သမိုင်းတွင်ခြင်း
Vol. 33 Ch. 485
ဖုန်းခေါ်လာသည့် နံပါတ်က ထူးဆန်းသည့် နံပါတ်ဖြစ်နေပြန်သည်။
လူတိုင်း၏ နှလုံးသားက မသိမသာ မြန်ဆန်လာ၏။
*မဟုတ်မှလွဲရော …*
မာတင်က ဖုန်းကို အေးအေးဆေးဆေး ကိုင်လိုက်သည်။
“ဟဲလို အမိန့်ရှိပါ …”
“ဟိုင်း မစ္စတာမာ၊ ကျုပ်က တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေးစင်တာကပါ၊ ကျုပ်က ဂျပန်နိုင်ငံကပါ၊ ကျုပ်တို့ မင်းရဲ့ ထုတ်ကုန်တွေကို ကြည့်ပြီးပါပြီ၊ အဲ့ဒါတွေက အံ့ဩဖို့ကောင်းတာပဲ၊ မင်း ငါတို့အတွက် ထုတ်ကုန် ဘယ်လောက် ပံ့ပိုးနိုင်မလဲ သိချင်ပါတယ်”
“ဒီပစ္စည်းက လောလောဆယ် အရေအတွက်က အကန့်အသတ် ဖြစ်နေပါတယ်၊ ကျုပ် ခင်ဗျားတို့ကို အိတ်အခု ငါးဆယ်နဲ့ အစုံနှစ်ဆယ်စာ ပေးနိုင်ပါတယ်”
မာတင်က ချက်ချင်းဆိုသလိုပင် အရေအတွက်ကို ပေးလိုက်သည်။ ယင်းက အင်္ဂလန်သို့ ပို့မည့် အရေအတွက်၏ တစ်ဝက်သာ ရှိသည်။
“ဥက္ကဋ္ဌမာ၊ မင်း ပြန်စဉ်းစားပေးနိုင်ဦးမလား၊ ကျုပ်တို့ ဂျပန်နိုင်ငံရဲ့ တန်ဖိုးကြီး ပစ္စည်းကို မြတ်နိုးစိတ်က တအား ကောင်းပါတယ်”
“ကျုပ် ထပ်စဉ်းစားစရာ မရှိတော့ပါဘူး၊ ခင်ဗျားတို့ လိုချင်တယ်ဆိုရင် ကျုပ်တို့ ပေးနိုင်တာ ဒီလောက်ပါပဲ”
မာတင်က အလွန် ယုံကြည်ချက် ရှိသည်။
“ကောင်းပြီလေ၊ ပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ခင်ဗျား ထုတ်ကုန် ထပ်ပို့ပေးမယ်ဆိုရင် အချိန်မရွေး ကြိုဆိုနေပါတယ်”
…
ဖုန်းပြောပြီးသွားသည်နှင့် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားသည်။ လူတိုင်းက မာတင်ကို ကြည့်နေလေ၏။
“ဖြန်း”
သူတို့ထဲမှတစ်ယောက်သည် မနေနိုင်ဘဲ ကိုယ့်ပါးကိုယ် ပြန်ရိုက်လေသည်။
“နာတယ်ဟ၊ ဒါ အိပ်မက်မဟုတ်ဘူးပဲ”
“အံ့ဩဖို့ ကောင်းလိုက်တာ၊ Vatti မှာ ဘယ်တုန်းက လေသံမာမာနဲ့ ပြောနိုင်သွားတာလဲ”
“ငါတို့နာမည်က လူသိများတော့မယ်၊ ငါတို့ရဲ့ တန်ဖိုးကြီး အမှတ်တံဆိပ်က လူသိလာတော့မယ်ကွ၊ ဟားဟားဟား …”
“ချီးပဲ၊ ဂျပန်နိုင်ငံက မနှစ်တုန်းက ငါတို့ထုတ်ကုန်တွေကို ဝေဖန်ခဲ့သေးတာ၊ သူတို့က ငါတို့ပစ္စည်းကို ဒီလောက် မြန်မြန် တောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
…
Vatti တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ ယင်းက ကုမ္ပဏီအတွက် မှတ်ကျောက်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။ သတင်းက တဖြည်းဖြည်း ပျံ့နှံ့သွားပြီး Vatti ဝန်ထမ်း တော်တော်များများက မျက်ရည်ကျ ကြသည်။ တရုတ်နိုင်ငံ၏ တန်ဖိုးကြီး ပစ္စည်း နယ်ပယ်က နောက်ဆုံး၌ ဦးမော့လာလေပြီ။ ပြည်ပမှလူများသည် တရုတ်နိုင်ငံ၏ တန်ဖိုးကြီး ပစ္စည်းများကို ဝယ်ယူကြပေတော့မည်။
“တင်အာ၊ မင်းအဖေကို အမှန်အတိုင်း ပြောပြပါဦး၊ ငါတို့ပစ္စည်းရဲ့ စုစုပေါင်း အရေအတွက်က ဘယ်လောက်လဲ”
ဥက္ကဋ္ဌမာက စိုးရိမ်တုန်လှုပ်စွာ မေးလာသည်။
“အိတ်က ရှစ်ရာ ပြီးတော့ အစုံလိုက်က သုံးရာ”
ယင်းက အရေအတွက် မကြီးသလို နည်းလည်း မနည်းချေ။
“အဖေ၊ ဒီထုတ်ကုန်နဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့၊ ဒီဇိုင်းကနေ ထုတ်လုပ်ရေးအထိ သူတို့ကို တာဝန်ယူခွင့် အပြည့်အဝ ပေးမယ်လို့ ကျွန်တော် ကတိပေးထားတာ၊ မဟုတ်ရင် ထုတ်လုပ်ရေးက ချက်ချင်း တန့်သွားလိမ့်မယ်”
မာတင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါတို့ ဝင်မပါပါဘူး၊ လုံးဝ မနှောင့်ယှက်ဘူး၊ ဒီလိုလူမျိုးကို ရန်စလို့ မဖြစ်ဘူး၊ မင်း သိရဲ့လား”
ဥက္ကဋ္ဌမာက ချက်ချင်း ထိုသို့ပြောပြီး ဆက်ပြောလေသည်။
“ငါက သိချင်ရုံလေးပါ၊ အဲ့ဒါပါပဲ၊ ပြီးတော့ စီမံမှုနဲ့ ပတ်သက်ပြီး ငါတို့ လူသိအောင် ကူညီပေးနိုင်တယ်၊ ငါတို့က ဌာနချုပ်လေ၊ ကြော်ငြာတာက ဖြစ်သင့်တယ် ဟုတ်တယ်မလား”
မာတင်သည် တစ်ခဏမျှ တွေဝေနေပြီးမှ ခေါင်းညိတ်လေသည်။
“ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်”
“ဟားဟားဟား ကောင်းတယ်”
ဥက္ကဋ္ဌမာ၏ မျက်နှာက နီရဲနေပြီး အော်ဟစ်လေသည်။
“မင်းတို့အားလုံး ဘာတွေ ငိုင်နေတာလဲ၊ မြန်မြန် ကြော်ငြာတော့လေ၊ ဒီနေ့က ငါတို့ သမိုင်းတွင်မယ့်နေ့ပဲ၊ ဒါအတွက် အစွမ်းကုန် ကြော်ငြာကြ၊ ငါတို့ အင်တာနက်ကနေ ကြော်ငြာရမယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ ကြော်ငြာရမယ်”
“ငါ အရမ်း စိတ်လှုပ်ရှားနေပြီ၊ ဒီသတင်း ဖြန့်ဝေဖို့ကို ငါ ရေးပါရစေ”
“မင်းရဲ့ အရေးအသားနဲ့ဆို ဖြစ်မှာ မဟုတ်ဘူး၊ ငါ ထပ်ပြီး ပုန်းနေလို့ မရတော့ဘူးနဲ့ တူတယ်၊ တကယ်တော့ ငါက မြင့်မြတ်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်သလို မီဒီယာမင်းသားလေးလည်း ဟုတ်တယ်”
“ဆရာ၊ တကယ့် ဆရာတစ်ယောက်ပဲ၊ Vatti က တကယ်ကို ကူညီပေးမယ့် ဆရာတစ်ယောက် ရလာတာပဲ၊ ကျေးဇူးတင်ပါတယ်”
“ဟူး … ငါတို့ အခုလေးတင် ပူးပေါင်းမှုကို ဆက်မလုပ်ဖို့ တွေးနေခဲ့ကြတာပဲ၊ ငါတို့ဦးနှောက်တွေ ချောင်နေလို့ ဖြစ်မယ်”
“သခင်လေး မာတင်က အံ့ဩဖို့ ကောင်းတာပဲ”
…
“ကလင် ကလင် ကလင်”
လူတိုင်း စိတ်လှုပ်ရှားစွာ စကားပြောနေစဉ်မှာပင် ဖုန်းက ထပ်မြည်လာသည်။
“ဟဲလို၊ ဥက္ကဋ္ဌမာ၊ ငါတို့က အမေရိကားကပါ၊ ငါတို့က တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရေး စင်တာကနေ ဆက်လိုက်တာပါ …”
ထင်ထားသည့်အတိုင်းပင် အမေရိကားကတောင်မှ သူတို့ကို ဆက်လာပါတကား။
Vatti သည် မကြာခင်မှာပင် အလုပ်များလာသည်။ လူတိုင်းသည် သူတို့လက်ထဲမှ အရာအားလုံးကို လွှတ်ချ၍ တန်ဖိုးကြီး ပစ္စည်းအတွက် အလုပ်လုပ်ကြတော့သည်။
ဖုန်း ဆက်တိုက် လာနေသည်နှင့်အမျှ ဥက္ကဋ္ဌမာ၏ မျက်နှာက အပြုံးပန်းဝေနေ၏။
“ဟေ့ ဥက္ကဋ္ဌမာ၊ Vatti က ဘာဖြစ်နေတာလဲ၊ ငါတို့ လက်တွဲထားတဲ့ ဒီဇိုင်းက တစ်လျှောက်လုံး အဆင်ပြေနေတာပဲလေ၊ မင်း ဘာလို့ ရုတ်တရက်ကြီး ရပ်လိုက်တာလဲ၊ မင်း ဆက်လက်တွဲချင်ရဲ့လား”
“အာ ဥက္ကဋ္ဌတင်၊ ဟဲဟဲ ကျုပ်တို့မှာလည်း ရုတ်တရက် ရပ်လိုက်ရတဲ့ အကြောင်းရင်း ရှိပါတယ်”
“ဘာအကြောင်းရင်းများလဲ၊ ငါတို့ သားရေစက်ရုံကို အနိုင်ကျင့်လို့ ရမယ်လို့တော့ မင်း ထင်မနေနဲ့ …”
“အကြောင်းရင်းကတော့ သိပ်ရိုးရှင်းပါတယ်၊ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး၊ Vatti က တန်ဖိုးကြီး ကုန်ပစ္စ်း လောကထဲ ဝင်သွားပြီလေ၊ အဲ့တော့ ကျုပ်တို့မှာ အခြားကိစ္စတွေကို အာရုံစိုက်ချိန် မရှိဘူး”
ဥက္ကဋ္ဌမာက အေးအေးလူလူ ပြောလိုက်သည်။
“ခွမ်း”
ဖုန်းထဲမှ လက်ဖက်ရည်ခွက် ကွဲသွားသည့်အသံကို ကြားလိုက်ရပြီးနောက် အတော်ကြာအောင် တိတ်ဆိတ် သွားသည်။
“တန်ဖိုးကြီး … တန်ဖိုးကြီး ကုန်ပစ္စည်း ဟုတ်လား၊ နိုင်ငံတကာ တန်ဖိုးကြီး ကုန်ပစ္စည်းလား၊ ဥက္ကဋ္ဌမာ၊ မင်း အိပ်ရာက နိုးနေတာတောင် အိပ်မက် မက်နေတုန်းလား၊ မင်း ထင်ယောင်ထင်မှား ဖြစ်နေတာများလား၊ မင်း ဆေးရုံသွားဖို့ ငါ အကြံပေးချင်တယ်”
“ဟားဟားဟား မင်း နောက်ဆုံးရ သတင်းခေါင်းစဉ်ကို စောင့်နေသင့်တယ်”
ဥက္ကဋ္ဌမာက ရယ်လိုက်သည်။
“မဖြစ်နိုင်လိုက်တာ၊ တကယ်ကြီးလား”
ဥက္ကဋ္ဌတင်သည် အံ့ဩနေပြီး အားကျမိသည်။ ထို့နောက် သူ အလျင်စလို ပြောလိုက်သည်။
“ဥက္ကဋ္ဌမာ၊ ဒါ အောင်ပွဲခံထိုက်သင့်တဲ့ ကိစ္စပဲ၊ ကျုပ်တို့ တရုတ်လူမျိုးတွေရဲ့ တန်ဖိုးကြီး အမှတ်တံဆိပ်တွေ ဂုဏ်ယူရမယ့်နေ့ပဲ၊ Vatti နာမည်ကြီးလာရင်တောင်မှ မင်းရဲ့ မိတ်ဆွေဟောင်းတွေကို မမေ့နဲ့ဦး၊ မင်း အလုပ်များနေတယ်ဆိုတော့ ငါတို့ သားရေဆက်ရုံက မင်းနဲ့ အချိန်မရွေး ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေပါတယ်”
…
မာတင်သည် ဘယ်သူမှ သတိမထားမိအောင် ထောင့်တစ်နေရာသို့ လျှောက်သွားသည်။ ထို့နောက် ပျော်ရွှင်နေသော မျက်နှာနှင့် ဝမ်းသာအားရ ကနေသည်။
အစောပိုင်းက သူ့ပုံစံကို ထိန်းထားရသဖြင့် သူ အလွန် စိတ်လှုပ်ရှားနေ၏။
သူ မှန်ကန်သော လောင်းကြေးကို ထပ်ခဲ့သည်။ အလောင်းအစားက မှန်ခဲ့ပေသည်။
သူ မစောင့်နိုင်ဘဲ ဖုန်းကိုယူ၍ ဆက်လိုက်သည်။
ထိုအချိန်တွင် ရဲ့လင်းချန်သည် ရိုက်ကူးရေး အဖွဲ့နှင့် ရှိနေပြီး တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ရိုက်ကူးမှုကို ညွှန်ကြားနေ၏။
ထုတ်လွှင့်ရန် စီစဉ်ထားသည့်နေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်။ ယခု ဒီဇင်ဘာ လလယ်ကို ရောက်နေပြီဖြစ်သဖြင့် လဝက်မျှသာ ကျန်တော့သည်။ သို့သော် လုပ်ငန်းက နောက်ကောက်ကျနေသည်။ အကြောင်းမှာ အချို့သော အခန်းများ၌ အခက်အခဲ အချို့ ရှိနေသောကြောင့်ပင်။
ယခင်က ရဲ့လင်းချန်က နောက်က လိုက်မကြည့်ပေးသဖြင့် ရှောင်ဖေးဖေး တစ်ယောက်တည်းကို အားထားရန် ခက်လှသည်။ ရက်က တဖြည်းဖြည်း နီးလာသည်ကို ကြည့်ပြီး ရဲ့လင်းချန်က ဝင်ပါလာကာ ရိုက်ကူးရေး လုပ်ငန်းစဉ်ကလည်း သိသိသာသာ တိုးတက်လာသည်။
ရိုက်ကူးရေးနှင့် ပတ်သက်၍ ရဲ့လင်းချန်သည် ကနဦးပိုင်း၌ မျက်နှာဖုံးနှင့်လူအဖြစ် သရုပ်ဆောင်ပြီး အက်ရှင် ရုပ်ရှင်ကား ဟော်ရန်ကျား၌ ဒါရိုက်တာ လုပ်သည်မှလွဲ၍ များများစားစား မပါဝင်ပေ။ သို့သော် သူ့၌ အားလပ်ချိန် ရှိလာပြီး ဝိုင်လုပ်ငန်းစု၏ ပိုင်ရှင်လည်း ဖြစ်နေသဖြင့် တရုတ်နိုင်ငံ၏ အနုပညာ လုပ်ငန်းများ ပေါက်လာအောင် သူ အထူး ဂရုစိုက်မိသည်။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ ဖုန်းက မြည်လာသည်။
“ဟဲလို ဆရာရဲ့၊ ငါပါ မာတင်”
“ဟဲလို သခင်လေးမာ”
“ဆရာရဲ့၊ ခင်ဗျား ကျွန်တော့်ကို ရှောင်မာလို့ ခေါ်လို့ရပါတယ်”
မာတင်က အလွန် ယဉ်ကျေးသော အပြုအမူနှင့် ပြောလိုက်ပြီး သူ့အသံ၌ စိတ်လှုပ်ရှားဟန်တို့ ပါဝင်နေသည်။
“ဆရာရဲ့ ကျွန်တော်တို့ ပစ္စည်းက တန်ဖိုးကြီး ပစ္စည်း အကဲဖြတ်ခြင်းကို အောင်သွားပြီ၊ ဆယ်နိုင်ငံက ဖုန်းဆက်လာပြီး ပူးပေါင်းဖို့ တောင်းဆိုလာတယ်၊ နောက်ဆို များလာမှာ သေချာတယ်၊ ဒီလိုမျိုးက ထိပ်တန်း တန်ဖိုးကြီး ပစ္စည်းတွေအတွက်ပဲ ရှိတာလေ”
နိုင်ငံများစွာက လက်ခံခြင်းသည် တန်ဖိုးကြီး ကုန်ပစ္စည်းက ပို၍ အရည်အသွေးကောင်းသည်ဟု ဆိုလိုနေ၏။ တစ်ကမ္ဘာလုံးမှ လူများက သဘောကျလျင် သူတို့သည် ကမ္ဘာ့အဆင့်အတန်းဝင် တန်ဖိုးကြီး ကုန်ပစ္စည်းအဖြစ် ကျော်ကြားလာပေမည်။
“ဪ ဒါ မှန်းထားပြီးသား ကိစ္စပဲ မဟုတ်ဘူးလား”
ရဲ့လင်းချန်က နည်းနည်းလေးမှ တုန်လှုပ်မသွားဘဲ အေးအေးလူလူ ပြောလိုက်သည်။
အမြင့်သို့ ရောက်ရှိပြီးနောက် ထိုအောင်မြင်မှုများအားလုံးက အသေးအဖွဲကိစ္စလေးများ ဖြစ်သွားသည် မဟုတ် ပါလော။
“ဒါ တန်ဖိုးကြီး ကုန်ပစ္စည်းလေ၊ ငါတို့ တစ်ုနိင်ငံလုံးမှာ တန်ဖိုးကြီး အမှတ်တံဆိပ် မရှိဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက တစ်သက်လုံး ဂုဏ်ယူသင့်တဲ့ ကိစ္စပဲ၊ ငါ … မင်း …”
မာတင်သည် ရဲ့လင်းချန်၏ တုံ့ပြန်မှုကြောင့် ဗလုံးဗထွေး ဖြစ်ကာ စိတ်ရှုပ်သွားသည်။
*မင်း ဘယ်လိုလုပ် တည်ငြိမ်နေတာလဲ၊ အရမ်း အံ့ဩဖို့ ကောင်းသွားပြီ*