ငှက်ကြီး ချင်းချင်
Vol. 33 Ch. 501
ပဥ္စမသခင်ကြီးက ရွှီချင်းအား ဒေသငယ်မြို့တော်အကြောင်း တချို့ပြောထားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့က ဒေသတွင်နေသော ဓားကိုင်များကဲ့သို့ စုံလင်နိုင်မည်မဟုတ်ပေ။
ချန်ထင်းဟောင်၏ ဖော်ပြချက်တို့မှ ဒေသငယ်မြို့တော်အတွင်းက အဖွဲ့များအကြောင်းကို ရွှီချင်း ပို၍နက်ရှိုင်းစွာ နားလည်လာသည်။
ဥပမာ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ကဲ့သို့ပင် ဒေသငယ်မြို့တော်တွင် ဂိုဏ်းအဖွဲ့ခွဲများတည်ဆောက်ထားသည့် ဂိုဏ်းအဖွဲ့များစွာ ရှိကြသည်။
ထိုဂိုဏ်းတို့သည် ကိုယ်ပိုင်ပြည်နယ်အသီးသီးတွင် အုပ်စိုးသူများ ဖြစ်ကြသော်လည်း ဤနေရာတွင်တော့ နှိမ့်ချခေါင်းငုံ့နေကြရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ထက် အင်အားကြီးသော ဂိုဏ်းကြီးသုံးဂိုဏ်း ရှိနေသောကြောင့်ပင်။
ထိုဂိုဏ်းကြီးသုံးဂိုဏ်းသည် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးတွင် အင်အားကြီးဆုံးဂိုဏ်းကြီးသုံးဂိုဏ်းဟု ဆိုနိုင်၏။ ထို့ကြောင့်ပင် ဒေသငယ်မြို့တော်တွင် အဓိကဂိုဏ်းများ တည်ဆောက်ဖွဲ့စည်းထားနိုင်ခြင်း ဖြစ်သည်။
“ဓားကိုင်ရုံးတော်ထဲမှာ ဂိုဏ်းကြီးသုံးဂိုဏ်းက တပည့်တွေ အများကြီး ရှိကြတယ်။ ဒါကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းက ဓားကိုင်ရုံးတော်နဲ့ အတိုင်းအတာတစ်ခုထိ တစ်သားတည်းရှိတယ်လို့ ပြောလို့ရတယ်။ သူတို့က ဓားကိုင်ရုံးတော်ရဲ့ ဆုံးဖြတ်ချက်တိုင်းကို အမြဲ အားပေးထောက်ခံကြတယ်။ ဒါက ဖုန်းဟိုင်ဒေသငယ်ထဲက ကျုပ်တို့ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အသက်ရှင်သန်နိုင်တဲ့ နည်းလမ်းလည်း ဖြစ်တယ်။”
“ကျုပ်တို့နှစ်ယောက်က ကမ္ဘာဦးမိုးကြိုးမျိုးနွယ်ရဲ့ တပည့်တွေ ဖြစ်တယ်။”
ချန်ထင်းဟောင်က ပြုံးလိုက်သည်။
သူ ရှင်းပြသည်များအား နားထောင်ကာ ရွှီချင်းသည် ယောင်အိမ်တော်၏ အခြေခံအုတ်မြစ်ကိုလည်း နားလည်လာသည်။ အစွမ်းထက် မှူးမတ်မိသားစုတစ်ခုအဖြစ် သူတို့သည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်သော လူတန်းစားတစ်ရပ်ဟု ဆိုနိုင်၏။
“ကောင်းကင်တမန်အမတ်ယောင်ဟာ အရင်တုန်းက ဆုံးသွားပြီ ဖြစ်ပေမဲ့ သူတည်ထောင်ခဲ့တဲ့ အုတ်မြစ်ကတော့ ကျန်နေသေးတယ်။ ယောင်မိသားစုဟာ ပင်မနန်းမြို့တော်ကနေ နှင်ထုတ်ခံရပေမဲ့ ဖုန်းဟိုင်ဒေသငယ်မှာတော့ သူတို့က ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ တန်းတူရှိတဲ့ သစ်ပင်ကြီးတစ်ပင်ပဲ။”
“ဒါပေမဲ့ ဒေသကြီးတစ်ခုလုံးနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ယောင်မိသားစုတို့က စတုတ္ထအတန်းအစားပဲ ရှိပါသေးတယ်။”
“ဂိုဏ်းကြီးသုံးဂိုဏ်းအထက်မှာ လူမဟုတ်မျိုးနွယ်ကြီးနှစ်ခုရှိသေးတယ်။ သူတို့က တတိယအတန်းအစားဖြစ်တယ်။”
ချန်ထင်းဟောင်မှာ ပွင့်လင်းသော စရိုက်ရှိသူ ဖြစ်သည်။ အထူးဖြင့် ဓားကိုင်များ ဖြစ်သည့် ရွှီချင်းနှင့် ခေါင်းဆောင်တို့အား ပြောဆိုချိန်တွင် သူက လွတ်လပ်ပေါ့ပါးစွာ ပြောဆိုသည်။ သူတို့နှစ်ဦးသည် ဓားကိုင်များ ဖြစ်ကြောင်း သိလိုက်သည်နှင့် သတိတို့ အလိုလို ပေါ့လျှော့သွားပုံရသည်။
ဤကား ရွှီချင်းဂိုဏ်းထဲတွင် နေထိုင်စဉ်ကနှင့် လွန်စွာကွဲပြားခြားနားနေသည်။
“လူမဟုတ်မျိုးနွယ်ကြီးနှစ်ခုကတော့ သန့်စင်ဒီမွန်မျိုးနွယ်နဲ့ ကျွမ်ရှင်းမျိုးနွယ်တို့ ဖြစ်ကြတယ်။”
လူမဟုတ်မျိုးနွယ်နှစ်ခုအကြောင်း ပြောဆိုချိန်တွင်တော့ ချန်ထင်းဟောင်၏ မျက်နှာမှာ အနည်းငယ် သုန်မှုန်သွားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့လည်း မျက်နှာများ တည်ကြည်သွားကြသည်။ ပဥ္စမသခင်ကြီးကတော့ ထိုအကြောင်းကို သိထားပြီး ဖြစ်ကြောင်း ထင်ရှား၏။ သို့ရာတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က တခြားတပည့်များအတွက်တော့ ထိုအကြောင်းသည် အသစ်အဆန်း ဖြစ်နေပါသေးသည်။
“မိတ်ဆွေတို့ ဒေသငယ်မြို့တော်ကို ရောက်ရင် ဒီမျိုးနွယ်နှစ်ခုကို သတိထားကြရမယ်။” ချန်ထင်းဟောင်ဘေးတွင် ဆံပင်များဆော့ရင်း ထိုင်နေသည့် စွမ်းလိယန်က ညင်သာစွာ ပြောလိုက်သည်။
“သူတို့ထဲမှာ သန့်စင်ဒီမွန်မျိုးနွယ်ဟာ မျက်နှာနှစ်ခုနဲ့ မွေးလာကြတယ်။ ရှေ့မှာတစ်ခု နောက်မှာတစ်ခုနဲ့ပေါ့။ သူတို့ကထူးဆန်းတဲ့သွင်ပြင်ရှိသလို အကြံအစည်ကလည်း ကြီးမားနက်ရှိုင်းတတ်ကြတယ်။”
“ကျွမ်ရှင်းမျိုးနွယ်ကတော့ လူသားတွေနဲ့ အသွင်တူကြပေမဲ့ မောက်မာလွန်းကြတယ်။ သူ့တို့ရဲ့ ထူးခြားတဲ့ အသွင်အပြင်ကတော့ ဆံပင်နဲ့ မျက်ခုံးတွေအားလုံး ဖြူနေတာပဲ။ မျက်ဆန်တွေအထိတောင်မှ ဖြူနေကြတယ်။ တိုက်ခိုက်ရေးစွမ်းအားလည်း ကြောက်ခမန်းလိလိ ကောင်းတတ်ကြတယ်။”
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ထိုမျိုးနွယ်နှစ်ခု၏ ထူးခြားချက်တို့ကို မှတ်သားထားလိုက်သည်။ ချန်ထင်းဟောင်ကတော့ သက်ပြင်းချလိုက်သည်။
“ဖုန်းဟိုင်ဒေသငယ်မှာ ကျုပ်တို့လူသားမျိုးနွယ်ပြီးရင် ဒီလူမဟုတ်မျိုးနွယ်ကြီးနှစ်ခုက အင်အားအကြီးဆုံးပဲ။ ဒေသအကြီးအကဲရဲ့ အလျှော့ပေးမှုနဲ့ ဟန်ချက်ထိန်းမှုအောက်မှာ ကျုပ်တို့က ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်နိုင်တယ်ဆိုရုံပဲ နေကြရတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပဠိပက္ခတွေ တိုးပွားလာနေတာပဲ။”
“ဒါပေမဲ့ လက်ရှိမှာ ဒီအခြေအနေဟာ ထိန်းချုပ်နိုင်တဲ့အဆင့်မှာ ရှိပါသေးတယ်။ ကျုပ်တို့ ဖုန်းဟိုင်ဒေသငယ် တည်ရှိတဲ့ သန့်စင်ရေလှိုင်းဒေသစုကြီးထဲက သန့်စင်ရေလှိုင်းမျိုးနွယ်ဟာ သူ့ပိုင်နက်နယ်မြေထဲက သူတို့လက်အောက်မရောက်သေးတဲ့ တစ်ခုတည်းသောနေရာကို မျက်စိကျနေတာပဲ။”
“အတွင်းရော အပြင်ရောအန္တရာယ်ပါပဲလား။”
ခေါင်းဆောင်က ရုတ်တရက်ပြောလိုက်သည်။
“ဟုတ်တယ် အတွင်းရော အပြင်ရော အန္တရာယ်တွေပဲ။”
ချန်ထင်းဟောင်က သူ့ပေါင်ကို လက်ဖဝါးဖြင့် ရိုက်ကာ ပြောသည်။
“မြို့တော်မှာ လူမဟုတ်မျိုးနွယ်ကြီးနှစ်ခုက ရည်မှန်းချက်ကြီးကြတယ်။ မြို့တော်ပြင်ပမှာတော့ သန့်စင်ရေလှိုင်းရဲ့ ကျူးကျော်လိုစိတ်က ဘယ်တော့မှ မပျက်ပြယ်သွားဘူး။ လူသားမျိုးနွယ်ရဲ့ အရှိန်အဝါတချို့ ရှိနေသေးတာကြောင့်သာ မဟုတ်ရင် ဖုန်းဟိုင်ဒေသငယ်ဟာ သူများလက်အောက်သို့ ဝါးမျိုခံရတာ ကြာလောက်ပြီ။”
“ကျုပ်တို့လူသားမျိုးနွယ်မှာ ဒေသကြီးတစ်ခုနဲ့ ဒေသငယ်ခုနစ်ခုပဲရှိတယ်။ နယ်မြေတွေ ဒီထက် ဆုံးရှုံးလို့ မရတော့ဘူး။”
ရွှီချင်း ငြိမ်ကျသွားသည်။ သူက လူသားမျိုးနယ်၏ အာဏာစက်လက်ကျန်များအား နားလည်လာ၏။
“ဒီအကြောင်းတွေ ဒီလောက်နဲ့ပဲ တော်လိုက်ကြတာပေါ့။ ဒေသငယ်မြို့တော်ကို ရောက်မှ မင်းတို့ကိုယ်တိုင် တွေ့ကြုံခံစားကြည့်ကြပေါ့။”
“ဒေသငယ်မြို့တော်ထဲက အဖွဲ့တွေအကြောင်း ဆက်ပြောကြမယ်။ ဒေသမြို့ထဲမှာ ဒုတိယအတန်းအစား ရုံးတော်သုံးခုရှိတယ်။ ဓားကိုင်ရုံးတော်၊ ပြည်ထဲရေးရုံးတော်၊ တရားရေးရုံးတော်တို့ပဲ။”
“ကျုပ်တို့ဓားကိုင်ရုံးတော်က စစ်ပွဲနဲ့ ပတ်သက်တာမှန်သမျှကို ထိန်းချုပ်တယ်။ မျိုးနွယ်ခြားတွေနဲ့စစ်ပွဲ၊ ရာဇဝတ်သားတွေကို ဖမ်းတာတွေပေါ့။”
“ပြည်ထဲရေးရုံးတော်ကတော့ အစဉ်အလာယဇ်ပူဇော်ပွဲတွေ၊ ဓလေ့ကျင့်ဝတ်တွေ၊ ပညာရေး၊ အင်ပါယာရဲ့အမိန့်တော်ကို ထုတ်ပြန်ရေးနဲ့ စစ်ဆေးရေးတွေကို ဝာာဝန်ယူတယ်။ ကျုပ်တို့ လူသားမျိုးနွယ်ရဲ့သမိုင်းကို မှတ်တမ်းတင်ခြင်းအတွက်လည်း ဝာာဝန်ရှိတယ်။”
“တရားရေးရုံးတော်ကတော့ တရားစီရင်ရေးနဲ့ ဥပဒေထိန်းသိမ်းမှုတွေမှာ တာဝန်ရှိတယ်။ သူတို့မှာ ကိုယ်ပိုင်တရားရေးကျင့်ကြံသူတွေရှိတယ်။ သူတို့မှာ စည်းကမ်းဥပဒေနဲ့ ပတ်သတ်တာမှန်သမျှကို စောင့်ကြည့်ခွင့်ရှိတယ်။”
“လူသားမျိုးနွယ်မှာ အထက်ရုံးတော်ကြီးငါးခုနဲ့ အောက်ရုံးတော်ကြီးငါးခုရှိတယ်။ ဒါပေမဲ့ ဖုန်းဟိုင်ဒေသငယ်မှာတော့ ကိုယ်ပိုင်စနစ်ဖြစ်နေတော့ ရုံးတော်သုံးခုနဲ့ပဲ လည်ပတ်နေတာ နှစ်တွေ အများကြီး ကြာပြီ။ ဒီရုံးတော်သုံးခုလုံးဟာ အထပ်ရုံးတော်ကြီးတွေကပါပဲ။”
ဓားကိုင်ရုံးတော်သည် ဒေသငယ်ထဲတွင် လွန်စွာ အဆင့်မြင့်ကြောင်း ရွှီချင်း သိထားသည်။ ဓားကိုင်ရုံးတော်က ဒုတိယအတန်းအစား ဖြစ်ကြောင်း ကြားသိရချိန်တွင် သူ့အတွေးနှင့် ကိုက်ညီကြောင်း သိလိုက်သည်။ ထိုရုံးတော်အထက်က ပထမအတန်းအစားအတွက်တော့ သူ မှန်းဆကြည့်နိုင်၏။
“ပထမအတန်းအစားကတော့ ဒေသအကြီးအကဲပဲဖြစ်တယ်။”
ချန်းထင်းဟောင်၏ မျက်နှာသည် လေးနက်သွား၏။
“ပြင်ပလောကမှာတော့ ဒေသအကြီးအကဲဟာ ပြတ်သားမှု မရှိဘူး၊ ပျော့ညံတဲ့စိတ် ရှိနေတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်။ သူက မကြာခဏ အလျှော့ပေးလေ့ရှိတယ်ဆိုပြီးရောပေါ့။ ဒါပေမဲ့ အမှန်တကယ်တမ်းတော့ ကျုပ်တို့ဓားကိုင်တွေ ရင်ထဲမှာ ရုံးတော်သခင်ကြီးကလွဲရင် ကျုပ်တို့ အလေးစားဆုံးက ဒေသအကြီးအကဲပါပဲ။”
“လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာတုန်းက ဒေသအကြီးအကဲဟာ ဖုန်းဟိုင်ဒေသငယ်ကို စောင့်ကြပ်ကာကွယ်ပေးခဲ့တယ်။ သူဟာ နယ်မြေချဲ့ထွင်ရေးမှာ အကျိုးပြုတာ မရှိပေမဲ့ အတွင်းနဲ့ အပြင်အခြေအနေကို ဟန်ချက်ထိန်းညှိပေးခဲ့ပြီး တာဝန်ကျေပွန်ခဲ့တယ်။ ဒါကြောင့်ပဲ ဖုန်းဟိုင်ဒေသငယ်ဟာ ကျုပ်တို့လူသားမျိုးနွယ်လက်ထဲမှာ ဆက်လက်တည်တံ့နိုင်တာပေါ့။ တဖြည်းဖြည်းယုတ်လျော့လာတဲ့ ဒေသခြောက်ခုနဲ့မတူဘဲ ဖုန်းဟိုင်ဒေသငယ်ကတော့ ပြည်နယ်ဆယ်သုံးခုလုံးမှာ အကောင်းပကတိ ရှိနေနိုင်သေးတယ်လေ။”
ချန်ထင်းဟောင်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာလုံးလုံး ဒေသအကြီးအကဲဟာ လုပ်ကြံမှုပေါင်း လေးဆယ့်ခုနစ်ခုကို ကြုံတွေ့ရတယ်။”
ထိုစကားတွင် ရွှီချင်း၏ အမူအရာတို့ ပြောင်းလဲသွားရသည်။ ခေါင်းဆောင်ကလည်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
ချန်ထင်းဟောင်က သက်ပြင်းဖွဖွတစ်ချက် ချလိုက်ပြီး ဒေသအကြီးအကဲအကြောင်း ပြောဆိုခြင်းအား ရပ်တန့်လိုက်တော့သည်။ ထိုအစား ဒေသထဲက တခြားသော ဓလေ့ထုံးတမ်းများအကြောင်းကို ပြောပြသည်။ ဤသို့ဖြင့် အချိန်တို့ ကုန်လွန်ကာ တစ်လခွဲအချိန်တို့ ကုန်လွန်လာသည်။
ကန္တာရသည် တဖြည်းဖြည်းကျဲပါးလာပြီး သင်္ဘောပျံပေါ်က လူအားလုံး၏ မျက်လုံးထဲ၌ အစိမ်းရောင်မြေများ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
မြေပြင်အား လွင်ပြင်တို့သာ ဖုံးလွှမ်းနေပြီး တောင်တန်းတို့ကတော့ အနည်းအကျဉ်းသာ ရှိသည်။ ထို့အပြင် ထိုနေရာတွင် ဓာတ်နှောများလည်း ကျဲပါးလျှက်သာ ရှိကြသည်။ ဤနေရာရှိ ဝိညာဉ်အားတို့သည် တခြားသောနယ်မြေများထက် ထင်ရှားစွာ ထူထပ်သိပ်သည်းနေကြသည်။
ကောင်းကင်သည်ပင် ပို၌တောက်ပကြည်လင်နေ၏။
ရွှီချင်းသည် သင်္ဘောဦးပိုင်းတွင် ရပ်လျက် ထိုမြင်ကွင်းများအား ကြည့်နေလိုက်သည်။ မြေပြင်ရှိ မြို့များစွာတို့ကို မြင်ရချိန်တွင် ကြည်လင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
သင်္ဘောအောက်မှ နေရာများတွင် လူများ ရှိနေသည်ကိုလည်း တွေ့မြင်နိုင်သည်။ သူတို့၏ မျက်နှာတို့တွင် အပြုံးများဖြင့် ပြည့်နေပြီး မျှော်လင့်ချက်များဖြင့် တက်ကြွစွာ လှုပ်ရှားနေကြသည်။
ထိုသို့မြင်ကွင်းမျိုးသည် လူမျိုးစုတစ်ခု ရှင်သန်နိုင်ရန် ရုန်းကန်နေကြရသည့် ပြည်နယ်များ၌ ရှားပါးလှသည်။
“ကျုပ်တို့ ရောက်ပြီ။”
ချန်ထင်းဟောင်က ပြုံးလိုက်သည်။
“ဒီနေရာမှာ ကျုပ်တို့ ဒေသငယ်မြို့တော်ပြင်ပကိုသွားဖို့ တွေ့တဲ့နေရာက တည်နေရာပြောင်းအစီအရင်ကို သုံးလို့ရတယ်။ ရှေ့နားမှာ အများသုံးတည်နေရာပြောင်းနေရာ တစ်ခုရှိတယ်။ အဲဒီကို သွားလို့ရမယ်။”
ချန်ထင်းဟောင်က အဝေးတစ်နေရာသို့ ညွှန်ပြလိုက်သည်။ ရွှီချင်းက လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးတွင် စူးရှသောအလင်းတစ်ခု လက်သွားသည်။
ခေါင်းဆောင်က မျက်ခုံးများပင့်လိုက်ပြီး ပတ်လည်ရှိ တပည့်များကလည်း လေးနက်သည့်အမူအရာများ ဖြစ်လာသည်။
ချန်ထင်းဟောင် ညွှန်ပြသည့်ဘက်တွင် ကောင်းကင်ပေါ်၌ မီးခိုးရောင်တိမ်တစ်စု ရုတ်တရက်ပေါ်လာသည်။ ၎င်းတိမ်တို့သည် လွန်စွာကြီးမားကျယ်ပြန့်လှပြီး မြို့တစ်မြို့ကိုပင် ဖုံးကာနိုင်၏။
ထိုအချိန်တွင် မီးခိုးရောင်တိမ်သည် လျင်မြန်စွာ လှုပ်ရှားနေသည်။ ထိုတိမ်များထဲတွင် ငှက်ကြီးတစ်ကောင် အသွင်ကို ခပ်ရေးရေးမြင်နိုင်၏။
ထိုငှက်ကြီး၏ အသွင်မှာ လွန်စွာထူးဆန်းလှသည်။ သူ့တွင် ခေါင်းသုံးလုံးရှိနေပြီး ခေါင်းတစ်လုံးချင်းစီတိုင်းက ရက်စက်ကြမ်းကြုတ်ဟန် ရှိနေကြသည်။
သူ၏ ဝမ်းဗိုက်ကြီးမှာ လွန်စွာကြီးမားလှပြီး အတောင်ပံများကတော့ အတော်လေး သေးငယ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်က အမွေးအတောင်များသည် ရှုပ်ထွေးသော ခံစားမှုတို့ဖြစ်စေသော်လည်း အံ့မခန်းသော နတ်အားလှိုင်းများ ထုတ်လွှတ်နေ၏။
သူ့လက်သည်းများတွင်တော့ ထင်ရှားစွာ မမြင်နိုင်သည့် အရာတစ်ခုခုအား ကုပ်ဆွဲထားဟန်ရသည်။
ထိုအချိန်တွင် ငှက်ကြီးသည် သင်္ဘောပျံကြီးအား ချဉ်းကပ်လာနေ၏။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မုန်တိုင်းတစ်ခုစီ လှုပ်ခတ်သွားပြီး ကောင်းကင်နှင့် မြေကြီးအား ဆက်သွယ်သော လေပွေမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲလာတော့သည်။ ထိုအားလှိုင်းမှာ ပြင်းထန်ကြီးမားလှသည်။
“စီနီယာချင်းချင်ပဲ။”
ချန်ထင်းဟောင် မှင်တက်အံ့သြသွားသည်။
“စီနီယာချင်းချင်ဟာ ဒေသအကြီးအကဲဟောင်းရဲ့ မိတ်ဆွေတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက ဒေသအကြီးအကဲဟောင်း တော်ဝင်နန်းမြို့တော်ကို ပြန်သွားချိန်မှာ သူနဲ့အတူ လိုက်ပါသွားဖို့ ဖိတ်ခေါ်သေးတယ်။ ဒါပေမဲ့ သူက မလိုက်သွားဘဲ ဖုန်းဟိုင်ဒေသငယ်မှာပဲ ဆက်နေပြီး တစ်ခါတစ်လေ အပြင်ကို ထွက်လာတတ်တယ်။ သူဟာ ခေတ်ဟောင်းအချိန်ကာလကတည်းက သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်ပြီး သူ့ရဲ့သွေးမျိုးဆက်ဟာ ရှေးဘုရင်တွေခေတ်ကာလအထိ ဆက်နွယ်နေတယ်။ သူ့ရဲ့ဘိုးဘေးတွေဟာလည်း ရှေးဘုရင်တွေရဲ့ နောက်လိုက်သားရဲဖြစ်ဖူးတယ်လို့ ပြောကြတယ်။”
ချန်ထင်းဟောင်၏ စကားဆုံးသည့် တခဏတွင်ပင် ငှက်ကြီး၏ လက်သည်းကြားမှ လူတစ်ယောက်၏ ဆွဲငင်စွာ အော်လိုက်သံတစ်သံအား ကြားရသည်။
“ကယ်ပါ။ ကယ်ကြပါ။ ကျွန်တော်က ဓားကိုင်တစ်ယောက်ပါ။ နှလုံးသစ္စာစစ်ဆေးချိန်မှာ အလင်းပေခြောက်ရာ ရခဲ့ပါတယ်။”
အသံသည် ဝမ်းနည်းနေပြီး ကြောက်လန့်ခြင်းတို့ဖြင့် ပြည့်နေသည်။ ထိုအသံသည် အနည်းငယ် ရင်းနှီးနေဟန် ရှိကြောင်း ရွှီချင်းခံစားလိုက်ရပြီး ခေါင်းဆောင်၏ မျက်လုံးများတွင်လည်း ထူးဆန်းသောအလင်းတစ်ခု လက်လာသည်။
“နင်ယန် မဟုတ်ဘူးလား။ သူက ဘာလို့ စားစရာ ဖြစ်သွားတာလဲ။”
ရွှီချင်းလည်း သူ့အား လှမ်းမြင်သည်။ သူ့အား ယခင်က တိုက်ခိုက်ဖူးသည့် နင်ယန်ကို သူက မသိယောင်ဆောင်ရန်သာ ဆုံးဖြတ်ထား၏။ သို့ရာတွင် ချန်ထင်းဟောင်က နင်ယန်စကားတို့ကို ကြားချိန်တွင် လေပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်ပြီး လက်သီးအုပ်ကာ ငှက်ကြီးကို ဦးညွှတ်လျှက် ကျယ်လောင်စွာ ပြောလိုက်သည်။
“ဆရာချင်းချင် စိတ်ထိန်းပါဦး။ ဒီလူက ကျုပ်တို့ဓားကိုင်အဖွဲ့ဝင် ဟုတ်နေတာမှန်ရဲ့လားဆိုတာ စစ်ဆေးချိန် ခဏပေးလို့ရနိုင်မလား။ ဖြစ်နိုင်ရင် သဘောထားကြီးကြီးနဲ့ ခွင့်ပြုပေးပါ။”
ရွှီချင်းက ချန်ထင်းဟောင်အား ထူးဆန်းစွာ ကြည့်လိုက်သည်။ ခေါင်းဆောင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ထို့နောက် သူက ရွှီချင်းထံ ပြန်ကြည့်လိုက်သည်။
‘သူက လူကိုမသိပေမဲ့ ဓားကိုင်လို့ပြောလိုက်တာနဲ့ ကူညီဖို့ စိတ်ကူးတော့တာပဲ။’
ခေါင်းဆောင်က ထိုသို့ပြောခြင်းမပြုသော်လည်း သူ့အကြည့်မှ ရွှီချင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူလည်း အတွေးနက်သွားသည်။
“နင်တို့လည်း နောင်ပိုင်း ဒီလိုပဲ လုပ်မှာပဲ။”
စွန်းလိယန်က ခေါင်းဆောင်နှင့် ရွှီချင်းတို့၏ အတွေးကို သိနေဟန်ဖြင့် ညင်သာစွာ ပြောလိုက်သည်။ ထို့နောက်တွင် သူမလည်း လေထဲသို့ ပျံတက်လိုက်ပြီး ချန်ထင်းဟောင်ဘေးတွင် ရပ်လိုက်ကာ ငှက်ကြီးအား နှုတ်ဆက်လိုက်သည်။
ခေါင်းဆောင်ကတော့ ချက်ချင်းသတိဖြင့် တောင့်တင်းသွားသည်။ တခြားသောဓားကိုင်များသည်လည်း ထိုနည်းတူ ဖြစ်နေသည်ဟု သူခံစားလိုက်သည်။ သို့ရာတွင် သူ အန္တရာယ်နှင့် ကြုံတွေ့ရပြီး ဆယ်ပေအလင်းရကြောင်း အော်ပြောလျှင်တော့ မည်သူမျှ လာကယ်မည်ဟု မထင်ပေ။ ထို့ကြောင့် လမ်းတွင် သူက စကားများများ မပြောရန် ဆုံးဖြတ်လိုက်သည်။ တခြားသူများက သူ၏ အလင်းအမြင့်ကို လာမေးမည်အား သူ စိုးရိမ်နေ၏။
ထိုအချိန်တွင် နတ်မိမယ်ကျစ်ရွှမ်သည်လည်း အတွင်းခန်းထဲက ထွက်လာပြီး ရွှီချင်းဘေးတွင် ရပ်လျက် ကောင်းကင်သို့ သတိအနေအထားဖြင့် လှမ်းကြည့်သည်။
ကောင်ကင်တွင် ချန်ထင်းဟောင်၏ တာအိုလက်တွဲဖော် နှုတ်ဆက်လိုက်ချိန်တွင် ငှက်ကြီးက လေထဲတွင် ဝဲပျံလိုက်သည်။ သူ၏ ခေါင်းသုံးလုံးနှင့် မျက်လုံးခြောက်လုံးတို့က သင်္ဘောပျံကြီးအား တစ်ခုခုအတည်ပြုနေသည့်အလား ကြည့်လိုက်သည်။
ထို့နောက်တွင် သူက လက်သည်းတို့အား လွှတ်ချလိုက်သည်။
နင်ယန်သည် အသံနက်ကြီးဖြင့် အော်ရင်း ပြုတ်ကျလာတော့သည်။ ချန်ထင်းဟောင်က ချက်ချင်း သူ့ကို ဖမ်းဆွဲလိုက်သည်။ သူ့အား သင်္ဘောပျံပေါ်သို့ ခေါ်ဆောင်လာချိန်တွင် ငှက်ကြီးက နားကလောဖွယ် အော်သံတစ်ချက်ပေး၏။ ထို့နောက်တွင် သူ၏ သေးငယ်သောတောင်ပံများကို ဖြန့်လျှက် မီးခိုးရောင်တိမ်တိုက်များအား သယ်ဆောင်သွားတော့သည်။
“သူက ငါ့ကို ကြည့်သွားသလို ခံစားလိုက်ရတယ်။”
ခေါင်းဆောင် အံ့သြသွားသည်။
ဝူကျန်းဝူလည်း ဘေးတွင် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူက ကျိတ်တွေးရင်း မျက်လုံးက တွေဝေသော အမူအရာကို ပြသည်။
“ငါ့ကို ကြည့်နေသလို ခံစားမိတယ်။ ငါ့ဆီက ရှေးဘုရင်ရွှမ်ယုံရဲ့ အရှိန်အဝါကို အာရုံခံနိုင်တာများ ဖြစ်နေမလား။”
ရွှီချင်းလည်း အတွေးများသွားသည်။
ထိုအချိန်တွင် ချန်ထင်းဟောင်က နင်ယန်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် သရုပ်မှန်ကို မေးရန် ပြင်လိုက်သည်။ ထိတ်လန့်နေဆဲ နင်ယန်မှာကား ချက်ချင်း ခေါင်းဆောင်နှင့် ရွှီချင်းတို့ကို မြင်လိုက်သည်။
သူ့မျက်လုံးတို့ ချက်ချင်းပြူးကျယ်သွားပြီး တကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။ သူက သင်္ဘောပေါ်မတက်လိုသည့်အလား ရုန်းကန်လိုက်ပြန်၏။
ချန်ထင်းဟောင် အနည်းငယ် အံ့သြသွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ကြည့်လိုက်သည်။
“မင်းတို့ အချင်းချင်းသိနေကြတာလား။”
“သိပါတယ်။ ဒီကောင်လေးက ကျုပ်တို့ ယင်ဟွမ်ပြည်နယ်က ဓားကိုင်တဝက်ပဲ။”
ခေါင်းဆောင်ကပြုံးလိုက်ပြီး တဝက်ဟူသည့် စကားကို အလေးပေးပြောလိုက်သည်။
ချန်ထင်းဟောင်းပြုံးကာ လွှတ်လိုက်ပြီး နင်ယန်အား သင်္ဘောပေါ်ပစ်ပို့လိုက်သည်။
ရွှီချင်းက နင်ယန်အား အေးစက်စက် ကြည့်လိုက်သည်။
နင်ယန်မှာ ပို၍တုန်ယင်သွားသည်။ သူ့စိတ်ထဲတွင် ဝမ်းနည်းမှုနှင့် လက်မခံနိုင်မှုတို့ ပြည့်နေသည်။ ဤနေရာသို့ သူ မနည်းရောက်အောင် လာခဲ့ရသည်။ သို့သော် ရောက်ရှိလာသည်နှင့် ထိုငှက်ကြီးက သူ့အား အကြောင်းမဲ့ ဖမ်းသုတ်သည်။
ယခုအန္တရာယ်မှလွတ်လာသော်လည်း အသေးငယ်ဆုံးရန်ငြိုးအတွက်ပင် လက်စားချေတတ်သည့် ရွှီချင်းနှင့် ပက်ပင်းတိုးပြန်သည်။
သူက စိတ်ပူပင်လှုပ်ရှားမှုတို့ ပြည့်လာချိန်တွင် နတ်မိမယ်ကျစ်ရွှမ်ကို မြင်တွေ့လိုက်ရာ သူ့မျက်လုံးတို့ စူးရှလင်းလက်လာတော့သည်။ သူက ချက်ချင်းပြေးကာ ဖုတ်ခနဲ ဒူးထောက်လိုက်ပြီး အော်ပြောလိုက်တော့သည်။
“ဘိုးဘေး နောက်ဆုံးတော့ ဘိုးဘေးကို ရှာတွေ့နိုင်ခဲ့ပြီ။”