အခန်း ၂၅၆ - သေအောင်ကိုက်တာဟ!
Vol. 18 Ch. 256
အခန်း ၂၅၆ - သေအောင်ကိုက်တာဟ!
လင်းရွှမ်ကျီခြံဝန်းထဲသို့ ဝင်ရောက်သောအခါ.. အနက်ရောင်ပုံရိပ်တစ်ခုက သူ့နောက်ကနေ လိုက်ပါလာ၏။
ကြောက်စရာသွင်ပြင်နှင့် သားရဲတောကောင်တစ်ကောင်က အိမ်တော်၏ ဝင်ပေါက်ဝ၌ ရပ်နေ၏။ သွေးရောင်မျက်လုံးများနှင့်အတူ.. သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရှည်လျားနက်မှောင်သည့် သားမွေးများက ဖုံးအုပ်ထားပြီး သူ့ခြေလက်များက ရှည်လျားလှ၏။ ငွားငွားစွင့်စွင့်ရပ်နေပြီး.. ၎င်းထံမှ ရက်စက်ကြမ်းကြုတ်သည့်အော်ရာက ထွက်ပေါ်နေ၏။
အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲ၊ ရှေးဦးအဆက်နွယ်တောကောင်၊ ဂြိုလ်ဆိုးအမဲလိုက်ခွေး!
ဂြိုလ်ဆိုးအမဲလိုက်ခွေးက အလွန်တရာ ရက်စက်ပြီး.. ၎င်း၏ ပစ်မှတ်ထားခြင်းကို ခံရသည့်သူက သေရေးရှင်ရေးတမျှ ကြုံသည့်အထိ အမဲလိုက်ခံရပေတော့မည်။
၎င်းကိုသွားရောက် ရန်စရဲသည့် ကျင့်ကြံသူများက မရှိသလောက်ပင်။
ဤကဲ့သို့သော တောကောင်မျိုးကို ရုတ်တရတ် တွေ့လိုက်ရသောအခါ.. နန်းကြည်သည် အလိုအလျောက် နောက်ဆုတ်လိုက်မိ၏။
“ဂါး”
သူမ၏ အမူအယာက ဂြိုလ်ဆိုးအမဲလိုက်ခွေး၏ အာရုံကို ဖမ်းစားမိသွားစေ၏။
၎င်းက ခေါင်းကိုဆန့်ထုတ်၊ သွေးနီရောင်မျက်လုံးများဖြင့် နန်းကြည်ကို စိုက်ကြည့်ပြီး.. ပါးစပ်ကြီးကိုဟကာ မာန်ဖီဟိန်းဟောက်လိုက်၏။
ဆူဇီမိုက မျက်ခုံးအနည်းငယ် တွန့်လိုက်၏။
မူလက ဆူဇီမို၏ ဘေးတွင် လှဲလျောင်းနေသော ညဝိညာဉ်က သူ့မျက်လုံးကိုဖွင့်၍ ဂြိုလ်ဆိုးအမဲလိုက်ခွေးကို အေးစက်စက် တစ်ချက်လှမ်းကြည့်ပြီးတာနှင့် သူ့မျက်လုံးကို ပြန်မှိတ်လိုက်၏။
လင်းရွှမ်းကျီက နောက်ပြန်လှည့်ကြည့်ပြီး ဟောက်လိုက်၏။
ဂြိုလ်ဆိုးအမဲလိုက်ခွေးက တဖြည်းဖြည်း ပြန်လည်ငြိမ်ကျသွား၏။
လင်းရွှမ်းကျီက ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်၏။
“ဒါက အခုမှ ကျုပ်ရှာတွေ့လာခဲ့တဲ့ စိတ်ဝိညာဉ်သားရဲလေ.. ဘယ်လိုလဲ မဆိုးဘူးမလား.. ဟက်”
ဆူဇီမိုက ပြုံးရုံသာပြုံးပြ၍ ဘာမှတော့ ပြန်မပြောပေ။
“ဒီကလေးမလေးက မဆိုးဘူးပဲ.. ဘာတဲ့ နာမည်က နန်းကြည်တဲ့ ဟုတ်လား” လင်းရွှမ်ကျီက ဆူဇီမို၏ အနောက်ရှိ နန်းကြည့်ကို ညွှန်ပြီး.. ပြောလိုက်၏။
ဆူဇီမိုက ဆိတ်ဆိတ်နေပြီး.. လင်းရွှမ်ကျီကို ခပ်ယဲ့ယဲ့ ပြုံး၍သာ ကြည့်နေလိုက်၏။
လင်းရွှမ်းကျီက တစ်ခုခုကို လိုချင်တာရှိနေသောကြောင့် ရောက်တတ်ရာရာ စကားလမ်းစခင်းနေခြင်းဖြစ်ကြောင်း.. ရှင်းနေလေသည်။
နောက်ခဏနေပြီးနောက် လင်းရွှမ်ကျီသည် ဆက်လက်မအောင့်အည်းနိုင်တော့ပေ။ သူက ညဝိညာဉ်ကို ကြည့်ပြီး အံအားသင့်ဟန်ဆောင်၍ ပြောလိုက်၏။
“အို ငါ့ရဲ့ ညဝိညာဉ်လေး.. တော်တော်တောင် ထွားလာပြီပဲ ဟမ်.. ငါဖြင့် မှတ်တောင် မမှတ်မိချင်တော့ဘူး”
ဆူဇီမိုက ပြုံးလိုက်၏။
“အစ်ကိုလင်း.. ခင်ဗျား ဘာပြောချင်တာလဲ.. တည့်တည့်ပြောပါလား”
“ဘာရယ်တော့ မဟုတ်ပါဘူး.. ညဝိညာဉ်လေး ဘယ်လောက်တောင် ကြီးလာပြီလဲ လာကြည့်ရင်းနဲ့.. ငါ သူ့အတွက် ကစားဖော်တစ်ယောက်ပါ ခေါ်လာခဲ့တယ် တွေ့တယ်မလား” လင်းရွှမ်ကျီက ဂြိုလ်ဆိုးအမဲလိုက်ခွေးကို သူ့အနားသို့ လက်ယက်ခေါ်လိုက်၏။
“ကြည့်ပါဦး.. ငါ့စိတ်ဝိညာဉ်သားရဲက နဲနဲတော့ ထူးခြားတယ် ဟုတ်တယ်မလား.. သူက အမလေ.. ညဝိညာဉ်အတွက်လဲ ပိုပြီး အဆင်ပြေသွားတာပေါ့”
ထိုသည်ကို နန်းကြည်က ကြားသောအခါ.. သူမ၏ ပါးပြင်က နီမြန်းသွား၏။
လင်းရွှမ်ကျီ၏ ရောက်လာရသည့် အကြောင်းရင်းကို နောက်ဆုံး ဆူဇီမို သဘောပေါက်သွား၏။
သူက သည်တစ်ကြိမ်လည်း.. ညဝိညာဉ်ကို မြှူဆွယ်ဖျားယောင်းရန် ကြိုးစားကြည့်ချင်သောကြောင့်ပင်..
လင်းရွှမ်ကျီက ဂြိုလ်ဆိုးအမဲလိုက်ခွေးကို သူ့ရှေ့သို့ ခေါ်လိုက်ပြီး.. ညဝိညာဉ်ရှိရာဘက်သို့ ညွှန့်ပြကာ ပြောလိုက်၏။
“သွားသွား.. မင်း.. ညဝိညာဉ်နဲ့ အဖော်သွားလုပ်ပေးလိုက်ပါဦး”
ဤသည်ကို ဆူဇီမို မြင်သောအခါ.. သူက မတားဆီးခဲ့ပေ။
ညဝိညာဉ်၏ ခန္ဓာကိုယ်က ဂြိုလ်ဆိုးအမဲလိုက်ခွေးထက် များစွာပို၍ သေးငယ်၏။
ဂြိုလ်ဆိုးအမဲလိုက်ခွေးက ညဝိညာဉ်ရှေ့သို့ ရောက်လာပြီး အပေါ်ကနေ ညဝိညာဉ်ကို ငုံ့ကြည့်၍ အကဲခတ်လိုက်၏။ သူက ခပ်အုပ်အုပ် မာန်ဖီ၍ ညဝိညာဉ်ကို မလေးမစား မပြုမူဖို့ သတိပေးလိုက်၏။
ထိုအချိန်မှာပင် .. ညဝိညာဉ်၏ မျက်လုံးက ရုတ်တရတ် ပွင့်လာ၏။
အေးစက်စက် အလင်းတစ်ချက်က ဖျတ်ကနဲ လက်သွား၏။
ညဝိညာဉ်က ချွန်ထက်ရှသော လက်သည်းတစ်စုံကို ထုတ်လိုက်ပြီး.. ဂြိုလ်ဆိုးအမဲလိုက်ခွေး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်၏။ တစ်ချိန်တည်းမှာပင် ၎င်းက ပါးစပ်ကိုဟ၍ ဂြိုလ်ဆိုးအမဲလိုက်ခွေး၏ လည်ပင်းကို လျှပ်စီးလို အမြန်နှုန်းဖြင့် ခုန်ကိုက်လိုက်၏။
ရုတ်တရတ် အကုန် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဂျွတ်!
အရိုးများကျိုးသည့်အသံက ထွက်ပေါ်လာ၏။
ဂြိုလ်ဆိုးအမဲလိုက်ခွေး၏ လည်ပင်းက ညဝိညာဉ်၏ ကိုက်ချက်ဖြင့် ကျိုးကြေသွားပြီး.. သွေးများက ပန်းထွက်လာကာ မြေပြင်က နီစွေးသွား၏။
ဖြစ်စဉ်တစ်ခုလုံးက လျှင်မြန်လွန်းလှ၏။
ဂြိုလ်ဆိုးအမဲလိုက်ခွေးသာလျှင်မဟုတ်.. ဆူဇီမိုနှင့် လင်းရွှမ်ကျီသည်လည်း အချိန်မီ မတုန့်ပြန်နိုင်လိုက်ကြပေ။
ဂြိုလ်ဆိုးအမဲလိုက်ခွေး၏ ခန္ဓာကိုယ်က တဆတ်ဆတ်လှုပ်ခါနေ၏။ သူ့မျက်လုံးက အရောင်မှိန်ကျသွားပြီး.. အသက်ဓါတ်က ယုတ်လျော့လာ၏။ ၎င်းသည် အသက်ဆက်ရှင်နိုင်စရာ အကြောင်း မရှိတော့ပေ။
အပြစ်ဆိုစရာမရှိသော အမဲလိုက်သတ်ဖြတ်မှုဖြစ်၏။
ညဝိညာဉ်၏ တိုက်ခိုက်မှုတွင် အပိုလှုပ်ရှားကွက်တစ်ခုမျှ မပါရှိပေ။ ရှင်းလင်း၊ တိကျနေပြီး အချိန်ကိုက် တိုက်ခိုက်နိုင်မှုကလည်း တစ်စက်ကလေးမျှ မလွဲချော်သွားပေ။
ဂြိုလ်ဆိုးအမဲလိုက်ခွေးက ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ဖြစ်၏။
သို့သော်လည်း ၎င်းက ဒီအတိုင်းလေးပဲ သေအောင် အကိုက်ခံလိုက်ရ၏။ လူကိုယ်တိုင်သာ မမြင်တွေ့ရလျှင် မည်သူကမျှ အဲ့ဒါကို ယုံကြလိမ့်မည် မဟုတ်ပေ။
“လခွမ်းပဲ!”
လင်းရွှမ်းကျီသည် ထခုန်လိုက်၏။
ညဝိညာဉ်ကို အပါခေါ်နိုင်ဖို့အတွက်.. လင်းရွှမ်းကျီသည် ဦးနှောက်ခြောက်မတတ် အကြံထုတ်ခဲ့ရပြီး.. သူသည် များစွာ အားစိုက်ထုတ်ပြီးမှသာလျှင် ထိုဂြိုလ်ဆိုးအမဲလိုက်ခွေးကို ရလာခဲ့ခြင်းဖြစ်၏။
သူသည် ဤခြံဝန်းထဲသို့ ရောက်လာပြီး ဘယ်လောက်မှ မကြာခင်မှာပင် ၎င်းကို ညဝိညာဉ်က သေအောင်ကိုက်သတ်လိုက်လိမ့်မည်ဟု ဘယ်သူက ထင်ထားမိမှာလဲ။
ထိုအခိုက်အတန့််၌ လင်းရွှမ်ကျီသည် ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပင် ပေါက်လာ၏။
“မင်း.. မိုက်ရိုင်းလိုက်တဲ့ ခွေး.. ငါ.. ငါ.. ငါကွာ”
လင်းရွှမ်းကျီသည် ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး.. ညဝိညာဉ်၏ နှာခေါင်းကို သူ့ခေါက်ယပ်တောင်ဖြင့် ချိန်ရွယ်၍ ကျိန်တွယ်နေလေ၏။
ညဝိညာဉ်က ခေါင်းကိုမော့၍ လင်းရွှမ်ကျီ၏ ခေါက်ယပ်တောင်ကို နောက်တစ်ကြိမ် ဖမ်းကိုက်လိုက်ပြီး အနောက်သို့ ပြန်ဆွဲလိုက်၏။
လင်းရွှမ်ကျီသည် အငိုက်မိသွားပြီး.. ခေါက်ယပ်တောင်က သူ့လက်ထဲကနေ လွတ်ထွက်သွားတော့မတတ် ဖြစ်သွားရ၏။
“ဟေး.. မင်း သေချင်းဆိုးခွေး.. လွှတ်စမ်းဟ!”
လင်းရွှမ်ကျီသည် အလွန်အမင်း စိတ်တိုဒေါသထွက်လာ၏။
ညဝိညာဉ်သည် အားလုံးထဲမှာမှ သူ့ခေါက်ယပ်တောင်ကိုပင် ထပ်မံကိုက်၍ အဝေးသို့ ယူသွားချင်နေ၏။
လင်းရွှမ်ကျီသည် ထိုခေါက်ယပ်တောင်ကလွဲလျှင် ကျန်အရာအားလုံးကို အရှုံးဆုံးခံနိုင်သေး၏။
“စကားပြောခွင့်လေးပြုပါဗျ.. ကျုပ်တို့ ဒီမှာ စိတ်ဝိညာဉ်လက်နက်တွေဘာတွေ မှာယူအပ်နှံလို့ရနိုင်လား မသိဘူး”
အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ခြံဝမှာရပ်၍ အထဲသို့ လှမ်းချောင်းကြည့်လိုက်ပြီး မယုံမရဲနှင့် လှမ်းမေးလိုက်၏။
“ရတာပေါ့ရှင့်”
နန်းကြည်က ချက်ချင်း တုန့်ပြန်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွား၏။ သူမက ပြုံး၍ ပြောလိုက်၏။
“တာအိုရောင်းရင်း ကျေးဇူးပြုပြီး အထဲကို ကြွပေးပါရှင်”
ဆူဇီမိုက ညဝိညာဉ်ကို အသာပုတ်လိုက်၏။
ထိုအခါမှာသာ ညဝိညာဉ်သည် သူ၏ ကိုက်ခဲထားမှုကို လွှတ်ပေးလိုက်ပြီး လင်းရွှမ်ကျီကို ဆက်၍ အရေးမလုပ်တော့ဘဲ.. မြေပြင်ပေါ်တွင် ဝပ်တွားကာ ပျင်းရိလေးတွဲစွာ မျက်လုံးမှိတ်ထားလိုက်၏။
လင်းရွှမ်ကျီသည်လည်း ထိုအခါမှသာ သက်ပြင်းချနိုင်လေတော့သည်။
“ငါ သိပ်တော့ မပြောတတ်ပါဘူး.. ဒါနဲ့ လက်နက်တွေ ဘယ်လိုသွန်းလုပ်ရတယ်ဆိုတာ မင်းသိရော သိလို့လား”
လင်းရွှမ်ကျီက ဆူဇီမိုကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
ဆူဇီမိုက ပြုံးရုံသာပြုံးပြ၍ ပြန်မဖြေပေ။
နန်းကြည်က မေးလိုက်၏။
“ကျမတို့ ရှင့်ကို ဘယ်လိုခေါ်ရမလဲ.. တာအိုရောင်းရင်း”
“ထန်ဖေး”
“လူကြီးမင်းက ဘယ်လိုအလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်မျိုး လိုချင်တာလဲရှင့်” နန်းကြည်က ထပ်မေးလိုက်၏။
ထန်ဖေးက အနည်းငယ် စိတ်မသက်မသာပုံစံနှင့် မဝံ့မရဲ ပြန်ဖြေလိုက်၏။
“ကျုပ်မှာ လက်နက်လုပ်ရမယ့်ပစ္စည်းက သိပ်များများစားစား မရှိဘူးဗျ.. ကျုပ်မှာ နှစ်စုံစာပဲရှိတာလေ.. အဲ့ဒါလေ.. ကျုပ်သိချင်တာက.. ..”
“အဲ့ဒါက ကိစ္စမရှိပါဘူး.. ကျမတို့ တစ်စုံစာပဲ လိုတယ်” နန်းကြည်က ပြုံး၍ ပြောလိုက်၏။
“အမ်”
“အာ”
ထန်ဖေးရော လင်းရွှမ်းကျီပါ နှစ်ယောက်စလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
“တစ်စုံ.. တစ်စုံစာပဲလား.. တစ်ကယ်ပြောနေတာလား” ထန်ဖေးက နန်းကြည်ကိုကြည့်ပြီး မယုံကြည်နိုင်စွာနှင့် နောက်တစ်ခေါက် ထပ်မေးလိုက်၏။
နန်းကြည်သည် အနည်းငယ် မဝံ့မရဲဖြစ်နေပြီး ဆူဇီမိုကို ခိုးကြည့်လိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်ကို သူမ မြင်မှသာ.. သူမသည် ယုံကြည်မှုရှိရှိဖြင့် ထန်ဖေးကို ပြန်၍ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်ရှင့်.. ကျမတို့အတွက် ပါဝင်ပစ္စည်းတစ်စုံစာဆို လုံလောက်ပါပြီ”
“ဟေး.. လက်နက်ဘယ်လိုလုပ်ရလဲ မင်းတစ်ကယ် သိရောသိလို့လား” လင်းရွှမ်ကျီက ကိုယ်ကို စောင်းငဲ့၍ လေသံတိုးတိုးဖြင့် ကပ်မေးလိုက်၏။
ဆူဇီမိုက ဟက်ကနဲ တစ်ချက်ရယ်လိုက်၏။
“နည်းနည်းပါးပါးပေါ့”
“မင်းကြီးတော်ကြီး နည်းနည်းပါးပါးလား”
လင်းရွှမ်ကျီက နှုတ်ခမ်းဆူလိုက်၏။
“ထည့်ဝင်ပစ္စည်းတစ်စုံစာနဲ့ စိတ်ဝိညာဉ်လက်နက်တစ်ခု အာမခံသွန်းလုပ်ပေးနိုင်တဲ့ နတ်ပန်းပဲဆရာဖြင့် ငါတော့ တစ်ခါမှ မကြားဖူးပါဘူး”
“သိပ်မကြာပါဘူး.. ခင်ဗျားကိုယ်တိုင်မြင်ရတော့မှာလေ” ဆူဇီမိုက ပြန်ဖြေလိုက်၏။
လင်းရွှမ်းကျီ “. . .”
ထန်ဖေးက သတိထား၍ မေးလိုက်၏။
“ဒါနဲ့ စျေးနှုန်းကရောဗျ.. အရမ်းစျေးကြီးလွန်းနေရင်.. ကျုပ်မနိုင်လောက်ဘူး”
“အဲ့ဒါက အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ပဲ ကျသင့်မှာပါရှင့်” ဆူဇီမို မူလက သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်းပင် နန်းကြည်က ပြန်ပြောလိုက်၏။
“၃၀၀၀ပဲလား.. ထပ်ပြီးအပြောင်းအလဲ မရှိတော့ဘူးလား” ထန်ဖေးက မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ညင်သာစွာ ချောင်းဟန့်လိုက်ပြီး.. သူက ဆက်ပြောလိုက်၏။
“ငါလိုချင်တဲ့ အနေအထားကို အရင်ဆုံး ပြောပြထားတာ ပိုကောင်းမယ်ထင်တယ်.. ကျုပ်လိုချင်တာကဗျာ.. အရိုးမပါတဲ့ ဆေဘာတစ်လက်ပေါ့.. ဓါးသွားက နှစ်ပေလောက်ရှည်ရမယ်၊ ဓါးပြားကတော့ လက်နှစ်လုံးလောက်ပေါ့.. အလေးချိန်ကတော့ ၁၀၀ကီလိုဂရမ်ပတ်လည်လောက်ဆို.. ..”
စကားတွေအများကြီး ပြောပြီးနောက် ထန်ဖေးသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး.. ရှက်ရွံ့အားနာဟန်ဖြင့် မေးလိုက်၏။
“ဘယ်လိုလဲ.. အလယ်အလတ်ကျောက်တုံး ၃၀၀၀နဲ့ ရဦးမှာလားဗျ”
ပြောပြမည်ဆိုလျှင်.. သူသည် ဤနေရာသို့ မလာခင်ကတည်းက တစ်မြို့လုံးရှိ ပန်းပဲရုံများအားလုံးဆီသို့ ရောက်ခဲ့ပြီးပြီဖြစ်လေသည်။
သူ့မှာ ထည့်ဝင်ပစ္စည်း နှစ်စုံစာပဲ ရှိသည်ဟု ကြားသောအခါ.. မည်သည့်ပန်းပဲရုံကမျှ ထိုအလုပ်ကို လက်မခံခဲ့ကြပေ။
ထို့အပြင် သူလိုချင်သည့် လက်နက်ပုံစံ၊ အတိုင်းအတာအရဆိုလျှင်.. ထိုလက်နက်အတွက် အနည်းဆုံးလက်ခက အလယ်အလတ်ကျောက်တုံး ၄၀၀၀လောက် ကျသင့်ပေမည်။
ထိုသို့မဟုတ်ပါက.. ထန်ဖေးသည် ဤနေရာသို့ ရောက်လာစရာအကြောင်း မရှိပေ။
“၃၀၀၀ပါပဲ”
ဒီတစ်ကြိမ်တွင်တော့ နန်းကြည်က ပြတ်သားစွာ ပြောလိုက်၏။ သို့သော် ထန်ဖေးကတော့ ချီတုံချတုံ မဝံ့မရဲ ဖြစ်နေ၏။
ထည့်ဝင်ပစ္စည်းကလဲ တစ်စုံစာ၊ စျေးနှုန်းကလည်း သည်လောက်ထိ ချိုသာနေတော့.. သူ့စိတ်ထဲမှာ မယုံမရဲ ဖြစ်လာ၏။
လင်းရွှမ်းကျီကတော့ ဘေးကနေ ကြိတ်၍ အူမြူးနေပြီး.. ဆူဇီမိုတစ်ယောက် ဘယ်လိုတစ်လွဲတွေ လုပ်ပြဦးမလဲ စောင့်ကြည့်နေ၏။