အသက်-အလဲအထပ်
Vol. 18 Ch. 261
အခန်း ၂၆၁ - အသက်-အလဲအထပ်
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာခဲ့၏။ နေ့လည်ခင်းသို့ရောက်လုဖြစ်သော်လည်း ဆူဇီမိုက သူ့လျှို့ဝှက်လက်နက်ရုံထဲက ထွက်မလာသေးပေ။
ကုန်သည်လူသည် စိတ်မရှည်နိုင် ဖြစ်လာပြီး ခြံဝန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ မျက်နှာက သုန်မှုန်လာ၏။
ထိုအခိုက်အတန့််၌ သူသည် နောင်တရသလို ခံစားလာရ၏။
သူ့အမြင်အရ.. အခုလောက် ကြာသည့်အထိ ဆူဇီမိုပေါ်မလာရသေးသည့် အကြောင်းရင်းမှာ.. လက်နက်သွန်းလုပ်မှုက ကျရှုံးသွားသောကြောင့် ဖြစ်ရပေမည်ဟုပင်။
နှစ်နှစ်စာ အိမ်ငှားရမ်းခက သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀၀နှင့် ညီမျှလေသည်။ ထိုပမာဏက သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်နှစ်ခုစာနှင့် ညီမျှလေသည်။
အခုသူမှာယူထားသော လက်နက်တစ်ခုအပါဆိုပါက.. သူသည် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်သုံးခုစာကို ဆုံးရှုံးရလေပြီ။
“နတ်ပန်းပဲဆရာတစ်ယောက်နဲ့ သိကျွမ်းရင်းနှီးခွင့် ရဖို့လေးအတွက်.. ငါ့မှာ သာလွန်အဆင့်လက်နက်သုံးခုကို လွှင့်ပစ်လိုက်ရပါရော့လား.. ဘယ်လောက်နှမြောဖို့ ကောင်းလိုက်သလဲကွာ!” ကုန်သည်လူက မကျေမနပ် မချင့်မရဲနှင့် စိတ်ထဲကနေ ညည်းတွားလိုက်၏။
နေ့လည်ခင်းအချိန်. . .
နောက်ဆုံးမှာတော့ ဆူဇီမိုသည် သူ့လျှို့ဝှက်လက်နက်ရုံထဲကနေ ထွက်လာခဲ့၏။ သူ့ပုံစံက အားအင်များစွာ ကုန်ခမ်းသွားသလို နွမ်းလျဖျော့တော့နေ၏။
ကုန်သည်လူသည် ထိုသည်ကို မြင်သောအခါ စောစောက သူ့အမြင်က ပိုလိုတောင် ခိုင်မာလာ၏။
“တာအိုရောင်းရင်း.. ကျုပ်ရဲ့ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်ရော” ကုန်သည်က ဟန်လုပ်ပြုံး၍ ချဉ်းကပ်ကာ မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါလိုက်၏။
“ကျုပ် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို မသွန်းလုပ်ခဲ့ပါဘူး...”
မှန်နေပေပြီ။
ကုန်သည်၏ မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး.. ညိုပုပ်လာ၏။ ဆူဇီမို ဆက်ပြောမှာကိုပင် သူက မစောင့်နိုင်တော့ဘဲ.. ဖြတ်ပြောလိုက်၏။
“တာအိုရောင်းရင်းမို.. ကျုပ်ခင်ဗျားဆီက နှစ်နှစ်စာ ငှားရမ်းခလဲ မယူခဲ့ဘူး.. အခု သာလွန်အဆင့်လက်နက်တစ်ခုကိုလဲ ဆုံးရှုံးရပြန်ပြီ.... အခုလျော်ကြေးအကြောင်း ကျုပ်တို့ ပြောကြရအောင်!”
“လျော်ကြေးဟုတ်လား”
ဆူဇီမိုက မျက်ခုံးတွန့်လိုက်ပြီး.. ကုန်သည်က ဘာကိုဆိုလိုနေသလဲဆိုတာ တဖြည်းဖြည်း သဘောပေါက်သွား၏။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာပြီး မေးလိုက်၏။
“ဘာလဲ.. အဲ့ဒါဆို ခင်ဗျားက ဒီထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို မလိုချင်တော့ဘူးပေါ့လေ”
“အမ်”
“ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်လား”
ကုန်သည်က မှင်တက်သွားပြီး သူများနားကြားမှားသွားသလားဟု ထင်မိနေ၏။
နန်းကြည်၏ လှပသော မျက်လုံးဝိုင်းကလေးများသည်လည်း မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။
ဆူဇီမိုက သူ့လက်ဝါးကို လှုပ်ခါလိုက်သောအခါ သစ်လွင်တောက်ပသော ဓါးပျံတစ်လက်က သူ့လက်ဝါးပေါ်တွင် ပေါ်လာ၏။ ၎င်းက စောစောက ကုန်သည်ပြောပြခဲ့သော အချိုးအစားများနှင့် လုံးဝပြည့်စုံနေ၏။
သူက ၎င်းထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်သောအခါ.. တဖျတ်ဖျတ်တလက်လက် တောက်ပသော စိတ်ဝိညာဉ်အလင်းရောင်များက တစ်ခုပြီးတစ်ခု လင်းလက်လာ၏။
စိတ်ဝိညာဉ်အင်းကွက်လေးခုက ဆက်တိုက်တောက်ပလာပြီးနောက်.. ကုန်သည်၏ မျက်လုံးများ ကျိန်းသွား၏။
“စိတ်ဝိညာဉ် အင်းကွက် လေး-လေးခု!”
ကုန်သည်သည် ထိတ်လန့်လွန်၍ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်လဲကျသွား၏။ ပါးစပ်ကလည်း တုန်တုန်ယင်ယင်နှင့် ရေရွတ်နေ၏။
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တဲ့လား”
အတန်ကြာပြီးနောက် ခြံဝန်းထဲမှ နားကွဲမတတ် စူးရှကျယ်လောင်သောာ အော်သံက ထွက်ပေါ်လာ၏။
ကုန်သည်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။ သူသည် စိတ်ခံစားချက်များ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး.. ဤထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို ချက်ချင်းလက်ငင်း ဆွဲလုယူကာ ထွက်ပြေးသွားချင်မိ၏။ သို့သော်လည်း ဤမျှလောက်ထိ ရုပ်ပျက်အောင် လုပ်ရမှာကိုတော့ သူရှက်နေသေး၏။
ကုန်သည်၏ ဣန္ဒြေက ဤမျှလောက်ထိ ပျက်ယွင်းသွားရသည်မှာလည်း သိပ်အံ့သြစရာတော့ မဟုတ်ပေ။
ရွှေအမြုတေများ၏ သက်တမ်းက နှစ်၅၀၀ဖြစ်၏။
အများအားဖြင့်တော့ ရွှေအမြုတေများသည် သူတို့၏ ကျင့်ကြံမှု၌ နက်ရှိုင်းအခြေခိုင်လာသည်နှင့်အမျှ ကျင့်ကြံရေးဆိုင်ရာ အရင်းအမြစ်များကို ပို၍ပို၍ စုဆောင်းမိလာကာ နောက်ဆုံးမှာတော့ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက် တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ပိုင်ဆိုင်လာတတ်ကြ၏။
သို့သော်လည်း ထျန်ဟွမ်ပြည်မကြီး၏ ထိပ်သီးအဖွဲ့အစည်းများကလွဲလျှင်.. ရွှေအမြုတေအများစုမှာ သူတို့ဘဝတစ်လျှောက်လုံးနေတာတောင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကိုပင် ပိုင်ဆိုင်နိုင်ကြခြင်း မရှိပေ။
“တာအိုရောင်းရင်း.. လူကြီးမင်းမို...”
ကုန်သည်က ရယ်သွမ်းသွေးပြီး ပြောလိုက်၏။
“လူကြီးမင်းက အတော်ဆုံး နတ်ပန်းပဲဆရာဆိုတော့.. ကျုပ်လိုအဆင့်မျိုးနဲ့ တုပြီး ဗွေမယူပါနဲ့နော်.. ကျုပ် ခုဏက လျှောက်ပြီး ပေါက်တတ်ကရတွေ ပြောမိနေတာ.. အဲ့ဒါကို အတည်မယူလိုက်ပါနဲ့နော်”
ကုန်သည်က ရွှေအမြုတေအဆင့်တစ်ယောက် ဖြစ်သော်လည်း.. ဆူဇီမိုက သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်သည့်အခါ.. သူတို့၏ အဆင့်ကွာခြားမှုက ပြောင်းပြန်ဖြစ်သွား၏။
“ရော့ယူလိုက်”
သူ၏ မီးဆေးခြင်းနည်းစနစ်မှာ ခုခံနေသော အဖုအထစ်တစ်ခုကို ဖြေရှင်းနိုင်လိုက်ပြီးနောက်.. ဆူဇီမို၏စိတ်သည် ကောင်းမွန်သောအခြေအနေမှာ ရှိနေကာ.. သူ့ရှေ့မှ ဤလူနှင့် ကပ်သတ်မနေလိုတော့ပေ။
“လူကြီးမင်းမို.. ဒီနေ့ကစပြီး ဒီအိမ်တော်က ခင်ဗျားအပိုင်ဗျာ.. စိတ်ရှိတိုင်း ကြိုက်သလောက်သာ နေလေတော့” ကုန်သည်သည် အပြုံးပန်းများ ဝေဖြာကာ ထိပ်တန်းအဆင့်ဓါးပျံကို လှမ်းယူလိုက်၏။
သူ့အိမ်တော်ကို ရောင်းချလျှင် အများဆုံး သာလွန်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းလောက်သာ ရနိုင်လေသည်။
ဘယ်လိုပဲတွက်တွက် ဤလဲလှယ်ပေးချေမှုက သူ့အတွက် များစွာမြတ်စွန်းလေသည်။
တက်ကြွသောစိတ်ဓါတ်နှင့် ကုန်သည်သည် မိုစိတ်ဝိညာဉ်ပန်းပဲရုံကနေ ထွက်လာခဲ့၏။
ထိုနေ့မှစ၍ ကမ္ဘာတုန်လောက်သည့် သတင်းတစ်ခုက မြို့တော်ထဲတွင် လျှင်မြန်စွာ ပြန့်နှံ့သွား၏။
ထို့နေ့မှစ၍ မိုစိတ်ဝိညာဉ်ပန်းပဲရုံသည် သာလွန်အဆင့်လက်နက်များ အပ်နှံမှာယူမှုကို လက်မခံတော့ပေ။ ထို့အစား ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များ၏ အမှာကိုသာ လက်ခံသွန်းလုပ်ပေးလေတော့သည်။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်များကို စိတ်တိုင်းကျမှာယူနိုင်သည်ဆိုတာက ဘယ်လိုအဓိပ္ပါယ်ရပါသလဲ။
ဆိုလိုသည်မှာ မိုစိတ်ဝိညာဉ်ပန်းပဲရုံက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို အချိန်မရွေးသွန်းလုပ်နိုင်သည်ဟု အလွန်တရာ ယုံကြည်မှုရှိခြင်းပင်။
သမိုင်းတစ်လျှောက်တွင်.. ဤကဲ့သို့ ကြေညာမောင်းခတ်ရဲသော နတ်ပန်းပဲဆရာ တစ်ယောက်မျှ မရှိခဲ့ဖူးပေ။
တစ်ကယ်တော့ မိုစိတ်ဝိညာဉ်ပန်းပဲရုံ၌ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို အပ်နှံမှာယူရာတွင် လိုက်နာရသည့် စည်းမျဉ်းစည်းကမ်းများကလည်း အရင်စည်းကမ်းများနှင့် အလွန်ကွဲပြားခြားနားလေသည်။
ပထမတစ်ချက်အနေနှင့် မိုစိတ်ဝိညာဉ်ပန်းပဲရုံသည် တစ်လမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက် တစ်လက်ကိုသာ လက်ခံသွန်းလုပ်ပေးလေသည်။
ထိုအချိန်ကလွဲရင် ပန်းပဲရုံက ပိတ်ထားမည် ဖြစ်လေသည်။
ဒုတိယတစ်ချက်ကတော့.. လတစ်လ၏ အစ၌ မိုစိတ်ဝိညာဉ်ပန်းပဲရုံက လေလံပွဲတစ်ခု ကျင်းပပေးမည်ဖြစ်ပြီး.. လေလံစျေးအများဆုံး ပေးနိုင်သူက ထိုလအတွက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို စိတ်တိုင်းကျမှာယူနိုင်မည် ဖြစ်လေသည်။
တတိယတစ်ချက်ကတော့.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက် မှာယူသူများသည် ပါဝင်ပစ္စည်းအစုံ သုံးဆယ်စာ ပြင်ဆင်ပေးရပေမည်။
ထိုသတင်းက ပျံ့နှံ့သွားသောအခါ.. မြို့တော်တွင်း၌ ချက်ချင်းပင် အုန်းအုန်းကျတ်ကျတ် ဖြစ်ကုန်၏။
များစွာသော ရွှေအမြုတေအဆင့်ပညာရှင်များသည် တံခါးပိတ်ကျင့်ကြံနေရာမှ တစ်ယောက်ပြီးပေါ်ထွက်လာကြကာ.. မိုစိတ်ဝိညာဉ်ပန်းပဲရုံသို့ ဦးတည်ကုန်ကြ၏။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ဆိုသည်မှာ ရွှေအမြုတေအဆင့်များအားလုံး၏ အိပ်မက်ဖြစ်လေသည်။ ၎င်းက ငွေရှိတိုင်းလည်း စျေးကွက်ထဲမှာ ဝယ်လို့ရသောအရာမျိုး မဟုတ်ပေ။
ဆူဇီမို၏ စွမ်းဆောင်ရည်အရ.. သူသည် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု ဖန်တီးဖို့အတွက် နေ့လည်ခင်းတစ်ချိန်နှင့် ပစ္စည်းတစ်စုံစာသာ လိုအပ်လေသည်။
ဤသို့ဖြင့် သူသည် တစ်လတွင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ပေါင်း ၃၀ကို ဖန်တီးနိုင်ခဲ့လေသည်။
ထိုပမာဏက တစ်ကယ့်ကြောက်ခမန်းလိလိ ဖြစ်လေသည်။
ထိုလက်နက်များအားလုံးကိုသာ စျေးကွက်ထဲတင်ရောင်းလိုက်လျှင်.. အကုန်အုတ်အော်သောင်းနင်းတွေဖြစ်ပြီး ပြဿနာများစွာ ပေါ်လာပေတော့မည်။ ရလဒ်တစ်ခုအနေနှင့် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များ၏ တန်ဖိုးက သိသိသာသာ လျော့ကျလာပေလိမ့်မည်။
ထို့ကြောင့်ပင် ဆူဇီမိုသည် နောက်ထပ်နည်းလမ်းတစ်ခုကို တွေးတောလိုက်၏။
အပြင်လူတွေအမြင်မှာတော့.. သူသည် တစ်လမှာ ထိပ်တန်းအဆင့်လက်နက်တစ်ခုကိုသာ သွန်းလုပ်လေသည်။
သို့သော် တစ်ကယ်တမ်းမှာတော့ ဆူဇီမိုသည် နေ့တိုင်း ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု အမြဲသွန်းလုပ်နေပြီး.. သူ၏ လက်နက်သွန်းလုပ်ခြင်းအတတ်ကို လေ့ကျင့်မြှင့်တင်နေ၏။
. . .
ထိုညက ခရီးပန်းလာပုံရသော ရွှေအမြုတေအဆင့်နှစ်ယောက်သည် အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံသို့ ရောက်ချလာ၏။
ထိုရွှေအမြုတေအဆင့်နှစ်ယောက်စလုံးသည် မုတ်ဆိတ်ဖြူဆံပင်ဖြူနှင့်် မျက်နှာပေါ်တွင်လည်း အရေးအကြောင်း အတွန့်အတွမျာက ပေါ်နေ၏။ သူတို့၏ မျက်လုံးများက မှိုင်းထိုင်းနေပြီး သက်ကြီးအော်ရာထွက်ပေါ်နေ၏။
“မင်းဟန်၊ လျန့်ချိုး.. လာပါလာပါ ရောင်းရင်းတို့”
အကြီးအကဲကျန်းက ရှေ့ထွက်လာပြီး လျှင်မြန်စွာ ခရီးဦးကြိုပြု၍ သူတို့နှစ်ယောက်ကို အနောက်ဘက်ခန်းမထဲသို့ ခေါ်ဆောင်သွား၏။
“အကြီးအကဲကျန်း ကျုပ်တို့မတွေ့ရတာဖြင့် အတော်တောင် ကြာခဲ့ပါရော့လား.. ခင်ဗျားအဆင်ပြေရဲ့ မဟုတ်လား” မင်းဟန်က လက်သီးဆုပ်လေးစားဟန်ပြ၍ ပြန်လှန်နှုတ်ဆက်လိုက်၏။
“အားရာ”
အကြီးအကဲကျန်းက ခေါင်းခါ၍ သက်ပြင်းရှည်ကြီးချလိုက်၏။
လျန့်ချိုးက ပြောလိုက်၏။
“ဘာမှပူမနေပါနဲ့တော့ အကြီးအကဲကျန်းရယ်.. ကျုပ်တို့ရောက်လာရတာလဲ ဂိုဏ်းအတွက် ဒီကိစ္စကို ဖြေရှင်းဖို့အတွက်ပဲမလား.. ခင်ဗျားစိတ်ချလက်ချသာ နေလိုက်ပါတော့ဗျာ”
“ဒါပေါ့.. ကျုပ်တို့နှစ်ယောက်စလုံးက သက်တမ်းသိပ်မကျန်တော့ဘူး.. ဒီအတိုင်းအိုပြီး သေသွားရမှာထက်စာရင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေအတွက် နောက်ဆုံးအကြိမ်တိုက်ခိုက်ပေးရင်း အသက်ပေးချင်တယ်ဗျာ” မင်းဟန်၏ မျက်လုံးထဲတွင် ရက်စက်တော့မည့် အလင်းရိပ်က တောက်ပလာ၏။
ပြီးခဲ့သည့်တစ်နှစ်ခွဲကာလအတွင်း အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံက အတော်ကလေး အောင့်အည်းသည်းခံခဲ့ရ၏။
သို့သော်လည်း မိုစိတ်ဝိညာဉ်ပန်းပဲရုံက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို စိတ်တိုင်းကျလက်ခံသွန်းလုပ်ပေးနေသည်ဟူသော သတင်းထွက်ပေါ်လာချိန်တွင်တော့.. အကြီးအကဲကျန်းသည် ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပေ။
မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ လွှမ်းမိုးနိုင်စွမ်းက ကြီးမားသထက်ကြီးမားလာနေ၏။
ဒီအတိုင်းသာ ဆက်လက်ကြီးမားခွင့် ပေးထားလိုက်လျှင်.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံ၏ လုပ်ငန်းများအပေါ် ကြီးမားစွာ အကျိုးသက်ရောက်လာပေတော့မည်။ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ ဂုဏ်သိက္ခာတောင်မှ ကြီးမားစွာ ကျဆင်းလာနိုင်၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက ထိုပြဿနာကို ဖြေရှင်းရန်အတွက် မြို့တော်ထဲသို့ ရွှေအမြုတေအဆင့်နှစ်ယောက်ကို စေလွှတ်ပေးခဲ့၏။
သူတို့နှစ်ယောက်ကား.. လျန့်ချိုးနှင့် မင်းဟန်ပင် ဖြစ်လေသည်။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ ရည်ရွယ်ချက်ကတော့ ရှင်း၏။ အသက်ချင်းဖလှယ်ဖို့ပင် ဖြစ်လေသည်။
မဟာကျိုးမြို့တော်ထဲ၌ မဟာအစောင့်အရှောက်သုံးဖွဲ့ရှိ၏- သွေးနီလင်းတ၊ အဇူရာလင်းယုန်နှင့် သိမ်းဖြူတို့ ဖြစ်လေသည်။ ထိုအဖွဲ့သုံးဖွဲ့၏ ခေါင်းဆောင်တပ်မှူးများအားလုံးက ရွှေအမြုတေအဆင့်ပညာရှင်များ ဖြစ်ကြလေသည်။
ထိုအဖွဲ့သုံးဖွဲ့က မြို့တော်ထဲတွင် နေ့နေ့ညည လှည့်ပတ်သွားလာ၍ တင်းတင်းကျပ်ကျပ် ကင်းလှည့်စောင့်ကြပ်နေကြ၏။
မူမမှန်လှုပ်ရှားမှု တစ်စုံတစ်ရာ ပေါ်လာသည်နှင့် မဟာအစောင့်အရှောက်များက ချက်ချင်းရောက်လာပေမည်။
အစောင့်အရှောက်များ ရောက်မလာနိုင်ခင်စပ်ကြားကာလမှာ လျန့်ချိုးနှင့် မင်းဟန်တို့က မိုလင်းကို သတ်ဖြတ်ဖို့ ကြိုးစားရပေမည်။
အစောင့်များရောက်လာသည်နှင့် သူတို့သည်လည်း သေပြီပင်။ အဲ့ဒါက ပြန်လမ်းမရှိသော သတ်ဖြတ်လုပ်ကြံကြိုးပမ်းမှုဖြစ်လေသည်။ အသက်ချင်း အလဲအထပ် ပြုလုပ်ရခြင်းဖြစ်၏။
တစ်ကယ်တော့ လျန့်ချိုးနှင့် မင်းဟန်တို့သည် သူတို့ဘဝ၏ နေဝင်ခါနီးအချိန်ကို ရောက်နေခြင်း မဟုတ်လျှင် ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။