စိတ်ဓါတ်စစ်ဆင်ရေး
Vol. 18 Ch. 265
အခန်း ၂၆၅ - စိတ်ဓါတ်စစ်ဆင်ရေး
ညဝိညာဉ်နှင့် လျန့်ချိုးတို့ နှစ်ချီတိုင် တိုက်ခိုက်နေချိန်မှစ၍ ဆူဇီမိုသည် အနားကပ်လာပြီး သတ်ဖြတ်ကွက်များစွာဖြင့် လျန့်ချိုးကို သတ်ပစ်လိုက်သည့်အချိန်အထိ.. ဖြစ်စဉ်တစ်ခုလုံးက ကြာမြင့်ခဲ့သည်ဟု ထင်ရသော်လည်း.. တစ်ကယ်တမ်းမှာတော့ အရာအားလုံးက အသက်နှစ်ရှိုက်စာသာ ကြာမြင့်ခဲ့လေသည်။
ခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်ကျသွား၏။
မင်းဟန်သည် မြေပြင်တွင် လဲကျနေသော လျန့်ချိုးကို မယုံကြည်နိုင်စွာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်နေမိ၏။
ရွှေအမြုတေအဆင့်တစ်ယောက်က အခြေတည်အဆင့်တစ်ယောက်ရဲ့ လက်ထဲမှာ တစ်ကယ်ပဲ သေခဲ့ရတာလား။
အဖြစ်အပျက်များက မြန်ဆန်လွန်းလှ၏။
မြန်ဆန်လွန်းသောကြောင့် မင်းဟန်သည် ထိုအရာကို လက်ခံဖို့ ခက်ခဲနေ၏။
မင်းဟန်ကို ပိုပြီး ဒွိဟဖြစ်စေသည့်အချက်မှာ သူ၏ ဓါးပျံက ဆူဇီမို၏ လက်ဝါးကို ဖောက်မသွားနိုင်သည့်အချက်ပင်။
ဓါးပျံက ဆူဇီမို၏ အသားကို ဆုတ်ဖြဲပစ်လိုက်သည်မှာ ရှင်း၏။ ဒါဆိုဘာလို့ အဲ့ကနေ သတ္တုချင်းထိခတ်သံလို အသံက ထွက်ပေါ်လာရတာလဲ။
ထိုအချက်ကြောင့်သာ မဟုတ်လျှင် လျန့်ချိုးသည် သေခဲ့ရလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် အင်မော်တယ်နှင့် သားရဲကျင့်စဉ်နှစ်မျိုးလုံးကို ကျင့်ကြံ၍ ညဝိညာဉ်၏ လက်သည်းများက အလွန်တရာ ထက်ရှသည်ဆိုသော်လည်း.. တစ်ကယ်တမ်း ခွန်အားအရာမှာတော့ သူတို့နှစ်ယောက်စလုံးသည် မည်သည့်ရွှေအမြုတေအ ဆင့်နှင့်မျှ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။
တခြားပတ်ဝန်းကျင်နှင့် အခြေအနေမှာ ဖြစ်ပါက.. ဆူဇီမိုနှင့် ညဝိညာဉ်တို့သည် ရွှေအမြုတေများနှင့် ရင်ဆိုင်ရလျှင် ကိုယ်လွတ်ရုန်း ထွက်ပြေးရမည်သာ ဖြစ်လေသည်။
သို့သော်လည်း.. ကျင့်ကြံသူများအကြား တိုက်ပွဲတစ်ပွဲအပေါ်တွင်.. အကျိုးသက်ရောက်မှု ရှိစေနိုင်သော အချက်များစွာ ရှိ၏။
ရွှေအမြုတေလျန့်ချိုးကို သတ်ဖြတ်ရာတွင် ညဝိညာဉ်၏ လုပ်ဆောင်ချက်က အခရာကျလေသည်။
ညဝိညာဉ်ကသာ လျန့်ချိုး၏ ကာကွယ်ရေးအဆောင်ကို ပျက်ဆီးအောင်တိုက်ခိုက်ပြီး အာရုံလွှဲထားနိုင်ခြင်း မရှိခဲ့လျှင်.. ဆူဇီမိုက လျန့်ချိုးအနားသို့ ရောက်အောင် ချဉ်းကပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
လျန့်ချိုး၏ အကြီးမားဆုံးအမှားမှာ ဆူဇီမို၏ စိတ်ဝိညာဉ်နှင့် ဆုံးဖြတ်ချက်ပြတ်သားနိုင်စွမ်းကို လျှော့တွက်ခဲ့မိခြင်း ဖြစ်လေသည်။
တစ်ကယ်တော့ သူသာလျှင်မဟုတ်၊ မင်းဟန်သည်လည်း.. ဆူဇီမိုက သူတို့ကို ပြန်လှန်တိုက်ခိုက်ရဲသည့်အပြင် သတ်ဖြတ်ဖို့ထိပါ လုပ်ရဲလိမ့်မည်ဟု မထင်ထားမိပေ။
အသက်နှစ်ရှိုက်စာအချိန်ကလေးမှာပင်.. အခြေအနေက ပြောင်းပြန်လှန်သွားပြီဖြစ်၏။
လျန့်ချိုးက လေလေပြီ။
မင်းဟန်တစ်ယောက်သာလျှင် ကျန်ရှိတော့၏။
သည့်ထက်ပိုဆိုးတာက သူ့မှာ လှုပ်ရှားဖို့အချိန်က အသက်သုံးရှိုက်စာသာ ကျန်တော့လေသည်။
ထိုအချိန်မှာပင် အသက်ဆယ့်ရှစ်နှစ်အရွယ်လောက်ရှိမည့် မိန်းကလေးတစ်ယောက်သည် အခန်းတစ်ခန်းထဲမှ ထွက်လာ၏။ သူမသည် တစ်မူထူးခြားသောအလှကို ပိုင်ဆိုင်ထားပြီး ကျော့ရှင်းသေသပ်သောဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ သူမ၏ တွန့်လိမ့်နေသော ဆံနွယ်များက သူမ၏ ကျောနောက်မှာ ကျနေ၏။
နန်းကြည်၏ရှေ့တွင် ဓါးပျံတစ်လက်က ရစ်ဝဲနေပြီး.. တဆတ်ဆတ်တုန်ကာ တောက်ပသော အလင်းရောင်ထွက်ပေါ်နေ၏။
ထိုဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်လေးခုက လင်းလက်တောက်ပနေ၏။
အဲ့ဒါက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဓါးပျံတစ်လက်ပင်!
မင်းဟန်သည် ဖျတ်ကနဲတစ်ချက်လှမ်းကြည့်လိုက်ပြီး.. သူ့နှုတ်ခမ်းက တုန်ရီလာကာ မျက်လုံးက ပြူးသွား၏။
ရွှေအမြုတေအဆင့်တစ်ယောက်အနေနှင့် သူရှင်သန်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း၄၀၀ ကျော်နေပေပြီ။ သေခါနီးအချိန်သို့ နီးကပ်လာတာတောင်မှ သူသည် ဘယ်တုန်းကမှ ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို မကိုင်ခဲ့ရပေ။
သို့သော်လည်း အစောပိုင်းအခြေတည်အဆင့်မျှသာ ရှိသေးသော အစေခံမိန်းကလေးတစ်ယောက်ဖြစ်သည့်သူမက ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို ပိုင်ဆိုင်ထား၏။
ရုတ်တရတ် မြို့တော်ထဲမှ ကောလာဟလအချို့ကို မင်းဟန်တစ်ယောက် ပြန်လည်အမှတ်ရလာ၏။ သူ့ရှေ့မှ ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူက မဟာကျိုးအင်ပါယာတစ်ခုလုံးမှာတောင် နံပါတ်တစ်နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်ပြီး.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို စိတ်တိုင်းကျသွန်းလုပ်ပေးနိုင်သည်ဟု.. ကျင့်ကြံသူအတော်များများက ဆိုကြ၏။
သည့်အရင်က မင်းဟန်သည် ထိုကောလာဟလများကို အယုံအကြည်မရှိ လှောင်ရယ်ခဲ့လေသည်။
သို့သော်လည်း ယခုအခါမှာတော့ မင်းဟန်တစ်ယောက် ထိုသည်ကို ယုံကြည်လက်ခံလိုက်ရ၏။
အစေခံတစ်ယောက်ကိုတောင် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ဓါးပျံတစ်လက် ပေးထားနိုင်သည်ဆိုတော့ အဲ့မိုလင်းမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ။
. . .
ခြံဝန်းထဲ၌ ဆူဇီမို၊ ညဝိညာဉ်နှင့် နန်းကြည်တို့သည် နေရာသုံးဘက်ကနေ ရပ်နေကြပြီး မင်းဟန်ကို ရင်ဆိုင်လိုက်ကြ၏။
ပုံမှန်အားဖြင့်တော့ အစောပိုင်းအခြေတည်အဆင့်သာ ရှိသေးသော မိန်းမငယ်လေးတစ်ယောက်က မင်းဟန်ကို ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိပေ။
သို့သော်လည်း.. ပြဿနာက ထိုမိန်းကလေး ကိုင်ဆောင်ထားသော ထိပ်တန်းအဆင့်ဓါးပျံဖြစ်၏။
ထိပ်တန်းအဆင့်ဓါးပျံတစ်လက်၏ သတ်ဖြတ်စွမ်းအားက အတော်လေး မြင့်မား၏။
လူနှစ်ယောက်နှင့် တောကောင်တစ်ကောင်တို့မှာ သီးခြားနည်းလမ်းများက ကိုယ်စီရှိနေကြ၏။ တစ်ယောက်ချင်း တွက်ကြည့်လျှင်တော့ သိပ်ပြီး အရေးလုပ်စရာ မဟုတ်သလိုပင်။
သို့သော်လည်း သူတို့သုံးဦးစလုံးမှာ သွားနောက်လို့မရသော ကိုယ်ပိုင်ဝှက်ဖဲများ ကိုယ်စီရှိနေကြ၏။
နန်းကြည်မှာက ထိပ်တန်းအဆင့်ဓါးပျံ..
ညဝိညာဉ်မှာက အလွန်ထက်ရှသော လက်သည်းများနှင့် မယုံနိုင်လောက်အောင် မာကျောကျစ်လစ်သော ခန္ဓာကိုယ်..
ဆူဇီမိုကတော့ ပိုလိုတောင် မှန်းဆလို့မရအောင် အံ့မခန်းဖြစ်နေသေး၏။
ထိုလူသည် သားရဲများလို ပေါ့ပါးဖျတ်လတ်သော အမြန်နှုန်းကို ပိုင်ဆိုင်ထားပြီး သူ၏ အနီးကပ်တိုက်ခိုက်ရည်က အလွန်တရာ ကြောက်စရာကောင်းလှ၏။ နောက်ပြီး သူသည် အန္တရာယ်အပေါ် အာရုံခံတုံ့ပြန်နိုင်စွမ်းကလည်း အရမ်းထက်လွန်းနေ၏။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း.. မင်းဟန်သည် သူ့ရင်ထဲအသည်းထဲမှ အမှန်တစ်ကယ်ပင် ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရ၏။
“အား!”
မလိုအပ်သောအတွေးများကို ဖျောက်ပစ်လိုက်ပြီး.. မင်းဟန်သည် တစ်ချက်ဟိန်းဟောက်ကာ ရုတ်တရတ် တိုက်ခိုက်လိုက်၏။
သူသည် ဆက်လက်တွေဝေနေလို့ မဖြစ်တော့ချေ။
ဆူဇီမိုကို သတ်နိုင်ဖို့အတွက် နောက်ဆုံးအကြိမ်အလောင်းအစားတစ်ခု သူပြုလုပ်ရပေမည်။
ရွှီး.. ရွှီး..
မင်းဟန်က အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သောအခါ ဓါးပျံနှစ်လက်က လွင့်ပျံထွက်လာ၏။
တစ်ချိန်တည်းမှာပင် သူသည် ဘယ်ဘက်လက်ဖြင့် ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်ပြီး.. ဧရာမမီးစက်ဝိုင်းကြီးတစ်ခုကို စုဖွဲ့ကာ ညဝိညာဉ်အပေါ်သို့ ပစ်ချလိုက်၏။
မင်းဟန်သည် သုံးယောက်တစ်ယောက် တိုက်ခိုက်ရမည်ဖြစ်သောကြောင့် ရန်သူတစ်ယောက်ချင်းစီအတွက် ဗျူဟာတစ်မျိုးစီ သူထုတ်သုံးရပေမည်။
ညဝိညာဉ်က ဘယ်လောက်လျှင်မြန်ကြောင်း သူမြင်တွေ့ထားပြီးဖြစ်၏။ သူ့ဓါးကွက်များက လုံလောက်အောင် နက်နဲဆန်းကြယ်အဆင့်မြင့်ခြင်း မရှိဘဲနှင့် ညဝိညာဉ်ကို ဓါးပျံများသုံး၍ တားဆီးဖို့ မဖြစ်နိုင်ကြောင်း သူနားလည်ထားလေသည်။
ထို့ကြောင့် သက်ရောက်မှုဧရိယာကျယ်ပြန့်သော စိတ်ဝိညာဉ်တိုက်ကွက်ကို သူထုတ်သုံးလိုက်၏။
ထိုစိတ်ဝိညာဉ်တိုက်ကွက်၏ ရည်ရွယ်ချက်မှာ ညဝိညာဉ်၏ အမြန်နှုန်းကို လျှော့ချ၍ ခဏမျှ ထိန်းထားဖို့သာ ဖြစ်လေသည်။
အလွန်တရာလျှင်မြန်လှသော ဓါးပျံနှစ်လက်ကတော့.. တစ်လက်က နန်းကြည်ကို ပစ်မှတ်ထားပြီး၊ နောက်တစ်လက်ကတော့ ဆူဇီမိုကို ချိန်ရွယ်လေသည်။
ဆူဇီမို၏ မျက်လုံးက ဖျတ်ကနဲ လက်သွား၏။ မင်းဟန်က သူ့ဓါးနှစ်လက်ကို ထုတ်လိုက်ချိန်မှာပင်.. ဆူဇီကလည်း မြေပြင်မှာဝပ်ချ၍ ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားကာ မင်းဟန်၏ ရှေ့သို့ မျက်တစ်မှိတ်အတွင်း ရောက်ချလာ၏။
ဆူဇီမိုသည် ကျုံးထရင်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူက မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်အနေအထားနှင့် အသီးတစ်လုံးကို ဆုပ်ကိုင်ထားသလို လက်နှစ်ဖက်ကို ရှေ့ထုတ်လိုက်၏။
“မင်းကတော့ လှည့်ကွက်မိသွားပြီ”
မင်းဟန်၏ မျက်လုံးက အရောင်လက်သွားပြီး မကောင်းဆိုးဝါးဆန်ဆန် လှောင်ရယ်လိုက်၏။ သူ့ရွှေအမြုတေကို လှည့်ပတ်ပြီး.. လက်ဟန်ချိတ်စည်းများကို လှုပ်ရှားပုံဖော်လိုက်သောအခါ လှံတံရှည်နှစ်ချောင်းက ဖြစ်ပေါ်လာပြီး ဆူဇီမိုထံသို့ ရက်ရက်စက်စက် တိုးဝင်လာ၏။
သူသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်၏။
ရွှေအမြုတေတစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုသည် ဆူဇီမိုအနေနှင့် ထိပ်တိုက်ရင်မဆိုင်နိုင်သောအရာ ဖြစ်လေသည်။
လျန့်ချိုးသေဆုံးသွားပြီးနောက်.. သူ့အနေနှင့် ဆူဇီမိုကို အားကုန်တိုက်ခိုက်လျှင်တောင် ထိုငနဲက တစ်နည်းနည်းဖြင့် ရှောင်ရှားနိုင်နေသမျှ.. အသက်သုံးရှိုက်စာအတွင်း ဆူဇီမိုကို သတ်ဖြတ်နိုင်ဖို့ ခဲယဉ်းကြောင်း မင်းဟန်နားလည်သဘောပေါက်ထားလေသည်။
ထို့ကြောင့် မင်းဟန်သည် ညဝိညာဉ်ကို အရင်ထိန်းထားလိုက်ပြီးမှ ဆူဇီမိုနှင့် နန်းကြည်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။
သူ့ပစ်လွှတ်လိုက်သော ဓါးပျံက ဆူဇီမိုကို မခြိမ်းခြောက်နိုင်ပေ။ သို့သော်လည်း နန်းကြည်ကိုတော့ သတ်ဖြတ်ပစ်နိုင်၏။
ဆူဇီမိုလို အာရုံခံသတိစိတ်မရှိသော အခြေတည်အဆင့်တစ်ယောက်က ရွှေအမြုတေတစ်ယောက်၏ ဓါးပျံကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆူဇီမိုသည် နန်းကြည်ကို ကယ်ချင်သည်ဆိုလျှင် မင်းဟန်ကို သူ့အစွမ်းရှိသမျှနှင့် တိုက်ခိုက်ရပေမည်။
အဲ့ဒါသည် စောစောက လျန့််ချိုးကို ဆူဇီမိုသတ်လိုက်ပုံနှင့် အတူတူပင်။
မတူတာကတော့ အဲ့တုန်းက လျန့်ချိုးသည် ဘာမျှ ပြင်ဆင်မထားခဲ့ပေ။
သို့သော်လည်း မင်းဟန်ကတော့ အပြည့်အဝကြိုတင်ပြင်ဆင်ထား၏။
ဓါးပျံက နန်းကြည်ဆီကို မရောက်ခင်မှာပင်.. မင်းဟန်က သူ့ထိန်းချုပ်မှုကို ဖြတ်တောက်လိုက်သောကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
နန်းကြည်ကို တိုက်ခိုက်မှုက ဆူဇီမိုရှေ့တက်လာဖို့ ဟန်ပြသက်သက်သာ ဖြစ်လေသည်။
အစကတည်းက မင်းဟန်သည် ဆူဇီမိုအပေါ်တွင်သာ သူ့အာရုံကို အပြည့်အဝစူးစိုက်ထား၏။
ဆူဇီမိုက မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက်.. မင်းဟန်ကတော့ မတ်တပ်ရပ်လျက်နှင့် ဆူဇီမိုကို ငုံ့ကြည့်နေ၏။ သူတို့နှစ်ယောက်သည် လွန်စွာနီးကပ်နေပြီဖြစ်ပြီး ထိပ်တိုက်ဆိုင်မိတော့မည်ပင်။
ဆူဇီမို၏ အဆုံးသတ်က ကြိုတင်ပြဋ္ဌာန်းပြီးသွားသလိုပင်။
ရုတ်တရတ် ဆူဇီမိ၏ မျက်လုံးထဲမှ လှောင်ပြောင်သရော်လိုရိပ်ကို မင်းဟန်တွေ့လိုက်ရ၏။
“သတ်!”
နောက်တစ်ခဏ၌ ဆူဇီမိုသည် သူ့ပါးစပ်ကို ဖွင့်ထုတ်၍ ဝမ်းခေါင်းသံဖြင့် နားကွဲမတတ်အော်ဟစ်လိုက်၏။
ကြီးမားသည့် လေစီးကြောင်းတစ်ခုက မြားတစ်စင်းကဲ့သို့ ပစ်ထွက်လာ၏။
မင်းဟန် အငိုက်မိသွား၏။ သူ့ခန္ဓာကိုယ်က တုန်ခါ၍ အနည်းငယ်ကလေး ငိုင်သွား၏။ သူ့လက်နှစ်ဖက်က ခဏမျှ ရပ်တန့်သွားပြီးမှ ဆက်လက်ကျဆင်းလာ၏။
မင်းဟန် ခဏမျှ ငိုင်သွားသည့် အချိန်ကလေးမှာပင် ဆူဇီမိုက မြေပြင်ကို ခြေနှစ်ဖက်ဖြင့် ကန်ကျောက်၍ နောက်သို့ ခုန်ဆုတ်လိုက်ပြီဖြစ်၏။
ဖြစ်စဉ်တစ်ခုလုံးက နည်းနည်းလေးမျှ အဖုအထစ်မရှိဘဲ ရေပြင်ကဲ့သို့ ချောမွတ်နေ၏။
ဆူဇီမိုသည် ရှေ့သို့ ပြေးဝင်လာပြီး နောက်သို့ခုန်ဆုတ်လိုက်သည့်အကြား နည်းနည်းလေးမျှ ကြန့်ကြာမှု မရှိခဲ့ပေ။
မင်းဟန်၏ ပထမတိုက်ခိုက်မှုက ဟန်ပြသာဖြစ်၏။
သို့သော် ဆူဇီမို၏ မျှော်လင့်ချက်မျောက်ဝံသစ်သီးကမ်းလှမ်းခြင်းအကွက်ကလည်းပဲ ဟန်ပြသာ ဖြစ်လေသည်။
တစ်ကယ်တမ်း လှည့်စားခံရသူမှာ ဆူဇီမိုမဟုတ်၊ မင်းဟန်သာ ဖြစ်လေသည်။
မင်းဟန်က သူ့ကို သတ်ဖြတ်ဖို့အတွက် လှည့်စားခေါ်ထုတ်ခြင်းကို ဆူဇီမိုသိသော်လည်း.. သူသည် နန်းကြည်ကိုလည်း လျစ်လျူမရှုထားနိုင်ပေ။ ထို့ကြောင့် သူသည် ဤရှေ့တိုးနောက်ဆုတ်အကွက်ကို သုံးလိုက်ရခြင်းဖြစ်၏။
သူတို့၏ သေရေးရှင်ရေးကြားထဲက စိတ်ဓါတ်စစ်ဆင်ရေးတွင်.. နောက်ဆုံးအနိုင်ရရှိသူမှာ ဆူဇီမိုသာ ဖြစ်နေဆဲဖြစ်၏။