မဟာကျိုးဧကရာဇ်
Vol. 18 Ch. 268
အခန်း ၂၆၈ - မဟာကျိုးဧကရာဇ်
သိပ်မကြာမီ ကောင်းကင်ထက်၌ အရိပ်များက ပေါ်လာပြီး တောင်ပံခတ်သံများကို ကြားလိုက်ရ၏။
အဇူရာလင်းယုန်အစောင့်တပ်သားများက တစ်ဖွဲ့လုံး ရောက်ချလာကြပြီး မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ ခြံဝန်းထဲ၌ ပြည့်ကျပ်ညပ်သွားကြ၏။
“ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”
အဇူရာလင်းယုန်များကို စီးလာကြသော အစောင့်တပ်သားများက လက်သီးဆုပ်ဂါဝရပြု၍ သံပြိုင်နှုတ်ဆက်လိုက်ကြ၏။
အားလုံးသည် ခြံဝန်းထဲသို့ လှည့်ပတ်ကြည့်ရှုလိုက်ကြပြီးနောက်.. ကြောက်စရာကောင်းသည့် တိုက်ပွဲဖြစ်ပွားခဲ့ရာမြေပြင်ကို ကြည့်ကာ တိတ်တဆိတ် တုန်လှုပ်သွားကြ၏။
မုတ်ဆိတ်နှင့်လူက ခေါင်းညိတ်၍ လက်ပြလိုက်၏။
“ဒီအလောင်းကို သယ်ထုတ်သွားလိုက်.. ပြီးရင်း မင်းတို့ကောင်တွေ အရင်ပြန်နှင့်လိုက်ကြ.. ဆရာမိုကို လုပ်ကြံမယ် လူဆိုးတွေ ထပ်ရောက်မလာနိုင်အောင် ငါဒီမှာ ဆက်စောင့်ပေးလိုက်ဦးမယ်”
“နားလည်ပါပြီ”
အပေါ်ယံမှာတော့ များစွာသော အဇူရာလင်းယုန်အစောင့်များသည် လွယ်လင့်တကူ နာခံလိုက်ကြ၏။
သို့သော်လည်း လူတိုင်း၏ စိတ်ထဲမှာ လှုပ်ခတ်သွားကြ၏။
မိုလင်းက ပြီးခဲ့သည့်နှစ်များအတွင်း မြို့တော်ထဲမှာ အလွန်ကျော်ကြားလာခဲ့သည်ဆိုသော်လည်း.. မုတ်ဆိတ်နှင့်လူကလည်း အဇူရာလင်းယုန်အစောင့်အရှောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။ ဒီနေရာမှာ သူကိုယ်တိုင် အကျအန စောင့်ရှောက်ပေးနေစရာ အကြောင်းမရှိပေ။
မုတ်ဆိတ်နှင့်လူ၏ ပြုမူပုံကြောင့်.. လူတိုင်း၏ ရင်ထဲတွင် မိုလင်း၏ အဆင့်အတန်းက နောက်ထပ်တစ်ဆင့်သို့ ထပ်မံမြင့်တက်သွား၏။
သိပ်မကြာမီ အဇူရာလင်းယုန်အစောင့်များက ပြန်လည်ဆုတ်ခွာသွားကြ၏။
မုတ်ဆိတ်နှင့်လူ၊ နန်းကြည်နှင့် ညဝိညာဉ်တို့သာ ခြံဝန်း၏ ထောင့်တစ်နေရာတွင် ငိုက်မျဉ်းနေသလို မျက်စိမှေး၍ ကျန်ရစ်ခဲ့ကြ၏။
စောင့်ဆိုင်းရသည်မှာ ပင်ပန်းလွန်းလှ၏။
မုတ်ဆိတ်နှင့်လူ၏ အကြည့်က ဆူဇီမို၏ လက်နက်ရုံအပေါ်တွင်သာ တစ်ချိန်လုံး ရောက်နေ၏။ ဒီလောက်ရှည်ကြာလှသည်ဟု ထင်ရသောညမျိုး တစ်ခါမျှ သူ မကြုံခဲ့ဖူးပေ။
ခြောက်နာရီက ကုန်ဆုံးသွားပေပြီ။
အာရုံဦးလင်းရောင်ခြည် ကျရောက်လာပြီးနောက်.. လက်နက်ရုံ၏ အခန်းတံခါးက ကျွီကနဲ ပွင့်ထား၏။
ဆူဇီမိုသည် ဧရာမတူကြီးတစ်လက်ကို ကိုင်စွဲကာ လှမ်းထွက်လာခဲ့၏။
မုတ်ဆိတ်နှင့်လူသည် ထိုင်နေရာမှ ဝုန်းကနဲ ကျုံးထ၍ ဆူဇီမိုဆီသို့ စိတ်လှုပ်ရှားမှုအပြည့်နှင့် ကပျာကယာ ပြေးသွား၏။
အနားသို့ ရောက်လာပြီးနောက် သူသည် ဆူဇီမို၏ လက်ထဲမှ တူကို လက်ခံယူလိုက်သောအခါ သူ့လက်က အောက်သို့ ငိုက်ကနဲ စိုက်ကျသွား၏။ ထိုအချိန် သူ့ခွန်အားကိုသာ စိုက်မထုတ်လိုက်လျှင် ၎င်းက သူ့လက်ထဲကနေ လွတ်ကျသွားနိုင်၏။
အလေးချိန်က သူ့အကြိုက်ပင်။
မုတ်ဆိတ်နှင့်လူက သူ့ဟာသူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
သူအာရုံစိုက်ကြည့်လိုက်သောအခါ တူ၏ မျက်နှာပြင်ပေါ်တွင် ကောင်းကင်ဘုံမှ လက်ရာတစ်ခုလို သေသပ်လှပသော စိတ်ဝိညာဉ်အင်းကွက်လေးခုကို သူတွေ့လိုက်ရ၏။
“ဒါက တစ်ကယ်ပဲ...”
မုတ်ဆိတ်နှင့်လူ၏ မျက်လုံးက ဝင်းလက်သွားပြီး.. သူ့ရွှေအမြုတေကို လှည့်ပတ်ကာ ၎င်းထဲသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းကြည့်လိုက်၏။
ရွှစ်!
ကမ္ဘာတစ်ခုလုံးကိုပင် ဖြန့်ကျက်သွားတော့မည်ဟု ထင်ရသော တဖျတ်ဖျတ်တလက်လက် လင်းလက်နေသည့် စိတ်ဝိညာဉ်အင်းကွက်လေးခုက တူပေါ်တွင် တောက်ပစွာ ထွက်ပေါ်လာ၏။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်!
မုတ်ဆိတ်နှင့်လူသည် ဝမ်းသာအားရပျော်ရွှင်သွားပြီး.. သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။ သူသည် ဆူဇီမိုကို ရိုကျိုးစွာ ဦးညွှတ်လိုက်ပြီး.. ရိုးသားပွင့်လင်းစွာ ပြောလိုက်၏။
“ကျေး-ကျေးဇူး တစ်ကယ်ကို တင်ပါတယ် ဆရာမို!”
ဆူဇီမိုအတွက်တော့.. ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို ပြုလုပ်ရသည်က ဘာမှမပြောပလောက်ပေ။ သို့သော်လည်း ထိုအရာက မုတ်ဆိတ်နှင့်လူအတွက်တော့ အရမ်းကြီးမားသည့် ဆုလာဘ်တစ်ခုပင်။
မုတ်ဆိတ်နှင့်လူက အသံနှိမ့်၍ ပြောလိုက်၏။
“ဘာမှ မပူနဲ့ဆရာမို.. ဒီနေ့ကစပြီး အဇူရာလင်းယုန်အဖွဲ့ ကင်းလှည့်ကျတဲ့အချိန်တိုင်း.. ကျုပ်ဒီနားတဝိုက်ကို မပြတ်ကင်းလှည့်ပေးပါမယ်.. တစ်ခုခု ထူးခြားတာနဲ့ ကျုပ်တန်းပြီး ရောက်လာခဲ့မယ်”
ဆူဇီမိုက ပြုံးလိုက်၏။
“အဲ့ဒါဆိုရင်တော့ လူကြီးမင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ”
. . .
နောက်နေ့ နေ့လည်ခင်း၌..
မိုစိတ်ဝိညာဉ်ပန်းပဲရုံတွင် ဖြစ်ပွားခဲ့သော လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုက မြို့တော်ထဲမှာ ပျံ့နှံ့နေပြီဖြစ်ပြီး အတော်လေးကို ဆူညံပွက်လောရိုက်သွားကြ၏။
ပြီးခဲ့သည့်ညက မိုစိတ်ဝိညာဉ်ပန်းပဲရုံမှ ထွက်ပေါ်လာသော စူးရှတောက်ပသည့် ဝင်္ကပါအလင်းရောင်များက ပတ်ဝန်းကျင်တစ်ခွင်ကို နေ့ဘက်အလား ဖြာလင်းသွားစေပြီး လူအတော်များများကို လန့်နိုးစေခဲ့၏။
“မင်း ကြားပြီးပြီလား.. ပြီးခဲ့တဲ့ညက ဆရာမိုကို လုပ်ကြံသတ်ဖြတ်ဖို့ ရွှေအမြုတေအဆင့်တွေ လွှတ်လိုက်တယ်တဲ့.. သူတို့က ကျရှုံးခဲ့ရုံတင်မကဘူး.. ကျိရွှေမြစ်ထဲမှာ အလောင်းပါဖြစ်ကုန်ကြတယ်တဲ့”
“ဟုတ်တယ်.. ငါလဲ ကြားခဲ့ရတယ်.. အဲ့ကို အဇူရာလင်းယုန်တပ်ဖွဲ့ခေါင်းဆောင်တောင် ရောက်သွားတယ်တဲ့”
“ငါဆို ကိုယ်တိုင်မြင်ခဲ့ရတာကွ.. အဇူရာလင်းယုန်အစောင့်တွေက ရုပ်ပျက်ဆင်းပျက် အလောင်းတစ်လောင်းကို သယ်ထုတ်သွားတာ ငါတွေ့လိုက်တယ်.. သေထားတာမှကွာ တော်တော်ဆိုးဆိုးရွားရွား” ကျင့်ကြံသူတစ်ယောက်က တည်တံ့စွာ ဝင်ပြောလိုက်၏။
“ဆရာမိုနဲ့ လူချင်းတွေ့ဖူးတယ်ဆိုတဲ့ တစ်ချို့သူတွေ ပြောကြတာ.. ဆရာမိုက အခြေတည်အဆင့်ပဲ ရှိသေးတာတဲ့.. ဟဟ.. အခုတော့ ငါသေချာသွားပြီ ဆရာမိုက သေချာပေါက် ရွှေအမြုတေအဆင့်ပဲ.. မဟုတ်ရင် ပြီးခဲ့တဲ့ညက သူဘယ်လိုလုပ် အသက်ရှင်နိုင်ခဲ့မှာလဲ”
“ငါမင်းကို အရင်ထဲက ပြောပါတယ်.. ဆရာမိုက ရွှေအမြုတေအဆင့်ပါလို့.. မဟုတ်ရင် သူက ဘယ်လိုလုပ် သာလွန်အဆင့်တွေ ထိပ်တန်းအဆင့်လက်နက်တွေကို သွန်းလုပ်ပေးနိုင်မှာလဲ”
လမ်းကြိုလမ်းကြားမှ စားသောက်ဆိုင်၊ စျေးဆိုင်များပါမကျန်.. လူတိုင်းသည် ထိုအကြောင်းကိုသာ ဆွေးနွေးငြင်းခုန်နေကြကုန်၏။
နန်းတော်ထဲတွင်..
အဝါရောင်ဝတ်သက်လတ်ပိုင်းရွယ်အမျိုးသားတစ်ယောက်က ပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ့ရှေ့စားပွဲပေါ်တွင် လာတင်ထားသည်မှာ မကြာသေးသော စာရင်းစာလွှာတစ်စောင် ရှိနေ၏။ သူ့အကြည့်က သိမ်မွေ့လေးနက်၍ နဖူးကျယ်ကျယ်နှင့် ဉာဏ်ပညာကြီးမားသည့်ဟန်ပန်ပေါက်နေ၏။
ထိုသက်လတ်ပိုင်းရွယ်လူ၏ နောက်တွင် တည်ငြိမ်သောအမူအယာ၊ သိမ်မွေ့သောမျက်လုံးများနှင့် စာပေသမားတစ်ယောက်ရှိနေ၏။ ထိုသူ၏ ကျင့်ကြံမှုက အံ့မခန်းပင်။
အဝါရောင်ဝတ်လူမှာ အခြားသူမဟုတ်.. မဟာကျိုးအင်ပါယာ၏ အုပ်ချုပ်သူဧကရာဇ်ပင် ဖြစ်လေသည်။
မဟာကျိုးဧကရာဇ်၏ အနီးတွင် အဇူရာချပ်ဝတ်နှင့် ရွှေအမြုတေတစ်ယောက်က ဒူးတစ်ဖက်ထောက်နေ၏။ သူမျက်နှာက နက်မှောင်နေကာ မုတ်ဆိတ်များရှိ၏။ သူက အခြားသူမဟုတ်.. ပြီးခဲ့သည့်ညက ဆူဇီမိုကို ကယ်တင်ပေးခဲ့သော အဇူရာအစောင့်အဖွဲ့ ခေါင်းဆောင်တပ်မှူးပင် ဖြစ်လေသည်။
စောစောက.. မုတ်ဆိတ်နှင့်လူကို ဧကရာဇ်က ဆင့်ခေါ်၍ ပြီးခဲ့သည့်ညက အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြစေခဲ့၏။
“ဒါဆို အဲ့မိုလင်းက တစ်ကယ်ပဲ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တွေကို သွန်းလုပ်နိုင်တာပေါ့ ဟုတ်လား” ဧကရာဇ်က မေးလိုက်၏။ သူ့လေသံတွင် သံသယများက ပါဝင်နေ၏။
“ဟုတ်ပါတယ်ခင်ဗျ”
မုတ်ဆိတ်နှင့်လူက ပြန်ဖြေလိုက်၏။
“သူက ထိပ်တန်းအဆင့်လက်နက်တွေကို သွန်းလုပ်နိုင်ရုံတင်မကဘူး.. အဲ့ဒါလုပ်ဖို့ အချိန်ခြောက်နာရီပဲကြာတယ်.. နောက်ပြီး ဆရာမိုရဲ့ အစေခံမလေး ပြောပုံအရရော၊ ကျတော်မြင်ခဲ့ရပုံအရရော.. ဆရာမိုရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းက ၁၀၀%သေချာသလောက် ရှိတယ်”
“စိတ်ဝိညာဉ်စုဆောင်းနိုင်ဖို့ ၁၀၀%ယုံကြည်မှု ရှိတာလား”
ဧကရာဇ်က သူ့အကြည့်ကို ကျဉ်းမြောင်း၍ တီးတိုးရေရွတ်မေးလိုက်၏။
ထိုသည်သာ အမှန်ဆိုလျှင်.. ထိုသတင်းက ကျင့်ကြံရေးလောကတစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေနိုင်လေသည်။
“ပကတိအရှင်မင်းကျီ.. ခင်ဗျား ဘယ်လိုထင်လဲ” ဧကရာဇ်က တစ်ချက်စောင်းငဲ့ကြည့်လိုက်၏။
ပကတိအရှင်ဟူသော ဘွဲ့ကို ရရှိထားသောကြောင့် ဤပုဂ္ဂိုလ်က နိုးထဝိညာဉ်အဆင့် ဖြစ်ရပေမည်။
သူ့နောက်ရှိ စာပေသမားက ပြောလိုက်၏။
“ထျန်ဟွမ်ကမ္ဘာမှာ.. လက်နက်သွန်းလုပ်ခြင်းနဲ့ ပတ်သတ်ပြီး အကောင်းဆုံးနည်းလမ်းတွေကို ပိုင်ဆိုင်ထားတာကတော့ အသွန်းတစ်ရာဂိုဏ်းပဲ.. ပြောကြတာတော့ အသွန်းတစ်ရာဂိုဏ်းမှာ စိတ်ဝိညာဉ်စုဆောင်းခြင်းအောင်မြင်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့ နည်းစနစ်တွေ ရှိတယ်တဲ့.. ဒါပေမယ့်လဲ အဲ့ဒါက ၁၀၀%အောင်မြင်နိုင်ခြေကိုတော့ မရောက်နိုင်ဘူး”
ဧကရာဇ်က ခေါင်းညိတ်လိုက်၏။
“ဒီပုဂ္ဂိုလ်မှာ စိတ်ဝိညာဉ်စုဆောင်းခြင်းနဲ့ ပတ်သတ်ပြီး တစ်မူထူးခြားတဲ့ နည်းစနစ်အချို့ ရှိပုံတော့ရတယ်.. အဲ့ဒါက ၁၀၀%မဟုတ်ရင်တောင် အောင်မြင်နိုင်ခြေ တော်တော်တော့ မြင့်မားပုံရတယ်”
“ဟဟား.. ဘယ်ဆိုးလို့လဲ.. ဒီမိုလင်းကလဲ တစ်ကယ့်အကောင်ပဲ”
ဧကရာဇ်က ပြုံးရယ်၍ ချီးကျူးလိုဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။
“အရှင်မင်းမြတ်က အဲ့လူကို မျက်စိကျနေတာလား” ပကတိအရှင်မင်းကျီက စနောက်၍ မေးမြန်းလိုက်၏။
“ဒါပေါ့”
ဧကရာဇ်က ပြန်ဖြေလိုက်၏။
“ခဏစောင့်ကြတာပေါ့.. ငါအေးဆေးအားတဲ့အချိန်ကျမှ ငါတို့ မိုစိတ်ဝိညာဉ်ပန်းပဲရုံဆီသွားပြီး အဲ့ပုဂ္ဂိုလ်ကို သွားတွေ့ဦးမယ်”
ပကတိအရှင်မင်းကျီက မျက်မှောင်ကြုတ်၍ အကြံပြုလိုက်၏။
“အရှင်မင်းမြတ်.. အရှင်က ဧကရာဇ်တစ်ပါးပဲ.. ဒီပုဂ္ဂိုလ်က မခေလှဘူးဆိုပေမယ့်လဲ အရှင်ကိုယ်တိုင် အလည်သွားရလောက်တဲ့အထိ မထိုက်တန်သေးပါဘူး.. အရှင် ဆန္ဒရှိရင်.. သူ့ကို နန်းတော်ထဲ ဆင့်ခေါ်ခိုင်းလိုက်လို့ ရတာပဲ”
“နောက်ပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တွေကို သွန်းလုပ်နိုင်တယ်ဆိုရင်တောင်.. သူက နတ်ပန်းပဲဆရာတစ်ယောက်ထက် မပိုဘူးမှတ်လား.. သူ့ကျင့်ကြံမှုက နိုးထဝိညာဉ်အဆင့်ကို မရောက်သေးသရွေ့၊ မူပိုင်လက်နက်တွေကို သွန်းလုပ်နိုင်ဦးမှာ မဟုတ်တဲ့အတွက် သူက မဟာနတ်ပန်းပဲဆရာတစ်ယောက် ဖြစ်လာနိုင်ဦးမှာ မဟုတ်သေးဘူး”
နိုးထဝိညာဉ်အဆင့်ပကတိအရှင်များသည် စိတ်ဝိညာဉ်စွမ်းအင်များ သုံးရသည့်အဆင့်ကို ကျော်လွန်သွားပြီဖြစ်ပြီး.. လုံးဝခြားနားသည့် စွမ်းအင်ပုံစံတစ်မျိုးဖြစ်သည့် ဓမ္မစွမ်းအားများကို ထိန်းချုပ်လာနိုင်ပေလိမ့်မည်။
ထိုစွမ်းအင်က စိတ်ဝိညာဉ်စွမ်းအင်ထက် ပိုသန်မာ၍ များစွာပို၍ ကြောက်ဖို့ကောင်း၏။
နိုးထဝိညာဉ်အဆင့်များက မူပိုင်လက်နက်များကို အသုံးပြုကြရ၏။
နတ်ပန်းပဲလောကတွင် မူပိုင်လက်နက်များကို သွန်းလုပ်နိုင်မှသာလျှင် ထိုသူက မဟာနတ်ပန်းပဲဆရာဟူသော ဘွဲ့ကို ခံယူနိုင်ပေလိ့မ်မည်။