← Chapters

လူ့ခွစာ

Vol. 18 Ch. 258

လူ့ခွစာ

Vol. 18 Ch. 258

အခန်း ၂၅၈ -လူ့ခွစာ

မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ သတင်းက လျှင်မြန်စွာ ပျံ့နှံ့သွားပြီး သိပ်မကြာမီ ယုံရှင်းမြို့သို့ ရောက်လာကာ အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွား၏။

စျေးကလည်းနည်းနည်း၊ ပစ္စည်းကလည်း တစ်စုံစာတည်းနှင့် လက်နက်တစ်ခုကို ပိုင်ဆိုင်ရမည်ဆိုပါက မည်သူက လောဘမတက်ဘဲ နေပါမည်လဲ။

အစတုန်းကတော့ ထိုသတင်းကို သိပ်ပြီး အယုံအကြည်မရှိကြသူများသည် ယုံရှင်းမြို့ထဲရှိ ပန်းပဲရုံများမှာသာ သူတို့၏ လက်နက်များကို မှာယူကြ၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဂုဏ်သတင်းက ကြီးမားလာပြီး လုံးဝလွှမ်းမိုးလာ၏။

ထို့ကြောင့် ကျင့်ကြံသူအတော်များများသည် ယုံရှင်းမြို့ထဲမှာ ငွေနှင့်ပစ္စည်းအပို အကုန်ခံမည့်အစား.. မိုစိတ်ဝိညာဉ်ပန်းပဲရုံရှေ့မှာသာ လာရောက်တန်းစီစောင့်ဆိုင်းကြကုန်၏။

“ဘာ.. ပစ္စည်းတစ်စုံစာပဲဟုတ်လား.. စျေးကလဲ အဲ့လောက်တောင် နည်းတယ်ပေါ့”

“ဟမ့်! သူ့ဆိုင်အရင်းပြုတ်သွားမှာ မကြောက်ဘူးလား”

“အဲ့မိုလင်းက ဘယ်ဂိုဏ်းက လာတာလဲ.. ဘယ်အရွယ်လောက်ရှိလဲ”

မြို့တော်ထဲရှိ ကျင့်ကြံသူများအားလုံးသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံမှ နတ်ပန်းပဲဆရာ၏ အမည်မှာ မိုလင်းဟုသာ သိထားကြ၏။

“ကျတော်လဲ သေချာတော့ မသိဘူး.. လက်နက်လာမှာတဲ့သူတွေကို လက်ခံတွေ့ဆုံပေးတာကတော့ ၁၅နှစ်အရွယ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်တဲ့.. မိုလင်းရဲ့ ပုံပန်းသဏ္ဌာန်ကို ဘယ်သူမြင်ဖူးလဲဆိုတာတော့ ကျတော်လဲ မကြားမိဘူး”

“အင်း ဒါနဲ့ မိုလင်းရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အသက်နဲ့ ပတ်သတ်ပြီး ပြောကြတဲ့ ကောလာဟလတွေကတော့ အမျိုးမျိုးပဲ.. တစ်ချို့ပြောကြတာကတော့ သူက ပျော့တိပျော့ဖတ်စာပေသမားလေးတဲ့.. တစ်ချို့ပြောကြတာတော့လဲ သေရွာခြေတစ်ဖက်လှမ်းနေတဲ့ အဖိုးကြီးတစ်ယောက်တဲ့.. ဘယ်တစ်ခုမှ မှန်မယ်လို့တော့ ကျတော်မထင်ဘူး.. ဒါပေမယ့် သေချာတာကတော့ ဧည့်ကြိုမိန်းက‌လေးကတော့ တော်တော်လှတယ်တဲ့.. နောက်ပြီး ခြံဝန်းထဲမှာ ကြမ်းကြုတ်တဲ့ ခွေးနက်တစ်ကောင်လဲ ရှိတယ်တဲ့”

. . .

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံအနောက်ခန်းမထဲတွင်..

အနီရောင်ဝတ်ရုံနှင့် အဖိုးအိုတစ်ယောက်က ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ရင်း.. မိုစိတ်ဝိညာဉ်ပန်းပဲရုံအကြောင်း ဆိုင်ရှင်က ရှင်းပြနေသည်ကို တည်ငြိမ်သောအမူအယာနှင့် လက်ဖက်ရည်ကိုမျှင်းသောက်ကာ နားထောင်နေ၏။

“အကြီးအကဲကျန်း.. အဲ့မိုလင်းကြောင့် ကျုပ်တို့ဆိုင်ရဲ့ အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက်မှာယူမှုတွေက သိသိသာသာ လျော့ကျကုန်ပါပြီ.. ခင်ဗျားအဲ့ဒါကို ဘယ်လိုမြင်.. ..” ကောယုံက အကဲစမ်းမေးလိုက်၏။

ကောရုံက အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ ဆိုင်ရှင်ဖြစ်သော်လည်း သူက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး.. ကုန်သွယ်စီးပွားရေးလုပ်ငန်းမှာသာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။

အကြီးအကဲကျန်းကမှသာ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ တစ်ကယ့်ထောက်တိုင်ဖြစ်၏။

သူသည် အဆင့်မြင့်နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်ပြီး.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၌ ကျော်ကြား‌သော ဂုဏ်သတင်းရှိ၏။

ကျင့်ကြံသူအများစုသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များကို အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံမှာ လာရောက်မှာယူအပ်နှံကြခြင်းမှာလည်း အကြီးအကဲကျန်း၏ ဂုဏ်သတင်းကြောင့်သာ ဖြစ်လေသည်။

“ပစ္စည်းတစ်စုံစာနဲ့.. အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး၃၀၀၀ ဟုတ်လား”

အကြီးအကဲကျန်းက ခေါင်းခါပြီး ရယ်မောလိုက်၏။

“သူက သက်သက်ပြဿနာရှာနေတာပဲ.. အဆင့်မြင့်နတ်ပန်းပဲဆရာတစ်ယောက်တောင်မှ စိတ်ဝိညာဉ်စုဆောင်းခြင်းကို ၁၀၀%အောင်မြင်ပါမယ်လို့ အာမမခံရဲတာ.. ၅၀%လောက် အောင်မြင်နိုင်ချေရှိရင်တောင် တစ်ကယ့်ထိပ်တန်းနတ်ပန်းပဲဆရာတစ်ယောက်လို့ ပြောလို့ရတယ်”

“အဲ့လူက သက်သက်ဟိတ်ဟန်လုပ်ပြနေတာပဲ.. သေချာတယ်.. နောက်နှစ်ဝက်မကြာဘူး အဲ့မိုစိတ်ဝိညာဉ်ပန်းပဲရုံက အရင်းပြုတ်ပြီး ပိတ်ရလိမ့်မယ် ကြည့်ထား”

ကောရုံက မေးလိုက်၏။

“ဒါဆို ကျတော်တို့ သူ့ကို ဒီအတိုင်းထားလိုက်ရမှာလား”

“ဒါပေါ့”

အကြီးအကဲကျန်းက ခေါင်းညိတ်လိုက်၏။

“ငါတို့အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရဲ့ အဓိကဝင်ငွေလမ်းကြောင်းက သာလွန်အဆင့်လက်နက်တွေရဲ့ မှာယူမှုကနေ လာတာပဲ.. အဲ့မိုလင်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တွေကိုပဲ သွန်းလုပ်နိုင်တာဆိုတော့.. သူ့ရဲ့ ငါတို့အပေါ် သက်ရောက်မှုက ဘာမှမပြောပလောက်ပါဘူး”

ခဏမျှရပ်နားလိုက်ပြီးနောက် အကြီးအကဲကျန်း၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာပြီး လှောင်ရယ်လိုက်၏။

“သူ့ဘာသာသူ ပျောက်ကွယ်သွားပါစေ.. အဲ့ငနဲက ဘယ်လိုအဆုံးသတ်သွားမလဲ ငါကြည့်ချင်သေးပါရဲ့”

. . .

မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ လုပ်ငန်းက နေ့စဉ်နှင့်အမျှ တိုးတက်နေပြီး.. အတောမသတ် လာရောက်တန်းစီစောင့်ဆိုင်းနေသူများက နေ့တိုင်းရှိနေ၏။

နန်းကြည်ကလည်း ကျင့်ကြံသူများကို နေ့တိုင်းကြိုဆိုနှုတ်ဆက်ရ၏။

ဆူဇီမိုကတော့ သူ့ကိုယ်သူ ရုပ်လုံးမပြဘဲ.. သူ့အခန်းထဲမှာသာနေ၍ သူ၏မီးဆေးခြင်းနည်းစနစ်များနှင့် ကျွမ်းကျင်မှုများကိုသာ လေ့ကျင့်အဆင့်မြှင့်တင်နေ၏။

အချိန်ကြာလာသည်နှင့်အမျှ.. ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်းအဆင့်အတန်းက ဖြေးဖြေးမှန်မှန်နှင့် အနေအထားတစ်ခုသို့ တိုးတက်လာ‌နေ၏။

သူ၏ မီးဆေးခြင်းနည်းစနစ်ကလည်း တဖြည်းဖြည်းနှင့် ပြီးပြည့်စုံလာ၏။

နှစ်တစ်ဝက်က လျှင်မြန်စွာနှင့် ကုန်ဆုံးသွား၏။

မိုစိတ်ဝိညာဉ်ပန်းပဲရုံမှ လူနှစ်ယောက်နှင့် တောကောင်တစ်ကောင်သည် ထိုအချိန်အတောအတွင်း အကျိုးအမြတ်ကိုယ်စီ ရိတ်သိမ်းထားနိုင်ခဲ့ကြ၏။

ပြည့်စုံလုံ‌လောက်သော စိတ်ဝိညာဉ်ကျောက်တုံးများနှင့်.. ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်လကတည်းက နောက်ပိုင်းအခြေတည်အဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခဲ့ပြီးဖြစ်၏။

နန်းကြည်ကတော့ နှစ်ဝက်လောက်ကလေး ကျင့်ကြံလေ့ကျင့်ပြီး.. ချီစုဖွဲ့မှုအဆင့်၇သို့ ရောက်ရှိလာခဲ့၏။

ဤကျင့်ကြံမှုအမြန်နှုန်းက အရင်တုန်းက ဆူဇီမိုနှင့် နှိုင်းယှဉ်ရလောက်၏။

ညဝိညာဉ်သည်လည်း အနည်းငယ်ပို၍ ထွားလာခဲ့၏။

နဂါးဥထဲရှိ စွမ်းအင်အဆီအနှစ်က ညဝိညာဉ်၏ ကြီးထွားမှုအပေါ် သိသိသာသာ အကျိုးသက်ရောက်စေခဲ့သည်မှာ ထင်ရှားလေသည်။

ဤအချိန်အတောအတွင်း.. လင်းရွှမ်းကျီသည် မကြာမကြာ ရောက်လာ၍ ညဝိညာဉ်ကို ရယူနိုင်ဖို့ နည်းလမ်းအမျိုးမျိုးသုံး၍ ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး သူသာလျှင် အရှက်တကွဲအကျိုးနည်းဖြင့် လှည့်ပြန်ရသည်ချည်းသာ။

နှစ်ဝက်ကြာပြီးနောက် လင်းရွှမ်ကျီသည် နောက်ဆုံး လက်လျှော့လိုက်ပြီး.. နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့၏။

ဤနေ့တွင် ဆူဇီမိုသည် နန်းကြည်ကို လှမ်းခေါ်လိုက်၏။

“အမ်း ငါပြောစရာရှိလို့.. မိုစိတ်ဝိညာဉ်ပန်းပဲရုံရဲ့ စည်းကမ်းတွေထဲ အပြောင်းအလဲ နဲနဲလောက် လုပ်ချင်လို့”

“ဘယ်လိုစည်းကမ်းလဲ”

နန်းကြည်က အံ့သြမသွားခဲ့ပေ။

နှစ်ဝက်အတွင်း ဆူဇီမိုသည် ထိုအရာကို လုပ်နေကျဖြစ်၏။

ဤမြို့‌တော်တစ်ခုလုံး၌ မိုစိတ်ဝိညာဉ်ပန်းပဲရုံသည် တစ်မူထူးခြားသော စည်းမျဉ်းစည်းကမ်းများ အပေါများဆုံး ပန်းပဲရုံတစ်ခုဖြစ်ကြောင်း သူမပြောနိုင်လေသည်။

သို့သော်လည်း သူတို့၏ အလုပ်ရုံက အကောင်းဆုံးလည်း ဖြစ်၏။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“မနက်ဖြန်ကစပြီး.. ငါတို့ပန်းပဲရုံက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တွေမှာယူမှုကို ထပ်ပြီး လက်မခံတော့ဘူး.. ငါတို့က.. သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကိုပဲ လက်ခံတော့မယ်”

“အာ”

နန်းကြည်သည် ပါးစပ်အနည်းငယ်ပြဲသွားပြီး.. သူမ၏ မျက်နှာက မယုံကြည်နိုင်မှုဖြင့် ပြည့်နေ၏။

“ကျမ-ကျမတို့က အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကို ထပ်ပြီးလက်မခံတော့ဘူး ဟုတ်လား”

“သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကိုပဲ လက်ခံတော့မှာလား”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“အမှန်ပဲ.. အဲ့အတွက် လိုအပ်တဲ့ပစ္စည်းက အရင်လို တစ်စုံစာပဲ.. ဒါပေမယ့် လက်ခကတော့ သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး၃၀၀၀ဖြစ်သွားမယ်”

ဆူဇီမိုက နောက်ပြောင်ပြောဆိုနေခြင်းမဟုတ်သည်ကို တွေ့ရသည့်အခါ နန်းကြည်က ခေါင်းညိတ်လိုက်၏။

သူမခေါင်းညိတ်ပြသည့်အချိန်၌ ဆူဇီမိုက ထွက်ခွာသွားပေပြီ။

. . .

ပြီးခဲ့သည့်နှစ်ဝက်အတွင်း.. မြို့တော်ထဲမှ ကျင့်ကြံသူများ သိထားကြသည်မှာ မိုလင်းဟုခေါ်သော နတ်ပန်းပဲဆရာသည် တမူထူးခြားသော စိတ်နေစိတ်ထားရှိပြီး.. လက်နက်များကို နေ့လည်ခင်းတစ်ချိန်မှာသာ သွန်းလုပ်ပေးသည်ဟူ၍ပင်။

နေ့လည်ခင်း.. ‌ခြောက်နာရီကြာပြီးလျှင် အပြင်ဘက်၌ လူဘယ်လောက်များများ တန်းစီနေပါ‌စေ.. မိုစိတ်ဝိညာဉ်ပန်းပဲရုံက တံခါးပိတ်ချလိုက်ပေမည်။

ဤနေ့ နေ့လည်ခင်းတွင် မိုစိတ်ဝိညာဉ်ပန်းပဲရုံရှေ့၌ လူအုပ်ကြီးသည် ခါတိုင်းလိုပင် မျှော်လင့်စောင့်စားစွာဖြင့် တန်းစီရပ်နေကြ၏။

သိပ်မကြာမီ ကျီကနဲမြည်သံနှင့်အတူ.. တံခါးက ပွင့်သွားပြီး၊ ချောမောလှပသော မျက်နှာလေးက ပေါ်လာ၏။

စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများသည် စိတ်အားတက်ကြွသွားကြပြီး သူ့ထက်ငါ အလုအယက် ရှေ့သို့ တိုးခွဲတက်လိုက်ကြ၏။

သို့သော်လည်း ဝင်ပေါက်ဝရှေ့အရောက်တွင်တော့.. လူတိုင်းသည် သူတို့၏ အရှိန်ကို တိကနဲရပ်ချလိုက်၏။ မည်သူမျှ အထဲသို့ လှမ်းမဝင်ရဲကြပေ။

မိုစိတ်ဝိညာဉ်ပန်းပဲရုံ၌ စည်းမျဉ်းစည်းကမ်းများက များစွာရှိ၏။

ဤနေရာ၏ ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲနှင့် အထဲသို့ ဝင်ရောက်ရဲသည့်သူသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံကနေ ဘယ်တော့မှ လက်နက်မှာယူနိုင်တော့မည် မဟုတ်ပေ။

အစတုန်းကတော့ မကျေနပ်သည့်သူအချို့သည် အထဲသို့ အတင်းဝင်ရောက်ခဲ့ကြဖူး၏။ သို့သော်လည်း ခြံထဲသို့ ရောက်သည်နှင့် ခွေးနက်တစ်ကောင်က ပေါ်လာပြီး သူတို့ကို သေလုမျောပါးဖြစ်သည့်အထိ ကိုက်ခဲလွှတ်လိုက်၏။

“မနန်းကြည်.. ဒီမှာ ဒီမှာ ကျုပ်လေ.. ကျုပ်ယူရင်ကျွင်းလေ”

“မနန်းကြည်.. ကျုပ်ဒီမှာလာစောင့်နေတာ သုံးရက်ဆက်တိုက်တောင် ရှိသွားပြီ.. ဒီတစ်ခါတော့ ကျုပ်အလှည့်လေ ဟုတ်တယ်နော်”

“သွားစမ်းပါကွာ.. ငါဆို ဒီမှာလာစတည်းချနေတာ တစ်လလောက်တောင် ရှိရော့မယ်”

ဝင်ပေါက်ရှေ့၌ လူအုပ်ကြီးက တစ်‌ယောက်တစ်ပေါက်ဖြင့် ဆူညံပွက်လောရိုက်နေကြ၏။ သို့သော်လည်း အထဲကိုတော့ မည်သူမျှ ခြေတစ်လှမ်း မကျူးကျော်ရဲပေ။

တုံ့ဆိုင်းဆိုင်း အမူအယာနှင့်.. နန်းကြည်က ခဏမျှ ရပ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တာအိုရောင်းရင်းတို့ရှင့်.. ပြောရမှာတော့ အားနာပါတယ်.. ဒီနေ့ကစပြီး‌တော့ မိုစိတ်ဝိညာဉ်ပန်းပဲရုံက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တွေ မှာယူအပ်နှံမှုကို လက်မခံတော့ပါဘူးရှင်”

“အာ”

“အို”

“ဘာလဲဟ”

“ဘာလို့ လက်မခံတော့တာလဲ”

လူအုပ်ကြီးသည် တဖြည်းဖြည်းငြိမ်သက်သွားကြပြီး.. စိတ်ရှုပ်ထွေးသွားကြ၏။

နန်းကြည်က ဆက်ပြောလိုက်၏။

“ဒီနေ့ကစပြီးတော့.. ကျမတို့က သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တွေကိုပဲ လက်ခံသွန်းလုပ်ပေးပါတော့မယ်ရှင့်.. ဟုတ်ပါတယ်.. လိုအပ်တဲ့ပစ္စည်းက အရင်အတိုင်း တစ်စုံစာပါပဲ.. ဒါပေမယ့် စျေးနှုန်းကတော့ သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ဖြစ်သွားပါမယ်ရှင်”

“ဘာကြောင့်လဲ”

“မနန်းကြည်.. အဲ့ဒါက မဟုတ်သေးဘူးနော်.. သူက ဘာလို့ လက်မခံတော့တာလဲ.. ကျုပ်တို့တောင် ဒီမှာ ရောက်နေပြီလေ”

“ဟုတ်တယ်.. ကြိုတော့ပြောမှပေါ့.. ကျုပ်တို့ တာအိုရောင်းရင်းမိုလင်းကို လူချင်းတွေ့ပြီး မေးရမှဖြစ်မယ်”

များစွာသောကျင့်ကြံသူများက မကျေမနပ်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

နန်းကြည်က ဆက်ပြောလိုက်၏။

“သြော်.. ဒါနဲ့ ကျမ ရှင်တို့ကို ပြောဖို့မေ့နေတာ.. ကျမတို့ရဲ့ သခင်လေးက အခုချိန်မှာ စိတ်ကြည်မနေဘူးရှင့်.. သူဒီနေ့ ဘာလက်နက်မှ သွန်းလုပ်တော့မှာ မဟုတ်ပါဘူး.. အဲ့ဒါကြောင့် ပြန်ကြပါတော့ရှင်”

ထိုသို့ ပြောပြီးသည်နှင့် နန်းကြည်က တံခါးကို ဆွဲပိတ်လိုက်၏။ လူအုပ်ကြီးသည် ဒီအတိုင်း ကျန်နေခဲ့ကြပြီး.. အတန်ကြာ ငိုင်နေကြ၏။

ခဏနေပြီးနောက် ကျင့်ကြံသူတစ်ယောက်က တုန်တုန်ယင်ယင်နှင့် တံခါးပေါက်ကို လက်ညှိုးထိုးပြီး အံကြိတ်ပြောလိုက်၏။

“ဒီလူက လူခွစာပဲ!”

All Chapters