မရှုံးရဘူး
Vol. 18 Ch. 267
အခန်း ၂၆၇ - မရှုံးရဘူး
“ဆရာမို.. ဒီနှစ်ယောက်က သေနှင့်နေပြီ.. သူတို့ဆီမှာ ဘာသဲလွန်စမှလဲ ကျန်မနေခဲ့ဘူး.. ကျုပ်စိုးရိမ်မိတာ.. ဒီညကိစ္စက.. ..” မုတ်ဆိတ်နှင့်လူက ဆက်မပြောသော်လည်း သူ့စကား၏ အဓိပ္ပါယ်က ရှင်းနေ၏။
တစ်ကယ်တမ်း စေ့စေ့တွေးကြည့်ပါက မင်းဟန်နှင့်လျန့်ချိုးတို့၏ နောက်ကွယ်က အဖွဲ့အစည်းကို ခန့်မှန်းကြည့်ဖို့ မခက်လှပေ။
သို့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးက သက်သေအထောက်အထား မရှိဘဲနှင့် ပြောရဆိုရ ခက်လှလေသည်။
“အဆင်ပြေပါတယ်”
ဆူဇီမိုသည် စိတ်ထဲသိပ်မှတ်မထားဘဲ တည်ငြိမ်စွာ ပြုံးလိုက်၏။
ယနေ့ညတွင် ရွှေအမြုတေနှစ်ယောက်ကို အချည်းနှီး ဆုံးရှုံးခဲ့ရ၏။ တစ်ကယ်တမ်း အရှုံးပြသူက ဆူဇီမိုမဟုတ်၊ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံသာလျှင် ဖြစ်လေသည်။
မုတ်ဆိတ်နှင့်လူသည် နှုတ်ဆက်ထွက်ခွာဖို့ ဟန်ပြင်လိုက်စဉ်မှာပင် သူသည် အမှတ်တမဲ့နှင့် နန်းကြည်လက်ထဲက ဓါးပျံကို မြင်တွေ့သွားပြီး သူ့မျက်လုံးထောင့်က တရွရွ ဖြစ်သွား၏။
အဲ့ဒါက ထိပ်တန်းအဆင့် ဓါးပျံတစ်လက်ပဲ!
အစေခံမိန်းကလေးတစ်ယောက်က ထိပ်တန့်အဆင့်ဓါးပျံတစ်လက်ကို ကိုင်ဆောင်ထား၏။
သည့်အရင်က.. မိုစိတ်ဝိညာဉ်ပန်းပဲရုံက ထိပ်တန်းအဆင့်လက်နက်များကို စိတ်တိုင်းကျသွန်းလုပ်ပေးနိုင်သည်ဟု ကြားရချိန်၌ သူသည် အယုံအကြည်မရှိခဲ့ပေ။
ဘာပဲပြောပြော ထိပ်တန်းအဆင့်လက်နက်များကို စိတ်တိုင်းကျပြလုပ်ပေးနိုင်သည်ဆိုသော စကားက ယုတ္တိမတန်ပေ။
ဆူဇီမိုကို လူကိုယ်တိုင် မြင်တွေ့ရသည့်အခါ.. မုတ်ဆိတ်နှင့်လူသည် ပို၍ သေချာသွား၏။
ဆရာမိုဆိုသူက အလွန်ငယ်ရွယ်သေးပြီး အခြေတည်အဆင့်မျှသာ ရှိသေး၏။
ပုံမှန်အားဖြင့် တစ်ကယ့်ထိပ်တန်းနတ်ပန်းပဲဆရာများအားလုံးသည် ရွှေအမြုတေအဆင့်များ ဖြစ်ကြ၏။
လက်နက်သွန်းလုပ်ခဲ့သည့်နှစ်ပေါင်း လုံလောက်အောင် ကြာမြင့်မှုမရှိပါက.. စိတ်ဝိညာဉ်စုဆောင်းခြင်းတွင် နားလည်သဘောပေါက်မှု ဖွံ့ဖြိုးတိုးတက်ဖို့ရာ ခဲယဉ်းသောကြောင့် ထိုပုဂ္ဂိုလ်က ထိပ်တန်းနတ်ပန်းပဲဆရာတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ဒီမိုလင်းက သူ့အမေဝမ်းထဲမှာကတည်းက လက်နက်သွန်းလုပ်ခြင်းကို စတင်လေ့ကျင့်ခဲ့လျှင်တောင် သူ့မှာ ဆယ်စုနှစ်နှစ်ခုစာလောက် အတွေ့အကြုံသာ ရှိပေလိမ့်ဦးမည်။ သူက နှစ်ပေါင်းရာချီ အတွေ့အကြုံကြွယ်ဝပြီးသား ရွှေအမြုတေအဆင့်နတ်ပန်းပဲဆရာများနှင့် လက်နက်သွန်းလုပ်ခြင်းအရာမှာ ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။
ဆူဇီမိုသည် မြို့ထဲတွင် နာမည်တစ်လုံး ကောင်းကောင်းရယူထားနိုင်သောကြောင့် အတော်လေးအရည်အချင်းရှိသည့် နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်မည်ဆိုတာတော့ မုတ်ဆိတ်နှင့်လူ သိလေသည်။
သို့စေကာမူ.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များကို စိတ်တိုင်းကျ ပြုလုပ်ပေးနိုင်သည် ဆိုတာကတော့ သူ့ပန်းပဲရုံနာမည်ကို အဆင့်မြှင့်တင်ဖို့အတွက် သက်သက်ကြွားလုံးထုတ်ထားခြင်းသာ ဖြစ်ရပေမည်။
သို့သော် ယခုအခါ.. နန်းကြည်လက်ထဲရှိ ထိပ်တန်းအဆင့်ဓါးပျံကို မြင်လိုက်ရချိန်မှာတော့ သူ့နုလုံးသားက စတင်လှုပ်ခတ်လာ၏။
“အဲ့မိုလင်းက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တွေကို တစ်ကယ်ပဲ သွန်းလုပ်နိုင်တာလား”
“ဒါပေမယ့် သူက အရမ်းငယ်လွန်းနေသေးတယ်လေ.. သူ့ကြည့်ရတာ အသက်နှစ်ဆယ်စွန်းစွန်းလောက်ပဲ ရှိဦးမယ်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒါပေမယ့်လဲ.. သူ့အစေခံမိန်းကလေးကတောင် ထိပ်တန်းအဆင့်လက်နက်တစ်ခုကို ပိုင်ထားပါလား.. အစောပိုင်းအခြေတည်အဆင့်လေးနဲ့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ကို သုံးနိုင်တယ်ဆိုတော့.. ဘယ်လိုအခွင့်ထူးခံရမှုပါလိမ့်.. တစ်ကယ့် ရူးချင်စရာပဲ”
နေရာမှာတင် မလှုပ်မယှက်ရပ်နေရင်း.. မုတ်ဆိတ်နှင့်လူသည် သူ့မျက်လုံးထဲတွင် ခါးသက်သက် အရိပ်အယောင်များနှင့် နန်းကြည်ကို ငေးကြည့်နေ၏။
ဗလတောင့်တောင့်ထိုလူကြီး၏ အကြည့်က အမျိုးသမီးငယ်လေးကို ထိတ်လန့်ကြောက်ရွံ့သွားစေ၏။
“လူကြီးမင်း.. ရှင်အဆင်ပြေရဲ့လား” နန်းကြည်က တိုးတိုးမေးလိုက်၏။
“အာ”
သူသတိလက်လွတ်ဖြစ်သွားတာကို နားလည်သွားပြီး မုတ်ဆိတ်နှင့်လူက ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်၍ မေးလိုက်၏။
“ဆရာမို.. ကျုပ်ကြားမိတာတော့ ခင်ဗျားက ဒီနေရာမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေကို စိတ်တိုင်းကျ သွန်းလုပ်ပေးနိုင်တယ်ဆို”
“အမှန်ပဲ” ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ဤကဲ့သို့ ခပ်ပေါ့ပေါ့ပင် တန်းဖြေလိုက်မည်ဟု မုတ်ဆိတ်နှင့်လူ မထင်ထားမိပေ။
ဒီပုဂ္ဂိုလ်က တစ်ကယ်ပဲ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တွေကို သွန်းလုပ်ပေးနိုင်တာလား။
“အာ. အမ်း. အဲ့ဒါဆိုရင်လေ.. ကျုပ်က ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို မှာယူချင်တယ်ဆိုရင်.. ဘာတွေပြင်ဆင်ပေးဖို့ လိုမလဲ မသိဘူး” ခဏတိတ်ဆိတ်နေပြီးနောက် မုတ်ဆိတ်နှင့်လူက မေးလိုက်၏။
“လူကြီးမင်းရှင့်.. ဒီလထဲမှာတော့ မရတော့ပါဘူး”
ထိုအချိန်တွင် နန်းကြည်က အရင်ဝင်ပြောလိုက်၏။
ထိုနေရာတွင် သူမက အတော်ဆုံးဖြစ်၏။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း.. မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ အလုပ်များ လက်ခံခြင်းကို သူမကသာ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးခဲ့ရ၏။
နန်းကြည်က ဆက်ပြောလိုက်၏။
“ကျမတို့ရဲ့ သခင်လေးက တစ်လမှာ ထိပ်တန်းအဆင့်လက်နက်တစ်ခုကိုပဲ လက်ခံပြုလုပ်ပေးပါတယ်.. ဒီလအတွက် ခွဲတမ်းကို လဆန်းတစ်ရက်နေ့မှာကတည်းက လေလံတင်ပေးခဲ့ပြီးပါပြီ”
“လူကြီးမင်းအနေနဲ့ ထိပ်တန်းအဆင့်လက်နက်တစ်ခု မှာယူချင်တယ်ဆိုရင်.. နောက်လာမယ့်လဆန်း ၁ရက်နေ့ရောက်အောင် စောင့်ရပါလိ့မ်မယ်.. ပစ္စည်းအစုံ သုံးဆယ်စာနဲ့ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ယူလာခဲ့ပါ.. လေလံစျေးပေးဖို့အတွက်ပေါ့”
“ဘာမှမပူပါနဲ့ဆရာ.. ကျမတို့ရဲ့ မိုစိတ်ဝိညာဉ်ပန်းပဲရုံမှာ အားလုံးကတစ်ပြေးညီပါပဲ.. ယောက်ျားမိန်းမတွေ၊ အသက်အရွယ်ကြီးငယ်တွေ ခွဲခြားမထားပါဘူး.. လေလံစျေးအမြင့်ဆုံး ပေးနိုင်သူက အဲ့ဒါကို သေချာပေါက် ရပါလိမ့်မယ်”
မုတ်ဆိတ်နှင့်လူ၏ နှုတ်ခမ်းက တလှုပ်လှုပ်ဖြစ်သွားပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။ အိုးတိုးအမ်းတမ်းနှင့် သူသည် တစ်ခုခုကို ပြောချင်နေပုံရ၏။
သူသာ အခြားရွှေအမြုတေအဆင့်များနှင့် ယှဉ်၍ အမှန်အကန် လေလံဆွဲရမည်ဆိုလျှင်.. ထိုအခွင့်အရေးကို သူရရှိနိုင်စရာ အကြောင်းမရှိပေ။
သူ့မှာရှိသော စိတ်ဝိညာဉ်ကျောက်တုံးက လုံလောက်သည်၊ မလုံလောက်သည်ကို အပထား.. သူ့မှာ လုံလောက်သည့် ပစ္စည်းအစုံသုံးဆယ်စာတောင် မရှိသည့်အတွက်.. လေလံပွဲဝင်ဖို့တောင် အဆင့်မမီပေ။
ဘေးကနေ စောင့်ကြည့်နေသော ဆူဇီမိုက ရုတ်တရတ် ဝင်ပြောလိုက်၏။
“ဒီနေ့ကျုပ်အသက်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ထောက်ထားပြီး.. လူကြီးမင်းအတွက် ထိပ်တန်းအဆင့်လက်နက်တစ်ခု ကျုပ်လုပ်ပေးပါမယ်”
“တစ်ကယ်ကြီးလား”
ဆူဇီမို၏ စကားသံက သူ့နားထဲတွင် ကောင်းကင်ဘုံမှဂီတတေးသံလို အလွန်နားဝင်ချိုစွာ ပဲ့တင်ထပ် မြည်နေပြီး သတိလက်လွတ်ကာ.. ကပျာကယာ လက်သီးဆုပ်အရိုအသေးပေး၍ ပြောလိုက်၏။
“ကျေးဇူး အများကြီး အများကြီး တင်ပါတယ် ဆရာမို”
တစ်ကယ်တော့.. အဇူရာလင်းယုန်အဖွဲ့၏ တပ်မှူးတစ်ယောက်အနေနှင့် ဤနေရာသို့ အပြေးနှင်လာ၍ မင်းဟန်ကို သတ်ပေးဖို့က သူ့တာဝန်၏ အစိတ်အပိုင်းမျှသာ ဖြစ်လေသည်။
ဆူဇီမို၏ ဤသို့ ပြုမူရခြင်းမှာ သူသည် ဤမုတ်ဆိတ်နှင့်လူအပေါ်တွင် အကောင်းထင်မြင်စိတ် ရှိသောကြောင့်ပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် တစ်ဖက်လူအပေါ် မျက်နှာသာပေးလိုက်ခြင်းလည်း ဖြစ်လေသည်။
မဟာကျိုးမြို့တော်တွင် အစောင့်အရှောက်သုံးဖွဲ့ရှိ၏။ အဇူရာလင်းယုန်က ထိုအထဲမှ တစ်ဖွဲ့ဖြစ်၏။
မုတ်ဆိတ်နှင့်လူက အဇူရာလင်းယုန်အဖွဲ့၏ ခေါင်းဆောင်တပ်မှူးဖြစ်သောကြောင့် မြို့တော်ထဲ၌ သူ၏ အာဏာစက်နှင့် ပုံရိပ်ကလည်း အတော်အတန် မြင့်မား၏။
ထိုကဲ့သို့သော လူတစ်ယောက်နှင့် မိတ်ဆွေအပေါင်းအသင်းဖြစ်ရခြင်းက ဆိုးသောအရာ မဟုတ်ပေ။
မုတ်ဆိတ်နှင့်လူက ဆက်ပြောလိုက်၏။
“ဆရာမို.. ကျုပ်မှာ လုံလောက်တဲ့ပစ္စည်းလဲ မရှိပါဘူး.. ကျုပ်မှာ ခုနှစ်စုံစာပဲ ရှိတယ်ဗျ.. ကျုပ် လုံလောက်အောင် စုဆောင်းပြီးတာနဲ့ ခင်ဗျားကို လာရှာပါမယ်”
ဆူဇီမိုက အေးဆေးပင် ပြန်ပြောလိုက်၏။
“အဲ့လောက်ဆို လုံလောက်ပါတယ်”
“ဟမ်”
မုတ်ဆိတ်နှင့်လူသည် ဆူဇီမိုပြောသည့် အဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်ဘဲ.. အလိုအလျောက် ငေးကြောင်ကြောင် ပြန်မေးလိုက်၏။
ဆူဇီမိုက ပြုံးလိုက်၏။
“ခင်ဗျားမှာရှိတဲ့ ပစ္စည်းခုနှစ်စုံစာပဲ ကျုပ်ကိုပေးပါ.. အဲ့လောက်ဆို လုံလောက်ပါတယ်.. ခင်ဗျားက ဘယ်လိုစိတ်ဝိညာဉ်လက်နက်မျိုးကို လိုချင်တာလဲ.. အသေးစိတ်ပြောပြပေးပါ”
မုတ်ဆိတ်နှင့်လူသည် အတွေးများစွာဖြင့် ငြိမ်သက်သွား၏။
ပစ္စည်းခုနှစ်စုံစာက လုံလောက်တယ်တဲ့လား။
သူက ပစ္စည်းအစုံ သုံးဆယ်စာ ပြင်ဆင်ပေးဖို့ လိုတယ်မဟုတ်ဘူးလား။
တခြား နတ်ပန်းပဲဆရာများဆိုပါက.. ပစ္စည်းခုနှစ်စုံစာက သာလွန်အဆင့်လက်နက်တစ်ခု ပြုလုပ်ဖို့တောင် မလုံလောက်ပေ။ ဒါပေမယ် ဒီလူက အဲ့ဒါနဲ့ ထိပ်တန်းအဆင့်လက်နက်တစ်ခုကို ပြုလုပ်နိုင်တယ်တဲ့လား။
ဆူဇီမိုက ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သောကြောင့် မုတ်ဆိတ်နှင့်လူသည် သံသယများ ဝင်လာ၏။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မုတ်ဆိတ်နှင့်လူသည် ဆူဇီမိုအပေါ်တွင်သာ ယုံမှတ်ပုံအပ်ဖို့ ဆုံးဖြတ်လိုက်၏။
သူသည် သိုလှောင်အိတ်ထဲကနေ နောက်ထပ်သိုလှောင်အိတ်ခုနှစ်ခုကို ထုတ်ယူကာ အကုန်လုံးကို ဆူဇီမိုလက်ထဲသို့ ကမ်းပေးလိုက်၏။
ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်လိုက်၏။
မုတ်ဆိတ်နှင့်လူက သူလိုချင်သည် လက်နက်ပုံစံအချိုးအစားကို ထပ်ပြောပြလိုက်ပြီး မေးလိုက်၏။
“အဲ့လက်နက်ကို ကျုပ် ဘယ်အချိန် လာယူလို့ ရနိုင်မလဲ သိလို့ရမလား ဆရာမို”
“မနက်”
ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုသည် သိုလှောင်အိတ် ခုနှစ်အိတ်ကို ယူကာ သူ့လက်နက်ရုံဆီသို့ လှည့်ထွက်သွားတော့၏။
“မနက်ဆိုတာ.. ဘယ်မနက်ကို ပြောတာလဲ”
မုတ်ဆိတ်နှင့်လူသည် ကြောင်အနေရာမှ ကပျာကယာနှင့် လှမ်းမေးလိုက်၏။
“ကျုပ် အခု အဲ့ဒါကို သွန်းလုပ်တော့မှာ.. မနက်မိုးလင်းတာနဲ့ ရပြီ”
ထိုသို့ပြောပြီးနောက် ဆူဇီမိုသည် သူ့လက်နက်ရုံထဲသို့ လှမ်းဝင်ပျောက်ကွယ်သွားပြီဖြစ်၏။ မုတ်ဆိတ်နှင့်လူသာလျှင် ကြောင်တိကြောင်တောင်နှင့် ကျန်ရစ်နေခဲ့၏။
အတန်ကြာမှ သူသည် သတိပြန်ဝင်လာ၏။ ဘေးဘက်သို့လှည့်၍ နန်းကြည်ကို ကြည့်ကာ သူသည် မယုံကြည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်၏။
“ဆရာမိုပြောသွားတဲ့မနက်ဆိုတာက ဒီမနက်ကို ပြောတာလားဟင်”
“ဟုတ်ပါတယ်ရှင်”
နန်းကြည်က ခေါင်းညိတ်လိုက်၏။
“လူကြီးမင်း ဒီနေရာမှာ ခြောက်နာရီလောက် စောင့်ပေးပါ.. အဲ့လောက်တော့ ကြာလိမ့်မယ် ထင်တာပဲ”
“ခြောက်နာရီက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု သွန်းလုပ်ဖို့ လုံလောက်တယ်တဲ့လား”
“အဲ့မှာ သုံးရက်လောက်ကြိုပြီးတော့ အတိတ်နမိတ်ကောက်တာတွေ.. သမာဓိတည်ဆောက်တာတွေ.. ကောင်းကင်ဘုံကို ဆုတောင်းတာတွေ.. ကြယ်တာရာနက္ခတ်ကြည့်ရတာတွေ မလိုတော့ဘူးလား”
“အခုဟာက အရမ်းကို ဖြစ်ကတတ်ဆန်း နိုင်မနေဘူးလား”
မုတ်ဆိတ်နှင့်လူ၏ ပါးစပ်မှ တတွတ်တွတ်နှင့် မေးခွန်းများက အစီအရီလိုက် ထွက်လာသောအခါ.. နန်းကြည်သည် ကြောင်အသွားပြီး ပြောစရာစကားမဲ့သွားရ၏။
မိန်းကလေးက စိတ်ရှုပ်ထွေးသွားတာကို ကြည့်ပြီး မုတ်ဆိတ်နှင့်လူက အလေးအနက် ပြောလိုက်၏။
“တခြားဟာတွေကို အသာထားပါဦး.. တစ်ကယ်လို့သာ ဆရာမိုက စိတ်ဝိညာဉ်စုဆောင်းခြင်းမှာ ကျ...”
နန်းကြည်က ဖြတ်ပြောလိုက်၏။
“ကျမတို့ရဲ့ သခင်လေးက ဘယ်တုန်းကမှ မကျရှုံးဖူးဘူး”
မုတ်ဆိတ်နှင့်လူ “. . .”