← Chapters

လုပ်ကြံခြင်း

Vol. 18 Ch. 259

လုပ်ကြံခြင်း

Vol. 18 Ch. 259

အခန်း ၂၅၉ - လုပ်ကြံခြင်း

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ..

အကြီးအကဲကျန်းသည် အနောက်ဘက်ခန်းမထဲမှာ ထိုင်ပြီး မျက်မှောင်ကြုတ်ကာ စာရင်းစာအုပ်ကို ကြည့်နေ၏။

ကောရုံက ဦးညွှတ်၍ စိုးရွံ့‌သောအမူအယာနှင့် အသံတစ်ချက်မှ မထွက်ရဲပေ။

“ပြီးခဲ့တဲ့ရက်တွေတုန်းက ငါတို့ရဲ့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် မှာယူမှုတွေက တိုးလာပြီး.. သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက် မှာယူမှုတွေက လျော့သွားရတာလဲ” အကြီးအကဲကျန်းက အလေးအနက်‌မေးလိုက်၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက်.. ကောရုံက ပြန်ဖြေလိုက်၏။

“အဲ့ဒါက မိုစိတ်ဝိညာဉ်ပန်းပဲရုံကြောင့်...”

“ဟီးဟီး”

ကောရုံပြောလို့မဆုံးသေးခင်မှာပင်.. အကြီးအကဲကျန်းက လှောင်ရယ်လိုက်၏။

“ငါမင်းကို ပြောပါတယ်.. အဲ့မိုစိတ်ဝိညာဉ်ပန်းပဲရုံက နှစ်ဝက်မကြာဘူး ပိတ်ရမှာပါလို့.. ဘယ်နှယ့်လဲ အခုငါပြောတာ မှန်‌တယ်မလား”

အကြီးအကဲကျန်းအတွက်တော့.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံအနေနှင့် အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက် အမှာများ တိုးလာရခြင်းမှာ.. မိုစိတ်ဝိညာဉ်ပန်းပဲရုံက ပိတ်သိမ်းလိုက်ရသောကြောင့် ဖြစ်ရပေမည်။

“အာ...”

ကောရုံတစ်ယောက် အိုးတိုးအမ်းတမ်းဖြစ်သွား၏။

“ဘာလို့လဲ.. ဘာမှားနေလို့လဲ” ကောရုံမျက်နှာပေါ်မှ တစ်မူထူးနေသည့် အမူအယာကို မြင်ရသောအခါ.. အကြီးအကဲကျန်းသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

ကောရုံက ရိုးသားပွင့်လင်းစွာ ဖြေပေးလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံက ပိတ်သိမ်းလိုက်တာ မဟုတ်ပါဘူး.. သူတို့က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တွေအစား.. သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တွေကိုပဲ လက်ခံသွန်းလုပ်ပေးတော့တာပါ”

“ဟမ်”

အကြီးအကဲကျန်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး မေးမြန်းလိုက်၏။

“မိုစိတ်ဝိညာဉ်ပန်းပဲရုံက အရင်က သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တွေကို မသွန်းလုပ်နိုင်ဘူးမလား.. အခုမှ ရုတ်တရတ်ကြီး ဘယ်လိုဖြစ်လို့ လုပ်နိုင်သွားရတာလဲ”

“အဲ့ဒါတော့ ကျတော်လဲ မပြောတတ်ပါဘူး” ကောရုံက ခေါင်းခါပြလိုက်၏။

ခဏမျှ ချင့်တွက်နေပြီးနောက်.. အကြီးအကဲကျန်းက ထပ်မေးလိုက်၏။

“စျေးနှုန်းကရော ဘယ်လောက်တဲ့လဲ”

ကောရုံက ပြန်ဖြေလိုက်၏။

“သာလွန်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀”

အကြီးအကဲကျန်းက နားလည်သဘောပေါက်သွားပုံရပြီး အေးစက်စွာ လှောင်ရယ်လိုက်၏။

“ငါတို့အလုပ်တွေ လုယူခံလိုက်ရတာ မထူးဆန်းတော့ဘူးပဲ.. စျေးနှုန်းက အဲ့လောက်ထိ ချိုနေတာကိုး.. ဒီနေ့ကစပြီး ကြေငြာချက်ထုတ်လိုက်.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရဲ့ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကို သွန်းလုပ်ပေးမယ့်စျေးနှုန်းကလည်း သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ပဲလို့”

“အဲ့ဒါက.. .”

ကောရုံက တွန့်ဆုတ်နေ၏။

“မင်း ဘာလို့ တအီအီလုပ်နေတာလဲ”

အကြီးအကဲကျန်က ငေါက်ငမ်းလိုက်၏။

“ဘာပြောမလို့လဲ ပြောကွာ ဘာပဲဖြစ်ဖြစ်”

ကောရုံက လက်သီးဆုပ် ဦးညွှတ်လိုက်၏။

“အကြီးအကဲကျန်း နားထောင်ရတာ အဆင်မပြေဖြစ်သွားရင် ကျုပ်ကို ခွင့်လွှတ်ပါ.. ကျုပ်တို့စျေးနှုန်းကို ၃၀၀၀ထိ လျှော့ချရင်တောင်.. ကျုပ်တို့က မိုစိတ်ဝိညာဉ်ပန်းပဲရုံနဲ့ ယှဉ်ပြိုင်နိုင်ဦးမှာ မဟုတ်ပါဘူး”

“ဘာလဲကွ.. မင်းကတောင် ငါ့ရဲ့ ပန်းပဲအတတ်ကို မယုံကြည်တော့ဘူးလား” အကြီးအကဲကျန်း၏ မျက်လုံးက ဒေါသတစွန်းတစနှင့် ခက်ထန်လာ၏။

ကောရုံက လေသံပျော့ပျော့နှင့် ပြောပြလိုက်၏။

“သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကို စိတ်တိုင်းကျမှာယူမှုအတွက်လဲ မိုစိတ်ဝိညာဉ်ပန်းပဲရုံက ပစ္စည်းတစ်စုံစာပဲ လိုအပ်ပါတယ်”

“ဘာ!”

အကြီးအကဲကျန်းသည် စားပွဲကို ဝုန်းကနဲ ပစ်ရိုက်ပြီး ထရပ်လိုက်၏။ သူ့အမူအယာက သိသိသာသာ ပြောင်းလဲသွားပြီဖြစ်ပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နေ၏။

“မဖြစ်နိုင်တာကွာ!” အကြီးအကဲကျန်းက ခေါင်းကိုဆက်လက်ခါနေ၏။

သူကိုယ်တိုင် လက်နက်သွန်းလုပ်လျှင်တောင်.. သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို အာမခံသွန်းလုပ်ပေးနိုင်ဖို့အတွက်.. အနည်းဆုံးပစ္စည်းဆယ်စုံစာ လိုအပ်လေသည်။

သို့‌သော်လည်း.. အဲ့ဒါကိုပဲ မိုစိတ်ဝိညာဉ်ပန်းပဲရုံကတော့ ပစ္စည်းတစ်စုံစာပဲ လိုသည်တဲ့လား။

ကောရုံက ခါးသက်သက်ပြုံးပြီး ပြောလိုက်၏။

“အကြီးအကဲကျန်း.. ကျုပ်တို့ အဲ့ဒါကို ဒီအတိုင်းထားလို့တော့ မရတော့ဘူး.. ကျုပ်တို့ပန်းပဲရုံအတွက် ဒီတစ်ခေါက်ထိချက်က အတော်လေးပြင်းတယ်”

“အဲ့လူရဲ့နောက်ခံက ဘာလဲ.. မင်းစုံစမ်းပြီးသွားပြီလား” အကြီးအကဲကျန်းက ရုတ်တရတ်‌ မေးလိုက်၏။

ကောရုံက ပြန်ဖြေလိုက်၏။

“ကျုပ်စုံစမ်းပြီးပါပြီ.. တိတိကျကျ ဘာအချက်အလက်မှ မရခဲ့ပါဘူး”

“အရိပ်.. ထွက်လာခဲ့”

အကြီးအကဲကျန်းက ရုတ်တရတ် အမိန့်ပေးလိုက်၏။

“ကျွိ. ကျွိ”

သူ့အနောက်ဘက် အမှောင်ထဲမှ.. လူ့အရပ်တစ်ဝက်လောက်ရှိသော ကြွက်တစ်ကောင် ထွက်ပေါ်လာ၏။ ၎င်းက ပိန်းပိတ်အောင် နက်မှောင်နေပြီး အေးစက်စဉ်းလဲသော မျက်လုံးများရှိ၏။ တကျွိကျွိ အသံပြုလိုက်တိုင်း.. ဓါးများလို ၎င်း၏ ထက်ရှသောသွားများက ပေါ်လာ၏။

ကောရုံတုန်လှုပ်သွား၏။

၎င်းက အခြေတည်အဆင့်စိတ်ဝိညာဉ်သားရဲ၊ ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်၊ အရိပ်ကြွက်ဖြစ်လေသည်။ လျှို့ဝှက်ဆန်းကြယ်၍ ရှာဖွေရခက်ပြီး.. ၎င်းက ခိုးဝင်ခိုးထွက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့၌ အတော်ဆုံး ဖြစ်လေသည်။

“အရိပ်. မင်းဒီည မိုစိတ်ဝိညာဉ်ပန်းပဲရုံထဲကို ဖောက်ဝင်ရမယ်.. လုံးဝသတိမထားမိစေနဲ့.. အဲ့မိုလင်းက ဘယ်သူလဲဆိုတာ ငါသိချင်တယ်”

အကြီးအကဲကျန်း၏ မျက်လုံးထဲတွင် ရက်စက်တော့မည့်အလင်းရိပ်က တောက်ပလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းမှာ အခွင့်ရခဲ့ရင်.. တစ်ခါတည်းကိစ္စပြီးသွားအောင်.. အဲ့လူကို သတ်ပစ်လိုက်!”

အရိပ်ကြွက်က ပြန်ဖြေ၍ လှည့်ထွက်ပျောက်ကွယ်သွား၏။

မြို့တော်ထဲ၌ သာမန်ကျင့်ကြံသူများကို ဓါးပျံစီးနင်းခြင်းနှင့် တိုက်ခိုက်ခြင်းများအား ပိတ်ပင်တားမြစ်ထား၏။

သို့သော်လည်း ထိုဥပဒေသတွင် လုံးဝဟာကွက်မရှိတာတော့ မဟုတ်ပေ။

ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်ဖြာထွက်မှု ကြီးကြီးမားမား မရှိသရွေ့.. မြို့‌စောင့်စစ်သားများ၏ ထောက်လှမ်းသိရှိနိုင်မှုကနေ ပုန်းကွယ်နိုင်လေသည်။

. . .

ညအချိန်..

ဆူဇီမိုသည် သူ့အခန်းထဲမှာ ခါတိုင်းလိုပင် တိတ်တဆိတ်ထိုင်ပြီး.. နဂါးဥမှ စွမ်းအင်အဆီအနှစ်များးကို ဆုပ်ယူသန့်စင်နေ၏။

ညဝိညာဉ်က သူ့ဘေးမှာ ဝပ်တွားနေ၏။

သန်းခေါင်အချိန်သို့ ရောက်သောအခါ ဆူဇီမိုသည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး သူ့မျက်လုံးကိုဖွင့်ကာ မျက်မှောင်ကြုတ်လိုက်၏။

တစ်ချိန်တည်းမှာပင်.. ညဝိညာဉ်ကလည်း လှုပ်ရှားလိုက်ပြီး နားစွင့်စူးစိုက်လိုက်၏။

တစ်ခဏနေပြီးနောက်.. ညဝိညာဉ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်က ဖျတ်ကနဲလက်သွား၏။ ၎င်းသည် အခန်းထဲကနေ တိတ်တဆိတ်ထွက်သွားပြီး..အုတ်နံရံထောင့်စွန်းတစ်ခု၌ တွယ်ကပ်ကာ အမှောင်ရိပ်ထဲမှာ သူ့ကိုယ်သူ ကွယ်ဝှက်ထားလိုက်၏။

ဆူဇီမိုသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ညဝိညာဉ်က သူ့မျက်လုံးများကို ဖွင့်ထားလျှင်တောင်.. သူ့မျက်လုံး၊ ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်သည် ညအမှောင်နှင့်အတူ တစ်သားတည်းကျနေပြီး.. ဟာကွက်တစ်ချက်မျှ ရှိမနေပေ။

ညဝိညာဉ်ထွက်သွားတာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းသာ မဟုတ်လျှင် သူကိုယ်တိုင်ပင် ညဝိညာဉ်ကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။

သိပ်မကြာမီ.. အုတ်နံရံထိပ်ကနေ ခေါင်းတစ်ခေါင်းသည် ပြူထွက်လာပြီး.. မျက်လုံးနှစ်လုံးကို လျှင်မြန်စွာ ရွေ့လျား၍ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေ၏။

အရိပ်ကြွက်သည် မအီမသာ ခံစားချက်ကို ရနေ၏။ သို့သော်လည်း ဘယ်တစ်ခုက ပုံမှန်မဟုတ်လဲဆိုတာ သူ မရှာဖွေနိုင်ပေ။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက်.. ၎င်းသည် နံရံပေါ်ကနေ ပြန်ဆင်းလိုက်၏။

ညဝိညာဉ်က အမှောင်ရိပ်ထဲတွင် မလှုပ်မယှက် ပုန်းကွယ်နေဆဲဖြစ်ပြီး.. အေးစက်စက်အကြည့်နှင့် တစ်ခုခုကို စောင့်ဆိုင်းနေပုံရ၏။

မှန်လေသည်။

အတန်ကြာသွားပြီးနောက်.. အရိပ်ကြွက်သည် အုတ်နံရံထိပ်၌ ပြန်ပေါ်လာ၏။

၎င်းက ထွက်ခွာသွားခဲ့ခြင်း မဟုတ်ဘဲ.. နံရံတစ်ဖက်ရှိ အခြေအနေကို သိရဖို့ အတည်ပြုအကဲခတ်နေခြင်းသာ ဖြစ်၏။

အထဲမှ မည်သည့်အန္တရာယ်အငွေ့အသက်မျှ မရှိသည်ကို သိရသောအခါ.. အရိပ်ကြွက်သည် စိတ်အေးလက်အေး ဖြစ်သွားပြီး.. နံရံပေါ်ကနေ ကျော်၍ ဖြည်းဖြည်းချင်း လျှောဆင်းလိုက်၏။

မြေကြီးပေါ်သို့ ၎င်းခြေချလိုက်မိသည့်အချိန်မှာပင်.. ညဝိညာဉ်သည် အမှောင်ထဲက‌နေ လျှစ်ကနဲထွက်လာပြီး.. အရိပ်ကြွက်၏ အရှေ့သို့ ရောက်ချလာ၏။

အေးစက်ထက်ရှသည် လက်သည်းများက ထွက်လာပြီး.. အရိပ်ကြွက်၏ အသားကို ထိုးဖောက်လိုက်၏။

အရိပ်ကြွက်က ကြောက်ရွံ့ထိတ်လန့်သွားပြီး အော်ဟစ်ချင်မိ၏။

ထိုအချိန်မှာပင် အရိပ်ကြွက်၏ အပေါ်မှ အနက်ရောင်အလင်းတစ်ခု လက်သွား၏။

ဖောက်!

ကြွတ်ဆတ်ဆတ်အသံတစ်သံ ထွက်ပေါ်လာ၏။

အရိပ်ကြွက်၏ ဦးခေါင်းထဲကို ထက်ရှသော ဆူးချွန်တစ်ခုက ဖောက်ဝင်သွားပြီး ၎င်း၏ မျက်လုံးက အရောင်မှိန်ကျသွား၏။

ထိုဆူးချွန်က ညဝိညာဉ်၏ အမြီးပင် ဖြစ်လေသည်။

၎င်းက ဟာကွက်မရှိသော အမဲလိုက်မှုဖြစ်၏။

အရိပ်ကြွက်က ခုခံချိန်တောင် လုံးဝမရလိုက်ပေ။

ဖြစ်စဉ်တစ်လျှောက်တွင်.. ညဝိညာဉ်သည် အေးစက်သန့်စင်သော အားကောင်းသည့်သတ်ဖြတ်အော်ရာနှင့် ပြည့်နေ၏။

ညဝိညာဉ်သည် အရိပ်ကြွက်ကို ကိုက်ချီ၍ ခြံဝန်းနောက်ဘက်ရှိ ကျိရွှေမြစ်ကမ်းဘေးသို့ ထွက်သွားလိုက်၏။ ၎င်းသည် ခေါင်းကို ညင်သာစွာ လွှဲရမ်း၍ အရိပ်ကြွက်၏ အလောင်းကို ကျိရွှေမြစ်ထဲသို့ လှမ်းပစ်ချလိုက်၏။

ရှေးဦးအဆက်နွယ်တောကောင်တစ်ကောင်၏ အသားက ညဝိညာဉ်၏ စားချင်စိတ်ကို မဆွဲ‌ဆောင်နိုင်ပေ။

ဆူဇီမိုသည် မျက်စိကို မှေးကျဉ်း၍ စဉ်းစားတွေးတောပြီး လှောင်ပြုံးလိုက်၏။

အရိပ်ကြွက်ကို တစ်ယောက်ယောက်က လွှတ်လိုက်သည်မှာ ရှင်းနေလေသည်။

“မအောင့်အည်းနိုင်တော့တဲ့သူတွေ ထွက်လာပြီပေါ့လေ.. ဟမ့်”

. . .

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ..

အကြီးအကဲကျန်းနှင့် ကောရုံတို့သည် တစ်ညလုံး မအိပ်စက်ရသေးပေ။

မိုးထိန်ထိန်လင်းသွားတာတောင် အရိပ်ကြွက်က ပြန်ရောက်မလာခဲ့ပေ။

တစ်ညတည်းနှင့် ဆယ်နှစ်စာလောက် အိုစာသွားသလို.. အကြီးအကဲကျန်း၏ မျက်နှာက နွမ်းလျနေ၏။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ မျက်လုံးကို မှိတ်လိုက်ပြီး လက်ဝေ့ရမ်းပြလိုက်၏။

“သွားသွား.. နားတော့.. အရိပ်က သေသွားပြီ”

“ဒါက..”

အခုအချိန်ထိအောင် အရိပ်က ပြန်မလာလျှင်.. ၎င်းက သေသွားဖို့ များနေပြီဖြစ်ကြောင်း.. ကောရုံလည်း နားလည်လေသည်။

အကြီးအကဲကျန်းသည် အခန်းထဲကနေ ထလျှောက်လိုက်ပြီး.. မိုစိတ်ဝိညာဉ်ပန်းပဲရုံဘက်သို့ ကြည့်လိုက်၏။ သူ့မျက်လုံးထဲမှ အေးစက်မှုက စုဖွဲ့လာပြီး.. တီးတိုးရေရွတ်လိုက်၏။

“မိုလင်း.မိုလင်း.. အပင်မြင့်ရင် လေပိုတိုက်ခံရတယ်တဲ့.. မင်းဘယ်လောက်ထိ ကြာကြာအသက်ရှင်နိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ”

All Chapters