← Chapters

တည်ငြိမ်နေမှုကို ချိုးဖျက်တော့မည်

Vol. 18 Ch. 260

တည်ငြိမ်နေမှုကို ချိုးဖျက်တော့မည်

Vol. 18 Ch. 260

အခန်း ၂၆၀ - တည်ငြိမ်နေမှုကို ချိုးဖျက်တော့မည်

ပြီးခဲ့သည့်နှစ်ဝက်အတွင်း.. မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ နာမည်ကြီးလာမှုက မိုးထိတိုင် ထိုးတက်လာခဲ့သော်လည်း.. အများစု စိတ်ဝင်စားကြသူများမှာ ချီစုဖွဲ့စစ်သည်တော်များနှင့် အခြေတည်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။ အကြောင်းမှာ မိုစိတ်ဝိညာဉ်ပန်းပဲရုံက အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက်များကိုသာ သွန်းလုပ်နိုင်ခဲ့သောကြောင့် ဖြစ်လေသည်။ ထိုသို့ဖြင့် ၎င်း၏ ကျော်ကြားလွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်ရှိခဲ့၏။

သို့သော်လည်း သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်များကို လက်ခံသွန်းလုပ်ပေးနိုင်ခဲ့ပြီးနောက်.. ထိုသတင်းက ပျံနှံ့သွားကာ မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ဂုဏ်သတင်းကလည်း ကြီးမားသထက် ကြီးမားလာခဲ့တော့၏။

သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်များက ရွှေအမြုတေအဆင့်များ၏ အမှတ်အသားပင် ဖြစ်လေသည်။

အခြေတည်အဆင့်ကျင့်ကြံသူများသည် အမြုတေတစ်ခုကို ဖွဲ့တည်နိုင်ခဲ့ပြီးနောက် အများအားဖြင့် ပထမဆုံး လုပ်လေ့ရှိကြသည်မှာ.. သူတို့ကိုင်‌ဆောင်သည့် လက်နက်၏အဆင့်ကို မြှင့်တင်ကြခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း စျေးအပေါဆုံး သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကတောင် အနည်းဆုံး သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ကျသင့်လေသည်။

သူတို့သည် စိတ်တိုင်းကျသာလွန်လက်နက်တစ်ခုကို လိုချင်သည်ဆိုလျှင်တော့.. စျေးနှုန်းက ပိုမိုမြင့်မားလာမည့်အပြင် ပစ္စည်းဆယ်စုံစာကိုပါ ပြင်ဆင်ထားဖို့ လိုလေသည်။

အများအားဖြင့်တော့ အခုမှ ရွှေအမြုတေအဆင့်သို့ တက်လှမ်းကာစ ကျင့်ကြံသူအများစုသည် ထိုပမာဏကို တတ်နိုင်ခြင်း မရှိကြပေ။

ထို့ကြောင့်ပင် ရွှေအမြုတေအဆင့်အများစုသည် ထိုအဆင့်၏ အလယ်အလတ် သို့မဟုတ် နောက်ပိုင်းသို့ ရောက်မှသာ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်ကြလေသည်။

ယခုအခါ မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ပေါ်ပေါက်လာမှုကြောင့် များစွာသော အခုမှ တက်လှမ်းလာကာစ ရွှေအမြုတေအဆင့်များသည် မျှော်လင့်ချက်ရှိလာလေပြီ။

ထိုနေ့မှစ၍ မိုစိတ်ဝိညာဉ်ပန်းပဲရုံရှေ့တွင် တန်းစီစောင့်ဆိုင်းနေကြသူများမှာ ချီစုဖွဲ့ သို့မဟုတ် အခြေတည်အဆင့်များ မဟုတ်တော့ဘဲ.. ရွှေအမြုတေအဆင့်များ ဖြစ်လာလေသည်။

အဲ့ဒါက အတော်လေး ထူးဆန်းသည့် မြင်ကွင်းဖြစ်၏။

မြို့တော်ထဲ၌ မဟာကျိုးအင်ပါယာ၏ ပဒေသရာဇ်ကလွဲလျှင်.. ထိုမျှလောက်ထိ လွှမ်းမိုးနိုင်စွမ်းရှိသူ မရှိပေ။

ထို့အပြင် ရွှေအမြုတေအဆင့်များလျှင်တောင်မှ မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ရဲပေ။ မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ နာမည်ပျက်စာရင်းထဲ ဝင်သွားလျှင်.. သူတို့သည် ထိုပန်းပဲရုံမှ လက်နက်များကို နောက်ဘယ်တော့မှ မှာယူနိုင်တော့မည် မဟုတ်ပေ။

“ဒီမိုလင်းရဲ့နောက်ခံက ဘာလဲကွာ.. ငါတို့လိုရွှေအမြုတေအဆင့်တွေကိုတောင် အပြင်မှာ ရပ်စောင့်ခိုင်းထားရအောင် သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး”

“ပကတိသက်ရှိလျှိုဆို ဒီမှာလာလာစောင့်နေတာ ခုနှစ်ရက်တောင် ရှိသွားတာ မင်းမမြင်ဘူးလား.. သူ့လိုနောက်ပိုင်းရွှေအမြုတေအဆင့်တစ်ယောက်တောင် ဒီကစည်းကမ်းတွေကို လိုက်နာရတာ.. ငါတို့လဲ စိတ်ရှည်လက်ရှည် ဆက်‌စောင့်နေတာ ပိုကောင်းလိမ့်မယ်ထင်တယ်”

“တစ်ကယ့် ပါရမီရှင်တွေက တမူထူးခြားတဲ့စိတ်နေစိတ်ထားတွေ ရှိတတ်ကြတယ်တဲ့.. ဒီပုဂ္ဂိုလ်ကလဲ သူ့အရည်အချင်းနဲ့ ပတ်သတ်ပြီး ပုံမှန်မဟုတ်တဲ့ ဂုဏ်ယူဝင့်ကြွားမှု ရှိမှာပဲလေ”

. . .

ဘာလိုလိုနှင့် ဆူဇီမိုတစ်ယောက် မြို့တော်ထဲသို့ ရောက်လာခဲ့သည်မှာ တစ်နှစ်ခွဲရှိသွားပေပြီ။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲ ကျင်းပဖို့ရန် တစ်နှစ်သာလျှင် လိုတော့လေသည်။

ကျင့်ကြံသူများအတွက် တစ်နှစ်ခွဲဆိုသော အချိန်ကာလက အလွန်တရာ မြန်ဆန်လွန်းလှ၏။

သို့သော်လည်း.. ထိုတစ်နှစ်ခွဲအချိန်ကာလအတွင်း ဆူဇီမိုသည် လုံးဝပြောင်းလဲလာခဲ့လေသည်။

သူသည် ဘက်ပေါင်းစုံ၌ ပြောင်းလဲတိုးတက်လာခဲ့ခြင်းဖြစ်၏။

လက်နက်သွန်လုပ်ခြင်းအရာတွင်.. ဆူဇီမိုသည် ပို၍ ကျွမ်းကျင်တတ်မြောက်လာကာ.. ၎င်းအပေါ် သူ၏ နားလည်မှုအမြင်ကလည်း နက်ရှိုင်းလာခဲ့၏။

သူ၏ ထူးခြားကွဲပြားသော လက်တစ်ထောင်မီးဆေးခြင်းနည်းစနစ်ကလည်း.. ဆက်တိုက်လေ့ကျင့်ပြီးနောက် ပြီးပြည့်စုံလုနီးပါး ဖြစ်လာခဲ့၏။

လက်တစ်ထောင်မီးဆေးခြင်းနည်းစနစ်က ပြီးပြည့်စုံသွားခဲ့လျှင်.. ဆူဇီမိုသည် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်ဖို့ ၁၀၀%ယုံကြည်မှု ရှိလေသည်။

ပြည့်စုံလုံလောက်သော စိတ်ဝိညာဉ်ကျောက်တုံးများနှင့်အတူ.. ဆူဇီမို၏ ကျင့်ကြံမှုအဆင့်ကလည်း မှန်မှန်တိုးတက်လာခဲ့ပြီး.. ပကတိအခြေတည်အဆင့်သို့ ချဉ်းကပ်လာနိုင်ခဲ့လေသည်။

တစ်ကယ်တမ်း ဆူဇီမိုကို နှစ်ခြိုက်ကျေနပ်စေသည့်အချက်က သူ့ကိုယ်ထဲက နဂါးဥစွမ်းအင်အဆီအနှစ်များသည် တစ်ဝက်ကျေပျက်သွားလေပြီ။

နောက်တစ်နှစ်အတွင်း.. ဆူဇီမိုသည် နဂါးဥအဆီအနှစ်များကို လုံးဝကုန်စင်အောင် သန့်စင်ချေဖျက်နိုင်ပြီး.. အဆင်ပြေချောမွေ့ပါက သူသည် အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိလာနိုင်လိမ့်မည်ဟု ခန့်မှန်းထားလေသည်။

ဤတစ်နှစ်ခွဲအချိန်ကာလမှာ.. ညဝိညာဉ်က နဂါးဥရည်စွမ်းအင်အဆီအနှစ်များကို ကုန်စင်အောင် စုပ်ယူသန့်စင်နိုင်ခဲ့လေသည်။ ၎င်းက ဆူဇီမိုထက် များစွာ ပိုမြန်လေသည်။

၎င်း၏ ခန္ဓာကိုယ်က ပို၍ကြီးမားလာပြီး.. မနှိုင်းယှဉ်သာအောင် ခိုင်ခံမာကြောလှသော အနက်ရောင်ကြေးခွံများကလည်း ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးအုပ်လာ၏။

နည်းနည်းလေးတောင် အရောင်ပြန်ခြင်း၊ အရောင်ထွက်ခြင်း မရှိဘဲ.. ထိုကြေးခွံများက ညဝိညာဉ်ကို ညအမှောင်နှင့် တစ်သားတည်းကျသွားစေပြီး.. ရှာမတွေ့နိုင်အောင် ဖြစ်စေ၏။

ညဝိညာဉ်၏ ခန္ဓာကိုယ်ကို ကြည့်တိုင်း ဆူဇီမို၏ စိတ်ထဲတွင် အတွေးတစ်ခုက မကြာမကြာ ပေါ်လာ၏။

ထိုကဲ့သော ခန္ဓာကိုယ်မျိုးက လုံးဝသတ်ဖြတ်ဖို့သက်သက်အတွက် တည်ဆောက်ထားခြင်း ဖြစ်လေသည်။

ပေါ့ပါးဖျတ်လတ်ခြင်း၊ ခွန်အား၊ ရုန်းအား၊ ခုခံနိုင်စွမ်း၊ အမြန်နှုန်းနှင့် အခြားသော အချိုးအစားများအားလုံးသည် ညဝိညာဉ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ပေါင်းစပ်ပေးထား၏။

အရိပ်ကြွက်၏ လုပ်ကြံကြိုပမ်းမှုပြီးနောက် အလားတူဖြစ်ရပ်မျိုးက ဆူဇီမို၏ ခြံဝန်းထဲတွင် အနည်းငယ် ဆက်လက်ဖြစ်ပွားခဲ့သေး၏။

သို့သော်လည်း ဆူဇီမိုတောင် ဘာမှမလုပ်ရ‌သေးခင်မှာပင်.. ထိုကျင့်ကြံသူများ၊ စိတ်ဝိညာဉ်သားရဲများသည် ညဝိညာဉ်၏ လက်သည်းအောက်တွင် အသံပင်မထွက်နိုင်ဘဲ ကိစ္စတုံးခဲ့ရသည်ချည်းသာဖြစ်၏။

မိုစိဝိညာဉ်ပန်းပဲရုံ၏ လုပ်ငန်းက ကြီးထွားလာသည်နှင့် နေ့စဉ်နှင့်အမျှ လက်နက်များ လာရောက်အပ်နှံကြသော ရွှေအမြုတေအဆင့်များ၏ အရေအတွက်ကလည်း တိုးလာခဲ့၏။

မြို့တော်ထဲတွင် မိုစိတ်ဝိညာဉ်ပန်းပဲရုံမှု လွှမ်းမိုးနိုင်စွမ်းကလည်း မြင့်မားလာခဲ့၏။

မြို့စားများ၊ အရာရှိများကနေ.. ကုန်သည်များ၊ သာမန်လူတန်းစားများအထိ.. လူတိုင်းသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံဆိုတာနှင့် တန်းသိကြလေသည်။

အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကတော့ အတော်ကလေး ထိချက်ပြင်း၏။

ယခင်ကဆိုလျှင် မြို့တော်ထဲ၌ သူတို့ပန်းပဲရုံက နံပါတ်တစ်ဖြစ်၏။

ယခုအခါမှာတော့ မိုစိတ်ဝိညာဉ်ပန်းပဲရုံက သူတို့နေရာကို တဖြည်းဖြည်းအစားထိုး ရယူလာနေလေပြီ။

ပန်းပဲရုံနှစ်ခုက အပေါ်ယံမှာ တည်ငြိမ်အေးချမ်းနေကြသည်ဟု ထင်ရသော်လည်း.. အဲ့ဒါက အယောင်ပြသက်သက်သာဖြစ်ကြောင်း လူတိုင်းသိထားကြလေသည်။

အနှေးနှင့်အမြန်ဆိုသလို ထိုတည်ငြိမ်အေးချမ်းမှုက ကျိုးပျက်ပေတော့မည်။

. . .

ဤနေ့မနက်တွင်.. မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ အပြင်ဘက်၌ တံခါးခေါက်သံများက ရုတ်တရတ် ဆက်တိုက်ထွက်ပေါ်လာခဲ့၏။

နန်းကြည်က လျှစ်ကနဲ ပြေးထွက်လာပြီး တံခါးပေါက်ဝနားသို့ ရောက်လာ၏။ သူမက တံခါးကို ဆွဲဖွင့်လိုက်သောအခါ.. ကုန်သည်တစ်ယောက်လို ဝတ်စားထားသော ခပ်ဝဝလူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူက တစ်နည်းနည်းဖြင့် စိုးရွံ့နေပုံရ၏။

“တာအိုရောင်းရင်းရှင့်.. စိတ်ဝိညာဉ်လက်နက်အမှာတွေကို နေ့လည်ခင်းမှစပြီး စတင်လက်ခံပေးမှာပါ.. ရှင်အခုရောက်လာတာက စောလွန်းနေပါသေးတယ်” နန်းကြည်က ပြောလိုက်၏။

“အမ်.. မ-မဟုတ်ပါဘူး”

ကုန်သည်က ကပျာကယာ လက်ကာပြလိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်၏။

“ကျုပ်-ကျုပ်က ဒီအိမ်ပိုင်ရှင်ပါ”

“အာ”

နန်းကြည် မှင်တက်သွား၏။

“သူ့ကိုခေါ်လာခဲ့လိုက်”

ထိုအချိန်မှာပင် ဆူဇီမို၏အသံက ထွက်ပေါ်လာ၏။

နန်းကြည်က ဘေးသို့ကပ်၍ လမ်းဖွင့်ပေးလိုက်သောအခါ.. ကုန်သည်က ကပျာကယာနှင့် ဦးညွှတ်၍ ကျေးဇူးတင်ကြောင်း ပြသလိုက်၏။ သူသည် မိုစိတ်ဝိညာဉ်ပန်းပဲရုံထဲသို့ သူပိုင်သောနေရာမဟုတ်၊ အခြားတစ်ယောက်ပိုင်ဆိုင်သော‌ နေရာတစ်ခုလို.. မဝံ့မရဲ လှမ်းဝင်လာ၏။

“ရော့ ဒီမှာ နှစ်နှစ်စာအတွက် ငှားရမ်းခ.. တစ်ချက်လောက် စစ်ကြည့်လိုက်ပါဦး”

ဆူဇီမိုသည် သိုလှောင်အိတ်တစ်အိတ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ကုန်သည်ရှေ့သို့ တွန်းပေးလိုက်၏။

ကုန်သည်က ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အလောတကြီး လက်ကာပြလိုက်၏။

“မဟုတ်ပါဘူး.. ကျုပ်ဒီကိုလာတာ ငှားရမ်းခလာယူဖို့ မဟုတ်ပါဘူး.. ကျုပ်အဲ့ဒါကို လက်မခံရဲပါဘူး တာအိုရောင်းရင်း”

ဆူဇီမိုက ပြုံး၍ ပြန်မေးလိုက်၏။

“အဲ့မှာ ငှားရမ်းခအပြင် ဘာရှိသေးလို့လဲ”

“အမ်း”

ကုန်သည်၏ မျက်နှာက မအီမသာဖြစ်နေပြီး.. သူသည် လက်နှစ်ဖက်ကို ဂနာမငြိမ်သလို ပွတ်သပ်ကာ တောင်းပန်တိုးလျှိုးသလို ပြောလိုက်၏။

“ဟိုဟာလေ.. ဒီကရောင်းရင်းက ကျုပ်အတွက် သာလွန်အဆင့်လက်နက်လေး တစ်ခုလောက်များ သွန်းလုပ်ပေးနိုင်မလားလို့”

ဆူဇီမိုသည် ငြင်းပယ်လိုက်ဖို့ စဉ်းစားလိုက်၏။

သို့သော်လည်း ထိုခဏမှာပင်.. ဤပုဂ္ဂိုလ်၏ အိမ်ငှားရမ်းမှုကြောင့် သူသည် မြို့တော်ထဲ၌ ခြေကုပ်ရယူနိုင်ခဲ့မှုကို ပြန်လည်အမှတ်ရသွား၏။

နောက်ပြီး သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုဆိုတာက သူ့အတွက် ဘာမျှမပြောပလောက်ပေ။

ခဏမျှ စဉ်းစားပြီးနောက်.. ဆူဇီမိုသည် ခေါင်းညိတ်သဘောတူလိုက်၏။

ဆူဇီမိုသည် သူ၏ လက်နက်ရုံလျှို့ဝှက်အခန်းထဲသို့ ပြန်သွားလိုက်ပြီး.. ပန်းပဲမီးဖိုကြီးကို ထုတ်ကာ လက်နက်သွန်းလုပ်ခြင်း ပြုလုပ်ဖို့ စတင်လိုက်၏။

ကုန်သည်က အရိုးရှင်းဆုံးပုံစံနှင့် ဓါးပျံတစ်လက်ကို ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့၏။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် ထိုအရာကို ပေါ့ပေါ့တန်တန် သဘောထားလုပ်မည် မဟုတ်ဘဲ.. အဆင့်တစ်ဆင့်စီတိုင်းကို အတည်အတံ့ လုပ်ဆောင်ပေမည်။

မီးဆေးခြင်းအဆင့်သို့ ရောက်‌သောအခါ.. ဆူဇီမို၏ စိတ်အာရုံထဲတွင် ဉာဏ်ကွန့်မြူးမှုက ဖြစ်ပေါ်လာ၏။ ပြီးခဲ့သည့်နှစ်ဝက်အတွင်း သူ့စိတ်ထဲတွင် ကိန်းအောင်းနေခဲ့သော သံသယတစ်ခုစီတိုင်းက ရှင်းလင်းသွား၏။

လက်တစ်ထောင်မီးဆေးခြင်းနည်းစနစ်က ပြီးပြည့်စုံသွားပေပြီ။

ကလင်ကလန် အသံများနှင့်အတူ.. ဆူဇီမို၏ လက်ချောင်းများက ကိန္နရီလေးများ ကခုန်နေသလို ပေါ့ပါးဖျတ်လတ်နေပြီး.. ဓါးပျံ၏ ကိုယ်ထည်ကို ရိုက်ခတ်ကာ အထဲရှိ အညစ်အကြေးများကို နည်းနည်းချင်းစီ ဖယ်ထုတ်ပစ်နေ၏။

မီးဆေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ.. ဆူဇီမိုသည် သူ၏ ပထမဆုံး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို ဖန်တီးနိုင်တော့မည်ဖြစ်ကြောင်း နားလည်လာ၏။

စိတ်ဝိညာဉ်စုဆောင်းခြင်းကို စတင်လိုက်၏။

စိတ်ဝိညာဉ်အင်းကွက်တစ်ခု။

စိတ်ဝိညာဉ်အင်းကွက်နှစ်ခု။

ဆူဇီမိုသည် ပထမဆုံးစိတ်ဝိညာဉ်အင်းကွက်နှစ်ခုကို အားစိုက်ထုတ်မှု မရှိသလောက်နီးပါး တန်းပြီးစုဖွဲ့နိုင်၏။

တတိယမြောက်စိတ်ဝိညာဉ်အင်းကွက်အရောက်မှာ‌တော့.. ဆူဇီမိုသည် အတားအဆီးအချို့ ကြုံတွေ့ရ၏။ သို့သော်လည်း သူ၏ အာရုံခံသတိစိတ်က နှစ်ကြိမ်သုံးကြိမ်လောက် သတိပေးပြီးနောက်.. သူသည် ၎င်းကို အောင်မြင်အောင် ပြုလုပ်နိုင်လိုက်၏။

ဆူဇီမိုသည် ဤနေရာ၌ ရပ်တန့်လိုဟန် မရဘဲ.. အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး.. စတုတ္ထမြောက်စိတ်ဝိညာဉ်အင်းကွက်ကို စုဖွဲ့ရန် ကြိုးပမ်းဖို့ ‌ဆုံးဖြတ်လိုက်၏။

All Chapters