← Chapters

မုတ်ဆိတ်နှင့်လူ

Vol. 18 Ch. 266

မုတ်ဆိတ်နှင့်လူ

Vol. 18 Ch. 266

အခန်း ၂၆၆ - မုတ်ဆိတ်နှင့်လူ

ဝုန်း!

နားကွဲမတတ်အသံကြီးက ထွက်ပေါ်လာ၏။

မင်းဟန်၏ စိတ်ဝိညာဉ်လှံရှည်နှစ်ချောင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး.. ကျောက်သားများကို အက်ကွဲစေ၍ သဲများကျောက်စရစ်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်လာ၏။

သူလွဲ‌ချော်သွားလေပြီ။

သူ့လက်ချက်ဖြင့် ဖြစ်ပေါ်လာသော မြေပြင်ရှိ တွင်းချိုင့်ကြီးကို ကြည့်ပြီး မင်းဟန်သည် မှင်တက်သွား၏။

သူရှုံးသွားလေပြီ။

မင်းဟန်၏ အကြည့်က အရောင်မှိန်ကျသွား၏။

သူ့မှာ အသက်နှစ်ရှိုက်စာသာ အချိန်ကျန်ရှိတော့၏။ မင်းဟန်မှာ ဆက်လက်တိုက်ခိုက်ဖို့ ခွန်အားကျန်ရှိနေသေးသော်လည်း.. သူသည် ကူကယ်ရာမဲ့စွာ နက်နက်ရှိုင်းရှိုင်းခံစားနေရ၏။

ထိုအသက်နှစ်ရှိုက်စာအချိန်နှင့် ဆူဇီမိုကို သတ်ဖြတ်နိုင်လိမ့်မဟုတ်ကြောင်း သူသိထားလေသည်။

အဲ့လိုမှ မဟုတ်လျှင်....

မင်းဟန်သည် ခေါင်းငုံ့ထားရင်း သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အလင်းက တောက်ပလာသော်လည်း လျှင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွား၏။

ဆူဇီမို၊ နန်းကြည်နှင့် ညဝိညာဉ်တို့၏ အမြင်တွင် မင်းဟန်သည် မျှော်လင့်ချက်ပျက်သုန်း စိတ်နုလုံးကွဲကြေ၍ အသိစိတ်လွတ်ကာ ငိုင်နေသလိုပင်။

အဲ့ဒါက ရှားရှားပါးပါး အခွင့်အရေးပင်။

ညဝိညာဉ်က အခွင့်အရေးကို အသုံးချ၍ မင်းဟန်ကို ခုန်အုပ်ပြီး အသေကိုက်သတ်ဖို့ ဟန်ပြင်လိုက်စဉ်.. ဆူဇီမို၏ အကြည့်ကြောင့် ရုတ်တရတ် ရပ်တန့်လိုက်၏။

ဆူဇီမို၏ သတိပေးမှု အကြည့်က အကြောင်းမဲ့သက်သက် မဟုတ်ကြောင်း သူနားလည်လေသည်။

မလှမ်းမကမ်းတွင် အဝတ်စလေတိုးသံက ရှင်းလင်းစွာ ထွက်ပေါ်လာ၏။

ရောက်လာသူက အားကောင်းသောအော်ရာ၊ လျှပ်စီးလိုအမြန်နှုန်းဖြင့် အပြင်းနှင်လာ၏။

မြို့စောင့်များကလည်း ရောက်လာ‌တော့မည်ပင်။ သို့သော်လည်း ထိုလူကတော့ ရွှေအမြုတေအဆင့် ဖြစ်ရပေမည်။

ကုပ်ကိုင်းကိုင်းအနေအထားနှင့် မင်းဟန်သည် သူ့ခေါင်းကို မော့လိုက်၏။ သူ့အကြည့်က မှုန်မှိုင်းထုံထိုင်းနေ၏။

“မင်းနိုင်ပါတယ်”

သူသည် မိမိကိုယ်ကို မကျေမနပ်အပြစ်တင်နေသလို ပြုံးရင်း.. စိတ်ပျက်လက်ပျက်လေသံနှင့်ပြောကာ ဆူဇီမိုကို တိတ်တဆိတ်ကြည့်လိုက်၏။

ဆူဇီမိုက သူ့ခေါင်းကို အနည်းငယ်စောင်း၍ မင်းဟန်ကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်၏။ သူက ဘာမျှတော့ မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

“ငါ့ဘဝက အဆုံးသတ်နေပြီဆိုမှတော့ ငါ့ကို သတ်ပေးပါ မိုလင်း”

မင်းဟန်သည် ခုခံမှုမရှိ စိတ်လျှော့ချလိုက်သလို.. မျက်လုံးကို စုံမှိတ်၍ သက်ပြင်းချလိုက်၏။

ဆူဇီမိုက ရုတ်တရတ် ရယ်ချလိုက်ပြီး မေးလိုက်၏။

“မင်းက ငါ့ကို ရှေ့တက်လာစေချင်နေတာမလား.. အဲ့ဒါမှ မင်းရဲ့ရွှေအမြုတေကို ဖောက်ခွဲလို့ရမှာလေ.. ဟုတ်တယ်မလား”

ထိုသည်ကို ကြားသောအခါ မင်းဟန်သည် သူ့မျက်လုံးကို ရုတ်တရတ် ဖွင့်လိုက်၏။ သူ့အကြည့်က ဒေါမာန်ထနေပြီး ကြောက်စရာအမူအယာဖြစ်နေ၏။

ရွှေအမြုတေကို ဖောက်ခွဲဖျက်ဆီးဖို့က သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်၏။

ဆူဇီမို၏ သတိကြီးမှုနှင့် ပေါ့ပါးဖျတ်လတ်မှုအရ.. သူ့ခွန်အားကုန် ထုတ်သုံးလျှင်တောင် သူသည် အသက်နှစ်ရှိုက်စာနှင့် ဆူဇီမိုအနားသို့ ရောက်‌အောင်ချဉ်းကပ်နိုင်မည် မဟုတ်ကြောင်း မင်းဟန်ကောင်းကောင်းသိလေသည်။

ထို့ကြောင့် သူသည် ဆူဇီမိုကို မျှားခေါ်ဖို့အတွက် နောက်ဆုံးအလောင်းအစားတစ်ခု ပြုလုပ်လိုက်ခြင်းဖြစ်၏။

နှမြောစရာပင်.. ဆူဇီမိုက သူ့အတွေးကို ထွင်းဖောက်မြင်နေ၏။

လုံးဝအပြတ်အသတ် ရှုံးနိမ့်သွားပေပြီ။

စတင်ချိန်ကတည်းက သူနှင့် လျန့်ချိုးသည် ဘယ်တုန်းကမှ အပေါ်စည်းကို မရောက်ရှိခဲ့ပေ။ တိုက်ပွဲတစ်ခုလုံးကို အခြေတည်အဆင့်မျှသာရှိသော နတ်ပန်းဆရာဆိုသည့် ထိုမိုလင်းကသာ ဦးဆောင်သွား၏။

မင်းဟန်၏ အရှက်ရရှိမှုက ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး.. အံကိုကြိတ်လိုက်၏။ သူသည် ဝမ်းခေါင်းသံဖြင့် တစ်ချက်အော်ဟစ်လိုက်ပြီး.. ဆူဇီမိုထံသို့ ခုန်ဝင်လိုက်၏။

တစ်ချိန်တည်းမှာပင်.. မင်းဟန်၏ ဒန်ထျန်ထဲရှိ ရွှေအမြုတေသည် အရူးအမူးလည်ပတ်လာပြီး.. ကြောက်စရာကောင်းသည့်အော်ရာကို ထွက်ပေါ်လာစေကာ.. အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာ၏။

မိမိ၏ ရွှေအမြုတေကို ဖျက်ဆီးပစ်ဖို့ဆိုသည်မှာ ရွှေအမြုတေများအဖို့ ရွေးချယ်ဆုံးဖြတ်ချက်ချဖို့ အလွန်ခက်ခဲလေသည်။

သို့သော်လည်း မင်းဟန်က လုံးဝတုံ့ဆိုင်းမနေခဲ့ပေ။

အစကတည်းက သူ့သေခြင်းတရားက ဆုံးဖြတ်ပြီးသားပင်။

သူ့ဘဝသက်တမ်းက ကုန်ခမ်းလုနေပြီဖြစ်၏။ မကြာခင်ရောက်လာတော့မည် မြို့စောင့်တပ်သားများက သူ့ကို မသတ်လျှင်တောင်.. သူသည် နောက်သုံးနှစ်ထက်ပို၍ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

မင်းဟန်၏ မူမမှန်သည့် အမူအယာကို မြင်လိုက်ရကတည်းက ဆူဇီမိုက နောက်သို့ ဆုတ်နှင့်လိုက်ပြီဖြစ်၏။

“ခွေးကောင်.. မင်းဘယ်လိုတောင် အတင့်ရဲနေတာလဲကွ!”

ထိုအချိန်မှာပင် အစိမ်းရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းရွယ်အမျိုးသားတစ်ယောက်သည် ‌ကောင်းကင်ထက်မှ ပျံသန်းလာနေပြီး ကျယ်လောင်စွာ မာန်မဲလိုက်၏။

ထိုသူက လက်နှစ်ဖက်ဖြင့် ကြီးမားသည့်တူကြီးကို ကိုင်စွဲထား၏။ သူ့မျက်နှာက မည်းနက်နေပြီး မုတ်ဆိတ်ရှည်နှင့်ဖြစ်၏။ သူ့အသံက ကြမ်းတမ်းခက်ထန်နေ၏။

“သွားစမ်းကွာ!”

မုတ်ဆိတ်နှင့်လူက မင်းဟန်လာရာလမ်းကြောင်းကို ဝင်ရောက်ပိတ်ဆို့တားဆီးလိုက်၏။ သူသည် မျက်လုံးပြူး၍ စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး သူ့လက်ထဲက တူကြီးကို လွှဲရမ်းလိုက်၏။

ရွှီး!

တူကြီးက မင်းဟန်၏ ရင်အုပ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။

ဂျွတ်!

မင်းဟန်၏ ရင်အုပ်က ချိုင့်ဝင်သွားပြီး သူ့မျက်နှာက ဖြူလျော့သွား၏။ ချက်ချင်းပင် သူသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်လို လွင့်ထွက်သွား၏။

သူသည် လေထဲမှာပဲ ရှိနေစဉ်မှာပင်.. သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်ဖြာထွက်မှုအတက်အကျက ရုတ်တရတ် ရပ်တန့််သွားပြီးနောက် ချက်ချင်းပင် အလုံးအရင်းနှင့် ကန်ထွက်လာ၏။

ဝုန်း!

ရွှေအမြုတေက ပေါက်ကွဲသွားပြီဖြစ်ပြီး အဖျက်စွမ်းအားများက အဘက်ဘက်သို့ ကန်ထွက်လာ၏။

ရွှေအမြုတေကို ဖျက်ဆီးခြင်းဆိုသည်မှာ.. ရွှေအမြုတေအဆင့်တစ်ယောက်၏ သူ့ဘဝတစ်လျှောက် ကျင့်ကြံလေ့ကျင့်စုဆောင်းထားသော စွမ်းအင်များကို စကြာဝဠာထဲသို့ ပြန်ပို့ပေးလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုစွမ်းအားက ဘယ်လောက်ကြောက်စရာ ကောင်းလိုက်မလဲ။

ဆူဇီမိုသည် အတော်ဝေးဝေးသို့ ရောက်နေပြီဖြစ်ပြီး အန္တရာယ်မရှိနိုင်တော့သော်လည်း.. ရွှေအမြုတေကိုဖျက်ဆီးခြင်းမှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့်အော်ရာကို ခံစားမိလိုက်၏။

ထိုပေါက်ကွဲစွမ်းအားအောက်တွင် အရင်ဆုံး ဖျက်ဆီးခံရမည့်သူမှာ မင်းဟန်ကိုယ်တိုင်ပင် ဖြစ်လေသည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်က သွေးငွေ့ပျံသွားပြီး.. အလောင်းပင် မကျန်ရှိတော့ပေ။

ထိုအချိန်မှာပင် ဧရာမတူကြီးက ပို၍မြန်ဆန်ပြင်းထန်သောနှုန်းဖြင့် ပြန်ကန်ထွက်လာ၏။

မုတ်ဆိတ်နှင့်လူ၏ မျက်လုံးသည် အရောင်လက်သွားပြီး သက်ပြင်းရှည်ကြီးချလိုက်၏။ သူသည် နောက်ထပ်တူတစ်လက်ကို ကောက်ထုတ်လိုက်ပြီး ဝင်လာသောတူကြီးကို ဖြတ်ရိုက်ချလိုက်၏။

ချွမ်း!

တူနှစ်လက်က ထိတွေ့မိသွား၏။

စူးရှသည့်အသံက ပေါက်ကွဲထွက်ပေါ်လာ၏။

မုတ်ဆိတ်နှင့်လူ၏ မျိုးဆက်သွေးသည် ရုန်းကြွလာပြီး.. သူ့လက်မောင်းပေါ်ရှိ ကြွက်သားများက ဖုထစ်လာကာ သွေးကြောများက သူ့အရေပြားပေါ်တွင် တွယ်ကပ်နေသော မြွေလေးများကဲ့သို့ ဖောင်းကြွလာ၏။ သူသည် ဝင်ရောက်လာသောတူကို နောက်သို့ ဆုတ်ရခြင်း အလျှင်းမရှိဘဲ.. ပကတိခွန်အားဖြင့် လက်ခံဖမ်းယူနိုင်ခဲ့၏။

ဆူဇီမိုသည် အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။

မုတ်ဆိတ်နှင့်လူ၏ ခွန်အားက မင်းဟန်ထက် များစွာသာလွန်သည်မှာ ထင်ရှားလေသည်။

ထို့အပြင် မုတ်ဆိတ်နှင့်လူ၏ ပြုမူလှုပ်ရှားပုံက ထိုသူသည် ခန္ဓာမီးဆေးခြင်းနည်းစနစ်ကို ကောင်းကောင်းလေ့ကျင့်ထားသော ရွှေအမြုတေတစ်ယောက်ဖြစ်ကြောင်း သိသာစေလေသည်။

မုတ်ဆိတ်နှင့်လူက သူ့တူများကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

သူသည် ညစ်ပေရှုပ်ပွနေသော ခြံဝန်းကိုကြည့်ပြီး.. မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုက လျှောက်လှမ်းလာပြီး လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။

“ကျုပ်အသက်ကို အချိန်မီလာရောက် ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် လူကြီးမင်း”

“ဒါက ကျုပ်လုပ်သင့်တဲ့အရာပါ.. ဘာမှ ပြောလောက်စရာ မဟုတ်ပါဘူး”

မုတ်ဆိတ်နှင့်လူက လက်ကာပြလိုက်ပြီးနောက်.. အတည်အတံ့လေးနက်သော အမူအယာနှင့် လက်သီးဆုပ်လေးစားဟန် ပြန်ပြလိုက်၏။

“ကျုပ်က အဇူရာလင်းယုန်အစောင့်အရှောက်အဖွဲ့ရဲ့ ခေါင်းဆောင်တပ်မှူး မူတန်ချင်းပါ.. နှုတ်ဆက်ပါတယ် ဆရာမို”

မုတ်ဆိတ်နှင့်လူ၏ လှုပ်ရှားပြုမူမှုတိုင်းက တည်ကြည်ပြတ်သားနေပြီး ရိုးသားပွင့်လင်းဟန်ပေါ်၏။ ဆူဇီမိုသည် ဤလူအပေါ်တွင် အကောင်းမြင်စိတ် ဖြစ်ပေါ်နေပြီးဖြစ်၏။

‌ဘေးပတ်လည်ကို ကြည့်ရှုရင်း.. မုတ်ဆိတ်နှင့်လူ၏ အကြည့်က လျန့်ချိုး၏ အလောင်းပေါ် ကျရောက်သွား၏။

လျန့်ချိုးသည် ဆူဇီမိုလက်ချက်နှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်ပြီး.. ယခုအခါ သူ၏ မူလရုပ်ရည်သွင်ပြင်ကိုတောင် မှန်းဆလို့ မရတော့ပေ။

မုတ်ဆိတ်နှင့်လူက ဆောင့်ကြောင့်ထိုင်ချ၍ လျန့်ချိုး၏ ခန္ဓာကိုယ်ကို နဖူးမှခြေဖျားထိ လှန်လှောရှာဖွေလိုက်သော်လည်း အချည်းနှီးသာ။ သူသည် ထိုသူ၏ သိုလှောင်အိတ်ကို ထုတ်ယူ၍ ဖွင့်ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်ပြန်၏။

မုတ်ဆိတ်နှင့်လူက ပြောလိုက်၏။

“စောစောက ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်တဲ့သူက အ‌လောင်းတောင်ရှာမရတော့ဘူး.. အခုဒီအလောင်းမှာလဲ ဘာသဲလွန်စမှ ရှိမနေပြန်ဘူး”

ဆူဇီမိုက ပြန်မ‌ဖြေဘဲ ပြုံးနေလိုက်၏။

တစ်ဖက်အဖွဲ့က မဟာကျိုးမြို့တော်ထဲမှာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်မည်ဆိုမှတော့.. သူတို့မအောင်မြင် ကျရှုံးခဲ့မည်ဆိုလျှင်တောင် ဘာသဲလွန်စမှ မကျန်ခဲ့ရအောင် ကြိုတင်ပြင်ဆင်ထားပေလိမ့်မည်။

သို့သော်လည်း သူ့အ‌ပေါ် မနာလို၊ ရန်လိုစိတ်နှင့် လုပ်ကြံသတ်ဖြတ်ဖို့အထိပါ စီစဉ်ခဲ့ပြီး.. ရွှေအမြုတေအဆင့်နှစ်ယောက်ကိုပါ စတေးခံနိုင်လောက်အောင် စွမ်းဆောင်နိုင်စွမ်းရှိသည့် အဖွဲ့အစည်းက မြို့တော်တစ်ခုလုံးတွင် တစ်နေရာသာရှိ၏။

အစစ်အမှန်မီးစွမ်းအင်နတ်ပန်းပဲရုံ!

All Chapters