အသက်ဆယ်ရှိုက်စာ
Vol. 18 Ch. 262
အခန်း ၂၆၂ - အသက်ဆယ်ရှိုက်စာ
မိုစိတ်ဝိညာဉ်ပန်းပဲရုံ...
ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်၍ အင်္ဂါသန့်စင်ခြင်းအပိုင်းမှ ဝင်လေထွက်လေရှူရှိုက်ခြင်းနည်းလမ်းကို အသုံးချကာ သူ့ခန္ဓာကိုယ်ထဲရှိ နဂါးဥအဆီအနှစ်စွမ်းအင်များကို သန့်စင်စုပ်ယူနေ၏။
ဝင်သက်ထွက်သက်တစ်ချက်စီတိုင်း၌ ဆူဇီမို၏ နှာခေါင်းပေါက်ထဲမှ ပြင်းထန်သောသားရဲချီများသည် ထွက်လာပြီး.. အခန်းထဲတွင် စိမ့်ဝင်ပျံ့နှံ့နေ၏။
ညကနက်လာပြီဖြစ်ပြီး.. နန်းကြည်က သူမအခန်းထဲမှာ အိပ်ပျော်သွားပြီဖြစ်ကာ ဆူဇီမို၏ဘေးတွင် ညဝိညာဉ်သာလျှင် ရှိတော့၏။
ရုတ်တရတ်..
ဆူဇီမိုသည် ကျင့်ကြံနေရာမှ နိုးထလာကာ သူ့မျက်လုံးကို ဖွင့်လိုက်၏။ ညအမှောင်ထဲတွင် အေးစက်သော အလင်းနှစ်စက်က ဖျတ်ကနဲလက်သွား၏။
သူသည် ရင်တလျှပ်လျှပ်ခံစားချက်ကို ပြင်းထန်စွာ ရရှိနေ၏။
တစ်ချိန်တည်းမှာပင် ညဝိညာဉ်ကလည်း တစ်ခုခုကို အာရုံခံမိလိုက်ကာ ထရပ်လိုက်၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ခြံဝန်းထဲမှာက ထူးခြားမှုတစ်စုံတစ်ရာ ဘာမျှမရှိဟု ထင်ရ၏။
သူ၏ အာရုံခံသတိစိတ်ကြောင့်သာ မဟုတ်လျှင်.. ထိုအန္တရာယ်က သူနှင့်အရမ်းနီးကပ်လာတာတောင် သူသတိထားမိမည် မဟုတ်ပေ။
တစ်ယောက်ယောက်သည် အုတ်တံတိုင်းကိုကျောက်၍ ခြံဝန်းထဲသို့ ဆင်းသက်ကာ.. ဆူဇီမို၏ အမြင်နှင့်အကြားအာရုံကနေ ပုန်းကွယ်နေ၏။ ထိုမျှသေသပ်ပိရိတိတ်ဆိတ်နေသည်ကပင် တစ်ဖက်အဖွဲ့၏ ခွန်အားက ပေါ့ပေါ့တန်တန်မဟုတ်ကြောင်း သက်သေပင်။
ကျိရွှေမြစ်က တဝေါဝေါဖြင့် စီးဆင်းနေဆဲဖြစ်၏။
အားလုံးက ပုံမှန်အတိုင်းဟု ထင်ရသော်လည်း.. စီးဆင်းနေသောရေသံများကြားတွင် မူမမှန်မှုတစွန်းတစရှိနေသည်ကို ဆူဇီမို ဝိုးတဝါး ခံစားမိနေ၏။
သူတို့၏ အရှေ့ရော၊ အနောက်ရောမှ ကျူးကျော်ဝင်ရောက်လာသူများက ရှိနေလေပြီ။
ဆူဇီမိုထင်တာ မမှားဘူးဆိုလျှင်.. ရောက်လာသူများက ရွှေအမြုတေအဆင့်များ ဖြစ်ရပေမည်။
. . .
လျန့်ချိုးနှင့် မင်းဟန်တို့သည် နမော်နမဲ့ မလုပ်ရဲဘဲ.. အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံမှာကတည်းက သူတို့သည် အစီအစဉ်ကောင်းကောင်း ချလာခဲ့၏။
မတော်တဆ မှားယွင်းမှု တစ်စုံတစ်ရာ မရှိစေရန်.. သူတို့နှစ်ယောက်သည် လူခွဲ၍ ဝင်လာခဲ့ကြ၏။
သူတို့ထဲမှတစ်ယောက်က အုတ်တံတိုင်းကို ကျော်တက်လာခဲ့ပြီး.. အခြားတစ်ယောက်ကတော့ ကျိရွှေမြစ်ရေစီးကြောင်းအတိုင်း အလိုက်သင့် မျောပါဝင်ရောက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဘဝနေဝင်ခါနီးအချိန်သို့ ရောက်နေပြီဖြစ်သော ရွှေအမြုတေအဆင့်နှစ်ယောက်သည် အိမ်တော်ထဲသို့ ဝင်ရောက်လာကာ ဆူဇီမို၏ အခန်းရှိရာသို့ ဦးတည်လိုက်၏။
အခုအချိန်ထိ သူတို့နှစ်ယောက်သည် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ မသုံးရသေးပေ။
သူတို့စတင်အသုံးပြုလိုက်သည်နှင့်၊ အထူးသဖြင့် တိုက်ခိုက်မှုစတင်လိုက်သည်နှင့် မြို့စောင့်စစ်သားများက သေချာပေါက် သတိထားမိသွားပေလိမ့်မည်။
မြို့စောင့်စစ်သားများ သတိထားမိသွားသည်နှင့် သူတို့အတွက် အချိန်က တစ်ခဏသာ ရတော့မည် ဖြစ်လေသည်။
ရုတ်တရတ်..
အခန်းအတွင်း၌ ခပ်ရေးရေးပုံရိပ်တစ်ခုက ပေါ်လာ၏။
“နောက်ဆုံးတော့လဲ မင်းတို့ရောက်လာပြီပေါ့လေ”
ထိုအသံကို ကြားသောအခါ.. လျန့်ချိုးနှင့် မင်းဟန်တို့၏ အမူအယာသည် ရုတ်ချည်းပြောင်းလဲသွား၏။
ထို့နောက်ချက်ချင်းပင်.. သူတို့၏ ခြေဖဝါးအောက်မှ တဖျတ်ဖျတ်တလက်လက် စူးရှသော အလင်းရောင်များက တောက်ပဝင်းလက်လာ၏။
ဝင်္ကပါလမ်းကြောင်းအလင်း!
အခန်းအပြင်ဘက် ပတ်လည်တွင် ဝင်္ကပါအစီအရင်တစ်ခုကို ခင်းကျင်းထားလေသည်။
ဝင်္ကပါအစီအရင်လမ်းကြောင်းမှ ထွက်ပေါ်လာသော အလင်းများက မီးမောင်းထိုးလိုက်သလို ကောင်းကင်ထက်သို့ ထိုးတက်သွားကာ အမှောင်ထုထဲတွင် ထင်းကနဲ ပေါ်လာ၏။
ယနေ့ညသည် အဇူရာလင်းယုန်အဖွဲ့၏ ကင်းလှည့်ရမည့် အလှည့်ဖြစ်၏။
အဇူရာလင်းယုန်အစောင့်တစ်ယောက်စီတိုင်းတွင် အဇူရာလင်းယုန်သားရဲတစ်ကောင်စီ အဖော်အဖြစ် ရှိကြလေသည်။ ထို့ကြောင့်ပင် ထိုနာမည်ကို ရထားခြင်း ဖြစ်လေသည်။
အဇူရာလင်းယုန်တစ်ကောင်စီတိုင်းသည် အခြေတည်အဆင့်စိတ်ဝိညာဉ်သားရဲများ ဖြစ်ကြပြီး.. သာမန်ထက်ထူးခြားကာ စွမ်းအားကြီးကြ၏။ သူတို့၏ တောင်ပံများကို ခွန်အားအပြည့်ဖြင့် ရိုက်ခတ်လိုက်လျှင် သူတို့၏ သွားလာသည့်နှုန်းက အလွန်တရာ မြန်ဆန်လှ၏။
အဇူရာလင်းယုန်အစောင့်များသည် လမ်းထဲ၌ ကင်းလှည့်နေတုန်း ကောင်းကင်ထက် ဖြာထွက်နေသော ဝင်္ကပါအစီအရင်အလင်းတန်းကြီးကို မြင်လိုက်ကြ၏။
“ဟေ့ အဲ့ဝင်္ကပါအလင်းကိုကြည့်စမ်း.. အဲ့ဒါ အဆင့်၂ ဝင်္ကပါဖြစ်ရမယ်”
“အင်း.. ဒါပေမယ့်လို့.. ဝင်္ကပါအလင်းတွေက ယှက်ဖြာနေပုံထောက်ရင်.. ဝင်္ကပါတွေကို နှစ်ခုသုံးခု ဒါမှမဟုတ် အဲ့ထက်များများ ရောပြီးခင်းကျင်းထားတာ ဖြစ်ရမယ်”
အဇူရာအစောင့်များသည် ဆွေးနွေးပြောကြားရင်း ဝင်္ကပါအလင်းထွက်ပေါ်လာရာ နေရာသို့ ပြေးသွားလိုက်ကြ၏။
“အဲ့ဒါ ဘယ်နေရာကနေ လာတာလဲ”
“အာ.. အဲ့နေရာက.. မိုစိတ်ဝိညာဉ်ပန်းပဲရုံကထင်တယ်”
“အို. မဖြစ်ဘူး.. ဆရာမိုတော့ ဒုက္ခရောက်နေပြီထင်တယ်”
အဇူရာလင်းယုန်အစောင့်များသည် ရှေ့သို့ သွားနေရင်းနှင့် သူတို့၏ အမူအယာများက ပြောင်းလဲသွားရ၏။ သူတို့ထဲမှ တစ်ယောက်ကဆိုလျှင် သူ့သိုလှောင်အိတ်ထဲမှ အစိမ်းရောင်တံဆိပ်ပြားတစ်ခုကို ဆွဲထုတ်ကာ လေထဲသို့ မြှောက်တင်လိုက်၏။
ကောင်းကင်ထက် အမြင့်တစ်နေရာသို့ ရောက်ရှိပြီးနောက် တံဆိပ်ပြားက အသံတိတ်ပေါက်ကွဲသွားကာ.. ဧရာမအဇူရာလင်းယုန်ပုံသဏ္ဌာန်ဖြစ်ပေါ်လာ၏။
အဇူရာလင်းယုန်တံဆိပ်ပြား!
အလွန်တရာ အရေးကြီးသော ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာမှသာလျှင် အဇူရာလင်းယုန်တံဆိပ်ပြားကို ထုတ်သုံးရလေသည်။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း.. မြို့တော်ထဲ၌ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးနှင့် နာမည်အကြီးဆုံးပုဂ္ဂိုလ်မှာ မိုစိတ်ဝိညာဉ်ပန်းပဲရုံပိုင်ရှင် နတ်ပန်းပဲဆရာမိုလင်းပင် ဖြစ်လေသည်။
ယခု သူတို့အချင်းချင်း ဆွေးနွေးပြောကြားရာတွင်တောင် သူတို့၏ ပါးစပ်ဖျားတွင် ဆရာမိုဟု တလေးတစား ရည်ညွှန်းခေါ်ဆိုကြ၏။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို စိတ်တိုင်းကျ သွန်းလုပ်ပေးနိုင်သည်ဟူသော တစ်ချက်နှင့်ပင်.. သူ့ကို မဟာကျိုးအင်ပါယာ၏ နံပါတ်တစ်နတ်ပန်းပဲဆရာဟု ခေါ်ဆိုနိုင်လေသည်။
မြို့ထဲရှိ အစောပိုင်းရွှေအမြုတေအဆင့်ဖြစ်စေ၊ နောက်ပိုင်းရွှေအမြုတေအဆင့်ဖြစ်စေ.. ဆရာမိုနှင့် တွေ့ဆိုခွင့်ရရှိခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်လေသည်။
တစ်ချိန်တည်းနီးပါးမှာပင်.. အစိမ်းရောင်ပုံရိပ်တစ်ခုသည် လေထဲသို့ ခုန်တက်ကာ မိုစိတ်ဝိညာဉ်ပန်းပဲရုံရှိရာသို့ လျှပ်စီးလို အမြန်နှုန်းဖြင့် ပြေးချသွား၏။
. . .
ဝင်္ကပါအလင်းများ တောက်ပလင်းလက်လာသည့်အချိန်မှာပင်.. မင်းဟန်နှင့် လျန့်ချိုးတို့သည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားကြ၏။
၎င်းက အဆင့်၂ ဝင်္ကပါတစ်ခုသာလျှင်ဖြစ်ပြီး.. သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့နှစ်ယောက်သည် မိုလင်းကို မမြင်တွေ့ရသေးခင်မှာပင်.. မြို့စောင့်စစ်သားများကို သတိထားမိစေသွားပြီဖြစ်လေသည်။ အဲ့ဒါက သူတို့သည် အစမှာကတည်းက တစ်ပန်းနိမ့်နေပြီဟု ဆိုလိုလေသည်။
အသက်ဆယ်ရှိုက်စာ!
အဇူရာလင်းယုန်အစောင့်များ၏ တပ်မှူးဖြစ်သူ မူတန်ချင်းသည် သူ့ခွန်အားကုန်သုံး၍ သည်နေရာသို့ ပြေးလာမည်ဆိုလျှင် ရောက်လာဖို့အတွက် အသက်ဆယ်ရှိုက်စာသာ လိုအပ်လေသည်။
ဆိုလိုသည်မှာ လျန့်ချိုးနှင့် မင်းဟန်တို့သည် ထိုအသက်ဆယ်ရှိုက်စာအတွင်း မိုလင်းကို သတ်နိုင်ဖို့ ကြိုးပမ်းရမည်ဖြစ်လေသည်။
သို့မဟုတ်ပါက.. အသက်ဆယ်ရှိုက်စာပြီး.. အဇူရာလင်းယုန်တပ်မှူးရောက်လာသည်နှင့် သူတို့သည်လည်း သေပြီပင်။
“အသက်ဆယ်ရှိုက်စာက ဘာလို့ မလုံလောက်ရမှာလဲကွ”
လျန့်ချိုးက ဟိန်းဟောက်လိုက်ပြီး.. သူ့ဘယ်ဘက်လက်က စိတ်ဝိညာဉ်တိုက်ကွက် လက်ဟန်ချိတ်စည်းများကို ထုတ်ဖော်လိုက်၏။
သူ့ညာဘက်လက်က တုန်ခါသွားပြီး ဓါးပျံတစ်လက်က လျှစ်ကနဲ ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင်.. ဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်သုံးခုက လင်းလက်လာ၏။ ၎င်းက သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
ဝုန်း!
ဝုန်းကနဲမြည်သံနှင့်အတူ.. အဆင့်၂ဝင်္ကပါ၏ အကာအရံက ချက်ချင်းကြေမွပျက်ပြယ်သွားပြီး.. တစ်ဖက်တွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို မြင်လိုက်ရ၏။ သူက ချောမောလှပသောရုပ်ရည်ရူပကာနှင့် တည်ငြိမ်သောအမူအယာရှိကာ သူတို့ကို အေးစက်စွာ လှမ်းကြည့်နေ၏။
တစ်ချိန်တည်းမှာပင် မင်းဟန်သည် သူ့သိုလှောင်အိတ်ကို လက်နှစ်ဖက်ဖြင့် ပုတ်ခတ်၍ ဝေ့ရမ်းလိုက်သောအခါ အေးစက်စက်အလင်းတန်းနှစ်ခုက လွင့်ပျံထွက်လာ၏။
သာလွန်အဆင့်ဓါးပျံနှစ်လက်!
“သေစမ်းကွာ”
မင်းဟန်၏ ဓါးပျံနှစ်လက်က အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ထိုးဖောက်တော့မည်ကဲ့သို့ ပြေးဝင်လာ၏။ ဓါးနှစ်လက်က မရောက်ခင်မှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်က မွန်းကျပ်ဖွယ်ရာ ပုံစံနှင့် ထိုးကျသွား၏။
ယခုအခါ အသက်တစ်ရှိုက်စာက ကုန်သွားလေပြီ။
သူတို့နှစ်ယောက်သည် အခြေအနေကို ကောင်းကောင်းနားလည်ထားကြ၏။
မိုစိတ်ဝိညာဉ်ပန်းပဲရုံ၌ လူနှစ်ယောက်နှင့် တောကောင်တစ်ကောင်သာလျှင် နေထိုင်ကြ၏။ ယခုသူတို့ရှေ့ရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူက နန်းးကြည်ဟု အမည်ရသော မိန်းကလေးမဟုတ်သည်မှာ ထင်ရှားလေသည်။ ထို့ကြောင့် ထိုသူက ဘယ်သူဆိုတာ မေးနေစရာမလိုတော့ပေ။
တစ်ကယ်တမ်း ဆူဇီမိုကို တွေ့မြင်ရချိန်တွင် လျန့်ချိုးနှင့် မင်းဟန်တို့သည် မှင်တက်သွားမိကြ၏။
မဟာကျိုးအင်ပါယာ၏ နံပါတ်တစ်နတ်ပန်းပဲဆရာဟု ခေါ်ဆိုသမုတ်ကြသော ဆရာမိုက ဤမျှလောက်ထိ ငယ်ရွယ်နေလိမ့်မည်ဟု သူတို့လုံးဝ မထင်ထားမိကြပေ။
ထို့အပြင် ထိုလူငယ်က အခြေတည်အဆင့်မျှသာ ရှိသေး၏။
လျှင်မြန်စွာပင်.. လျန့်ချိုးနှင့် မင်းဟန်တို့သည် သတိပြန်ဝင်လာကြပြီး.. သူတို့၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။
သူတို့၏ အမြင်မှာတော့ ဆူဇီမိုက သေလူဖြစ်နေပြီပင်။
ရွှေအမြုတေအဆင့်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ ဆူဇီမိုသည် နောက်ပိုင်းအခြေတည်အဆင့်မှာ ရှိနေတာကို မပြောနှင့်၊ သူက မရီးဒါန်အခြေတည်အဆင့် ဖြစ်နေလျှင်တောင် အသက်ဆယ်ရှိုက်စာထက် ပိုကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
မင်းဟန်၏ ဓါးပျံနှစ်လက်က ဆူဇီမိုကို အလွန်တရာ လျှင်မြန်စွာ ထိုးစိုက်လိုက်၏။
ဆူဇီမိုက အကြောက်လွန်ပြီး အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိတော့သလို.. မရှောင်မရှား ငူငူကြီးရပ်နေ၏။
“ပြီးသွားပြီ”
လျန့်ချိုးနှင့် မင်းဟန်တို့က ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်နေရင်း.. ထိုငနဲ၏ ဦးခေါင်းကို ဓါးပျံများက ဖောက်ဝင်ပြီး သွေးများပန်းထွက်လာပုံကိုပင် ကြိုတင်မြင်ယောင်နေပြီဖြစ်၏။
ချွမ်း!
နောက်တစ်ခဏ၌ ထွက်ပေါ်လာသော အသံက သူတို့၏ အမူအယာကို ပြောင်းလဲသွားစေ၏။
ဓါးပျံက ဆူဇီမိုကို ဖောက်မသွားဘဲ.. နောက်ထပ်အလင်းလွှာအကာအရံတစ်ခုကို ထိခတ်မိသွား၏။
စောစောက အဆင့်၂ဝင်္ကပါအပြင် အဲ့မှာ နောက်ထပ်ဝင်္ကပါများ ရှိနေသေးလေသည်။
ဝင်္ကပါများကို အထပ်ထပ် ချိတ်ဆက်ထားခြင်းဖြစ်၏။
အသက်နှစ်ရှိုက်စာက ကုန်သွားလေပြီ။