်လုံးတွင် မလိုလားမှုနှင့် ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေ၏။ ပန်းတိုင်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။ ရဲ့လင်းချန်၏ ဒီဇိုင်းနှင့် အိတ်က တန်ဖိုးကြီး ပစ္စည်း အကဲဖြတ်မှုကို ဖြတ်ကျော်နိုင်သည့် အခွင့်အရေး မြင့်မားသည်ဟု သူ ယုံကြည်ထားသည်။
*တစ်လှမ်းလေးပဲ လိုတော့တာကို၊ သူတို့ ဘာလို့ ငါ့ကို မယုံရတာလဲ*
“ကလင် ကလင် ကလင်”
ထိုစဉ် မာတင်၏ ဖုန်းက ရုတ်တရက် မြည်လာ၏။ ခေါ်သူကို သူ ကြည့်လိုက်သောအခါ ထူးဆန်းသော နံပါတ်ဖြစ်နေ၍ မျက်မှောင်ကြုတ်မိသွားသည်။
“ဟဲလို”
“ဟဲလို၊ ရှင်က မစ္စတာ မာတင်လား”
ဖုန်းတစ်ဖက်မှ နိုင်ငံခြားလေသံ ပါနေသော အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ဖုန်းခေါ်သူက တရုတ်လူမျိုး မဟုတ်ပေ။
“ကျွန်တော် ပြောနေပါတယ်”
မာတင်၏ စိတ်က အနည်းငယ် ကျနေလေသည်။
“ဟဲလို မစ္စတာမာ၊ ကျွန်မက တရုတ်နိုင်ငံရဲ့ တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေး စင်တာမှာ အလုပ်လုပ်နေတဲ့ အင်္ဂလိပ် လူမျိုးပါ၊ ကျွန်တော်တို့ ရှင် ပို့ထားတဲ့ အိတ်တွေကို ကြည့်ပြီးပါပြီ၊ အဲ့ဒါက ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးကြီး ပစ္စည်းအဆင့်တွေထဲ ပါဖို့ အရည်အသွေး ပြည့်မီတယ်လို့ ကျွန်မ ထင်ပါတယ်၊ ကျွန်မ ရှင်နဲ့ ပူးပေါင်းမှုအကြောင်း ပြောချင်ပါတယ်”
ဖုန်းထဲမှ လူသည် အလွန် ယဉ်ကျေးသော အသံဖြင့် ပြောနေ၏။
ချက်ချင်းဆိုသလိုပင် ထွက်သွားရန် ပြင်နေသည့် လူများအားလုံး ခြေလှမ်းများ တန့်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်သွားပြီး သူတို့၏ မျက်လုံးတွင် မယုံနိုင်ဟန်တို့နှင့် ပြည့်နှက်နေ၏။
*တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ခြင်းကို … အောင်သွားပြီတဲ့လား*
ဥက္ကဋ္ဌမာ၏ ဦးခေါင်းက ဝုန်းခနဲ ပေါက်ကွဲသွားပြီး ချက်ချင်း ငေးငိုင်သွားသည်။ သူက ခေါင်းကိုစောင်း၍ မာတင်ကို စိုက်ကြည့်လာသည်။
“တောင်းပန်ပါတယ်၊ အိတ် ထုတ်လုပ်မှုကို ရပ်တန့်ရလောက်ပါတယ်”
သို့သော် မာတင်၏ စကားက လူတိုင်းကို နှလုံးခုန်မှုန်း မြန်လာစေသည်။ သူတို့သည် ပါးစပ်ကို လက်ဖြင့် အုပ်လာပြီး အော်ဟစ်လုနီးပါး ဖြစ်နေ၏။
သူတို့၏ ဦးနှောက်များ အလုပ်မလုပ်တော့ဘဲ လောကကြီးက ဖောက်ပြန်သွားပြီဟုပင် သူတို့ ခံစားလိုက်ရသည်။
*အိပ်မက်နေတာပဲ၊ ငါတို့ အိပ်မက်မက်နေတာပဲ ဖြစ်မယ်*
“အသုံးမကျတဲ့သား၊ မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ”
ဥက္ကဋ္ဌမာက အော်ဟစ်လာပြီး နဖူးကြောများပင် ထောင်လာ၏။ သူက ပြေးလာပြီး ဖုန်းထဲသို့ အော်ပြော လိုက်သည်။
“အဲ့ဒါက စနောက်နေတာ၊ ကျုပ်တို့ ပူးပေါင်းပါ့မယ်၊ ကျုပ်တို့ ပူးပေါင်းမျာပါ”
ထို့နောက် သူက မာတင်အား တောင်းပန်သော အမူအရာနှင့် ကြည့်လေသည်။ သူ့မျက်လုံးများတွင် ထက်သန်သော ခံစားချက်တို့နှင့် ပြည့်နှက်နေပြီး တီးတိုး ပြောလာသည်။
“တင်အာ၊ မင်းက သားကောင်းတစ်ယောက်ပါ၊ အဖေ အမှားလုပ်ခဲ့တာပါ၊ အဖေတို့ ပူးပေါင်းမယ်၊ အဖေတို့ ပူးပေါင်းကြမယ် …”
အခြားသူများသည် အရောင်လက်နေသော မျက်လုံးများနှင့် မာတင်ကို ကြည့်နေကြသည်။ သူတို့အားလုံး အနားသို့ တိုးလာပြီး သူတို့၏ အသက်ရှူသံက မြန်ဆန်လာသည်။
မာတင် အသာပြုံးလိုက်သည်။ သူ့စိတ်ထဲမှ စိတ်ဓာတ်ကျမှုက လုံးဝ ပျောက်ကွယ်သွားပြီး ရုတ်တရက် ပြဿနာအားလုံးမှ ရုန်းထွက်သွားနိုင်သလို ခံစားလိုက်ရသည်။ ထင်ထားသည့်အတိုင်းပင် ဆရာရဲ့က သူ့အား စိတ်မပျက်စေခဲ့ရပေ။
“ဟဲလို ကျွန်တော်တို့ ပူးပေါင်းနိုင်ပါတယ်”
“ဒါဆို အဆင်ပြေပါတယ်၊ ကျွန်မတို့ ရှင် သတ်မှတ်ထားတဲ့ဈေးကို ကြည့်ပြီးပါပြီ၊ အိတ်တစ်ခုတည်းကို ယွမ်လေးသောင်း တစ်စုံလုံး ယူရင် ယွမ်ရှစ်သောင်း၊ ဈေးက အများစုနဲ့ယှဉ်ရင် မြင့်နေတယ်၊ ကျွန်မတို့ ဒါကို အရေအတွက် များများ ဝယ်ချင်ပါတယ်၊ ရှင် ဘယ်လို ပေးနိုင်လဲ”
*တစ်အိတ်ကို လေးသောင်း၊ တစ်စုံကို ရှစ်သောင်း၊ များများ လိုချင်တယ်တဲ့လား*
ဖုန်းထဲမှ ထွက်လာသော စကားတိုင်းက လူတိုင်းကို မိုးထိအောင် အော်ဟစ်ပစ်ချင်သည့် ဆန္ဒမျိုး ဖြစ်လာစေသည်။ ယင်းက ထိတ်လန့်ဖို့ ကောင်းလှပြီး အံ့ဩဖို့ ကောင်းကာ စိတ်လှုပ်ရှားစရာလည်း ကောင်းပေသည်။
တစ်အိတ်ကို ယွမ်လေးသောင်းသည် Vatti အတွက် စိတ်ကူး၍ပင် မရနိုင်ပေ။ Vatti ၏ နှစ်စဉ် ဈေးအကြီးဆုံး ပစ္စည်းမှာ ရာသီသစ်အတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်သော ဝတ်စုံများ ဖြစ်ပြီး ယင်းအား ယွမ်နှစ်သောင်းဖြင့် ရောင်းချခဲ့သည်။ သူတို့ ထုတ်လုပ်သည့် ဈေးအကြီးဆုံးအိတ်မှာ ယွမ် ၈,၈၀၀ သာ ရှိပေသည်။
တစ်အိတ်ကို ယွမ်လေးသောင်း တန်ဖိုးရှိပြီး တစ်စုံလုံးကို ယွမ်ရှစ်သောင်း တန်သည်။ တစ်ဖက်လူ၏ အသံက ယင်းကို ဈေးပေါသည်ဟု ခံစားနေရသည့်ပုံပေါ်သည်။ ယင်းက အိပ်မက်တစ်ခုနှင့် တူလေသည်။
*ဒါ တန်ဖိုးကြီးပဲ*
*ရွှေ၊ Vatti တော့ ရွှေထုပ် ပိုက်မိပြီ*
လူအများ၏ မျက်လုံးများက ထိန်းချုပ်မရစွာ စိုစွတ်လာပြီး သူတို့၏ မျက်ရည်များကို တိတ်တဆိတ် သုတ်ပစ် ကြသည်။
မာတင်၏ နှလုံးသားသည်လည်း ထပ်တူ စိတ်လှုပ်ရှားနေပါသည်။ သို့သော် သူသည် အပေါ်ယံ၌ တည်ငြိမ် ဟန်ဆောင်၍ မထူးခြားနားစွာ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းရဦးမှာမို့လို့ ကျွန်တော်တို့ရဲ့ ပစ္စည်းက အကန့်အသတ်နဲ့ ဖြစ်နေပါတယ်၊ ကျွန်တော်တို့ ခင်ဗျားကို အကန့်အသတ်နဲ့ ပေးပို့နိုင်ပါမယ်၊ ဒါပေမဲ့ ခင်ဗျားက အရင်ဆုံး ပူးပေါင်းဖို့ ကမ်းလှမ်းတာမို့ ကျွန်တော်တို့ ခင်ဗျားကို အိတ်တစ်ရာနဲ့ အစုံလေးဆယ် ပေးနိုင်ပါတယ်”
ယင်းမှာ ဆရာရဲ့ သူ့ကို သင်ပေးထားခြင်း ဖြစ်သည်။ နိုင်ငံခြားများနှင့် တွေ့ဆုံရလျင် သူတို့ကို အေးစက်စွာ ဆက်ဆံပါက မိမိအပေါ် သူတို့က ပို၍ အာရုံစိုက်လာပေမည်။ တရုတ်လူမျိုးက အဘယ်ကြောင့် နိုင်ငံခြားသားများကို ဒူးထောက်၍ မျက်နှာချို သွေးရမည်နည်း။ တရုတ်နိုင်ငံသည် အံ့ဩဖို့ ကောငးသော နိုင်ငံ ဖြစ်သည်ကို အမြဲ မှတ်ထားရပေမည်။
“ရှင် ပေးနိုင်တာ ဒါ အကုန်ပဲလား၊ မစ္စတာမာ ကျွန်မတို့ ရှင့်ပစ္စည်းကို အင်္ဂလန်မှာ ကြော်ငြာပေးဖို့ ဆန္ဒ ရှိပါတယ်၊ ထပ်ပို့ပေးဖို့ ဖြစ်နိုင်မလား”
တစ်ဖက်မှလူက ပွင့်ပွင့်လင်းလင်းနှင့် အရေအတွက်က မလုံလောက်ကြောင်း သဲလွန်စ ပေးလာသည်။
*သူတို့က ကူပြီးတော့ ကြော်ငြာပေးမယ်တဲ့လား*
ဥက္ကဋ္ဌမာ၏ မျက်လုံးများက စူးရှလင်းလက်လာသည်။ သူသည် မာတင်၏ လက်ထဲမှ ဖုန်းကို ယူ၍ သဘောတူချင်စိတ် ပေါက်နေသည်။
“တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ သုံးတဲ့ ကုန်ကြမ်းက ထူးခြားပါတယ်၊ တစ်ကမ္ဘာလုံးအတွက် အရေအတွက် အကန့်အသတ်နဲ့ပဲ ရနိုင်မှာပါ”
မာတင်က တင်စီးခြင်းလည်း မဟုတ်သလို အောက်ကျို့ခြင်းလည်း မရှိသည့် လေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း အဲ့လိုပဲ ထားလိုက်တာပါ၊ ကျွန်မတို့ ရှင်နဲ့ အလုပ်အတူတူ လုပ်ရဖို့ မျှော်လင့် နေပါတယ်”
“ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ပူးပေါင်းမှု အောင်မြင်ပါစေ”
ဖုန်းချလိုက်ပြီးနောက် မာတင်က သူ့အနား ဝိုင်းနေသည့် လူများကို မော့ကြည့်၍ ပြုံးလိုက်သည်။ ဟန်ထုတ်ရသည့် ခံစားချက်ကို သူ သဘောကျမိသည်။ လုပ်ပိုင်ခွင့်ရှိသော နေရာ၌ ရှိနေရသည့် ခံစားချက်ပါတကား။
ဥက္ကဋ္ဌမာသည် ချသွားသည့် ဖုန်းကို အဆက်မပြတ် ကြည့်နေပြီး ဝမ်းနည်းစွာ ပြောလေသည်။
“တင်အာ မင်း ဘာလို့ ငြင်းလိုက်တာလဲ၊ ဒါ အခွင့်အရေးကောင်းပဲလေ၊ အခြေအနေက ဘာပဲဖြစ်ဖြစ် ငါတို့ သူတို့ကို တတ်နိုင်သလောက် ပေးသင့်တာပေါ့၊ ငါတို့ ပြောနေတာ အင်္ဂလန်နော်”
“ဟုတ်တယ် သူတို့ကို အိတ်တစ်ရာပဲ ပေးတာက နည်းလွန်းတယ်”
အင်္ဂလန်၌ တန်ဖိုးကြီးပစ္စည်း ဈေးကွက်ထဲ ဝင်ရောက်နိုင်ခြင်းက အလွန် ပြောင်မြောက်သော အောင်မြင်မှုပင်။
“ပစ္စည်းက ရှားရင် တန်ဖိုးထားခံရတယ်၊ စိတ်မပူပါနဲ့ သူတို့ တစ်နိုင်ငံတည်း ရှိမှာ မဟုတ်ပါဘူး၊ အခြားနိုင်ငံ တွေကလည်း ကျွန်တော်တို့ကို လာရှာမှာပါ၊ သူတို့က ကျွန်တော့်ကို ရွေးရမှာ မဟုတ်ဘူး၊ ကျွန်တော်ကပဲ သူတို့ကို ရွေးချယ်ရမှာ”
မာတင်သည် အလွန် ယုံကြည်ချက် ရှိနေပြီး ရဲ့လင်းချန်ထံမှ စကား တစ်ခွန်း၊ နှစ်ခွန်းကို ယူသုံးလိုက်သည်။
“အဲ့လောက် မလွယ်နိုင်ဘူး၊ အင်္ဂလန်ကို ရတာကပင် ကောင်းကင်ဘုံက ချီးမြှောက်တာ ဖြစ်နေပြီ၊ အခြားနိုင်ငံ တွေက မပူးပေါင်းချင်ရင် ဘယ်လိုလုပ်မလဲ”
“ကလင် ကလင် ကလင်”
ထိုလူ စကားပြော၍ မပြီးသေးခင်မှာပင် ဖုန်းက ထပ်မြည်လာ၏။